April 05, 2013

မြန်မာနိုင်ငံရှိ “ဝ” တိုင်းရင်းသားလူမျိုးစုတစ်စု၏ရင်ဖွင့်သံ - အိုင်ဗော့


အိုင်ဗော့


ယခုလတ်တလော သန်း (၆၀) သော မြန်မာပြည်သူတို့၏ အကျိုးဆိုသော စကားလုံးသည် အစိုးရ တာဝန်ရှိသူများ အပြင် စာနယ်ဇင်းများ၊ အခြားနယ်ပယ် အသီးသီးမှ အဖွဲ့အစည်းများနှင့် ထင်ရှားသော ပုဂ္ဂိုလ်အတော်များများတို့တွင် တွင်တွင်ကျယ်ကျယ် တစိုက်မတ်မတ် သုံးစွဲလာသော စကားတစ်ခု ဖြစ်နေပါသည်။ ထိုသန်း (၆၀) ဆိုသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူဦးရေသည် (၁၃၅) မျိုးသော တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ အစုအဖွဲ့ပင် ဖြစ်သည်ဟုလည်း လူတိုင်းက နားလည်ထားကြပါသည်။ သို့ရာတွင် ပထမနိုင်ငံသား ဒုတိယနိုင်ငံသား ဟူ၍ တိုင်းရင်းသားလူမျိုးများအပေါ် မြန်မာအစိုးရ၏ အဆင့်ခွဲခြား သတ်မှတ်မှု သဘောထားများကိုလည်း တွေ့မြင်နေရသည့်အတွက် လူဦးရေသန်း(၆၀)အတွင်း မှအကန့်သတ်ခံလူမျိုးများ၏ အခွင့်အရေးဆိုသည်မှာ ဝေခွဲမရဝေဝါးစွာ ဖြစ်တည်လျက် ရှိနေပါသည်။ ၎င်း အကန့်အသတ်ခံ တိုင်းရင်းသားများစွာတို့အနက်မှ လူမျိုးစုတစ်စုအား မီးမောင်းထိုးတင်ပြခွင့် ရှိမည်ဆိုပါလျှင် လူဦးရေတစ်သန်းနီးပါး (၇သိန်းကျော်ရှိ) “ဝ” တိုင်းရင်းသား လူမျိုးများအကြောင်းအား တင်ပြချင်ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူ အတော်များများတို့သည် “ဝ” လူမျိုးတို့၏ ဓလေ့၊ ထုံးစ၊ံ လူနေမှု၊ နောက်ခံသမိုင်းအား ထဲထဲဝင်ဝင် မသိရှိကြပေ။ ထို့ကြောင့်အချို့က “ဝ”လူမျိုးများအား တရုတ်မျိုးနွယ်စုမှ ဆင်းသက် လာသော တရုတ်အနွယ်များဟူ၍ပင် ထင်မှတ်ကြပါသည်။ အချို့ဆိုလျှင် ရှမ်းမျိုးနွယ်အစုဝင် ဟူ၍ ထင်မှား ကြသည်။

