March 10, 2013

အဘိုး ကျန်းမာပါစေ

(ညီမလေး နန်းလွင်  အဘိုး ကချင်ဒူဝါကြီး နှင့် အမြန်ပြန် တွေ့ ရပါစေ  လို့ ဆုတောင်းပေးရင်း....)


နန်းလွင်
ဒီဇင်ဘာ ၂၀၊ ၂၀၁၂  


ကျမတို့ မိသားစုအကြောင်းပြောရင် ရှင်းရတာတွေများ လိမ့်မယ်။
ကျမ မှတ်မိသလောက် ဖေဖေရဲ့ အဖေ ကျမရဲ့ အဘိုး ကချင်ဒူဝါကြီးကနေစရလိမ့်မယ်ထင်တယ်။
 အဘိုး က ကျမတို့ အဘွားဖြစ်လာမယ့် ရှမ်းအမျိုးသမီးကို သိန္ဒီ မှာတွေ့ပြီး လက်ထပ်တယ်။

ဖေဖေအပါအ၀င် မောင်နှမ ရှစ်ယောက်မွေးတယ်။ ဖေဖေက ငါးယောက်မြောက်။
အဖိုး ဘာလို့ ရှမ်းအမျိုးသမီးကိုယူခဲ့လို့ကျမ ခဏခဏ စဉ်းစားတယ် ။ နောက်ကျမ သိန္ဒီရောက်မှသိတယ် အဲဒီက ရှမ်းမတွေက သိပ်လှတာကိုး အဲဒီခေတ်က ကချင်ဒူဝါကြီးတွေကိုရှမ်းမ ချောချောလေးတွေ ဆက်သလေ့ရှိတယ်လို့လည်းစာတွေမှာဖတ်ရတယ်။  အဖိုးက အဘွားရှမ်း အမျိုးသမီး ကိုယူခဲ့လို့ ဖေဖေတို့ မောင်နှမထဲမှာ ဘာသာနှစ်မျိုးကွဲတယ်။ အဘွားလိုမျိုး ဗုဒ္ဒဘာသာကိုးကွယ်တာရှိသလို အဘိုးကိုးကွယ်တဲ့ နှစ်ခြင်းခရစ်ယာန် ဘာသာကိုလည်း ကိုးကွယ်ကြတာရှိတယ်။


 အဖိုးကိုဒီနေရာမှာ တစ်ခုချီးကျူးချင်တာ အဘွားကိုသူ့ဘာသာထဲကို အတင်းဇွတ်ဆွဲ မသွင်းဘူး။ သားသမီးတွေကို လည်း နှစ်သက်ရာ ကိုးကွယ်ခွင့်ပေးထားတယ်။ အဘိုးက ဆွေစဉ်မျိုးဆက် ရွာသူကြီးလုပ် ခဲ့တာတဲ့. အဘိုးနေတဲ့တောင်ပေါ်ကို ကျမ တစ်ခါမှမရောက်ဖူးတော့ သူဘယ်လိုအုပ်ချုပ်လဲ ဆိုတာတော့မသိဘူး။
အဘိုးနေတဲ့ တောင်ပေါ်မှာ ဘိုးဘွားအုတ်ဂူတွေရှိပြီး နှစ်စဉ် ဖေဖေတို့ မောင်နှမတွေ စုပြီး ဆုံ ကြပြီး ကန်တော့ပွဲတွေလုပ်တယ်။ ကျမတို့ဆွေမျိုးထဲက ဘယ်သူကွယ်လွန် ပါစေ အဲဒီ ဘိုးဘွား သချိုင်းမှာ ကျောက် တိုင်လေး အဘိုးက စိုက်ပေးတယ်လို့ ဖေဖေက ကျမကိုပြောပြလေ့ရှိတယ်။

ဖေဖေ ဆယ်တန်းအောင်တော့ရန်ကုန် တက္ကသိုလ်ကိုရောက်တယ် ဥပဒေတတ်တယ်။ အဲဒီမှာ မေမေနဲ့တွေ့တယ်။ ဖေဖေ နဲ့မေမေ လက်ထပ်မယ်ဆိုတော့ အဖိုးက အကြီးအကျယ် ကန့်ကွက်တယ်။ မြန်မာမို့လို့ မယူရဘူးတဲ့။

ဖေဖေက လည်း သတ္တိရှိတယ်။ မေမေကိုခိုးပြေးပြီးလက်ထပ်လိုက်တယ်။ အဖိုးက အဲဒီမှာ အရမ်းကိုစိတ်ဆိုးပြီး ဖေဖေကို အိမ် အရိပ်တောင် နင်းခွင့် မပေးဘူး။ဖေဖေကလည်း ခေါင်းမာတယ်။ သူ့အမျိုးတွေကို ချစ်တယ်။ အဖိုးကြောင့် တောင်ပေါ်ကို လုံးဝ ပြန်မသွားဘူး။ ကားမောင်းပြီး သူ့ပိုက်ဆံသူရှာတယ်။ မိန်းမကိုရှာကျွှေးသလို တဖက်က လည်းမာစတာ တန်းကိုဆက်တတ်တယ်။

အဖိုးက ဖေဖေကျောင်းတတ် တော့ ဆန်နီကားလေး ၀ယ်ပေးထားတယ်။ မေမေ နဲ့ယူတော့ အဲဒီကားကိုပြန်သိမ်းသွားတယ်။ ကိုယ်ပိုင်ကားနဲ့ ကျောင်းတတ်ရတဲ့ဖေဖေမှာ သူများ ကား အငှားမောင်းရတဲ့ ဘ၀ကိုရောက်ရတယ်။

ဖေဖေ မာစတာတန်းတတ်နေတုန်း ကျမကို မွေးတယ်။ ဖေဖေကို စိတ်နာ ပါတယ်ဆိုပြီး ပစ်ထားခဲ့တဲ့ အဖိုးက ရန်ကုန်ကို ရောက်လာတယ်။ တရားဟောဆရာတွေခေါ်ပြီး ခပ်တည်တည်ပဲ ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့ ဖေဖေ ယောက်ခမ ( ကျမအမေ ဘက်က အဘွား) အိမ်မှာဆုတောင်း ပွဲလုပ်တယ်။
ကျမကို နာမည်ပေးကင်ပွန်းတပ်ပွဲလုပ်ပေးတယ်။ ကျမကို သူ့ပေးတဲ့နာမည်က ဇက်တီခွန်နော တဲ့ စာအိတ်ထဲမှာ ကျမနာမည်လေးရေးပြီးထည့်ပေးတာ  ဆယ်တန်းရောက်တော့အဲဒီစာအိတ်လေးကို သိမ်းထားတဲ့ သေတ္တာထဲမှာပြန်တွေ့တယ်။

မေမေကတော့ ဖေဖေ အမျိုးတွေကိုစိတ်နာတယ် သူတို့ကိုပစ်ထားတယ် ဖေဖေဘက်က ထောက်ပံ့ငွေကိုတစ်ကျပ်တောင် မယူဘူး ကျမ ဒေါ်လေးတို့ဦးလေးတို့များ လာတွေ့လို့ မုန့်ဖိုးများပေးသွား ရင် အတင်းပြန်လိုက်ပေးခိုင်းတတ်တာ။မေမေကို အဖိုးက သဘောကျပုံမရပေမယ့် ကျမမွေး တဲ့ အတွက် ရန်ကုန်ကိုတစ်ခေါက်လာတယ်။

တစ်ခါတလေ ကျမ အဖိုးကို စိတ်တိုတယ်။ သူတို့ အဲလို ခွဲခြားလို့ ကျမတို့သူတို့ဆက်ဆံမှု ဝေးရတာ ရင်ဘတ်ချင်းနွေးထွေးသင့်သလောက် မနွေးထွေးတာလို့ကျမက ထင်တယ်။
နောက်ပိုင်း အငယ်မလေးကိုမွေးပြီးတော့ဖေဖေက တက္ကသိုလ် ကဆရာဖြစ်လာတယ်။ ကချင် ပြည်နယ်မှာတာဝန်ကျတယ်။ အဲဒီမှာဖေဖေ အမျိုးတွေချည်းပဲ။ ဖေဖေ အတွက်တော့တကယ်ကို ကံကောင်းတာပေါ့။ အမျိုးတွေနဲ့ပြန်တွေ့ ကောက်သစ်စားပွဲ တွေ ကိုသွား၊ ဘုရားကျောင်း လည်းတတ် ဖေဖေရဲ့ ညီလတ် ကျမ ဦးလေးနဲ့လည်းပြန်တွေ့ရတယ်။

ကျမက အမှတ်တရ အဖြစ်ဆုံး အချိန်ကိုလည်းမြစ်ကြီးနားမှာပဲ ကုန်ဆုံးခဲ့တယ်။ ကျမ အသက် ၁၆နှစ် အထိ ကျမရဲ့စိတ်ကြီးလှစွာသော ကချင်ဒူဝါကြီး အဖိုးနဲ့ရှမ်း အမျိုးသမီး အဘွားကိုတစ်ကြီမ်ပဲမြင်ဖူးတယ်။
သူတို့ ဖေဖေဆီတော့စာရေးတယ်လို့ကျမကြားတယ်။

ကျမက အဖိုးကို တွေ့ရင်ရန်တွေ့ချင်တယ်။ အဘိုးကျတော့ကချင် လူမျိုးအချင်းချင်း ကိုမယူပဲ ကိုယ်ကြိုက်တဲ့ ရှမ်း အမျိုးသမီးကိုယူခဲ့တာလေလို့။တစ်ခါမှလည်း အဖိုးကိုရန်တွေ့ခွင့် မရခဲ့ဘူး။

ဖေဖေ ဆိုရင် ဘိုးဘွားအုတ်ဂူတွေ ကန်တော့ပွဲကို တစ်နှစ်မှ မပြန်ဖြစ်ဘူး တစ်နှစ်ပြန်မယ်လုပ်လိုက် မပြန်ဖြစ်လိုက် နဲ့ ဖေဖေဆုံးသွားမှာပဲ အဲဒီနေရာကို ဖေဖေရဲ့ မှတ်တိုင်လေး ရောက်တော့တယ်။

ဖေဖေက ကြုံတိုင်း တောင်ပေါ်မှာနေခဲ့တာတွေ အဘိုးအကြောင်းတွေကိုပြောပြတယ်။ ဖေဖေက ဌာနမှူးဖြစ်လာတော့  သူ့အမျိုးတွေကို အိမ်မှာခေါ်ထားပြီးကျောင်းထားပေးတယ်။ ကျမတို့အိမ်မှာ ဖေဖေတူမ တွေတူတွေလာနေတယ် ။မေမေကဘာမှမပြောရှာပါဘူး။
ကျမ အသက်ဆယ်လေးနှစ် အထိမြစ်ကြီးနားမှာနှစ်စဉ်သွားရတဲ့ ကောက်သစ်စားပွဲတွေကို မမေ့ဘူး။ ထမင်းခပ်စီးစီးနဲ့ငရုတ်သီးထောင်း ၀က်သားနဲ့ဟင်းနဲ့ကျွှေးတာ။
ဝိုင်းမော်က ကောက်သစ်စားပွဲကို ဖေဖေက နှစ်စဉ်ခေါ်သွားလေ့ရှိတယ်။

ကချင် အမျိုးတွေက အားလုံးဆွေမျိုးပတ်တော်နေတာလေ။ ကျမကလေးတုန်းက ဖေဖေတပည့်တစ်ယောက် က ဖေဖေကိုယောက် ခမကြီးလိုပဲခေါ်တယ်။ ကျမက စိတ်တွေတိုတာ ဖေဖေက ဘာလို့စိတ်မဆိုးလဲ မသိဘူးလို့ မေးတော့မှ ဖေဖေက ပြောပြတယ် ကချင်လိုဆိုရင် သူက ဖေဖေကိုယောက် ခမတော်ရတဲ့ အမျိုးတဲ့။ အဲဒီတော့မှပဲကျမ နားလည်တော့တယ်။

ဖေဖေက ကချင် စကားရော ရှမ်းစကားရောတတ်တယ်။ကျမ နှစ်ခုစလုံးကို နဲနဲပဲနားလည်တယ်။ ပြောလည်းမပြောတတ်ဘူး။ဖေဖေ သင်ပေမယ့် ကျမ ဘက်က လေ့လာမှုအားနည်းတာလဲပါတယ်။

မေမေကတော့ ဖေဖေ အမျိုးတွေနဲ့ အဆင်ပြေတဲ့ကျမကိုစိတ်ပူတယ်။ သူတို့ပဲပစ်ထားတယ် အခုမှပြန်ခေါ်တယ် ပတ်သတ်စရာမလိုဘူးလို့တွေးတယ်။
ကျမကတော့ ဖအေ ချစ်ဆိုတော့ ဖေဖေ နောက် အကုန်လိုက်တာ။ ရန်ဖြစ်ရင်တော့ ဖေဖေဘက်ပါတယ်။ မေမေ ဘက်ကို မပါတတ်ဘူး။စိတ်ဆိုးလို့ ဖေဖေက အိမ်မှာမနေဘူးပြောရင် ကျမက ပါ ကျမ အထုတ်လေးပြင်ပြီး ဖေဖေနောက်လိုက်ဖို့လုပ်တာ။ကျမငယ်ငယ်က အဲလို ခဏခဏလုပ်လို့ ကျမကို အမျိုးတွေက အရမ်းစတယ်။
ကျမ မေမေက မြစ်ကြီးနားမှာပဲ ဆုံးတယ်။ နှလုံးရောဂါကြောင့် ခဏခဏ မေ့လဲတတ်တဲ့ မေမေကို ကျမတို့ ပြုစုတာနောက်ကျသွားတာလဲပါတယ်။ ကလေးမယူသင့်တဲ့ မေမေက ကျမတို့နှစ်ယောက် ကိုမွေးခဲ့တာ လဲပါတယ်။

ဖေဖေ ဘုရားကျောင်းကပြန်လာပြီး ထမင်းစာခါနီး မှာမေမေဆုံးတယ်။ ခရစ်စမတ်နေ့လည်းဖြစ်တယ်။ ခရစ်စမတ်နေ့ဟာ ကျမတို့မိသားစု အတွက် တသက်တာ မမေ့စရာနေ့ဖြစ်သွားတယ်။

နောက်နှစ်နှစ်ကြာလို့ ဖေဖေဆုံးတော့ အဖိုးရော အဘွားပါ ရောက်လာတယ်။ အဖိုးကျမကို ခေါ်ပြီးခရစ်ယာန် စာသင်ကျောင်းမှာတတ်စေချင်တယ်။ ကျမ အဖိုးနဲ့မလိုက်ချင်ဘူး။ အရင်ကပစ်ထားတယ်။ အခုမှလာခေါ်တယ်ဆိုပြီး အဖိုးကိုစိတ်ဆိုးတယ်။်။နောက်အကြောင်းတစ်ခုက ကျမဦးလေးကပြောတယ် အဖိုးက ဖေဖေရှိတုန်းကပြောခဲ့တယ်တဲ့။ကျမ ကို သူသဘောကျတဲ့ကချင် အမျိုးသားနဲ့ပဲပေးစားမယ်တဲ့။ ကျမ သူနဲ့လိုက်သွားရင်ဘုမသိ ဘမသိ ယောက်ကျားယူလိုက်ရမှာလဲစိုးတယ်။ အဘွားက ကျမကို ဖက်ပြီးငိုတယ မိသားစုထဲကမြေးကြီးဖြစ်လို့ အတူတူနေချင်ကြောင်းပြောတယ်။

ကျမ အရမ်းစိတ်မာခဲ့တယ်။ ကိုယ့်လမ်းကိုယ်လျောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ပြောလို့မရတဲ့ အဆုံး အဖိုးကကျမ တို့ ညီမကိုရွှေနားကပ် လေးတစ်ရံစီပေးတယ်။ အမျိုးဆိုတာဒီ ရွှေလိုပဲ ဘယ်လောက် အရည်ကျိုလိုက် တန်ဖိုးကျမသွားဘူး။ ဘယ်တော့ မပျက်ဘူးတဲ့အဓိပာယ် နဲ့ပေးတယ်လို့ပြောတယ်။

ကျမ ကိုကတိတစ်ခုတောင်းတယ် အမျိုးတွေကို မမေ့ဖို့။ ကျမ ဟာ ဖေဖေနဲ့ အရမ်းတူတာကြောင့် သူပိုပြီးချစ်ရကြောင်းပြောတယ်။
အဖိုးနဲ့ အဘွားက သိပ် အသက်ကြီးပြီ။ အဖိုးက တောင်ပေါ်မှာနေတော့ အရမ်းကျန်းမာတယ် ။ သူ့အသက် ၇၄နှစ် ဆိုတာကို ဘယ်လိုပြောပြောယုံစရာကိုမရှိတာ။
အဖိုးက ဖေဖေရဲ့ ကျန်ရစ်တဲ့ ပစ္စည်းလေးတွေကို ကျမဆီကတောင်းတယ်။ သူတို့ဖေဖေ ရဲ့မှတ်တိုင်မှာ ဘိုးဘွား အုတ်ဂူမှာစိုက်ထူတယ်လို့ကျမကို အကြောင်းကြားတယ်။ ဘိုးဘွားကန်တော့ပွဲကိုကျမ ကို လာစေချင်တယ်။

ကျမ တက္ကသိုလ်တတ်တော့ အဖိုး မန္တလေးကိုလိုက်လာတယ်။တခြားဆွေမျိုးအိမ်မှာနေရတဲ့ကျမ အဆင်ပြေရဲ့လား လာကြည့်တယ်။ အဖိုးကပိုက်ဆံထုတ်ပေးတော့ ကျမ ပေခံပြီးလုံး ၀မယူခဲ့ဘူး။ကျမ မေမေလိုပဲ အဖိုးကိုမသိစိတ်က နာနေထင်တယ်။

ကျမ အဖိုးကိုပြောလိုက်တယ် ခဏခဏ မလာလည်းရတယ်လို့ အဲဒီ အချိန်က အဖိုးကလည်း သိပ်နေမကောင်းဘူး။အဲဒီ အချိန်ကစပြီး အဘိုးကျမ ဆီမလာတော့ဘူး။
ကျမနောက်ဆုံးနှစ်ဖြေပြီး ချိန်ကျတော့ UFL ဆက်တတ်ချင်တယ်။ဘွဲ့ လွန်ဆိုတော့ပိုက်ဆံ အရမ်းကုန်မယ်။ ကျမ ဖေဖေ ညီမ ဒေါ်လေး က ကျမဆီကိုရောက်လာတယ်။ ဖေဖေရှိတည်းက အိမ် အ၀င်အထွက်ရှိတယ် မေမေနဲ့ ညီမလိုသိပ်ချစ်တယ်။

ကျမဖြစ်ချင်တာပြောတော့ဒေါ်လေးကသူပေးမယ်ပြောတယ်။ အဲဒီတည်းက လစဉ် ကျမဆီကို ဘဏ်ကနေငွေ လွဲတွေအမြဲလာတယ်။ ကျမ UFLမှာ  ပြီးတဲ့ အထိလာတယ်။ နောက်ပိုင်းမှ ကျမသိရတာ အဲဒီပိုက်ဆံ တွေက အဖိုးက ပေးနေခဲ့တာ။ အဖိုးကတိုက်ရိုက်ပေးရင် ကျမက မယူမှာဆိုးလို့ ဒေါ်လေးက တဆင့် ပေးခဲ့တာတဲ့။
အဲလိုသိရတော့ကျမစိတ်မကောင်းဘူး။ ကချင်ပြည်နယ်မှာစစ်ပွဲတွေပြန်ဖြစ်တော့ အဖိုးတို့ကိုစိတ်ပူမိတယ်။ အလုပ် တဖက်နဲ့ဆိုတော့ ကျမ မမေးဖြစ်ဘူး။ အဖိုးကျန်းမာရေးကိုလည်း ကျမ မမေးဖြစ်ဘူး။

ဒီနှစ်ကျမ လိုင်ဇာသွားတော့ မူဆယ်ကိုဖြတ်ရတယ်။ အဖိုးကမူဆယ်က တောင်ပေါ်မှာ ပြောင်းနေတယ်လို့ကြားတယ်။ ကျမတွေ့ချင်တယ်။ ဒါပေမယ့် အလုပ်တဖက် နဲ့ဆိုတော့ မသွားဖြစ်ဘူး။ကျမစိတ် ထဲမှာအဖိုးကို မေမေကြောင့် အခဲမကျေတာတွေရှိနေသေးတယ်။
ဒေါ်လေးကိုဖုန်းဆက်လိုက်တော့ ကျမကိုအဖိုးကတွေ့ချင်ကြောင်း အရင်လို သိပ် ခရီးမသွားနိုင်ပဲတောင်ပေါ်မှာပဲနေကြောင်း၊ အဘွားကကျန်းမာရေးသိပ်အကောင်းကြီးမဟုတ်ကြောင်း ကျမကိုပြောတယ်။

ဒေါ်လေးကို အဘိုးကိုပြောလိုက်ပုံရတယ်။ အဘိုးကကျမကို ဒီနှစ်ထဲမှာတောင်ပေါ်ကိုဖြစ်အောင် လာဖို့ပြောကြောင်း ဒုက္ခသည်စခန်းတွေကိုသွားလို့သူ ကျေနပ်ကြောင်း စကားပါးလိုက်တယ်။

ဆရာဝန် တွေဖြစ်တဲ့ ကျမဒေါ်လေး နဲ့ဦးလေးကတော့ ကချင်ဒုက္ခသည် စခန်းတွေမှာ လုပ်အားပေး သွားလုပ်နေတာ ဦးလေးဆိုရင်လုံးဝ အိမ်ကို မပြန်ဖြစ်ဘူးတဲ့။ အပြင်မှာဦးလေးကိုတွေ့ရင် ကျမ မှတ်မိ မှာမဟုတ်ဘူး။ ဒါပေမယ့် ဦးလေးက ဖေဖေနဲ့ သိပ်တူတယ်။ကျမဒုက္ခသည် စခန်းအချို့ကို ရောက်လို့ ဇက်တန်းအမျိုးနဲ့ ဆရာဝန်တွေများရှိလားလို့ ကျိတ်ရှာမိသေးတယ်။နောက်မှသိရတာ ဦးလေးက ဗန်းမော်မှာတဲ့။

ကျမ အခုတွေးနေမိတာ အဖိုး အသက်ရှင်နေတုန်း သွားတွေ့ရမယ်။ သူဆီကကျမတို့ အမျိုး ရဲ့ အစဉ်အလာတွေ ကိုသင်ယူရမယ် ။နားထောင်ရမယ်။လေ့လာရမယ်။ လက်ဆင့်ကမ်းရမယ်။အဖိုးကို ကျေးဇူးတင်ကြောင်းပြောရမယ်ပေါ့။နောက်လာမယ့်နှစ်မှာတော့ ကျမ အဖိုးဆီကိုရောက်အောင် သွားမယ်။ဒီနှစ်ခရစ် မတ်သာ ကျမ အဖိုးဆီရောက်အောင် သွားခဲ့ရင် သူသိပ်ပျော်မှာပဲလို့ကျမယုံတယ်။

ကျမ ဆုတောင်းတယ်။

မျိုးချစ် စိတ်ဓာတ် သိပ်ပြင်းတဲ့ ခေါင်းမာတဲ့ကျမနဲ့တူတဲ့ အဖိုး
ကျန်းမာပါစေ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


(စာမူကို ဖော်ပြုအသုံးခွင့်ပြုသည့် နန်းလွင် ကို ကျေးဂျူးကမ္ဘာဆိုင် လို့ ပြောလိုပါတယ်)

No comments:

Post a Comment