March 08, 2013

သြော်...အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တဲ့လား...

မနေ့က NGO တခုရဲ့ရုံးကို ရောက်သွားတော့ အဲဒီမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆိုပြီး ရုံးတွင်း activity လေးတခု လုပ်နေကြတယ်။ ကိုယ်လည်း အလုပ်ကိစ္စနဲ့ သွားတော့ သူတို့ လုပ်နေတာ မပါဝင် လိုက်ရဘူး။ ကောင်းပါတယ်။ ကျနော်တို့ နိုင်ငံက လူတွေ အမျိုးသမီးတွေကို အသိအမှတ်ပြုပြီး အမျိုးသမီးများနေ့ အထိမ်းအမှတ်ကျင်းပတာ။ ဒါပေမယ့် သူတို့ အဲဒီ အထိမ်းအမှတ် ကျင်းပနေတုန်း ကျနော့် အတွေးထဲရောက်လာတာ.... ဆွမ်လွတ်ရွယ်ဂျား ကိစ္စ......။ ပိုပြီး လုံခြုံမှုရှိတဲ့ ပြည်တွင်း/ပြည်ပ နေရာအသီးသီးမှာ နေထိုင်ကျတဲ့ အမျိုးသမီးထုကြီးက အမျိုးသမီများနေ့ အထိမ်းအမှတ်ကို လုံခြုံစွာ ကျင်းပနိုင်ပေမယ့်.... ကချင်ပြည် စစ်ရှောင်စခန်းက ဒုက္ခသည်တွေ... ဗမာစစ်တပ်ရဲ့ အဓ္ဓမပြုကျင့် အသတ်ခံလိုက်တဲ့ အမျိုးသမီးတွေက အမျိုးသမီးများနေ့ဆိုတာကို သိလိုက်ပါ့မလား...။
ဒါကြောင့် ကျနော်လည်း အပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဆွမ်လွတ်ရွယ်ဂျားလို လူမသိ၊သူမသိ အနိုင်ကျင့်ခံ အသတ်ခံလိုက်တဲ့ အမျိုးသမီးထုများအတွက် မေတ္တာပို့သရင်းနဲ့ မနောမြေ-စိန် ရေးတဲ့ ပုံပြင်မဟုတ် ဆိုတဲ့ ကဗျာလေးကို ပြန်ဝေမျှလိုက်ပါတယ်........



ဆွမ်လွတ်ရွယ်ဂျား မင်္ဂလာဆောင်ဓာတ်ပုံ
          
            

    ပုံပြင်မဟုတ်


အဖြစ်ကို ပြောရမယ်ဆိုရင်
ငါဆွမ်လွတ် ရွယ်ဂျားပါ။
မနှစ်ကအောက်တို ဘာလမှာ၊
ငါ့အိမ်ထောင် ပြိုကွဲခဲ့ရတယ်။
ဆယ်သက်မမေ့နိုင်ဘူး။

ငါ့မှာ - ယောက်ျားနဲ့သားနဲ့ အဂူးနဲ့
မိသားစုတခုရှိတယ်၊
အဂူးဟာ ငါ့အဖေအရင်းလိုပါဘဲ။
အဂူးဆိုတာ- သားရဲ့အဖိုးကိုပြောတာပါ။
ငါတို့မိရိုးဖလာ လုပ်ငန်း
တောင်ယာစိုက်ပျိုးခြင်းနဲ့
အသက်ဝမ်းကျောင်းကြတယ်။
 ငါတို့ဘဝမှာ ဆင်းရဲပေမယ့်ငြိမ်းချမ်းကြတယ်။

