March 01, 2013

KIA နှင့် အစိုးရတို့၏ ယုံကြည်မှု တည်ဆောက်ရေး အခြေအနေဆိုးရွား

UNFC နှင့် ဦအောင်မင်း ဖေဖော်ဝါရီ ၂၃ နေ့ ချင်းမိုင်တွင် တွေ ဆုံစဉ်
ရွှေဟင်္သာ သတင်းဌာန

ကချင် လွတ်လပ်ရေး တပ်မတော် KIA စခန်းအား အစိုးရ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ကုန်ပိုင်းအထိ ဆက်လက် တိုက်ခိုက်လျက် ရှိနေသဖြင့် ယုံကြည်မှု တည်ဆောက်ရန် အခြေအနေ ဆိုးရွား နေဆဲ ဖြစ်သည်ဟု KIA တပ်မှူး တဦးက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြားခဲ့ပါသည်။

“ ဖားကန့်နှင့် လိုင်ဇာ တဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိပေမဲ့ တခြား တပ်မဟာ ဒေသတွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ မနေ့ကဆို တပ်မဟာ (၁) တပ်ရင်း (၁၀) ဘက်မှာ မိနစ်ပိုင်း တိုက်ပွဲတွေဖြစ်နေတယ်။ ဒီနေ့ဆိုရင် လော့ခေါင်ဖက်မှာ စစ်ဆင်နေတယ်လို့ KIA တပ်မှူး တစ်ဦးက ဆိုပါသည်။



ဤစစ်ဆင်ရေးတွင် ခလရ တပ်များ အပါဝင် နယ်ခြား စောင့်တပ်များနှင့် ပြည်သူ့စစ်များ စုစုပေါင်း အင်အား (၇၀၀) ခန့် ရှိသော အစိုးရ တပ်များသည် လော့ခေါင်တောင်ကုန်းတွင် နေရာ ယူထားသည့် KIA တပ်ဖွဲ့တို့ကို ယနေ့ နံနက် ၁၀ နာရီကျော်၌ စတင်ပြီး ထိုးစစ်ဆင် နေသည်ဟု KIA တပ်မှူးက ဆိုပါသည်။

ဤကဲ့သို့ စစ်ဆင်နိုင်ရန် အစိုးရ တပ်များသည် ဖေဖော်ဝါရီ လဆန်း ကတည်းက ကချင်ပြည်နယ် အလယ်ပိုင်း KIA တပ်မဟာ (၁)၊ တပ်ရင်း (၁) နေရာဖြစ်သည့် မေခမြစ် အရှေ့ဘက် ချီဖွေလော့ခေါင် ဒေသရှိ ၄င်းတို့ တပ်ဖွဲ့များ ထံသို့  ရဟတ်ယာဉ်များ အသုံးပြုကာ စစ်လက်နက် ရိက္ခာများ ဖြည့်တင်း ထားခဲ့ပါသည်။ တချိန်ထဲတွင် ဒေသခံများအား ပေါ် တာဆွဲပြီး ၄င်းတို့၏ ရှေ့တန်းစခန်းများ သို့လည်း ပို့ဆောင် စေခဲ့သည်ဟု ဆိုပါသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်း ပိုင်း၌လည်း အစိုးရ တပ်ဖွဲ့များသည် (၆၀) မမ လက်နက်ကြီး များဖြင့် လော့ခေါင်ခရိုင် မှော်ဂျော် ကျေးရွာထဲသို့ ပစ်ခတ်ခဲ့ပါသည်။ ဤသို့ကြောင့် ၄င်းကျေးရွာမှ ရွာသား ၁၀၀ ခန့်သည် ဘေးလွတ်ရာသို့ ခြေဦးတည့်ရာ ထွက်ပြေး ခဲ့ရကြောင်း ဆိုပါသည်။

ထို့အပြင် အစိုးရ ခလရ ၂၆၀၊ တပ်ဖွဲ့အပါဝင် ဦးစခုန်ဒိန်ယင်း BGF ပူးပေါင်း စစ်ဆင်ရေး တပ်ဖွဲ့တို့နှင့် KIA တပ်မဟာ (၁)၊ တပ်ရင်း (၁၀) တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် (၂) ကြိမ်တိုင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
အလားတူ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့ တွင်လည်း အစိုးရ ခလရ ၂၉၊ ခမရ ၂၆၀နှင့် BGF ၁၀၀၂ ပူးပေါင်း တပ်ဖွဲ့နှင့် ပင် နံက် ၁၀း၅၅ အချိန်မှ ညနေ ၃း၃၀ နာရီ အထိ KIA တပ်မဟာ (၁) တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။

ဤကဲ့သို့ အစိုးရ တပ်များ စစ်ဆင် နေသော်လည်း KIA သည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ နှင့် အစိုးရအဖွဲ့တို့ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အကြို ညှိနှိုင်းပွဲ တစ်ခု ကျင်းပရန် ရှိခဲ့ပါသည်။ ထိုအစည်းအဝေး၌ ဆွေးနွေးမှု ပြေလည်ရေးကို ရှေ့ရှုသော အားဖြင့် KIA သည် ထိုကာလ၌ အစိုးရ တပ်များနှင့် ပစ်ခတ်မှုများ မဖြစ်ပွားရန် တတ်နိုင်သမျှ ရှောင်ရှားကြရန် ၄င်းတပ်ဖွဲ့များအား ညွှန်ကြားခဲ့ပါသည်။

တချိန်ထဲတွင် အစိုးရ တပ်ဖွဲ့များသည် KIA စစ်ဆင်ရေး အတွက် စစ်ပြင်ဆင်မှုများ ဆက်တိုက် လုပ်လာခဲ့ပါသည်။ ပြီးခဲ့သည့် ဖေဖ၀ါရီလ ၁၉ ရက်တွင် ရှမ်းပြည် အရှေ့မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေထဲသို့ အစိုးရတပ်များ အင်အား တိုးချဲ့လာကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၁ဝး၃ဝ နာရီတွင်လည်း ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းဒေသတွင် အခြေစိုက်သည့် ခမရ ၅၆၈ သည် မန်းဝင်း ကျေးရွာဘက်သို့ ရောက်ရှိလာပြီး ကေအိုင်အေ တပ်များ လှုပ်ရှားနေတည့် လဂတ်ဘော် ကျေးရွာ ဖက်သို့ ဦးတည် လာနေကြောင်း KIA ဘက်က ဆိုပါသည်။

တချိန်ထဲတွင် ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်ရှိ ဝါဝင်းနှင့် ကွမ်ဘန့် ၊ ဘူးဂါးရုံးကျေးရွာ ဖက်၌ တပ်စွဲထားတည့် တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ သည် အင်အား အမြောက်အများ ပြန်လည် ဖြည့်တင်းကာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မှစတင်ပြီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ လှုပ်ရှားရာ ဒေသ၌ လှုပ်ရှား လာခဲ့ကြောင်း KIA ဖက်မှ ဆိုပါသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့နံနက် ၈ နာရီ အချိန်တွင် ရှမ်းပြည် နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)ဒေသ၊ တပ်ရင်း (၃၆) နယ်မြေဖြစ်သော ပန်ဆိုင်းမြို့နယ် ခလဲန်ကျေးရွာ အနီးတွင် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ တို့ မိနစ်ပိုင်းမျှ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။

ဤပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း အင်အား (၂၀၀) ခန့်ရှိသည့် အစိုးရတပ်ဖွဲ့ ခလရ ၆၉၊ ခမရ ၂၄၂ တို့က KIA MHH ပြည်သူစစ် တပ်ခွဲ (၅) တပ်စခန်းကို နံနက် (၁၀) နာရီ အချိန်တွင် ရုတ်တရက် ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နာရီဝက်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်ခွဲ (၅) အရာရှိ တစ်ဦးက ပြောပါသည်။
ထို့အတူ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် တပ်မဟာ (၅)ဧရိယာရှိ KIA ဗဟိုဌာနချုပ် နယ်မြေထဲသို့ ကားအစင်း ၃၀ ဖြင့် နံနက် ၉ နာရီခွဲ ချိန်တွင် လဂျားယန် အနီးရှိ မန်ဆိုင်းကျေးရွာတွင် ထပ်မံ တိုးချဲ့ ချထားကြောင်း ရှေ့တန်းရှိ KIA အရာရှိ များက ဆိုပါသည်။

၎င်းတပ်ဖွဲ့များသည် ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်မှ လုံခြုံရေး ယူနေသော တပ်မ (၇၇) တပ်ဖွဲ့များ ဖြစ်ပြီး အင်အား ၄၀၀ ကျော်ခန့် ရှိနိုင်ကြောင်း KIA မှ ခန့်မှန်း ပြောဆိုပါသည်။

ဤသို့ကြောင့် အစိုးရ တပ်များ၏ စစ်ဆင်ရေး လှုပ်ရှားမှု အခြေအနေကို ကြည့်ခြင်း အားဖြင့် KIA နှင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၄) ရက်နေ့၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ ရွှေလီမြို့ ဆွေးနွေးပွဲမှ ရယူခဲ့သော စစ်ပြေငြိမ်းရေး နားလည်မှုသည်၊ ထိရောက်မှု မရှိကြောင်း စစ်ရေး အကဲခတ်များက ယူဆ နေကြပါသည်။

အစိုးရသည် KIA နှင့် နိုင်ငံရေး ဆွေးနွေးပွဲ အမြန် ကျင်းပရန် လိုလားနေပါသည်။ ဤသို့ အမြန်ဖြစ်လာရန် စစ်ရေးနှင့် ဖိအား ပေးနေဆဲဟု KIA ဖက်က ယူဆဖွယ် ရှိပါသည်။ KIA ကမူ အစိုးရ၏ စစ်ရေးလှုပ်ရှားမှု ဖိအားကြောင့် ဆွေးနွေးပွဲရက်များ ရွှေ့ ဆိုင်းနေသည့် အလားအလာ ဖြစ်နေပါကြောင်း အကဲခတ်များက သုံးသပ် ခဲ့ပါသည်။

No comments:

Post a Comment