အမှန်မှာ “ဝ” လူမျိုးများသည် မြန်မာနိုင်ငံသို့ အစောဆုံး ဝင်ရောက်အခြေချခဲ့သော မွန်-ခမာ (Mon-Khmer) အုပ်စုတွင် ပါဝင်ပြီး မြန်မာနိုင်ငံ၏စစ်မှန်သော တိုင်းရင်းသားလူမျိုးများ ဖြစ်ကြပါသည်။“ဝ” လူမျိုးများသည် မြန်မာနိုင်ငံ၏ ပြည်မနှင့် ဝေးကွာသော အရှေ့မြောက်ဒေသတွင် နေထိုင်ကြပါသည်။ မြေနိမ့်လွင်ပြင်ဒေသများ၌ နေထိုင်ခြင်းကို နှစ်သက်မှု မရှိခြင်းကြောင့် မြင့်မားသော တောင်တန်းဒေသများတွင်သာ နေထိုင်ကြပါသည်။စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင် လုပ်ကိုင်စားသောက်ခြင်းသည်လည်း အခြားသောတိုင်းရင်းသားများနှင့် အထူးတလည် ခြားနားမှုမရှိဘဲ အတူတူပင်ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ပြည်မနှင့် ဝေးကွာခေါင်သီလွန်းခြင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့် “ဝ” လူမျိုးများသည် ပညာရေး၊ စီးပွါးရေး၊လူမှုရေး စသော ကဏ္ဍအသီးသီး တို့၌များစွာ နောက်ကျကျန်ခဲ့ရပါသည်။ အဖက်ဖက်မှ နောက်ကျကျန်ခဲ့ရသည့် အကျိုးဆက်ကြောင့် “ဝ” တိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ နှင့်ဘာသာစကား ရှိနေသော်လည်း ဖွံ့ဖြိုးတိုးတက်သင့်သလောက် မဖွံ့ဖြိုးမတိုးတက်ပဲ အထီးကျန် နိမ့်ပါးစွာဖြင့် ယခုတိုင် ရှင်သန် နေထိုင်နေကြရပါသည်။ 
ထို့ပြင် “ဝ” နယ်ဒေသသည် တရုတ်ပြည်နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် တရုတ်စာပေ တရုတ်ဘာသာ စကားများတစထက်တစလွှမ်းမိုးလာပြီး ကိုယ်ပိုင် စာပေ ဘာသာစကားများ အသုံးပြုမှုနည်းပါးလာကာ လူမျိုးစု တစ်ခုလုံးအတွက် များစွာ ထိခိုက်နစ်နာနေသော အကြောင်းတရားများအား ဝမ်းနည်းဖွယ် မြင်တွေ့နေကြရပါသည်။

လက်ရှိ “ဝ” တိုင်းရင်းသားများအားခေါင်းဆောင်မှုပြုနေကြသော“ဝ” တိုင်းရင်းသားခေါင်းဆောင်များ သည်ပင်လျှင် နိုင်ငံတော် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင်၎င်း၊ အခြားအခြားသော NGOအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင်၎င်း၊ “ဝ” ပြည်နယ်အခမ်းအနား အစီအစဉ်များကျင်းပရာတွင်၎င်း၊ မိမိတို့ ကိုယ်ပိုင်စာပေ ဘာသာစကားများအား လျစ်လျှူရှု၍ တရုတ်စာပေ၊ စကား (interpreter တဆင့်ကိုသာ) အဓိကထားသုံးစွဲ ပြောဆိုနေကြသည်။ ထိုကဲ့သို့ သုံးစွဲပြောဆိုနေရခြင်းမှာ လူမျိုးစုတစ်ခုလုံးအတွက် တိုက်ရိုက် နစ်နာ စေသည့် အခြင်းအရာဖြစ်ကြောင်း ကိုလည်း ထိုခေါင်းဆောင်များက သတိမူမိဟန်မရှိပေ။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(“ဝ” ဗဟိုဌာနချုပ်) နယ်မြေဒေသသို့ ရောက်ရှိလျှင် ထိုဒေသသည် မြန်မာနိုင်ငံနှင့်  လားလားမျှ သက်ဆိုင်ခြင်းမရှိပဲ သီးခြားတရုတ်ပြည်နယ်ငယ် ထဲရောက်ရှိ သွားသကဲ့သို့ ခံစားရပါသည်။

ကောက်သစ်စားပွဲသို့ချီတက်လာသော ဒေသခံ ဝ ယဉ်ကျေးမှုအဖွဲ့
စင်စစ်အားဖြင့် “ဝ” တိုင်းရင်းသား လူမျိုးစုနှင့်“ဝ” ပြည်နယ်သည် ကိုလိုနီခေတ်မတိုင်မီ နှင့် ကိုလိုနီခေတ်ကတည်းကပင် ကိုယ်ပိုင်စကား ယဉ်ကျေးမှုတို့ဖြင့် မြန်မာနိုင်ငံတော်ကြီးအတွင်း၌ ဝင့်ဝင့်ကြွားကြွား ရပ်တည်ခဲ့ကြပါသည်။ ထိုကဲ့သို့ ဖြစ်တည်နေထိုင်မှုတို့သည်လည်း သမိုင်းစာမျက်နှာထက်၌ ယနေ့တိုင်မပျောက်မပျက် နေရာယူဆဲပင်ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံအတွင်းသို့ နယ်ချဲ့အင်္ဂလိပ်များ ကျူးကျော် ၀င်ရောက်လာသောအခါ ထိုနယ်ချဲ့များအား“ဝ” တိုင်းရင်းသားတို့သည် စည်လုံးညီညွတ်စွာဖြင့် စုပေါင်းကာကွယ်တွန်းလှန်ခဲ့ပါသည်။ ထို“ဝ” တိုင်းရင်းသား တော်လှန်ရေးအင်အားစုကြီးအား ဦးဆောင်ခဲ့ကြသော “ဝ” အမျိုးသားခေါင်းဆောင်ကြီးများဖြစ်သည့် စောမဟာ နှင့်နော်ခမ်းဦးတို့မှာလည်း မြန်မာ့သမိုင်းတွင် ဖျောက်ဖျက်၍မရသော“ဝ” တော်လှန်ရေးခေါင်းဆောင်များအဖြစ် ထင်ရှားစွာမှတ်ကျောက်တင်နိုင်ခဲ့ပါသည်။မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ပြည်မ-တောင်တန်းဒေသခွဲခြားမှုမရှိပဲ အတူတကွရယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ပင်လုံညီလာခံ အားပြုလုပ်ခဲ့သည်။သို့ရာတွင်လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း ဝေးလံခေါင်သီခြင်းတို့ကြောင့် “ဝ” အမျိုးသား
ခေါင်းဆောင်တို့သည် ထိုညီလာခံသို့ မတက်ရောက်နိုင်ပဲ အရေးဆိုမှုများ မပြုလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့်“ဝ” ပြည်နယ်ကို ရှမ်းပြည်နယ်ထဲသို့သွင်းခြင်းခံရပြီး ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းလာသော အခါမှစ၍“ဝ” ပြည်နယ်နှင့် “ဝ” တိုင်းရင်းသားတို့၏ အခန်းကဏ္ဍမှာလည်း တဖြည်းဖြည်း မှေးမှိန်ခဲ့ရပါသည်။
ပြည်မနှင့်ဝေးလံခေါင်သီလှပြီးအဖက်ဖက်မှ ခေတ်နောက်ကျကျန်ခဲ့ရသော “ဝ” ပြည်နယ်သည်မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးပြောင်းလဲခြင်းဖြစ်စဉ်များ၌ ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ ဖဆပလခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တွင်လည်း အစိုးရ၏ အုပ်ချုပ်ရေး အာဏာ သက်ရောက်နိုင်ခဲ့ခြင်းမရှိပဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် လျစ်လျူရှုခံရပြီး မပြောပလောက်သော ကုန်စည်ဖြန့်ဖြူးရေး လုပ်ငန်းဖြင့်သာ ဆက်ဆံမှုပြုခံခဲ့ရပါသည်။ နိုင်ငံရေးဗဟုသုတမရှိသော “ဝ” တိုင်းရင်းသားများသည် ရိုးသားစွာ စုပေါင်းနေထိုင်စားသောက်တတ်ပြီး
တောင်ယာ စိုက်ပျိုးခြင်းလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြသည်။