သို့သော်လည်း-
      မနှစ်တုန်းက တနေ့သောအခါ၊
      ဒို့မိသားစုဆီ ကြမ္မာဆိုးကြီးဝင်လာတယ်။
      ဇနီးမောင်နှံပြောင်းဆံတွေထမ်းလို့၊
      နို့စို့သားငယ်ကို အဂူးကပိုးခဲ့တယ်။
      မမျှော်လင့်ဘဲတောလမ်းထဲမှာ
      ဗမာစစ်သား တအုပ်နဲ့ တွေ့ခဲ့ကြတာ၊
      ကျားတအုပ်နဲ့တွေ့ ရသလိုဘဲ။
       စစ်သားတအုပ်က ကျားထက်ဆိုးခဲ့တယ်။
      သူတို့ ဒို့ကို လိုက်ဖမ်းလုယက်ကြတယ်။
      ပြေးနိုင်တဲ့ ငါ့ယောက်ျား၊
      ငါ့သားနဲ့ အဖိုးတို့လွတ်မြောက်ပေမယ့်၊
      မပြေးနိုင်တဲ့ ငါ့မှာ ဒုက္ခနဲ့ကြုံရတော့တယ်။
      ငါ့ကို အတင်းအဓ္ဓမဝိုင်းပြီး
      မြင့်မှားတဲ့ကျောက်တောင် မုဘွမ်ဆီ
      ကျားဆွဲသလိုဆွဲသွားကြတယ်။
      ငါ့ကို တစစီ ဆွဲဖြဲကြတယ်။
      ဝတ်လစ်စလစ်နဲ့ ကြိုက်သလို
      မုဒိမ်းမှု ပြု ကြတယ်။
      ကျားနဲ့တူတဲ့ဗမာစစ်သားတွေ၊
      တကောင်ပြီးတကောင်ပါဘဲ။
      နေ့တိုင်းကျောက်ဖျာ ပေါ်မှာ
      ငါ့ကိုဝတ်လစ်စလစ်နဲ့ နေပြကြတယ်။
      ဆွဲထုတ်လိုက် ဆွဲခေါ်လိုက်နဲ့ပြုကြတယ်။
      ငါ့အဝတ်တွေလည်းပျောက်သွားတယ်။
      ကြွက်ကလေးတကောင် ဖမ်းမိတဲ့
      ကြောင်မိသားစု လိုပါဘဲ။
      ပုတ်လိုက်ကန်လိုက် ပစ်မြှောက်လိုက်
      ကိုက်လိုက် ဆွဲလိုက် ခုန်အုပ်လိုက်
      ပြုလိုက်နဲ့ - ဆော့ကစားကြတယ်။


ငါ့ကိုသူတို့ စစ်အင်္ကျီ ဝတ်ပေးကြတယ်။
ကျောက်ဖျာ  ဆီဆွဲခေါ်ပြီး၊
ထိုင်စေကြတယ်၊ အစာမကျွေးကြဘူး။
ငါ့မှာလည်း တော်တော်နဲ့ကို မသေနိုင်ခဲ့ဘူး။
ငါ့မှာဘာ အမင်္ဂလာ ကျိန်စာတွေပါခဲ့လဲလို့၊
ဘုရားကိုတမ်းတရင်း - အသည်းတွေကွဲခဲ့ရတယ်။
နောက်ဆုံးတပါတ်လောက်ကြာမှ
ကယ်သူမရှိတဲ့ငါ့မှာ - စိတ်ဓါတ်တွေကျပြီး၊
ငါ့ဝိညာဉ်ဟာ - ပျော့ဖတ်နေတဲ့
ငါ့ခန္ဓာကိုယ်ထဲက ထွက်ခွာသွားတော့တယ်။

ငါ့ဝိညာဉ် လွင့်မျောပြီး၊
မုဘွမ်တခွင် မှသည် - ရွာဆီသို့
လွတ်လပ်ပေါ့ပါးစွာ ရောက်ခဲ့တယ်။
ဒါပေမယ့် - ရွာမှာလူမရှိတော့ဘူး။
ငါ့ယောင်္ကျား ငါ့သားနဲ့အဂူး၊
အရိပ်အယောင်တောင် ရှာမတွေ့ဘူး။
ငါ့ဝိညာဉ် နေရာအနှံ့ ပျံသန်းခဲ့တယ်။
ဘုရားကျောင်းကြီးတွေမှာ ဝတ်ပြုဆုတောင်းနေကြတယ်။
ဆွမ်လွတ်ရွယ်ဂျား လွတ်မြှောက်ဖို့တဲ့၊
အကြီးအကျယ်ဆုတောင်းနေကြတယ်၊
သနားဖို့ ကောင်းနေပြီ
ဆွမ်းလွတ်ရွယ်ဂျား - ထာဝရငြိမ်းချမ်းသွားပြီ မသိရှာကြဘူး။
                           
ငါကတော့ ငါ့မိသားစုကိုဆက်ရှာတယ်။
ဟော! တွေ့ပါပြီ။
ဒုက္ခသည် စခန်းနဲ့တူပါတယ်။
 အဂူးနဲ့ ငါ့သား ယာယီတဲပြင်မှာ
ပွေ့ဖက်ပြီး ထိုင်ငေးနေကြတယ်။
နို့ဆာနေလား - သားလေးရယ်?
ချစ်မေမေ - ဝမ်းနည်းပါတယ်။

ကဗျာကို...Jinghpaw kasa blog မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment