April 24, 2013

"သခင်မျိုးဟေ့ တို့ဗမာ ကရင်မျိုးဟေ့ တို့စရာ" - မင်းစိုးစံ

By မင်းစိုးစံ
Apr 23, '13

ခေါင်းစည်းကို မြင်လိုက်တာနဲ့ ပြူးသွားကြပြီလား။ (မျက်လုံး)။ 


သည်ခေါင်းစည်းက ၁၉၄၂ခုနှစ် ကရင်-ဗမာ အဓိကရုဏ်းဖြစ်ခဲ့စဉ်က ဗမာတွေ ကရင်တွေကို သတ်ဖြတ်တဲ့ အချိန်မှာ တုတ်၊ ဓါး၊ လှံ၊ မှိန်း၊ သေနတ် စတာတွေ ကိုင်ဆောင်ရင်း ဘယ်သံညာသံပေးပြီး ကြုံးဝါးခဲ့တဲ့ ဆောင်ပုဒ်ထဲက အစအနလေး တစ်ခုသာဖြစ်ပါတယ်။

ကြာခဲ့ပါပြီ အတော်ကိုကြာခဲ့ပါပြီ။ အခုဆို နှစ်ပေါင်း ၆၀ကျော်ပါပြီ။ နိုင်ငံရေးဇာတ်ခုံ အပြောင်းအလဲတွေ၊ အုပ်စိုးသူဗမာအစိုးရ အဆက်ဆက် လက်ပြောင်းလက်လွှဲ လုပ်လာခဲ့တာကြောင့် ကျုပ်တို့ပြည်ထောင်စု ဗမာနိုင်ငံကြီးလည်း လက်ရှိမှာ မြန်မာနိုင်ငံလို့ ခေါ်နေတဲ့အထိ ပြောင်းလဲခဲ့ပါပြီ။  ဗမာစစ်အစိုးရ (မြန်မာအစိုးရ) အဆက်ဆက် ကရင်တွေအပေါ်ထားတဲ့ သဘောထားကတော့ မယိမ်းမယိုင် ကျောက်စာတိုင်လို ခိုင်မြဲနေလျှက် ဆိုတာကိုတော့ ဒီကနေ့လက်ရှိ ဖြစ်ပျက်နေသမျှ အားလုံးဟာ ထင်ရှားတဲ့ သာဓကတွေပါ။

အဓိကရုဏ်းအတွင်း ဗမာတွေရဲ့ ကြွေးကျော်သံ အပြည့်အစုံကတော့

"သခင်မျိုးဟေ့ တို့ဗမာ
ကရင်မျိုးဟေ့ တို့စရာ
ခွေးသားစားတဲ့ ကရင်တွေ
မင်းတို့တတွေ ဒီပြည်တန်လား" 



စိန်ကောင်းကျောက်ကောင်း အရောင်းအ၀ယ်လုပ်နေတဲ့အချိန်မှာ ဆေးရိုးသည်က လာရှုတ်နေပြီလို့ ထင်
ကြမှာလား။ စကားကြီးစကားကျယ် ပြောတာတော့မဟုတ်ဘူး။ ဗမာပြည် (မြန်မာပြည်) ပြည်ထောင်စု မြန်
မာနိုင်ငံ ဒါမှမဟုတ် ပြည်ထောင်စု ဗမာနိုင်ငံ လို့ ခေါ်ဆိုသမုတ်နေတဲ့ ဒီကနေ့ ဗမာပြည်ထောင်စု သမ္မတ
နိုင်ငံတော်ကြီးကို တကယ်ငြိမ်းချမ်းစေချင်တယ်ဆိုလျင် ဦးစွာပထမ ဒီနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်း အစစ်အမှန်ကို မသိသမျှ ဘယ်လိုနည်းနဲ့ပဲ လုပ်ကြပါစေ ဘယ်သောအခါမျှ ရေရှည်တည်တံ့ခိုင်မြဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်ပါဘူး။

မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်။ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး)
ခေတ်။ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး)ခေတ်။ အဲဒီခေတ်တွေအတွင်း ရေးသားဖေါ်ထုတ်ထားတဲ့ သမိုင်းကြောင်းတွေဟာ အမှန်အကန်တွေ မဟုတ်တဲ့အတွက် အဲဒီခေတ်အဲဒီအချိန်က ဗမာအစိုးရလက်ထက် ပညာရေးစနစ်အတွင်း သင်ကြားထားသမျှ နားလည်ထားသမျှတွေဟာ သမိုင်းအမှားချည်း သက်သက်ပါလို့ မပြောနိုင်လျင်တောင်မှ အမှားကင်းတဲ့ သမိုင်းကြောင်းတွေ မဟုတ်ခဲ့ဘူးဆိုတာကိုတော့ ရှေးမီနောက်မီ လူကြီးတွေ အသိဆုံးဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ၊ ဗမာပြည်သူလူထုအားလုံး လက်ခံနိုင်တာတစ်ခုကတော့ ဗမာစစ်အစိုးရ ဆိုတာ လူ
လိမ်လူညာ လူမသမာတွေ ခေါင်းဆောင်မှုအများစုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူသတ်ဂိုဏ်းကြီး တစ်
ဂိုဏ်း လက်နက်ကိုင်အကြီးစား ဓါးပြဂိုဏ်းတစ်ဂိုဏ်းထက် မပိုဘူးဆိုတာကိုတော့ မဆလ ခေတ်ကနေ ဒီကနေ့ ဦးသိန်းစိန်အစိုးရ(ဗမာစစ်အစိုးရ) မြန်မာအစိုးရရဲ့ လုပ်ရပ်တွေက အထင်အရှားကို သက်သေခံနေတယ် ဆိုတာ မျက်စေ့နား ရှိသူတိုင်း သိကြမှာပါ။

မဆလ ခေတ်ကနေစပြီး ဒီကနေ့အချိန်အထိ ဗမာစစ်တပ်ကြီးဟာ ဘာကြောင့် လူသတ်ဓါးပြဂိုဏ်းအဆင့်
အထိ နိမ့်ဆင်းလျော့ကျသွားရပါသလဲ။ ဗိုလ်ချုပ်အာင်ဆန်း ဦးဆောင်ခဲ့တဲ့ ဗမာ့တပ်မတော်ဆိုတာ မိမိတိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြပေမယ့်လို့ မဆလ ခေတ်ရောက်တဲ့ အချိန်ကစပြီး ပျက်စီးလာနေခဲ့လိုက်တာ သူခိုးဓါးပြ မုဒိန်းလူသတ် အဆင့်ထက်ပိုမတက်နိုင်တော့ လောက်အောင် နိမ့်ဆင်းလျှောကျသွားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ဆိုတာ တစ်ခုပဲရှိရမယ်ဆိုတာ လက်ခံနိုင်ပေမယ့် ဒီလိုအဆင့်အတန်းနဲ့ စစ်တပ်မျိုးကို ဘယ်မှာသွားသုံးမလဲ။ ပြည်ပရန်ကို ကာကွယ်ဖို့ မပြောနဲ့ ကိုယ့်ပြည်သူကိုတောင်ပြန်ပြီး ဒုက္ခပေးတဲ့စစ်တပ်မျိုး ဆိုမှတော့ မဆိုစကောင်းဆိုစကောင်း ပြည်ပက လာတိုက်ပြီဆိုလျင် ပြည်သူတွေက ဗမာ့တပ်မတော်ကို ၀ိုင်းဝန်းကူညီပေးဖို့ နေနေသာသာ ပြည်ပက တပ်တွေနဲ့ပေါင်းပြီး ပြန်အသတ်မခံရလျှင် ကံကောင်းပြီလို့သာမှတ်။

၁၉၄၂ ခုမေလ ၁၂ရက်နေ့မှာ စောဖေသာ(စောဘဦးကြီး၏ ညီအစ်ကိုဝမ်းကွဲ) နဲ့မိသားစု ၉ယောက် အသတ်ခံရလို့အပြီး ကရင်ဗမာ အဓိကရုဏ်းဖြစ်တော့ ဗမာတွေက အပေါ်ကရေးပြခဲ့တဲ့ "သခင်မျိုးဟေ့ တို့ဗမာ ကရင်မျိုးဟေ့ တို့စရာ ခွေးသားစားတဲ့ ကရင်တွေ မင်းတို့တတွေ ဒီပြည်တန်လား" ဆိုတဲ့ ကြွေးကျော်သံတွေနဲ့ လူသတ်ပွဲကြီးဖြစ်လာတော့ ဒါဟာ "ဟိုမရောက်သည်မရောက် သခင်ပေါက်စတွေရဲ့လုပ်ရပ်သာဖြစ်တယ်" ဆိုပြီး သမိုင်းအမှန်ကို ထိန်ချန်ခဲ့တယ်လို့ အဲဒီအချိန်တုန်းက လူငယ်တစ်ယောက် ဖြစ်ခဲ့တဲ့သူ တစ်ဦးက ဆိုပါတယ်။

စောဘဦးကြီးလို လယ်မြေဧက ထောင်ချီပိုင်ဆိုင်ကြတဲ့ ကရင်သူဌေးတွေဆိုတာ ဧရာဝတီတိုင်းဘက်မှာ
အတော်များများ ရှိခဲ့ပါတယ်။ နောက်ပြီး စပါးကျီတွေကို ချစ်တီးကုလားတွေက ကရင်ဒေသတွေမှာ ထားကြပါတယ်။ ချစ်တီးကုလားတွေရဲ့ စပါးကျီထဲက စပါးတွေဆိုတာ ဆင်းရဲသားလယ်သမားတွေရဲ့ ဘဝ၊ချွေး၊ မျက်ရည်တွေနဲ့ ရင်းနှီးထားတဲ့ စပါး တနည်းအားဖြင့် ငွေတိုးချပြီး အကြွေးနဲ့ သိမ်းပစ်တဲ့စပါးဆိုတော့ သိတော်မူကြတဲ့အတိုင်းပါပဲ ချစ်တီးကုလားရဲ့ နာကျည်းစရာ လုပ်ရပ်တွေကို ဆန့်ကျင်တော်လှန်မှု လှိုင်းလုံးကြီးတွေကြား အနည်းနဲ့အများဆိုသလို ဘာမျှမဆိုင်တဲ့ ကရင်အမျိုးသားတွေရဲ့ အကျိုးစီးပွါးကို တစထက်တစ ထိခိုက်လာရာကနေ ကရင်-ဗမာအဓိကရုဏ်း စခဲ့ရတဲ့ အကြောင်းအရင်းခံတွေထဲက ဒီအကြောင်းအရာကလည်း တစ်ခုအပါအ၀င်ဖြစ်တဲ့ အကြောင်း ပြောပြပါတယ်။

အဲဒီကနေစလို့ ကရင်နဲ့ဗမာ သိပ်ပြီးတော့ အစေးမကပ်ကြတာ ဒီကနေ့အထိပါပဲ။ ဗမာစစ်အုပ်စုက ကရင်မှန်လျင် အစိပ်သားတောင်မချန်နဲ့ ဆိုတာတွေ၊ ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ စသည်ဖြင့်ပေါ့လေ။
နောက်ဆုံး ကရင်တွေကို ပြတိုက်ထဲ ထည့်ပစ်မယ်ဆိုတာတွေက လယ်ပြင်မှာဆင်သွားသလို လုပ်ပြနေတာပဲ မဟုတ်ပါလား။

ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလတုန်းကပဲ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် နဘူးကျေးနယ်က ကရင်
တွေပိုင်တဲ့ လယ်မြေဧက ၁၀၀၀(တထောင်) ကိုစစ်တပ်ကသိမ်းထားတဲ့အတွက် ကရင်အမယ်အိုက သူပိုင်
တဲ့မြေတွေထဲက တကွက်လောက် ပြန်ပေးပါလို့ တောင်းပန်ပြီးပြောတာကို တပ်ရင်းမှူးလုပ်တဲ့အရာရှိက
" ဒီမြေတွေကို နိုင်ငံတော်ကပိုင်တယ် နိုင်ငံတော်မှာ လက်နက်ရှိတယ်၊ ငါက အာဏာရှိတယ် နင်တို့ကရင်
လူမျိုးတွေမှာ ဘာလုပ်ပိုင်ခွင့်မှမရှိဘူး" လို့ပြောလွှတ်လိုက်တာကိုက ကရင်နဲ့ဗမာ အစေးမကပ်သေးဘူး
ဆိုတာ အင်မတန်ထင်ရှားနေပါတယ်။ ဗမာစစ်တပ်က အဲဒီလိုအောက်တန်းကျလာရခြင်းဟာ သူတို့ရဲ့ မဟာဗမာ ဆိုတဲ့ စိတ်ကြီးဝင်နေမှုနဲ့ တိုင်းရင်းသားတွေကို အမျိုးဖြုတ်ပစ်ရမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်ကြောင့်ဆိုတာသိသာလှပါတယ်။

ဗမာစစ်တပ် လို့ပြောတော့ ဗမာစစ်တပ်လို့ မပြောနဲ့ တပ်ထဲမှာတိုင်းရင်းသားတွေအများကြီးကွ လို့ပြောမ
လား။ ဟုတ်ပါတယ် တိုင်းရင်းသားလူမျိုးတွေ ပါပါတယ်၊ ဗိုလ်မှူးအဆင့်ထက် မပိုပါဘူး။
ဗိုလ်မှူးအဆင့် ရောက်နေတဲ့ တိုင်းရင်းသား စစ်ဗိုလ်ဆိုတာကလည်း ဘော်စတွန် မာရသွန်ဗုံးခွဲတဲ့ ညီအစ်ကိုနှစ်ယောက်ထဲက အရှင်ဖမ်းမိတဲ့ အသက် ၁၉နှစ်အရွယ် ဂျိုဟာဇနာရဖ် (Dzhokhar Tsarnaev) ဆိုတဲ့ချာတိတ်လို(Brian washed) ဦးဏှောက် အဆေးခံထားရတဲ့ လူတွေချည်း သက်သက်ပါ။ ဗမာစစ်အစိုးရနဲ့ ကရင်တွေငြိမ်းချမ်းရေး လုပ်ထားပုံကိုလည်း ကြည့်ပါဦး၊ "မင်းတို့အေးအေးဆေးဆေးနေ လယ်ယာဥယျာဉ်ခြံ မြေ ကိစ္စတွေမှာ ဘာမျှဝင်မစွက်နဲ့ " ဆိုတဲ့ တားမြစ်ချက်ကလည်း ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးဖြစ်လာနိုင်မှာလဲ။

ဒါကြောင့် ရွာထဲကိုစစ်ကြောင်းဝင်လာပြီဆိုလျင် ကရင်တွေက တယောက်နဲ့တယောက် ဗမာလာပြီ ဗမာ
လာပြီ လို့ အချင်းချင်းအော်ပြောရင်း ပြေးကြပါတယ်။ ဘယ်တော့မှ စစ်ကြောင်းလာပြီလို့ မပြောကြပါဘူး။
ဒါကိုကြည့်ခြင်းအားဖြင့် စစ်တပ်ထဲမှာတိုင်းရင်းသားတွေပါတယ်ကွ ဆိုတဲ့အပြောမျိုးနဲ့ ချွေးသိပ်လို့ မရနိုင်
သေးပါဘူး။


တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုးစားမှုမခံရသေးသမျှ ကာလပတ်လုံး ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။
နောက်တခုက တိုင်းရင်းသားတွေခံစားခဲ့ရတဲ့ သေရာပါ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဒါဏ်ရာဒါဏ်ချက်
တွေ နာကြင်ခံစားရမှုတွေ မသက်သာမပျောက်ကင်းသေးသရွေ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ဆိုတာ
ထင်သလောက်မလွယ်ဘူးဆိုတာကို စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေ အမျိုးသားရင်ကြား
စေ့ရေးလို့ ဆိုနေကြသူတွေ သဘောပေါက်နားလည် သတိပြုမိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
ကျေးဇူးတင်ပါတယ်။





ကျန်းမာချမ်းသာကြပါစေ။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments:

Post a Comment