ဝ ကျွေးရွာတရွာ
၁၉၆၂ခုနှစ် ဦးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီလက်ထက်သို့ရောက်သောအခါ အစိုးရကိုဆန့်ကျင်တိုက်ခိုက်နေသော ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) သည် ပဲခူးရိုးမမှဆုတ်ခွာလာကာ မြန်မာနိုင်ငံအရှေ့မြောက်“ဝ” နယ်ဒေသသို့ ၁၉၆၈ ခုနှစ်တွင် စတင်ရောက်ရှိလာခဲ့ကြသည်။ ၄င်းဗကပများသည် ထိုဒေသ၌တဖြည်းဖြည်း ခြေကုပ်ယူကြပြီး အခိုင်အမာဖြစ်လာသောအခါ “ဝ” တိုင်းရင်းသား အားလုံးသည်လည်း အလိုအလျောက် ဗကပလက်အောက်သို့ကျရောက်ကာ ဗကပ၏ အသုံးချခံ လူမျိုးများအဖြစ်သို့ သွတ်သွင်းခြင်း ခံခဲ့ရသည်။စင်စစ်အားဖြင့် ရိုးသားကြိုးစားသော တောင်ပေါ်နေ “ဝ” တိုင်းရင်းသားများ သည် မြန်မာ့နိုင်ငံရေး ဆိုရှယ်လစ်ဝါဒကို နားမလည်သကဲ့သို့ကွန်မြူနစ်ဝါဒဆိုသည်ကိုလည်း သဘောမပေါက်ခဲ့ပေ။ သို့သော် ထိုဝါဒနှစ်ခု၏ တိုက်ပွဲကြားတွင် သနားစရာ မြေဇာပင်အဖြစ်ဖြင့် အမှန်ပင်သက်ရောက်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံကြောင့် မဆလပြိုကွဲသွားခဲ့သည်။ ထိုအချိန်၌ပင် “ဝ” ဒေသ တွင်လည်း နှစ်ပေါင်း(၂ဝ)ကျော် ဗကပ၏လှည့်စားမှု အမျိုးမျိုးဖြင့် စစ်ဒဏ် အလူးအလဲခံစားနေရသော “ဝ” တိုင်းရင်းသားများသည် “ဝ” အမျိုးသားခေါင်းဆောင်ဦးကျောက်ညီလိုင်း နှင့် ဦးလုတ်ပန်း(ခ) ဦးပေါက်ယူချန်း တို့၏ ဦးဆောင်မှုဖြင့် ၁၉၈၉ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် ဗကပအားအပြီးတိုင် တိုက်ထုတ် တွန်းလှန်နိုင်ခဲ့ကြသည်။
ထို့နောက် “ဝ” သွေးစည်းညီညွတ်ရေးပါတီ အမည်ဖြင့်“ဝ” တစ်မျိုးသားလုံးအား ပြန်လည်စုစည်းနိုင်ခဲ့ပြီး မြန်မာပြည်၌ ကွန်မြူနစ်ပါတီကို နိဂုံးချုပ်စေနိုင်ခဲ့သည်။ မဆလပြိုကွဲပြီးနောက် အာဏာရလာသောစစ်အစိုးရ လက်ထက် ရောက်လာသောအခါ ထိုအစိုးရအဖွဲ့သည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထား ဆောင်ရွက်ခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခလျော့နည်းရေး၊ ဒေသအတွင်း