April 16, 2013

၂ဝဝ၈ အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း (၁) - ညိုမင်း




ညိုမင်း
အရေးတော်ပုံဂျာနယ်

(၁) ဒီအခြေခံဥပဒေကို နဝတ/နအဖ က စစ်အာဏာရှင်စနစ်ရဲ့ နှစ် (၅ဝ) အတွေ့အကြုံကနေ သင်ခန်းစာထုတ်ပြီး ရေးထားတာ ဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်းပွဲမျိုး၊ ၁၉၈၈ အာဏာသိမ်းပွဲမျိုး နောင်မလုပ်ရအောင် ရေးဆွဲထားတာပါ။

(၂) ၁၉၆၂ အာဏာသိမ်းပွဲက အစစ်ပါ။ ၁၉၈၈ အာဏာသိမ်းပွဲကတော့ အတုဖြစ်ပါတယ်။
·                 အစစ်ဆိုရင် အာဏာဟောင်းက အာဏာပိုင်တွေအားလုံးကို ဖမ်းရတယ်။ ထောင်ထဲ ထည့်ရတယ်။ သူတို့စစ်တပ် အာဏာမြဲမှပဲ ပြန်လွှတ်တယ်။ အာဏာသိမ်းဖို့  ပြင်တာကိုလည်း အာဏာ (ဟောင်း) ကလုံးဝမသိစေရဘူး။ အလစ်အငိုက်ယူပြီး အာဏာသိမ်းတာပဲ။
·         'အတု' ကတော့ အာဏာ (ဟောင်း) ကိုယ်တိုင်က စစ်တပ်က အာဏာသိမ်းနိုင်အောင် အစစအရာရာ ပြင်ဆင်ပေးပြီးမှ သိမ်းခိုင်းတာ ဖြစ်တယ်။ သမ္မတဒေါက်တာမောင်မောင်ကဆိုရင် အာဏာသိမ်းမယ့် စစ်ဗိုလ်ကို ခေါ်ပြီးဘာလုပ်ရမယ်ဆိုတာ သင်ပေးတယ်။ အာဏာသိမ်းပြီးရင် ထုတ်ပြန်ကြေငြာရမယ့် အမိန့်ကြော်ငြာတွေကို နှုတ်တိုက်ချပေးတယ်။ ဗိုလ်ခင်ညွန့်က လိုက်ရေးရတယ်။ ပြီးမှကြေငြာတာပဲ။ ဒေါက်တာမောင်မောင်ကတောင် ' ကိုင်း ဖမ်းတော့လေ' ဆိုပြီး ကျီစယ်လိုက်သေးတယ်။ အာဏာသိမ်းစစ်တပ်ကကော ဘာလုပ်သလဲ။ ဆန္ဒပြလူထုတွေကိုပဲ နှိမ်နင်းတာပဲလုပ်တယ်။


အာဏာဟောင်းက ဘယ်လောက်တောင် လုပ်ပေးသလဲဆိုရင် အာဏာသိမ်းရာမှာ အကြောင်းပြုချက်ကောင်းအောင် ထောင်ကျရာဇဝတ်သားတွေနဲ့ စိတ္တိဇအကျဉ်းသား (ခပ်ရိုင်းရိုင်းပြောရင် 'အရူးတွေ') တွေကိုမြို့ထဲ လွှတ်ပေးလိုက်တယ်။ ရာဇဝတ်သားနဲ့ အရူးတွေ မြို့ထဲရောက်ရင် ဘာဖြစ်မလဲဆိုတာကို သာမန်အသိဥာဏ် ရှိသူတိုင်း သိပါတယ်။

မြို့ထဲမှာ ဗရမ်းဗတာဖြစ်တယ်။ သောင်းကျန်းတယ်။ လူထုက 'ဆန္ဒပြပွဲ' ရပ်ပြီး ကိုယ့်ရပ်ကွက်ကိုယ် လုံခြုံအောင် လုပ်ကြရတယ်။ ဒါကိုပဲ 'မင်းမဲ့ဝါဒသောင်းကျန်းမှု' လို့နာမည်တပ်ပြီး အာဏာသိမ်းကြတာပါ။ မန္တလေးမှာ ဘာမှမဖြစ်တာနဲ့ ယှဉ်ကြည့်ပါ။

နောက်ရှိသေးတယ်။ စစ်တပ် တပ်စုတစုကို လူစုလူဝေးနဲ့ လက်နက် (သိမ်း) တယ်လို့ စွပ်စွဲသေးတယ်။ တကယ့်အဖြစ်က ဆန္ဒပြနေတဲ့ တက်ကြွနေတဲ့ လူထုကို သေနတ်နဲ့ ပစ်လို့ လူထုက အဲဒီတပ်ကို လက်နက် (ဖြုတ်) တယ်။ လူရောလက်နက်ပါ သံဃာတော်တွေကို အပ်တယ်။ ဒါလူထုမှာ ဘာအပြစ်ရှိသလဲ။

အဲဒီကိစ္စကို ပုံကြီးချဲ့ပြီး ဒါဟာ 'ဗကပ' ရဲ့ သေနင်္ဂဗျူဟာပဲ၊ တပ်စိတ်တစု ချေမှုန်းရေုးုလုပ်တာပဲလို့ စွပ်စွဲတယ်။

အဲဒီကိစ္စကို ရေးရတာက အာဏာသိမ်းဖို့ ပြင်ပေးတာ 'နေဝင်းနဲ့ သူ့အတွင်းစည်းဝိုင်း' ဖြစ်တယ်။ ဒေါက်တာမောင်မောင်က အဲဒီ နေဝင်းနဲ့အပေါင်းအပါတွေရဲ့ စေခိုင်းမှုကို နာခံရသူ ဖြစ်တယ်။ ဒေါက်တာမောင်မောင်က တကယ်တော့ စစ်တပ်အာဏာသိမ်းပွဲအတွက် စ-လယ်-ဆုံး ပြင်ဆင်ဖန်တီးပေးရသူသာ ဖြစ်တယ်။ စိန်လွင်ရဲ့ 'အကြမ်းကိုင်နည်း' မအောင်မြင်လို့ ဒေါက်တာမောင်မောင်ကို 'အပျော့ဆွဲနည်း' လုပ်ခိုင်းထားပြီး နောက်ကွယ်ကနေ စစ်တပ်ကို အာဏာသိမ်းပွဲအတွက် ပြင်ဆင်နေတာသာဖြစ်တယ်။ စိတ်မချရသူကို ဖယ်ပြီး ခိုင်းရာလုပ်မယ့် သူကို တင်တာတွေ လုပ်တယ်။

(၃) ' ၂ဝဝ၈ အခြေခံဥပဒေ' ကအထက်ပါ သင်ခန်းစာတွေ ထုတ်ယူထားတဲ့ ဥပဒေပါ။

·      နိဒါန်းကစပြီး အဲဒီအခြေခံဥပဒေရဲ့ အခန်း (၁၅) ခန်းစလုံးဟာ စစ်အာဏာရှင်စနစ်ကို ခေတ်နဲ့အညီဖြစ်အောင် ထိန်းညှိထားတာ ဖြစ်တယ်။ ဒီမိုကရေစီ မျက်နှာဖုံးစွပ်ပေးထားတာ ဖြစ်တယ်။
·      ပုဒ်မပေါင်း (၄၅၇) ခုမှာ ပုဒ်မအများစုက စစ်တပ်က အာဏာသိမ်းဖို့အတွက် လမ်းဖွင့်ပေးထားတာတွေ ဖြစ်တယ်။ 'အရေးပေါ် ကြေညာတယ်' ဆိုတဲ့နာမည်နဲ့ 'စစ်အာဏာသိမ်းပွဲ'  လုပ်ဖို့ နည်းပေးလမ်းပြ လုပ်ထားတာဖြစ်တယ်။
·      'အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ' ဆိုတဲ့အခန်းမှာပါတဲ့ ပုဒ်မပေါင်း (၂၃)ခုကို အသေအချာလေ့လာ ကြည့်လိုက်ရင် သမ္မတက 'အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအေကာင်စီ' (အကလ) ကြိုးဆွဲရာကရသူဖြစ်ကြောင်း ထင်ရှားတယ်။

 (အကလ ကောင်စီ) ဆိုတာက လက်တွေ့အားဖြင့် ဗိုလ်နေဝင်းဖွဲ့စည်းခဲ့တဲ့ “စစ်ကောင်စီ” တွေနဲ့ အနှစ်သာရအရ တတန်းစားတည်း ဖြစ်တယ်။  (အကလ) ကောင်စီမှာ 'တာဝန်ထမ်းဆောင်ဆဲစစ်ဗိုလ်' တွေက လွှမ်းမိုးနေတာကိုတွေ့နိုင်တယ်။ (နေဝင်းရဲ့ 'နိုင်ငံတော်ကောင်စီ ' မှာလိုတာဝန်ထမ်းဆောင်ဆဲစစ်ဗိုလ် နည်းနည်းပဲပါတာမျိုးမဟုတ်ဘူး။)

