( မြန်မာအစိုးရတပ်နှင့် ကေအိုအေ စစ်ပွဲ ကိုအခြေပြု၍ ရေးထားသော ဝတ္ထုတို ဖြစ်ပါတယ်)
နန်းလွင်
(၁)
စိတ်ကြည်လင်စွာ ပင် ဟိုးအဝေးတနေရာမှာ ရှိတော့မည် မရှိတော့မည်မသေချာသည့် သူ့ကိုသတိရသည်။ သူရဲ့အပြုံးတွေ မီးခိုရောင် ဆံပင်တွေကို ပြန်ပြီးပုံဖော်ကြည့်မိသည်။ ရေနွေးဆူပြီ။သူမကော်ဖီဖျော်သည်။ နက်စ်ကဖေးကို နို့ဆီ လုံးဝ မထည့်ပဲသောက်တတ်သည် သူ့ကို တချက် သတိရမိသည်။
သူမပြုံးလိုက်ပြီး ဒီနေ့ကော်ဖီထဲကို နိုဆီမထည့်ပဲသောက်ဖို့ဆုံးဖြတ်လိုက်သည်။ ၈နာရီ သူမ ရေချိုးသည် ရုံးသွားဖို့ပြင်သည်နေ့စဉ် သူမအတွက် ပုံမှန် အချိန်ဇယား ပင်ဖြစ်သည်။
၅လွှာအမြင့် ရှိတဲ့လှေခါးကို တစ်ထစ်ချင်း ဆင်းရင်း လှေခါးတွေကို ရေတွက်နေမိပြန်သည်။ ရုံးကိုသွားတဲ့ လမ်းတစ်လျောက် ဖုန်းထဲက သီချင်းတစ်ပုဒ်ကို ဖွင့်ပြီးနားကျပ်ကို ကောက်တပ်လိုက်သည် ။ ဘယ်တော့မှရိုးမသွားတဲ့ သူမ နားထောင်နေကျ "ယုဇနပင်နဲ့ ဖဲကြိုးဝါ "……. တချိန်ချိန် ပြန်လာကောင်းပြန်လာမည့် သူမျက်နှာကို မြင်ယောင်လိုက်သည်။ သူမ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ မျက်ရည်ကျမလာဖို့ဖြစ်သည်။
ရုံးကိုရောက်တဲ့ အခါ ကွန်ပျူတာကိုဖွင့်သည်။ ဖေ့ဘုတ်ကိုအရင်ဆုံးဖွင့် ပြီးတော့ သတင်း ၀က်ဆိုဒ်တွေကိုတစ်ခုချင်း သူမ ဖွင့်ပြီးဖတ်သည်။ အင်တာဗျုးတွေ မရှိတဲ့ အချိန် သတင်းရေးစရာ မ၇ှိတဲ့ အချိန် ပွဲတွေ မရှိတဲ့ အချိန်ဆိုရင်တနေကုန်သူမ အဲဒီကွန်ပျူတာလေးနဲ့ အချိန်ဖြုန်းတော့သည်။ဖေ့ဘုတ်က သူငယ်ချင်းတွေရေးထားတဲ့ကွန့်မက်တွေဖတ်ပြီး ရယ်လိုက်ပြန်ပြီး ကွန်မက်ပေးလိုက် သတင်းတွေတတ်လာရင် လိုက်မှတ်လိုက်နဲ့ သူမ အချိန်တွေကိုကုန်ဆုံးစေသည်။
တစ်ခါတလေBruno Mars ရဲ့ သီချင်းကို ကောက်ဖွင့်လိုက်သေးသည် တစ်ခါတလေ ဘရစ်တနီစပီယား ရဲ့သီချင်း I was Born to make you happy ကို ဖွင့်တတ်သည်။
သူမ ဘ၀ မှာ အလုပ်တွေသာအဓိကဖြစ်သည်။ အိပ်လည်းသတင်း စားလည်းသတင်း အိမ်မက်ထဲတောင် သတင်းနဲ့ နပန်းလုံးနေတတ်သည်။ သတင်း ကောင်းကောင်းမရှိသည်နေ့တွေဆို သူမ ညကောင်းကောင်း အိပ်မပျော်တော့ သူ့ကိုလည်း သတိမရတော့ အရာ ရာကို သတင်းက လွှမ်းမိုးထားတတ်သည်။
အပတ်စဉ်တနင်လာနေ့ ၊ကြာသာပတေး နဲ့သောကြာနေညတွေမှာ ညသန်းခေါင်ထိစာ ကိုကြိုးစားပမ်းစားမပြီး အချင်းရေးလေ့ရှိသည်။ ထို့နေ့တွေမှာတစ်ခါတရံ အစားစားဖို့တောင်မေ့တတ်သည်။ အဲဒီနေ့တွေမှာ မီး မပိတ်ပဲ ကွန်ပျူတာကို Shut Down မချပဲ အိပ်ရာခြေရင်းမှာ အိပ်ပျော်တတ်သည်။ တစ်ခါတရံတွင် ကြမ်းပြင်မှာဒီအတိုင်း အိပ်ပျော်သွားတတ်လို့ အအေးမိပြီးဆေးခန်းပြရတတ်သည်။
(၂)
ဒီနေ့ သူမငိုသည်။ မဟုတ်တာပြောခံရတိုင်း သူမ ငိုတတ်သည်။ မဟုတ်တဲ့ သတင်းတွေ အလွှင့် ခံရတိုင်း သူမမျက်ရည်ကျသည်။ တစ်ခါတလေ သူမ မသိသောပြသာနာတစ်ခု သည် သူမ အစပြုတတ်သည်။တစ်ခါတလေ သူမ နဲ့တွဲသွားမိသော ယောက်ကျားလေးသူငယ်ချင်း များသည် တချို့ တချို့သော သူ့ ရဲ့ပါးစပ်ထဲတွင် အဆို ပါသူငယ်ချင်းများသည် သူမ ရဲ့ ချစ်သူ ဖြစ်သွားတတ်သည်။ အဲလို သတင်းမျိုးကြားရင်လည်း သူမ စိတ်မကောင်းဖြစ်တတ်ပြန်သည်။တကယ်တော့ သူမ စိတ်တွင် သူတစ်ယောက်တည်း သာ အချိန်ပြည့် ရှိနေတတ်သည်။
သူမ တစ်ခုခု မကောင်းကြံခံရတိုင်း ဘာလို့ အဲလိုလုပ်တာ လဲ အဲဒီ မကောင်းကြံတဲ့သူကသူမရဲ့ သူငယ်ချင်းအရင်းကြီးဆို တာမျိုးကို ထပ်ခါထပ်ခါပြောရင်း မျက်ရည်တွေကျတော့သည်။ သူမရဲ့ အဖေ က သမီးရယ်ဘယ်သူတွေ ဘာဖြစ်ဖြစ် အဖေရှိနေသေးတယ်လို့ပြောတတ်သည်။ ထို အဖေသည် သူမ ရဲ့ ဖခင်အရင်းမဟုတ် သူမရဲ့ ဆရာ သူမ ကစတွေ့တည်းက သူမ ဖခင်အရင်းပြန်ရှင်လာသကဲ့သို့ မိဘမေတ္တာသူမကိုပေးနိုင်ခဲ့သည်။ သူမဘ၀ ရဲ့ ဒုတိယအဖေဖြစ်သည်။ နှစ်သိမ့်လေလေ သူမ အော်ကြီးဟစ်ကျယ်ငိုလေလေ။ တစ်ခါတရံတွင် လူတွေက မကောင်းဘူး အဲလိုပဲရှေ့တမျိုးကွယ်ရာတမျိုးလို့ အံ့ကြိတ်ကာ သူမ အဖေကိုပြောတတ်သေးသည်။ သူမ ရဲ့ အဖေက သူမကို ငြိမ်သက်စွာကြည့်နေရင်းနားထောင်ပေးတတ်သည်။ သူမအတွက် အကောင်းအဆုံး အတွေးအခေါ်တွေဖြေရှင်းချက်တွေထုတ်ပေးတတ်သည်။
(၃)
သူမတွင် အလွန်တရာအားကိုးရတဲ့ မိတ်ဆွေကောင်းများစွားရှိသည်။ သူမဘ၀တွင်ကံကောင်းခြင်းဆိုသည်မှာ ထိုအရာပင်ဖြစ်သည်။ သူမဘယ်လောက်ဂျီကျ ဂျီကျ သူမဘယ်လောက်ဆိုးဆိုး သူမအော်ဟစ်ချင်သလောက်အော်ဟစ် သူမရဲ့ ပေါက်ကွဲမှုများကိုသီးခံပေးနိုင်သည့် အကိုရင်းကဲ့သို့ဖြစ်နေသည် ဆရာတစ်ယောက် ရှိသည်။ သူမ တစ်ခါတရံတွင် မှားယွင်းနိုင်သည့်ဆုးံဖြတ်ချက်အချို့ ချသည် အခါ အမုန်းခံပြောဆိုတတ်သော သူမနေမကောင်းရင်ဆေးခန်းလိုက်ပို့တတ်သော သူမငိုရင် ချော့တတ်သော အစ်မ တစ်ယောက်ရှိသည်။
သူမဖုန်းဆက်တိုင်းနင်တစ်ခုခုဖြစ်နေလား ငါအခုလာခဲ့ရမလား ဆိုပြီးပြောသမျှနားထောင်ပေးတတ်သော သူငယ်ချင်းမ နှစ်ယောက်ရှိသည်။ သမီးအ တွက်ရင်ခွင်ဖွင့်ထားပေးတယ် တစ်ခုခုဖြစ်ရင်ပြေးခဲ့လို့ မကြာမကြာပြောပြီး နေမကောင်းတိုင်း အိမ်ခေါ်ထားတတ်တဲ့ သူမရဲ့ ဖခင်ရဲ့ အမျိုးသမီးရှိသည်။
သူမဘ၀တွင် ထိုလူများသည် လောကကြီးကပေးသောဆုလာဘ်များဖြစ်သည်၊
(၄)
လောကကြီးသည် တစ်ခါတရံတွင်အံ့သြမှုတွေပြည့်နေတတ်သည်။ သူမ အတွက် ထင်မှတ်မထားတွေက အမြဲလိုလို ရင်ဆိုင်ရတတ်သည်။ ဖြတ်သန်းရတဲ့ဘ၀ အခြေအနေ အရ သူမတွင် လူငယ် ပီပီ ဆိုသောစကားလုံးပျောက်ဆုံးနေတတ်သည်။သူမ ဘ၀တွင် အပျော်အပါးဆိုတဲ့ စကားလုံးကို မသုံးဖြစ်တာကြာပြီ။မိတ်ဆွေများနဲ့ မုန့်သွားစားတာတစ်ခါတရံသီချင်းသွားဆိုတာက သူမ အတွက် အပြင်ထွက်ခြင်း၊ ပျော်ရွှင်မှု အချို့ဟု ပြောနိုင်သည်။
နေ့စဉ်ဝါသနာပါသောအလုပ်ကို ဆုတ်ကိုင်ထားခဲ့သည်။ နာကျင်စရာများ၊ မထင်မှတ်ထားတဲ့ ဒဏ်ရာများ ၊ မနာလိုမှုများ၊ အတင်းအဖျင်းများ လုပ်ကြံပြောဆိုမှုများကို သူမ ကြံကြံရင်ဆိုင်နိုင်လာသည်။
သူမ သည် အမြဲလိုလိုစနစ်ကျချင်သူဖြစ်သည် ပစ္စည်းထားပုံသိုပုံ အားလုံးကို စနစ်ကျကျ ထားတတ်သည်။ ဟင်းကိုလည်းကိုယ်တိုင် ချက်စားရမှ အ၀တ်ကို ကိုယ်တိုင်လျော်ရမှနှစ်သက်သည်။ အခုနောက်ပိုင်းမှာ သူမ အလုပ်တွေ အရင်ကထက်များလာသည်။ ဒေါ်အော်ငဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနောက်လိုက်ရသော အခါသူမ ရဲ့မနက်စာ ညစာများသည် အပြင်မှာ စားဖြစ်လာသည်။ အ၀တ်ကို လျော်ဆိုင်ပို့လာရသည်။သူမရဲ့ စနစ်ကျနမှူ မိန်းမ ပီသမှုတွေကိုခဏသိမ်းထားရပြန်သည်။
တစ်ခါတလေ သူမ ကို အပေါင်း အသင်းတွေက နားလည် မပေးနိုင်။ သူမကလည်း အပေါင်း အသင်းတွေ နားလည်မပေးနိုင်ခဲ့တစ်ခါတရံတွင် သူမ သည် အိမ်ထဲမှာပဲ အချိန်ဖြုန်းပြီး စာအုပ်တွေကျိတ်ဖတ်နေပြန်သည်။
(၅)
သူမသည် တစ်ခါတရံတွင် ရှေ့ရိုးဆွဲလွန်းပြန်သည်။ အရက်သောက်သောမိန်းကလေးကို မကြိုက်မိန်းကလေးများ နဲ့ ပလူးပလဲနေသောယောက်ကျားလေးများကို အထင်သေးနေပြန်သည်။တစ်ခါတရံတွင် ဒါဟာသမရိုးကျ အခုခေတ်ပဲလို့ သူမ တွေးမိပြန်သည်။
သူမ သူ့ကိုသတိရသည်။ သတိရတိုင်း သူမ မျက်လုံးတွေကို မှိတ်ထားမိပြန်သည်။ သူမ ကော်ဖီတစ်ခွက်ကို ဖျော်သောက်မိပြန်သည်။
သူမ နဲ့သူသည် သူမကြီးပြင်းရာမြန်မာပြည်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာစတွေ့ခဲ့သည်။ အဲဒီတုန်းက သူမရော သူပါ အဖြူ အစိမ်းအကျီင်္လေးများနှင့်ဖြစ်သည်။ တက္ကသိုလ်ပထမနှစ်ရောက်တော့ သူနှင့် ချစ်သူတွေဖြစ်သွားကြသည်။
သူရဲ့ရည်မှန်းချက်က ကျောင်းဆရာ ဟိုးဝေးလံခေါင်းဖျားသောနေရာတစ်ခုတွင် ကျောင်းဆရာလုပ်ချင်သူ၊ သူမရဲ့ရည်မှန်းချက်က အမြဲတမ်းစိတ်လူပ်ရှားဖွယ်ကောင်းသော အလုပ်တစ်ခုကိုလုပ်ဖို့ဖြစ်သည်။
ကျောင်းမပြီးခင် သူမ ဖခင်အရင်းဆုံးတော့ သူမအတွက် အပြောင်းလဲ ကြီးပြောင်းလဲတော့သည်။ ကျန်တဲ့ငွေကြေးအားလုံး အမျိုးအရင်းများရဲ့ လိမ်ညာမှုအောက် ဆုံးရူံးခဲ့ရသည်။
စာသင်ရင်းတဖက်က ကျူရှင်ပြရင်း ပြေးလွှားခဲ့ရင်သူမ ဘွဲ့တစ်ခုရသည်။ သူကတော့ သူ့ရဲ့ ရည်မှန်းချက်အတိုင်း မြန်မာပြည်ဖျားက ရွာလေးတစ်ရွာကို ကျောင်းဆရာလုပ်ဖို့ ထွက်သွားသည်။ သူမကို ပြန်လာခဲ့မည်လို့ အကြိမ်ကြိမ်ပြောခဲ့သည်။ မြစ်ကြီးနားကားကွင်းတွင် သူလက်ကို သူမ နောက်ဆုံးထိတွေ့လိုက်ရခြင်းဖြစ်သည်။
(၆)
သူမ ဒီနေ့စောစောပြန်မည်။ သူမ အိမ်တွင်လုပ်စရာ အလုပ်တွေပုံနေသည်။ သူမ သည်မကြာသေးခင်မှ ပြည်ပ သင်တန်းတစ်ခုမှ ပြန်လာသောကြောင့် အိမ်မရှင်းရသေး။ အိမ်ပြန်လာတိုင်းအမှောင်ထု ကသူမကိုကြီုသည်။ ရန်ကုန်ရောက်ပြီး ၃နှစ်အတွင်းထို အတိုင်းပင်ဖြစ်သည်။သူမ ရဲ့တဦးတည်းသောညီမနှင့် အတူနေထိုင်သော်လည်း ညီမလေးမှာ ည ၉နာရီကျော်မှအလုပ်က ပြန်ရသည်။
တစ်ယောက်တည်းနေတာ အသားကျနေသောသူမ သည် အခုတလော အလွန်ချစ်တတ်လာသည်။ သူမရဲ့တစ်ဦးတည်းသောညီမကို မျက်စိအောက်က အပျောက် မခံ နိုင်ဖြစ်လာသည်။
သူမ သည် တစ်ခါတရံ ကချင်ကောင်လေးတွေတွေ့ရင် သူ့ကိုသတိရပြန်သည်။
(၇)
ဒီနေ့ သူမ ရောက်ရောက်ချင်း အိတ်ကိုပစ်ချ လိုက်သည်။ ပြီးတော့ဖုန်းကိုထုတ်ပြီး အဖေ ဆီဖုန်းဆက်သည်။ တဖက်က သမီးပြောလို့ပြောသံကြားရသည်နှင့် သမီး အလုပ်မလုပ်တော့ ဘူးတော်ပြီ အလုပ်ထွက်တော့မယ်လို့ေ ပြာသည်။ ပြီးတော့ငိုသည်။ ငိုရင်းပြောသည် နာရီဝက်လောက်ပြောရင်းငိုရင်းနဲ့ အချိန်ကုန်သည်။
သူမပြောချင်တာပြောပြီးရင် သူမ အဖေက သမီး အိမ်ကိုလာပါလား အရမ်းစိတ်ပင်ပန်းနေရင် တပတ်လောက်အလုပ်ကိုနားလိုက်လို့ပြောမည်။
သူမက ဟုတ်မသွားတော့ဘူးလို့ပြန်ပြောမည် သူမ ဖခင်က သူမ ကျေနပ်လောက်အောင်ချော့ပြီး ရင် သူမက နက်ဖြန် အိမ်လာမည်။ တပတ်နားမည်လို့ပြောမည်။
နောက်တစ်နေ့ မနက်ရောက်ရင် သူမ ဖခင်က မလာသေးဘူးလားအိမ်မှာစောင့်နေတယ်လို့ပြောရင် သူမ ရယ်ပြီး သမီးရုံးရောက်နေပြီ သမီးသတင်းရေးမလို့ အကြံပေးပါဦးလို့ပြန်ပြောမည်။
သူမ ဖခင်က ရယ်မောပြီး ကဲကြည့် သမီး အလုပ် ဘယ်လောက်ပင်ပန်းပင်ပန်း သမီး မစွန့်နိုင်ဘူးတွေ့လားလို့ ပြောလိမ့်မည်။
ထိုနေ့ည သူမ အလုပ်ကိုတညလုံးလုပ်နေပြီး သူမအိမ်က မီးချောင်းများ မပိတ်ပဲလင်းထိန်နေလိမ့်မည်။
(၈)
သူမသည် မချစ်တတ်လို့ ကောင်းလေးအချို့ရဲ့စွတ်စွဲမှုကို ခံရတတ်သည်။ အမှန်တော့ သူမသည်ချစ်တတ်လွန်းလို့ သူ့တစ်ယောက်ကိုသာချစ်နေခြင်းဖြစ် သည်။
သူဆီက စာကိုသူမနောက်ဆုံးရသည်မှာ ၂၀၀၇ခုနှစ်အောက်တိုဘာလ အတွင်းကဖြစ်သည်။
ဆရာဆုံးသွားတယ် သူတို့ပစ်တာတချက်ထဲပဲ ပြောတော့ရွာထဲကို လာတဲ့သောင်းကျန်းသူတွေကိုပစ်တာတဲ့ဆရာက ဓားစာခံဖြစ်သွားရတာ လို့မြန်မာပြည် မြောက်ဖျားရွာလေးတစ်ရွာက သူရဲ့ သတင်းကို အသိတစ်ယောက်ဖုန်းဆက်ပြောချိန်မှာ သူမ နားတွေ ပိတ်ထားလိုက်သည်။
သူမ စစ်တပ်ကို မမုန်း။ဒါပေမယ့်စစ်တပ်သတင်းကိုဘယ်တော့မှ မရေးဖြစ်။ သူမအတွက်သေနတ်သည် သူ့ကို သတ်သည့်လက်နက် အဖြစ်သာမြင်ခဲ့သည်။
စစ်ဘေးဒုက္ခသည်တွေမြင်တိုင်း လူတွေစစ်ကြောင့်သေဆုံးတာမြင်တိုင်း ကျန်ရစ်ခဲ့မယ့် ကလေးငယ်များဇနီးသည် များ၊ သူတို့ရဲ့ချစ်သူတွေကို သာသနားနေတော့သည်။
သူမအတွက် သူ့သည် ဒီနေ့ကနေ့ အထိအသက်ရှင်နေသေးသည်။
သူမ သည်လည်းနေ့စဉ် "ယုဇနပင်နဲ့ ဖဲကြိုးဝါ"သီချင်းကိုနားထောင်မြဲဖြစ်သည်။
(၉)
သူမသည် အရုပ်များကို အလွန်ချစ်တတ်သည်။ အရုပ်များကိုစုတတ်သည်။ သူမ မှာရှိတဲ့ အရုပ်များသည် သူမရဲ့ အကိုလိုချစ်ခင်ရတဲ့ဆရာကို အနိုင်ကျင့်ပြီး ၀ယ်ခိုင်းထားတာဖြစ်သည်။
သူမအတွက်မိတ်ဆွေများသည် သင်တန်းတွေတတ်လေလေ တွေ့လာ လေလေ များလာလေလေဖြစ်သည်။
ရွေးကောက်ပွဲကြောင့် မြန်မာပြည် အနှံ ခရီးတွေသွားရသည့် အခါ သူမ တွင် အနစ်နာခံသော ဆိုးတူကောင်းဘက် သူငယ်ချင်းများစွာ ရပြန်သည်။
တခါတရံတွင် သူမသည် အလွန် ကလေးဆန်ပြန်သည်။တစ်ခါတရံသူမ သည် အလွန်ကိုလူကြီးဆန်သောလူကြီးမကြီးဖြစ်နေပြန်သည်။
သူမအတွက်လုပ်သက် ၄နှစ်ကျော်အတွင်း မှတ်တိုင် အချို့လည်းစိုက်နိုင်ခဲ့သည်။
သူမတန်ဖိုးထားရသောသတင်းများသည် သူမကို အလွန်ကောင်းကျိုးပြုမြဲဖြစ်သည်။
သူမ အတွက်သူ သည်ရှင်သန်မြဲသာဖြစ်သည်။
(၁၀)
သူမ အတွက် အချစ်သည် ဒီနေ့အထိ ရှိမလာခဲ့ ရင်ခုန်တယ်ဆိုတာ သူမအတွက် မရှိခဲ့ဒီနှစ်တွေ အတွင်းမှာ သူမ စိတ်ဝင်စားရသည့် လူအချို့ကိုတွေ့ခဲ့သော်လည်း သူမရွေးချယ်ခြင်းမပြုခဲ့
မနက်မိုးလင်းတာနဲ့ကော်ဖီသောက် သီချင်းနားထောင် အလုပ်သွား ညမိုးချုပ်ထိသတင်းရေး
သူမဘ၀ သည်ပြီးပြည့်စုံနေတော့သည်။
အခုတလော သူမအတွက် နေ့စဉ် နဲ့အမျှ ….ရင်ခုန်အံ့သြ ဖွယ်အရာ အချို့ကို ကြုံတွေ့နေရပြန်သည်။
မနက်မိုးလင်းရင် စားပွဲပေါ်ရောက်လာသော ပန်း အချို့၊ စာအချို့ ၊က သူမ ကို အံ့သြစေခဲ့သည်
အဲဒီနေ့က သူမပျော်နေသည်။
(၁၁)
ဒီနေ့ သူမ ပြုံးနေသည် ။ မနက်မိုးလင်းထဲက landslide သီချင်းကိုနားထောင်နေသည်။ သူရှိရာမြောက်ဖျားကရွာလေးကို ရောက်သွားသလိုခံစားရသည်။
သူမ ဖတ်နေကျဂျူး စာအုပ်များ ဘာသာပြန်စာအုပ်များကိုသီချင်း ညီးရင်း စီနေမိသည်။
သူမရုံးရောက်တော့အနီရောင်ပန်းစည်းကစောင့်ကြိုနေခဲ့သည်။
(၁၂)
သူမ မျက်မှောင်ကုတ်ထား သည်။ စားပွဲပေါ်မှာရောက်နေတဲ့ပန်းစည်းကို အမှိုက် ပုံးထဲ ထည့်လိုက်သည်။
နုတ်ဖျား ကလည်းရူပ်ရူပ်ယှက်ယှက်လို့ ရေရွတ်မိသည်။
(၁၃)
သူမ ပြတင်းပေါက်မှာရပ်နေသည်။ စောစောစီးစီးမိုးတွေက သည်းထန်စွာရွာနေသည်။
မိုးတွေကြည့်ရင်း ကော်ဖီခွက်ကိုကိုင်ရင်း သူမ စိတ်တွေမြောက်ပိုင်း ကရွာလေး ဆီကိုအလည်ရောက်ပြန်သည်။
ထိုနေရာလေးကို အိမ်မက်ထဲတွင် သူမ ခဏခဏ သွားတတ်သည်။
သူ့ကိုတွေ့တတ်သည်။
ကလေးတွေကြားအပြုံးနဲ့စာသင်နေသည့် သူ့ကို သွေးသံရဲရဲနဲ့လဲကျသွားတာမြင်ပြန်သည်။
သူမ လန့်နိုးလာတိုင်း ပါးပြင်မှာ မျက်ရည်များ စိုစွတ်နေပြန်သည်။
တစ်ခါတရံ အိမ်မက်ထဲမှာ ဘုရားကျောင်းထဲ သူမရောက်နေပြန်သည်။
သူ့ ပေါ်တွင် အဖြူရောင် ပုဝါစ လွမ်းခြုံထားပြန်သည်။
သူမ ဆုတောင်းသည်။………….
တစ်ခါမှဆုတောင်းတွေမပြည့်ခဲ့
သူသည်လည်း ဘယ်တော့မှပြန်မလာခဲ့
အိမ်မက်များသည်ပြောင်းမသွားခဲ့ ရိုးမသွားခဲ့ ထပ်တူပင်ဖြစ်ခဲ့သည်။
သူမဒီနေ့ ကော်ဖီသောက်ပြန်ပြီ……………………………………
(နန်းလွင် အချက် အလက်အချို့ကို စိတ်ကူးနဲ့ပေါင်းစပ်ရေးသားခဲ့ခြင်းဖြစ်သည်။) ၂၃၊ဇွန်၊၂၀၁၂
ဖတ်ရင်းဖတ်ရင်းနဲ့ မျောပါသွားတယ် အကြောင်းအရာတစ်ခုလုံးက တကယ့်ဖြစ်၇ပ်မှန်ကိုရေးတယ်လို့ ခံစားရတယ် အဲသလိုလည်း ခိုင်မာတယ်၊၊ အခန်း (၈) မှာ ပရိတ်သတ်တစ်ဦးအနေနဲ့ နည်းနည်း အားမရဘူး၊၊ နေရာအထိ လိုက်သွားရှာပေးချင်စိတ် ဖြစ်မိတယ်၊၊ ခြုံငုံပြောရရင် အရမ်းကောင်းပါတယ်၊၊ လက်တွေ့ဘ၀ တွေ ထင်ဟပ်နေတဲ့ ၀တ္တုတိုတစ်ပုဒ်ပါ၊၊
ReplyDeleteဟုတ်တယ်... ပထမ စာကြောင်း ဖတ်ကတည်းကာ ဆွဲသွားလိုက်တာ.....ပြီးတဲ့အထိဘဲ။
ReplyDelete