တည်ငြိမ်ဖွံ့ဖြိုးရေးတို့အတွက် “ဝ” သွေးစည်းညီညွတ်ရေးပါတီအား အထူးဒေသ(၂)“ဝ” ငြိမ်းချမ်းရေးအဖွဲ့ ဟူ၍ သတ်မှတ်ပေးပြီး စေ့စပ်ညှိနှိုင်းနိုင်ခဲ့ကြသည်။ အထူးအခွင့်အရေးများ ပေးအပ်ကာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့သော်လည်း “ဝ” လူမျိုးများ၏ အနာဂတ်အတွက် ကောင်းမွန်သော နိုင်ငံရေးအခြေခံ အုတ်မြစ်မျိုးကို မူချမှတ်နိုင်ခြင်းမရှိခဲ့ပေ။
ဝ တိုင်းရင်းသားသူများ ရိုးရာပျော်ပွဲတခုတွင်
၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံသစ်ပေါ်လာသောအခါ “ဝ” တိုင်းရင်းသားလူမျိုးများအတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟူ၍ သတ်မှတ်ပေးခဲ့သည်။ သို့သော် လွှတ်တော်အသီးသီး၌ အဆိုပါ တိုင်းဒေသများမှ ကိုယ်စားလှယ်များပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်၌ နေရာဒေသအားလုံးသည် တန်းတူညီတူရှိ၍ နိုင်ငံရေးအနှစ်သာရအရ ထင်သာမြင်သာရှိရေးကို နှစ်ဖက်လုံးမှ ခေါင်းဆောင်များအနေဖြင့် အမိအရဆုပ်ကိုင်ထားသင့်ပေသည်။ သို့မှသာဆူးညှောင့်ခလုတ်ကင်း၍ သာယာဖြောင့်ဖြူးသော
မြန်မာနိုင်ငံတော်ကြီးပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။ ယခုအခါ“ဝ” တိုင်းရင်းသားလူမျိုးများသည်“ဝ” တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသောနေရာ တွင်သာမက ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများနှင့် အချို့နေရာဒေသများတွင်ပါ ပျံ့နှံ့နေထိုင်နေကြပြီဖြစ်သည်။ သို့ရာတွင် “ဝ” တိုင်းရင်းသားတို့၏ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းများ ပြုလုပ်ရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ “ဝ” တိုင်းရင်းသားများအား ကန့်သတ်လူမျိုးများ အဖြစ်သတ်မှတ်ထားသောကြောင့် ခက်ခဲစွာ လုပ်ဆောင်နေရခြင်းအပေါ်ဝေခွဲမရဘဲ နားလည်ရ ခက်နေပါသည်။ ထိုကိစ္စအကြောင်းအရာများအားနိုင်ငံရေးအရ အရေးဆိုပေးမည့် ပုဂ္ဂိုလ်များသည်လည်း မသိကျိုးကျွံပြု၍ လျစ်လျူရှုလျက်နေကြသည်။

ကောက်သစ်စားပွဲ ကျင်းပရာ ဇာတ်စင်
မြန်မာနိုင်ငံရှိ နိုင်ငံသားဦးရေကို တိကျစွာထုတ်ပြန်နိုင်ခြင်းအတွက် ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင် စာရင်းပြုလုပ်မည့် စီမံကိန်းအားရေးဆွဲထားကြောင်းသိရှိရသည်။ ထို့ကြောင့်၂ဝ၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ
“ဝ” တိုင်းရင်းသားဦးရေစာရင်းကိုလည်း သိရှိရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံဒီမိုကရေစီ ပြောင်းလဲခြင်းဖြစ်စဉ်၌
အထီးကျန်စွာရပ်တည်နေရသကဲ့သို့ခံစားမိနေသော “ဝ” နယ်ဒေသကိုလည်း ယခင်စစ်အစိုးရလက်ထက်၌ သတ်မှတ်ခေါ်ဆိုခဲ့သော“ဝ” အထူးဒေသ(၂) ဟူ၍ သုံးစွဲရန်မသင့်တော့ဘဲ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ
အဖြစ်သတ်မှတ်ကာ“ဝ”တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အတူ တန်းတူအခွင့်အရေးများ ဖော်ဆောင် ခံစားနိုင်ရန် ယခုအချိန်ကာလမှစတင်၍ အစီအမံများ ချမှတ်သင့်ပြီဖြစ်ပေသည်။“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသသည် မြန်မာနိုင်ငံ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု၌ပါဝင်ကြောင်း  နှစ်ဖက်သော ခေါင်းဆောင်များနှင့်နိုင်ငံရေးအဖွဲ့အစည်းများအားလုံးက “ဝ” လူထုအပေါ်တွင်သာ အခြေခံ၍ လက်ခံအသိအမှတ်ပြုသင့်ပါသည်။ "ဝ” တိုင်းရင်းသား ခေါင်းဆောင်များသည် လည်း မိမိတို့ထိန်းချုပ်ထားရာနယ်မြေရှိ မိမိတို့၏လက်နက်ကိုင်အဖွဲ့အစည်းနှင့် “ဝ” တိုင်းရင်းသား များ၏အကျိုးကိုသာ ရှေးရှုလုပ်ဆောင်ခြင်းမျိုး မဟုတ်ပဲ အမျိုးသားရေးစိတ်ဓာတ်ဖြင့် နေရာအနှံ့ပြန့်နှံ့နေ သော“ဝ” တိုင်းရင်းသားတို့၏ အကျိုးစီးပွား ကိုလည်းထည့်သွင်း စဉ်းစားလုပ်ဆောင်ကြရမည်ဖြစ်သည်။ 
အမျိုးဘာသာ စာပေနှင့်စကားအား မြှင့်တင်ပေးခြင်းဖြင့် “ဝ” တိုင်းရင်းသားတို့၏ အခန်းကဏ္ဍများသည်လည်း အရေးပါ၍ မြင့်တက်လာနိုင်မည်ဖြစ်ပေသည်။ အသိပညာ၊ အတတ်ပညာတို့နှင့်ပြည့်စုံသော “ဝ” တိုင်းရင်းသား များအား ပြန်လည်စုစည်း၍ သင့်တော်သော အခန်းကဏ္ဍများ၌ ဦးဆောင်ပါဝင် တာဝန်ယူစေခြင်းဖြင့် လူမျိုးစုအတွင်းအတွေးသစ် အမြင်သစ်များ၊ အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။ လူမျိုးစု၏အကျိုး၊ ပြည်နယ်၏ အကျိုးသယ်ပိုး ထမ်းရွက်နိုင်ရန်အတွက် ထူးချွန်ထက်မြက်သော “ဝ” တိုင်းရင်းသား မျိုးဆက်သစ်များအားလည်း မွေးထုတ်မြေတောင်မြောက်လျှက် ပခုံးပြောင်းတာဝန်များပေးအပ်ရန် ယခုအချိန်ကတည်းကပင် ရွေးချယ်သတ်မှတ်၍ စီမံထားသင့်ပြီဖြစ်သည်။ ထို့ပြင်ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ မွေးမြူ၍ အခြားသောညီနောင်တိုင်းရင်းသားများနှင့် လက်တွဲကာ ခေတ်မီဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအား ပုံဖော်ရာ၌လည်း တစ်တပ်တစ်အား ပါဝင်ဆင်နွှဲသင့်ပေသည်။

နိင်ငံတော်အစိုးရဘက်မှလည်း လူမျိုးရေးကန့်သတ်ခွဲခြားခြင်းများမရှိဘဲ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများ၌ “ဝ” တိုင်းရင်းသား၏ အခန်းကဏ္ဍများကို ထည့်သွင်း၍ ပါဝင်လုပ်ဆောင်ခွင့်များ ပြုသင့်ပြီ ဖြစ်သည်။သို့မှသာ ကျွန်ုပ်တို့တစ်မျိုးသားလုံး တောင့်တခဲ့ကြသော တိုင်းရင်းသား အခွင့်အရေးတန်းတူရရှိပြီး စည်းလုံးညီညွတ်စွာ ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာမည်မှာ မလွဲပင် ဖြစ်ပါတော့သည်။


( ဝ တိုင်းရင်းသာဖွံ့ ဖြိုးမှုကွန်ယက်တွင် ဖော်ပြပြီးဆောင်းပါးဖြစ်ပါတယ်။ )

No comments:

Post a Comment