' အရေးပေါ်ကြေညာနိုင်ခွင့်' က အဲဒီ (အကလ) ကောင်စီပဲ ဖြစ်တယ်။ (၁၁) ဦးပါတဲ့ကောင်စီမှာ ယူနီဖောင်းဝတ်တွေ အများစုယူထားတယ်။ ' အရေးပေါ်ကြောညာ'
 နိုင်ဖို့ ပိုပြီးသေချာအောင် ပုဒ်မ (၄၁၂) ရဲ့ ပုဒ်မခွဲ (ခ) မှာ (အကလ) ကောင်စီဝင် (၁၁) ဦးလုံး မတက်နိုင်ဘဲ (စုံညီအစည်းအဝေး မခေါ်နိုင်ရင်) ကာချုပ်၊ ဒုကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ဒီဝန်ကြီး (၄) ယောက်နဲ့ သမ္မတ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထုတ်ပြန်နိုင်တယ်လို့ ရေးထားတယ်။ စစ်ဗိုလ် (၄) ယောက်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတက အကောင်အထည်ဖော်ရမယ်ဆိုတဲ့ အဓိပ္ဗာယ်ပဲ။

(၄) ဗကပ ရဲ့ သုံးသပ်ချက်၊
·      သမ္မတဦးသိန်းစိန်ဟာ ဟိုတုန်းက သမ္မတဒေါက်တာမောင်မောင်ရဲ့ တာဝန်မျိုးကို ထမ်းဆောင်နေတာပဲ ဖြစ်တယ်။
·      ဒေါက်တာမောင်မောင်က လူထုကြီးတရပ်လုံး အုံကြွနေချိန်မှာ လုပ်ရတာဖြစ်လို့ သူ့ ' အပျော့ဆွဲနည်း' ကတော့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် အာဏာသိမ်းပွဲအတု လုပ်ခဲ့ရတယ်။ ဦးသိန်းစိန်ရဲ့ ' အပျေားဆွဲနည်း' ကတော့ တစုံတရာ အောင်မြင်နေတယ်။ အခုလို ပြည်တွင်း ပြည်ပအခြေအနေမှာ 'အောင်မြင်' နေတာလည်း မဆန်းပါဘူး။ ဒါပေမယ့် အဆင်ပြေနေတာ မဟုတ်ဘူး။
·      ရခို်င်မှာ အရေးပေါ်အခြေအနေကြေညာထားရပြီ။ နောင်မှာ ဘယ်နေရာမှာ 'အရေးပေါ်' ထပ်ကြေညာရမလဲ။ စောင့်ကြည့်ရမှာပါ။ အရေးပေါ်အခြေအနေ ကြေညာချင်ရင် လွယ်ပါတယ်။ အာဏာပိုင်တွေက ဖန်တီးနိုင်တဲ့ အခြေအနေပါ။
·      တပြည်လုံးမှာ အရးပေါ်အခြေအနေကြေညာခွင့်ကိုလည်း ပုဒ်မ (၄၁၇) မှာပေးထားပါတယ်။

(၅) ဗြောင် ' စစ်အာဏာသိမ်းတဲ့ခေတ်' မဟုတ်တော့လို့ ' အရေးပေါ်အခြေအနေ ကြေညာတယ်' ဆိုတဲ့ ' ပုံဖျက်ထားတဲ့ သဏ္ဍာန်' နဲ့ အာဏာသိမ်းဖို့ ရေးဆွဲထားတာသာ ဖြစ်ပါတယ်။ နောက်အကြောင်းတခုက စစ်အာဏာသိမ်းရင် တည်ရှိနေတဲ့ 'အခြေခံဥပဒေ' ကို ဖျက်သိမ်းရမြဲ ဖြစ်တယ်။ ဗမာပြည်မှာ အခြေခံဥပဒေ (၂)ခုကို  'စစ်အာဏာသိမ်းပွဲ'  ကဖျက်သိမ်းခဲ့တာချည်းပဲ။

အခု 'အခြေခံဥပဒ' ကိုတော့ စစ်အာဏာရှင် စနစ်က ဖျက်သိမ်းတာ မပြောနဲ့ ပြင်ဆင်တာတောင် မလုပ်စေချင်ဘူး။ အရှည်တည်တံ့စေချင်တယ်။ 'စစ်အာဏာသိမ်းပွဲ' သဏ္ဍာန်လုပ်ရင် '၂ဝဝ၈ အခြေခံဥပဒေ' ကို ဖျက်သိမ်းရမယ်လို ဖြစ်နေလို့ 'အရေးပေါ်အခြေအနေ ကြေညာတယ်' ဆိုတဲ့သဏ္ဍာန်ကို ယူထားတာဖြစ်တယ်။ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို စစ်တပ်က တရားဝင်ယူတဲ့သဘောဖြစ်အောင် လုပ်ထားတာ ဖြစ်တယ်။


၂ဝဝ၈ အခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း (၂)

       ( အရေးတော်ပုံဂျာနယ် အတွဲ (၁) အမှတ် (၁ဝ) ညိုမင်း၏ ဆောင်းပါးကို အင်ဂွန်ဂျာဝါ ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment