March 08, 2013

သူမ နဲ့ လွတ်မြောက်ခြင်း…( သို့) မလွတ်မြောက်ခြင်း


(မတ်လ ၈ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဒီဝတ္ထုတိုလေးနဲ့ ဂုဏ်ပြုအပ်ပါတယ်။  ဒုက္ခသည်စခန်း အသီးသီးမှ ကချင်အမျိုးသမီးများအားလုံး မိမိနေရပ်သို့ အမြန်ပြန်နိုင်ကြပါစေ။ လွတ်မြောက်ခြင်းမရှိသေးသော အမျိုးသမီးအားလုံးလည်း လွတ်မြောက်ခြင်း ရကြပါစေ။ စားရေးသူ နန်းလွင်ဟာ ကချင်အမျိုးသမီး သတင်းထောက်၊ စာရေးဆရာမတဦး ဖြစ်ပါတယ်။)


နန်းလွင်

သူမရဲ့ မျက်ဝန်းတွေက တောက်ပ နေသည်။ သူမ ထိုင်နေတဲ့ မြက်ခင်းစိမ်း အဝေးတနေရာဆီကို လှမ်းကြည့်လိုက်ရင်မြင်နေရတဲ့ တောင်တန်းစိမ်းညိုညို များ လတ်ဆတ်သောလေ…အရာရာဟာ လှပနေတော့ သည်။  သူမ မျက်နှာကို မော့ထားလိုက်တော့ ကောင်းကင်ထက်က ကျလာသည့် နှင်းမှုန်လေးများ သူမ မျက်နှာကို ပွတ်တိုက်ကျီစယ်သွားသည်။
သူမပြုံးလိုက်သည်။ သူမလွတ်မြောက်လေပြီ။ သူမဒီတစ်ခါ တကယ်လွတ်မြောက်လေပြီ။
အလုပ်၊အချစ်၊မွန်းကျပ်ခြင်း၊နောင်တ၊သင်ခန်းစာ၊အတ္တ၊မာန၊ အရူံး၊အနိုင်၊ မျှော်လင့်ချက်များဆီမှ သူမလွတ်မြောက် လာပြီဖြစ်သည်။


