February 21, 2015

KIA နဲ့ ငြိမ်းချမ်းရေးကိစ္စ - အသက်၈၀၊ ဗိုလ်ထွန်းကြည်အမြင်

Voice : KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အောင်မြင်ပါ့မလား။ ဘဘကိုယ်တိုင် ကချင်ပြည်နယ်မှာ နေထိုင်ခဲ့တော့ ကချင်အကြောင်းလည်း သိခဲ့မှာပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးက ရှေ့ဘယ်လို ဆက်ဖြစ်နိုင်မလဲ။
UTK : KIA နဲ့ ငြိမ်းချမ်းရေးကိစ္စ သိပ်လွယ်မယ် မထင်ဘူး။ အကယ်၍ ငြိမ်းချမ်းရေး ရသွားခဲ့ရင်တောင် ကချင်ပြည်နယ် အတွင်းမှာ ပြဿနာတွေ ပေါ်ဦးမှာပဲ။ အတော်ရင်လေးစရာ ကောင်းတယ်။ ဘဘ ကချင်ပြည်နယ်မှာ ခြောက်နှစ်လောက် နေဖူးတယ်။ ကချင်ပြည်နယ်အကြောင်း ကောင်းကောင်း သိတယ်။ KIA ရဲ့ သမိုင်းကြောင်းလည်း အတော် လေ့လာဖူးတယ်။

KIA ဟာ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ လားရှိုးငွေတိုက် ဖောက်ရာကစပြီး ပေါ်ပေါက်လာခဲ့တယ်။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံတော်ဘာသာ ကိစ္စနဲ့ တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်ရာမှာ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသကို တရုတ်ပြည်ကို ပေးလိုက်ရတဲ့ အကြောင်းတွေကြောင့် ချက်ချင်း ကြီးထွားလာခဲ့တယ်။ ၁၉၆၅ ခုနှစ်လောက်မှာ အင်အား ငါးထောင်လောက်အထိ ဖြစ်ပေါ်လာခဲ့တယ်။ ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ကျောက်စိမ်းဒေသကို ဝင်ရောက်စိုးမိုး ချုပ်ကိုင်နိုင်ခဲ့လို့ စီးပွားရေးပါ တောင့်တင်းလာခဲ့တယ်။ ဒါပေမဲ့ အစိုးရက ဖိဖိစီးစီး KIA ချေမှုန်းရေး စစ်ဆင်ရေးကြီးများ လုပ်ခဲ့လို့ KIA အင်အားလေးထောင်ခန့် ပြုန်းတီးသွားတယ်။ KIA ဌာနချုပ်လည်း တစ်ဖက်နိုင်ငံကို ထွက်ပြေး ပြောင်းရွှေ့သွားခဲ့ရတယ်။ ၁၉၇၂ ခုနှစ်မှာတော့ ဗကပနဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပြီး အကျပ်အတည်းတွေ့လို့ ယာယီ အတိုက်အခိုက်ရပ်စဲဖို့ အစိုးရကို ချဉ်းကပ်လာခဲ့တယ်။ အဲဒီကိစ္စ ညှိနှိုင်းနေဆဲမှာပဲ မိမိအတွင်းပိုင်း ထိုးဖောက်မှုတွေ၊ စစ်ရေး လှုပ်ရှားမှုတွေ လုပ်တဲ့အတွက် ညှိနှိုင်းမှု ရပ်ခဲ့ရတယ်။

၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ကာလ ကုန်ဆုံးပေမယ့် နိုင်ငံတော်အစိုးရက သဘောထားကြီးကြီးနဲ့ ၁၉၈၁ ခုနှစ် မေလ ၂၅ ရက်နေ့အထိ ကချင်သောင်းကျန်းသူ ခေါင်းဆောင် မရန်ဘရန်ဆိုင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ငါးကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ကချင်သောင်းကျန်းသူတွေရဲ့ မရိုးဖြောင့်တဲ့ ရည်ရွယ်ချက်၊ ဆွေးနွေးပွဲ ကာလအတွင်း လုပ်ဆောင်ချက်တွေကြောင့် ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ရတယ်။ သူတို့ရဲ့ လုပ်ရပ်တွေက ဘဘရဲ့ နှစ် ၅၀ ကျော် ကိုယ်တွေ့များ စာမျက်နှာ ၁၄၄ မှာ ဖော်ပြထားပါတယ်။ ရှည်နေမှာစိုးလို့ ထပ်မပြောတော့ပါဘူး။

ဒီတော့ ဘဘတို့ ကေအိုင်အေနဲ့ သုံးကြိမ် ဆွေးနွေးပြီးပြီ။ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း မကောင်းဘူး။ ဒီကြားထဲ ဆွေးနွေးပွဲ ကာလအတွင်း လုပ်ဆောင်ချက်များကလည်း လုံးဝမရိုးသားဘူး။ ဒါအရင်က သူတို့အင်အား မတောင့်တင်းသေးတဲ့ အချိန်က လုပ်ရပ်တွေ။ ယခု KIA က ဘဘတို့နေတဲ့ အချိန်ကနဲ့ လုံးဝမတူ၊ ငွေအင်အား၊ လူအင်အား၊ လက်နက်ခဲယမ်း အခြေအနေတွေက အတော်တောင့်တယ်။ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေက တစ်နှစ်တစ်နှစ် ရတဲ့ငွေက ပြောရင်တောင် ယုံမှာမဟုတ်ဘူး။ သစ်တောတွေလည်း ကုန်ပြီ။ ကုန်သလောက် ပိုက်ဆံတွေလည်း ရလိုက်ပြီ။ ဘဘတို့ အစိုးရက ခုတ်ယူ ရောင်းချတယ်လို့တော့ ပြောတာပဲ။ တကယ်တော့ ကေအိုင်အေတွေ စိုးမိုးထားတဲ့ မိမိတပ်တွေ လုံးဝမရောက်တဲ့ တရုတ်နယ်စပ်က သစ်တွေပါ။ ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရတဲ့ ကေအိုင်အေကိုင်တဲ့ လက်နက်၊ ဝတ်တဲ့အဝတ်အစား၊ လုပ်တဲ့ဆွေးနွေးပွဲ၊ ဖွင့်တဲ့ သင်တန်းကျောင်းတွေကြည့်ရင် ကောင်းကောင်း သိနိုင်ပါတယ်။ ဟိုတုန်းက အကျပ်အတည်းတွေ့လို့ အသက်ရှူပေါက် ချောင်အောင် ငြိမ်းချမ်းရေး ဆွေးနွေးတယ်။ အခုတော့ အင်အားကလည်းတောင့်၊ ဘဘတို့ရဲ့ သမ္မတကြီးကလည်း အလွန်သဘောကောင်း၊ အလွန်စိတ်ရင်း စေတနာ ကောင်းလွန်းတော့ အတော်မြင့်နေတာ တွေ့ရတယ်။ ဒီအထဲ အခြေအနေလည်း မသိ၊ ကေအိုင်အေရဲ့ သမိုင်းကြောင်းကိုလည်း နားမလည်တဲ့သူတွေက ချီးကျူးထောမနာ ပြုလိုက်ကြတာ။ တိုင်းပြည်အတွက် ဘာတစ်ခုမှ လုပ်မပေးခဲ့ဖူးတဲ့ ကေအိုင်အေ သင်တန်းသားတွေအတွက် ပန်းခွေချရ၊ အလေးပြုရ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေပို့ရ၊ ဘဘတို့ရဲ့ ခေါင်းဖြတ်အသတ်ခံရတဲ့ ဗိုလ်ဇော်မျိုးထက်လေး အတွက်တော့ တုတ်တုတ်မှတောင် မလှုပ်ကြဘူး။ ပြောရရင် ဆုံးမှာလည်း မဟုတ်ဘူး။ အတော်ဝမ်းနည်းစရာ ကောင်းပါတယ်။

ဒီလိုပြောလို့ KIA က တပ်မတော်ထက် အင်အား သာလွန်တောင့်တင်းတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ KIA ကို သိပ်အထင်ကြီးသွားဦးမယ်။ တပ်မတော်နဲ့ ယှဉ်ရင် ဆင်နဲ့ဆိတ်လေး သာသာပါ။ ကိုယ့်သွေးရင်းသားရင်း ညီအစ်ကို အရင်းတွေမို့ စိတ်ရှည်ရှည်နဲ့ ဘဘတို့ရဲ့ လူကြီးတွေက ငြိမ်းချမ်းရေး မရရအောင် လုပ်နေကြတာပါ။ ဘဘ သိသလောက် လူငယ်တွေရဲ့ သဘောသာဆိုရင် ပြတ်လောက်ပါပြီ။ နှစ်ဖက်လုံး သေကျေပျက်စီးမှုလည်း နည်းမှာတော့ မဟုတ်ဘူး။
ဒါကြောင့် ဘဘကတော့ ငြိမ်းချမ်းရေး ရစေချင်တယ်။ KIA ခေါင်းဆောင်တွေ နားလည်စေချင်တယ်။ ဗမာ့တပ်မတော် အနေနဲ့ အားလုံးပြတ်သွားအောင် လုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ KIA တော့ ကချင်ပြည်နယ်က ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဓားပြ အဖွဲ့လောက်သာ အင်အားရှိတဲ့ အဖွဲ့ငယ်လေးလောက်သာ ကျန်မှာပါ။ စောစော ငြိမ်းချမ်းရေးရရင် ကချင်ပြည်နယ်လူထု စောစောသာယာမှု ရကြမှာပါ။
အွန်လိုင်းဝဏ္ဏ
- See more at: http://thevoicemyanmar.com/index.php/article/item/5801-dty3#sthash.xXSrtMAK.dpuf

ဒါတွေကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်အယ်ကွန်ဖန် (လုပ်ကြံခံရသူ) ရဲ့ သူငယ်ချင်း ဗိုလ်ထွန်းကြည်ရဲ့ သူ့အမြင်အင်တာဗျူးဖြစ်ပါတယ်။ 

No comments:

Post a Comment