December 12, 2011

Myanmar Egress သို့ဝေဖန်အကြံပြုချက်

ဂျာဒူ
သြော်လာပြန်ပြီ Myanmar Egress ။ ဒီတခါတော့ ဖွဲစည်းပုံဥပဒေကို လိုက်ထောက်ခံခိုင်းတုန်းကလို ဒေါက်တာနေဝင်းမောင် တစ်ယောက်တည်း ရှေ့ကနေပေါ်ပေါ်ထင်မလုပ်တော့ပဲ Myanmar Egress ရဲ့ ဒါရိုက်တာအဖွဲ့တွေပါ ပေါ်ပေါ်ထင်တွေ့လာရတော့ နဲနဲအံ့သြမိတယ်။ အများကြီးတော့မအံ့သြပါဘူးဗျာ။ သူတို့အားလုံးက အရင်ကတည်းကတဖွဲ့တည်းကိုးဗျ။ ဒီအပတ်ထုတ် The Voice ဂျာနယ်ရဲ့ “ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှုသစ်ကြောင့် ငြိမ်းချမ်းရေးသို့ ဦးတည်” မှာလည်း တဝက်မှန်တွေနဲ့ ကျွန်တော်တို့ တိုင်းသူပြည်သားတွေကို ညာဖို့ကြိုးစားနေပြန်ပါပြီ။ အင်းဒါကလည်းသူ့ဗီဇဆိုပေမို့ဆိုပြီး မပြောပဲလဲမထားချင် သူတို့လို နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာကြီးလည်းမရှိတော့ မြန်မာတွေဗြိတိသျှကိုပြန်တော်လှန်သလို ရရာလက်နက်နဲ့ ပြန်တော်လှန်ရတာပေါ့။ ရှင်းရင်းနဲ့လိုရာမရောက်ပဲနေတာ့မယ်။

Myanmar Egressက ရွတ်ဆစ်နဲ့အဖွဲ့နဲ့ အစိုးရအဖွဲ့တို့ အပစ်ရပ်လိုက်နိုင်တာကို ဋီကာဖွဲ့ဥဒါန်းရင့်ကျူးပြီး တနိုင်ငံလုံးပဲငြိမ်းချမ်းတော့မလို KIO/A ကလွဲပြီး တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကပဲ ချက်ချင်းအပစ်ရပ်စာချုပ်ချုပ်တော့မလိုပြောနေလိုက်ပုံများ။ အခုလည်း KNU နဲ့တွေ့တာကို များစွာအောင်မြင်မှုအဖြစ် သတ်မှတ်လိုက်ပြန်ပြီ။ တကယ်တော့အခုမှတွေ့ခဲ့တာမဟုတ်ပါဘူး။ အရင်တုန်းကတည်းက ကရင်အမျိုးသားခေါင်းဆောင် ဗိုလ်မြနဲ့ သွားလေသူမင်းသားကြီးခင်ညွန့်တို့ တွေ့ကြတာလည်း တကြိမ်မကပါဘူး။ ရှမ်းအဖွဲ့နဲ့တော့ အစိုးရနဲ့ ဆွေးနွေးဖို့မပြောနဲ့ သူတို့အချင်းချင်း ပေါင်းလို့မရအောင် ထောက်လှမ်းရေးဘယ်လိုခြေထိုးခဲ့တယ် ဆိုတာ ဗိုလ်မှူးအောင်လင်းထွဋ် ကိုယ်တိုင် ဖြည်ပြခဲ့တာကို ခဏလေးမေ့ချင်ယောင်ဆောင်နေကြတယ်။

လက်နက်ကိုင်အဖွဲ့တိုင်းကလူတွေကို မေးကြည့်ပါ။ ငြိမ်းချမ်းရေးမလိုချင်တဲ့သူ တယောက်မှ မရှိဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးရဲ့ ပထမခြေလှမ်းဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး ဘာလို့အကောင်အထည်မဖော်နိုင်တာလဲ။ အဖြေကတော့ ရှင်းပါတယ် ဗမာစစ်တပ်ကို မယုံလို့ပဲ။ အခုလည်း အပစ်ရပ်ရေးပြပြီး ဖွံ့ဖြိုးရေးလမ်းကြောင်းနဲ့ လာဆွယ်ပြန်ပြီ။ အပစ်ရပ်ခဲ့တဲ့ အဖွဲ့တွေကို ပြန်ကြည့်လိုက်ပါ။ အဲဒီဒေသ အဲဒီအဖွဲ့တွေအခု ဘယ်လောက်များထူးခြားသလဲလို့။ ကေအိုင်အို အနေနဲ့ ၁၇နှစ်ကြာ နိုင်ငံရေးဖော်ဆောင်မှုမပါတဲ့ အပစ်ရပ်စာချုပ်ကို သင်ခန်းစာယူပြီး နိုင်ငံရေးဖော်ဆောင်မှုပါတဲ့ ခိုင်မာတဲ့ အပစ်ရပ်စာချုပ်ကို တောင်းဆိုတာ ဗမာစစ်တပ်ဘက်က ဘာလို့မလိုက်လျောနိုင်တာလဲ။ ကေအိုင်အို တောင်းဆိုတာရှင်းပါတယ်၊ ပင်လုံအနှစ်သာရ ကို လက်တွေ့အကောင်အထည်ဖော်ပြပါ၊ ဒါဆို လက်နက်ချဖို့ အဆင်သင့်ပါပဲလို့။ တိုင်းရင်းသားပေါင်းစုံပါတဲ့ UNFC ကတည်း တသံတည်းပင်လုံ အနှစ်သာကို လက်တွေ့ဖော်ဆောင်ဖို့ပဲတောင်းဆိုတာပါ။

ကေအိုင်အိုနဲ့ ရွှေလီမှာ တွေ့ဆုံနေစဉ်မှာလည်း စစ်ကြောင်းတွေနဲ့ ထိုးစစ်ကိုပိုလို့ အရှိန်မြှင့်ရင်းနဲ့ အပစ်ရပ်ဖို့လာတောင်းဆိုတာကို မေ့ချင်ယောင်ဆောင်နေတယ်။ ဦးဟန်ညောင်ဝေကိုယ်တိုင် ဗမာစစ်တပ်က ရိုးသားဖို့ လိုတယ်လို့ မှတ်ချက်ပေးထားတာတောင် Myanmar Egress ရဲ့ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်က အစိုးရက အစစ်အမှန်ရိုးသားမှုရှိတယ် ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” တဲ့။ တကယ်ဆိုရင် ဒေါက်တာကျော်ရင်လှိုင်ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဘာမှမထူးပါဘူး။ တကယ်ခံစားနေရ တဲ့ တိုင်းရင်းသားတွေယုံရမှာပါ။ သူကပြသာနာဖြစ်ရင် ပြည်ပအေးဆေးနေလို့ရတယ် တကယ်ခံရမှာ ဒေသခံတိုင်းရင်းသားတွေပါ။ ဒေါက်တာကျော်ရင်လှိုင်ဖြစ်စေ၊ ဒေါက်တာနေဝင်းမောင်ဖြစ်စေ၊ ကလင်တန်ယုံနေရင်တောင် ဗမာစစ်တပ်နဲ့ ရင်ဆိုင်နေတဲ့ တိုင်းရင်းသားတွေမယုံရင် ဘယ်လို့မှ ငြိမ်းချမ်းရေးခြေလှမ်း မလှမ်းနိုင်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေယုံဖို့ဆိုရင် ဗမာစစ်တပ်ဘက်က စတင်ပြီး ထိုးစစ်တွေရပ်ရပါမယ်။
ပြီးတော့ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဦးတင်မောင်သန်းရဲ့ ပြောပြချက်ချက်က အပေါ်ယံအားဖြင့်ကြည့်မယ်ဆို ရင် လက်မခံနိုင်စရာမရှိပါဘူး။ မှန်ပါတယ် ငြိမ်းချမ်းရေးကို ဘယ်သူပဲလုပ်လုပ်ကြိုဆိုဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ရလဒ်ကောင်းတခု ကိုပဲကြည့်ရင်မပြည့်စုံနိုင်ပါဘူး။ ရည်ရွယ်ချက်ကောင်းက ပို အရေးကြီးပါတယ်။ ရလဒ်ကို ပဲ အာရုံစိုက်နေရင် ethical issue တွေကို မျက်ခြေပြတ် သွားနိုင်ပါတယ်။ အခု ရွက်ဆစ်နဲ့ အပစ်ရပ်တာ၊ ဒီကေဘီအေနဲ့ အပစ်ရပ်တာ အင်မတန်ကောင်းပါတယ်။ သူတို့ဒေသမှာ စစ်မတိုက်ရတော့ဘူးပေါ့။ ကရင်မှာဆိုရင် ရွှေသိုက်ကို လွတ်လွတ်လပ်လပ် ထုတ်စားလို့ရပြီပေါ့။ ဒါပေမယ့် ရည်ရွယ်ချက်က အပစ်ရပ်ရုံရပ်ထားပြီး တခြားမရပ်တဲ့ အဖွဲ့ကို တိုက်ဖို့ဆိုရင် အဲဒီငြိမ်းချမ်းရေးရေရှည်တည်တံ့မှာမဟုတ်ပါဘူး။

နောက်ဆုံးပြောချင်တာတော့ ရည်ရွယ်ချက်မကောင်း မရိုးသားမှုနဲ့ဆက်ပြီး ဆက်ဆံမယ် တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေဆက်လုပ်နေမယ်ဆိုရင် ယူနီဖောင်းချွတ် သိန်းစိန်ကြံ့ဖွံ့အစိုးရ အနေနဲ့ အဆိုးဆုံးအဖြစ် ပြည်ထောင်စုပြိုကွဲခြင်းကို ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် Myanmar Egress အနေဖြင့် အစိုးရသစ် တရားဝင်ရေးအတွက် နိုင်ငံတကာအား lobby လုပ်ပေးချင်းအစား အစိုးရအား စိတ်ကောင်းစေတနာမှန်မှန်နှင့် ရိုးသားမှု ဖြင့်တိုင်းရင်းသားအရေးကို ဖြေရှင်းရန် တိုက်တွန်းခြင်းကို ပို၍ အားစိုက် သင့်ကြောင်း ဝေဖန်အကြံပြုလိုက်ရပါတယ်။
ဂျာဒူ

No comments:

Post a Comment