…………………………………………………………………………………………………………………
သူမ တနေ့တာ သည်ပုံမှန်တိုင်းဆိုရင် ရူပ်ယှက် ခတ်လွန်းသည်။ တစ်ခါတရံတွင် လည်းအိပ်ငိုက် ချင်အောင် အလုပ်ပါးပြန်သည်။ အောင်မြင်မှု၊ကျဆုံးမှု၊ လူရည်လည်ခြင်း၊ လူဝင်ဆန့်ခြင်း၊ အပြုံးတု များ၊ စကားတုများ၊ကင်မရာများ၊ ဆိုရှယ် ၀က်ဆိုဒ်များ၊ သတင်းဝက်ဆိုက်များ၊ သမ္မတ ၊ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးပိတ်ဆို့မှု၊ ဆန္ဒပြမှုများ၊ဖတ်ပြီးဒေါသထွက်ရတဲ့ဆောင်းပါးများ၊ ဖတ်လို့ကောင်းတဲ့ ဆောင်းပါးများ၊မပြီးဆုံးနိုင်တဲ့ စစ်ပွဲများ၊ အစိုးရ ၊ဒီမိုကရေစီ၊ ခေတ်ပေါ်သီချင်းများ၊ အင်တာနက်၊ ဂျီတော့၊ဖေ့ဘုတ်၊ကွန်မက်၊ အပြုံး၊ဒေါသ၊ကာတွန်းများ၊ စနောက်ခြင်းများ၊ပေါတောတောနိုင်ခြင်းများ၊ ကော်ဖီနှစ်ခွက်၊ ၀က်သားတုတ်ထိုး၊မုန့်တီ၊ ထမင်းကြော်၊ ဗီစီဒီ ဇာတ်ကားများ၊အိပ်စက်ခြင်းသည် နေ့စဉ် ဖြတ်သန်းမှုပင်ဖြစ်သည်။
………………………………………………………………………………………………………………………………………
သူမ ခရီးတစ်ခုထွက်သည်။ အပြုံးတစ်ခုသည် သူမ နဲ့အတူ လိုက်ပါလာသည်။ သူမ ထိုအပြုံးကို ချစ်သွားသည်။ ဖြူစင်စွာပင် နှစ်သက်ခဲ့သည်။ ဖြူစင်စွာပင် မြတ်နိုးခဲ့သည်။
နောက်ကွယ်က ပင် ထိုအပြုံးများကို တန်ဖိုးထားခဲ့သည်။
ထိုအပြုံးများကို ပိုင်ဆိုင်ရန်ဘယ်တော့ မကြိုးစား နီးစပ်ရန်ပင် မကြိုးစား၊ဘာသိဖာသာပင်နေသည်။ သို့သော်သူမ သည် ထိုအပြုံးများကို အလွန်ချစ်သည်။
………………………………………………………………………………………………………………………………………
သူမ ပျော်တတ်သည်။။ သူမနဲ့သူမ သူငယ်ချင်းများအတွက် ပန်းနုရောင်သန်းနေတဲ့ အင်းလျားဒါမှမဟုတ် လိမော်ရောင်သန်းနေသည့် ကမ်းနားသည် သူမတို့ မွန်းကျပ်ရာများကို ဖြေဖျောက်ရာ ကျဆုံးမှုများကိုကုစားရာ၊ အောင်မြင်မှုများ အတွက် အော်ဟစ်စရာ၊၀မ်းနည်းမှုများ အတွက် ငိုကြွေးစရာနေရာများပင်ဖြစ်သည်။ ကမ်းနားတွင် အိုပါးဂန်းနားကသည်။ လေဒီဂါဂါ ကသည်။ ဂျနီဖာလိုပက်က သည်။ ဓာတ်ပုံရိုက်သည်။ပေါက်တတ်ကရများပြောသည်။သူမတို့ဆွေးနွေးသည့် အထဲတွင် အချစ်အကြောင်း၊ ကမ္ဘာ့ကျော်သီအိုရီများအကြောင်း၊ကမ္ဘာ့ကျော်ပုဂ္ဂိုလ်ကြီးများအကြောင်း၊စစ်ပွဲများအကြောင်း၊လေလွင့်ကလေးငယ် များအကြောင်း ဘယ်တော့မှမပါဝင်တတ်။ သူငယ်ချင်းများ က၀ိုင်သောက်တတ်ပြီး သူမ အချိုရည်  ကို ပုလင်းကိုလက်က မချ သူများ ရဲ့ အမြည်းများကို အတင်းလုစားတတ်သည်။ သူငယ်ချင်းများတစ်ခုခု စားတိုင်း သူမအတွက် အချိုရည် သီးသန့်ဝယ်ရတတ်သည်။သူမ သည် အချိုကြိုက်သော လူမိုက်သာ ဖြစ်သည်။
သူငယ်ချင်းများရယ်သည် ။သူမ အချစ်အကြောင်းပြောရင် သူငယ်ချင်းများက ရယ်သည်။ သူမ လည်း ပြန်တွေးပြီး ခပ်တိုးတိုးရယ်တတ်သည်။
နေ့တနေ့တွင် သူမတို့သူငယ်ချင်းတွေဝိုင် ပုလင်းတလုံးမှာ ရေးသားခြင်သောစာများထည့်ကာ မြစ်ထဲ ကိုမျောခဲ့သည်။ သူငယ်ချင်းအချို့က ပြောင်လှောင်စရာများရေးခဲ့သည်။သူမကတော့ ခရီးသွားစဉ်က သူမရင်ထဲ ပါလာသည့် အပြုံး အကြောင်းရေးသည်။ ပုလင်းထဲထည့်သည်။သက်ပြင်းတချက်ချပြီး ပုလင်းကိုမြစ်ထဲအားကုန်လွဲပစ်လိုက်သည်။
အားလုံး ဟေးးးးးးးးးးးးးးး က နဲအော် ဟစ်လိုက်ကြသည်။
သူမ ပြုံးနေပြန်သည်။
…………………………………………………………………………………………………………………………………….
သူမ ဆုံးရူံးသည်။ အရာတစ်ခုခုကိုဆုံးရူံးသွားသည်။ lသူမ အသက် ၁၆နှစ်ခန့်တွင် ဆွေမျိုးသားချင်းများ အားလုံးကို ဆုံးရူံးခဲ့ရသောသူမတွင် ထပ်ဆုံးရူံးမှု အတွက် နာကျင်စရာမရှိ။
သူမကျောက်ရုပ်ပမာပင်။ သူမ မငိုကြွေး၊ သူမ ကိုငိုကြွေးစေသော အရာမှာ သူမရှေ့တွင် လာရောက်ငိုသောသူများရဲ့မျက်ရည်များ ပင်ဖြစ်သည်။ သူမ သည် သူမရဲ့သီးသန့် ခံစားချက် များ အတွက်ငိုကြွေးဖို့မေ့ထားပြန်သည်။ နာကျင်စေသောအရာအားလုံးကို သူမ ဦးနှောက်သည် အလိုလို မေ့နိုင် စွမ်းရှိအောင်လေ့ကျင့်ပေးထားပြန်သည်။
……………………………………………………………………………………………………………………………………
ထိုည မှောင်လွန်းသည်။ သူမဖတ်နေတဲ့စာအုပ်ကို ဘေးမှာ ချပြီး ဖုန်းကိုကလိသည်။ အင်တာနက်ဖွင့်သည်။
ဖေ့ဘုတ်ဖွင့်သည်။ သူမ ရဲ့ဖေ့ဘုတ် ဝေါလ်တွင် တတ်လာသည့်ဓာတ်ပုံတစ်ပုံ။
သူမ ငိုက်ကနဲဖြစ်သွားသည်။ အရာအားလုံး အမှောင်ကျသွားသည်။
တညလုံး သူမ အိပ် မပျော် …….။မနက်မိုးလင်းတော့ စကားပြောတဲ့ အခါမှာအသံများတုန်နေသည်။ လက်များတုန်နေသည်။ရင်တွေတုန်နေသည်။ သူမတနေကုန်စာများသာဖိရေးနေသည်။တစ်ပုဒ်ပြီးတစ်ပုဒ်……………………………………………………….။
သူမ မေ့ထားသည်။ သူမချစ်သော ထိုအပြုံးများကိုရာသက်ပန်မေ့လိုက်သည်။
……………………………………………………………………………………………………………………………………….
သူမ ပြုံးနေသည်။ သူမရဲ့အောင်မြင် မှုတစ်ခု အတွက်ပျော်နေသည်။ သူမရဲ့အောင်မြင်မှုများကို ဂုဏ်ယူပေးတတ်သူ အမြောက်အများရှိသည်။ သို့သော် အတူပျော်ပေးမယ့် သူများ မရှိ။
သူမ ဆုတစ်ခုယူတိုင်း၊ သူမ အောင်မြင်မှုတစ်ခုရတိုင်း၊ သူမ တစ်ခုခုကိုကျေနပ်ပျော်ရွင်တိုင်း လူပုံ အလည်တွေသူမ ကျေနပ်ဝမ်းသာစွာ ပြုံးနေပေမည်။
သို့သော် သူမ ရဲ့ အိမ်ကိုရောက်ရင်တော့ ကောင်ကင်းကကြယ်တွေကြည့်ပြီး သူမ မျက်ဝန်းတွင် မျက်ရည်ကြည်များနဲ့ပြည့်နေပေလိမ့်မည်။
သူမ အပျော်များကို တကယ်ဝေမျှပေးချင်တာကတော့ လွန်ခဲ့တဲ့ ၈နှစ်ခန့်ကပင် လောကမှာမရှိတော့တဲ့ သူမ ဖခင် ပင်ဖြစ်သည်။
ဖခင်သာရှိရင် သူမ ပခုံးကိုပုတ်ကာပြုံးနေမည်လို့ သူမတွေးသည်။ မျက်ရည် မကျမိအောင်ထိန်းသည်။ ကောင်းကင်က ကြယ်များကိုကြည့်ပြီး သူမ ပြုံးနေပြန်သည်။
……………………………………………………………………………………………………………………………………
သူမ စာရွက် တစ်ရွက်ကို သေချာစွာလိပ်နေသည်။ ၀ိုင်ပုလင်းထဲကို ထည့်လိုက်သည်။ သူမသူငယ်ချင်းများက ပျော်ရွင်စွာ အော်ဟစ်နေကြသည်။
တစ်ယောက်က ဘာရေးထားလဲဆိုတာကို သိချင်နေကြသည်။ သူမသည် ခပ်မြန်မြန်ပင် စာရွက်ကိုပုလင်းထဲထည့်ပစ်လိုက်သည်။
မြစ်သည် ဒီကနေ့တည်ငြိမ်နေသည်။ လေ နုအေးများညင်သာစွာတိုက်ခတ်နေသည်။ သူမမျက်နှာကို ခပ်မော့မော့ထားသည်။ လေနုအေးများကို ခပ်ဖြေးဖြေးရူသွင်းနေသည်။ သူမသူငယ်ချင်းတစ်ဦးက
တစ်…….. နှစ် ……….သုံး……………..ရေတွက်ကာမြစ်ထဲကို အားကုန်ပစ်လိုက်သည်။
သူမ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
သူမရဲ့ ဆန္ဒ ၊ ထိုအပြုံးနဲ့ပတ်သတ် သည့် အပြီးသတ်ခံစားချက် ၊ ထိုအပြုံး နဲ့ပတ်သတ်သည့် စိတ်ကူးများ အားလုံးပါသွားသည်။
လူရှစ်ယောက် ရေးသားထားတဲ့ စာရွက် ဖြူလေးများထည့်ထားတဲ့ အညိုရောင် ၀ိုင်ပုလင်းလေးသည် ခပ်ဖြေးဖြေး စီးဆင်းနေသည့် မြစ်ထဲကိုမျောသွားသည်။ ထိုမှ တဆင့် မြစ်ဝ ထိုမှတဆင့် ပင်လယ်ဝ
ထိုမှတဆင့် ……………..အဆုံးမရှိ …………………………………..။
သို့သော်........................................................................။
သူမ တကယ်လွတ်မြောက်သွားပြီလား သူမကိုယ်တိုင် မသိပါ။


နန်းလွင်  (အောက်တိုဘာ၊ ၃၊ ၂၀၁၂)

No comments:

Post a Comment