April 20, 2013

၂ဝဝ၈ အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း (၂) - ညိုမင်း



ညိုမင်း
ပြည်သူ့အရေးတော်ပုံဂျာနယ်

(၁) '၂ဝဝ၈ အခြခံဥပဒေ' ကို ထစ်ငေါ့ငေါ့နဲ့ ရေးဆွဲခဲ့တာ ဖြစ်တယ်။ ၁၉၉၃ ကနေ ၂ဝဝ၇ ခုနှစ်အထိ (၁၄)နှစ် အချိန်ယူခဲ့ရတယ်။ အခြေခံဥပဒေ အတည်ပြုပြီးတော့လည်း နောက်ထပ် နှစ်တချို့ယူပြီး အသက်သွင်းခဲ့ရတယ်။

အသက်ဝင်တော့လည်း NLD က သပိတ်မှောက်နေလို့၊ ဆန့်ကျင်နေလို့၊ အခက်အခဲတွေ့နေရပြန်တယ်။ ချူချာတယ်။ နောက်တော့ အမေရိကန်ရဲ့ ဗမာပြည်ဆိုင်ရာ ပေါ်လစီဆစ်ချိုး ပြောင်းတယ်။  NLD ကလည်း ရပ်တည်ချက် တဆစ်ချိုးပြောင်းတယ်။ ဦးသိန်းစိန် အသက်ရူချောင်သွားတယ်။ တက်ကြွလာတယ်။ အခုဆိုရင် ပြည်တွင်းပြည်ပက '၂ဝဝ၈ အခြခံဥပဒေ'  ကို တိုက်ဖျက်မယ်ဆိုတဲ့ ပါတီ အသင်းအပင်း အစုအဖွဲ့တွေကို '၂ဝဝ၈ အခြခံဥပဒေ' ဘောင်ထဲကို ဆွဲသွင်းတာ လုပ်နေပြီ။ NLD ဆိုတဲ့ ပင်မကပြိုကျပြီး '၁၉၉ဝ ရွေးကောက်ပွဲအလံ' ကို စွန့်လိုက်ပြီးတော့ သူတို့လည်း တင်းခံနိင်ကြမှာ မဟုတ်ပါဘူး။

သမ္မတရုံးဝန်ကြီး (၆) ယောက်ထားပြီး စက်ကုန်ဖွင့်လှုပ်ရှားနေပြီ။ အခုဆိုရင် ဝန်ကြီးအောင်မင်း အမေရိကန်ရောက်နေတယ်။ 'လွတ်မြောက်ဒေသ' ရောက် အတိုက်အခံတွေကို အပျော့ဆွဲ ဆွဲနေပြီ။ အိမ်ရှင်ကလည်း သူတို့ကို ပြည်တော်ပြန်စေချင်လှပြီ။

နိုင်ငံတကာအခြေအနေက ဦးသိန်းစိန်တို့အတွက် တပန်းသာနေတယ်။ ပြည်တွင်းအခြေအနေကလည်း NLD ကို အခြေခံ ဥပဒေဘောင်ထဲမှာ ပိုင်ပိုင်နို်င်နိုင်သိမ်းသွင်းနိုင်ခဲ့ပြီ။ ဒါကြောင့် '၂ဝဝ၈ အခြခံဥပဒေ' ဘောင်ထဲမရောက်သေးတဲ့ တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်အင်အားတွေကိုပဲ ပါတီထောင်ကြဖို့၊ '၂ဝ၁၅ ရွေးကောက်ပွဲ' ဝင်ကြဖို့ တွန်းနေတယ်။ သူတို့စစ်အာဏာပိုင်တွေရဲ့ 'ဒုတိယပင်လုံညီလာခံ' ဆိုတာလည်း '၂ဝဝ၈ အခြခံဥပဒေ' ဘောာင်ထဲဆွဲသွင်းရေးပဲ ဖြစ်နေတယ်။

(၂) အခန်း (၇) 'တပ်မတော်' ဆိုတာ ပုဒ်မ (၈)ခုပါတယ်။ သိပ်မများပါဘူး။ ဒါပေမယ့် ပုဒ်မ (၃၄၃) ပုဒ်မခွဲ (က)မှာ ကာ/ချုပ် ၏ အဆုံးအဖြစ်သည် အပြီးအပြတ်ဖြစ်သည်လို့ ရေးထားတယ်။ (တပ်မတော်) စစ်တပ်ကိစ္စမှာ အရပ်သား (ဘောင်းဘီချွတ်ဖြစ်ဖြစ်) ဝင်မစွက်နဲ့လို့ အပြတ်ဟန့်တားထားတယ်။

ပုဒ်မနည်းနည်းပဲ ရေးထားတာကလည်း အခန်း (၁) ကစပြီး အခန်းတိုင်းမှာ တပ်မတော် (စစ်တပ်) ကို "ဦးဆောင်မှု" နေရာပေးထားပြီး ဖြစ်လို့ပဲ။

အခန်း (၃) နိုင်ငံတော်အကြီးအကဲဆိုတဲ့ အခန်းက ပုဒ်မ (၆ဝ) ကို လေ့လာကြည့်ရင် ရှင်းတယ်။ ဒုသမ္မတ (၃) ယောက် ရွေးချုယ်ပေးဖို့၊ လွှတ်တော် (၂) ခုက ဒုသမ္မတလောင်းတယောက်စီ ပေါင်း (၂) ယောက်ရွေးချုယ်ပြီး စစ်တပ်က တယောက် အားလုံးပေါင်း (၃) ယောက်ရွေးဖို့၊ အဲဒီ (၃) ယောက်ထဲက တယောက်ကို ပြည်ထောင်စုလွှတ်တော် (လွှတ်တော် ၂ ခုပေါင်းထားတဲ့လွှတ်တော်) မှာ သမ္မတအဖြစ် မဲပေး ရွေးချယ်ဖို့ ဖြစ်တယ်။

 အဲဒီစနစ်နဲ့ ရွေးလိုက်တော့ ဦးသိန်းစိန် အရွေးခံရတယ်။ အရွေးခံရမှာပေါ့ ဗိုလ်ချုပ်ကြီးသိန်းစိန် ကြံ့/ဖွံ့ ဥက္ကဋ္ဌကြီး လုပ်နေတုန်း အမတ်လောင်းတွေကို သူ့စိတ်ကြိုက်ရွေးထားတာပဲ။ ရွေးကောက်ပွဲမှာ ကြံ/ဖွံ့တွေ အနိုင်ရအောင်လည်း သူပဲ ညစ်ပတ်ထာတာပဲ။ ဒါတောင်မှ စစ်တပ်ကရွေးပေးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး မဲအတော်လေးရလိုက်သေးတယ်။ သပိတ်ဝင်အိတ်ဝင် စစ်ဗိုလ်အမတ်တွေရဲ့မဲအပြင် တခြားမဲအချို့လည်း ရလိုက်တယ်။

ဒါပေမဲ့ ကြံ့/ဖွံ့ အမတ်အများစုက ဦးသိန်းစိန်ကို မဲ့ပေးကြလို့ ဦးသိန်းစိန် နိုင်ခဲ့တာပဲ။ အမျိုးသားလွှတ်တော်က တင်တဲ့ ဒုသမ္မတ စိုင်းမောက်ခမ်းက အဖြည့်ခံပါ။ တကယ်ပြိုင်ရတာက 'ပြည်သူ့လွှတ်တော်' ကရွေးတဲ့သူနဲ့ စစ်တပ်ကရွေးတဲ့သူပဲ။

'၂ဝဝ၈ အခြခံဥပဒေ' သက်ဆိုးရှည်သမျှတော့ ပြည်သူ့လွတ်တော်နဲ့ စစ်တပ်ကတင်တဲ့ ဒုသမ္မတ (၂) ယောက်ပဲ သမ္မတဖြစ်ရေး ယှဉ်ပြိုင်နေကြမှာပါ။ 'အရပ်သားသမ္မတ' ဖြစ်လည်း စစ်တပ်ရဲ့ အခြေခံ အကျိုးစီးပွားကို လက်ဖျားနဲ့တောင် တို့နိုင်မှာ မဟုတ်ဘူး။

(၃) ဦးတင်အောင်မြင့်ဥိးက သူ့အခြေအနေကို သူသိလို့ နုတ်ထွက်သွားတော့ ကာ/ချုပ် ဗို်လ်မင်းအောင်လှိုင်က နောက်တယောက် တင်လိုက်တယ်။ ဦးတင်အောင်မြင့်ဦးက ဗိုလ်မင်းအောင်လှိုင်နဲ့ ယှဉ်ရင် ဝါရင့်တယ်။ ကြိုးကိုင်ဖို့ မလွယ်ဘူး။ အခု တင်လိုက်တဲ့ ဗိုလ်ဥာဏ်ထွန်းကိုတော့ သူက ကြိုးကိုင်နိုင်တယ်။

ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အမာခံ မဲတမဲ တိုးသွားတယ်။ 'အကလ' ကောင်စီ (ကာလ/လုံ) မှာ (၁၁) ယောက်ရှိတယ်။

နိုင်ငံတော်သမ္မတ (ဦးသိန်းစိန်) ရယ်၊ ဒုသမ္မတ (၂) ယောက်ရယ် ပေါင်း (၃) ယောက်ထဲမှာ ဗိုလ်ဥာဏ်ထွန်းတယောက်တိုးလာတော့ တမဲတိုးလာတယ်။ ကျန်တဲ့ ကာ/ချုပ် (သူကိုယ်တိုင်) ရယ်၊ ဒုတိယ ကာ/ချုပ်၊ (သူခန့်ထားတဲ့ သမ္မတက တံဆိပ်တုံး ထုပေးရတဲ့) ဝန်ကြီး (၃) ယောက် (ကာကွယ်ရေး - ပြည်ထဲရေး - နယ်စပ်ရေးဝန်ကြီးတွေ) ရယ်နဲ့ဆိုရင် ဗိုလ်မင်းအောင်လှိုင်မှာ အမာခံမဲ (၆) မဲရှိနေပြီ။

အခြေခံဥပဒေရဲ့ ပုဒ်မအများအပြားမှာလည်း သမ္မတက ကာ/လုံရဲ့ ထောက်ခံချုက်ရယူဖို့၊ ညှိနှိုင်းဖို့၊ အတည်ပြုချက်ယူဖို့ ဆိုတာတွေနဲ့ ချုပ်ထားတယ်။ အဲဒီပုဒ်မတွေကိုတော့ အကျယ်မရေးတော့ပါဘူး။ လေ့လာကြည့်ရင် တွေ့ကြမှာပါ။

(၄) 'ဦးသိန်းစိန်အစိုးရ' ဆိုတာ 'ဦးပိုင်' အစိုးရပါ။ (ဦးပိုင်ဆိုတာက စစ်တပ်လက်ဝါးကြီးအုပ်ကုမ္ဗဏီ (UMEH)ကို အတိုကောက် နာမည်ပေးလိုက်တာ ဖြစ်တယ်။)

NLD အပါအဝင် ဥပဒေတွင်းအင်အားစုတွေက '၂ဝ၁၅ ရွေးကောက်ပွဲ' မျှော်ပြီး စိတ်ကူးယဉ်နေတဲ့အချိန်မှာ ဦးသိန်းစိန်ရဲ့ အကူအညီနဲ့ 'ဦးပိုင်' ကသူ့ စီးပွားရေးအင်ပါယာကို တိုးချဲ့နေပါတယ်။ 'ဦးပိုင်' ရဲ့လက်တံက ရှည်ရုံမက များပါတယ်။ ရေဘဝဲရဲ့ လက်တံထက်များပါတယ်။ နေဝင်း-အောင်ကြီး ခေတ်က တပ်မတော် သက်သာချောင်ချိရေးက စလိုက်တဲ့ လုပ်ငန်းတွေဟာ တိုးချဲ့ပြီးရင်း တိုးချဲ့လာတာ ဘယ်တုန်းကမှ ရပ်တယ်လို့ မရိုပါဘူး။ ဘယ်နိုင်ငံရေးအင်အားစုကမှလည်း ဒီတိုးချဲ့မှုကို ရပ်တည့်အောင် မလုပ်နိုင်ခဲ့ဘူး။ ပုံစံအမျိုးမျိုး အသွင်အဖုံဖုံသုံးပြီး တိုးချဲ့လာတာမှာ အခုတော့ အားလုံးလောက် 'ဦးပိုင်' လက်ထဲ ရောက်ကုန်ပါပြီ။

ဦးသိန်းစိန်က ရုပ်ပြပါ။ တကယ်တမ်း ဗမာပြည်ကို ချုယ်လှယ်နေတာ 'ဦးပိုင်' ပဲ။

(၅) ဦးသိန်းစိန်က ၂ဝ၁၅ အထိပဲ သမ္မတလုပ်မယ်လို့ ကြောညာပြီးသားပါ။ ၂ဝ၁၅ မှာ လုပ်မယ့် ရွေးကောက်ပွဲဆိုတာ လုပ်ဖြစ်ရင် ဗမာပြည် တပြည်လုံးရဲ့ စီးပွားရေးအသက်သွေးကြောမှန်သမျှ 'ဦးပိုင်' (UMEH) လက်ထဲ ရောက်နေတာကို တွေ့ရပါလိမ့်မယ်။

ပြီးတော့လည်း အဲဒီ '၂ဝ၁၅ ရွေးကောက်ပွဲ' ကပုဒ်မ (၃၉၈) ပုဒ်မခွဲ (က) မှာ ပါတဲ့အတိုင်း 'ရွေးကောက်ပွဲ ကော်မရှင်' ရဲ့ အာဏာအဝန်းအဝိုင်းအတွင်း ကျင်းပမှာဖြစ်တယ်။ တရားမျှတမယ်လို့ ထင်ကြပါသား။ ပုဒ်မ (၄ဝ၂) (၄ဝ၃) ကိုလည်းလေ့လာကြည့်သင့်ပါတယ်။ အပြီးအပြတ် အာဏာပေးထားတဲ့ထဲမှာ သူလည်း ပါပါတယ်။

'၂ဝ၁၅' ရောက်ရင် '၂ဝဝ၈ အခြေခံဥပဒေ' က ' ၅' နှစ်သားဖြစ်နေရော့မယ်။ သူငယ်နာနဲ့တော့ မသေတော့ဘူး။ အဲဒီလိုနဲ့ 'မဆလ အခြေခံဥပဒေ' လို သက်ဆိုးရှည်မှဖြင့်....တကွေ့ကြီဒ ချီတက်ရတော့မှာပါ။

၂ဝဝ၈ အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း (၁)

  ( အရေးတော်ပုံဂျာနယ် အတွဲ (၁) အမှတ် (၁ဝ) ညိုမင်း၏ ဆောင်းပါးကို အင်ဂွန်ဂျာဝါ ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment