March 24, 2013

ကချင်ပြည်တိုက်ပွဲများမှ ငြိမ်းချမ်းရေး၊ တရားမျှတမှုသို့




ကချင်ပြည်နယ်တိုက်ပွဲများ ရပ်ဆိုင်းသွားတာကို မြန်မာပြည်သူပြည်သားများ၊ အထူးသဖြင့်ငြိမ်းချမ်းရေးလမ်းလျှောက်တဲ့ ရန်ကုန်၊ မြင်းခြံကလူငယ်များ၊ အစာရှောင်ဆုတောင်းကြတဲ့ ကချင်ခရစ်ယာန်များ၊ လူထုဆန္ဒကို အကောင်အထည်စတင်တဲ့ ခေါင်းဆောင်များ အားလုံး ဆက်လက်သည်းခံ၊ မေတ္တာထားပြီး လုပ်ဆောင်ရပါမယ်။ တစ်နှစ်ခွဲကျော်တိုက်ပွဲရလဒ်များကတော့ အလွန်ဆိုးဝါးလှပါတယ်။ ယုံကြည်ချက်ပျက်ပြားခဲ့ရတယ်။ အမျိုးသားရေးဆိုတာ နားလည်အောင် မျက်ရည်နဲ့ ၀မ်းနည်း၊ ကျိုးပဲ့ကြေမွတဲ့ စိတ်နှလုံးသားရှိရပါမယ်။ ညီအစ်ကိုစိတ်ဓါတ် တနည်းအားဖြင့်၊ အားကစားစိတ်ဓါတ်  အလွန်အရေးကြီးလှပါတယ်။

 ကုလသမဂ္ဂအကြီးကဲ ဘန်ကီမွန်က စစ်ပွဲရပ် ဆိုင်း ဖို့  ပြောလာပါတယ်။ နောက်ဆုံး အမေရိကန်အစိုးရက စစ်ပွဲရက်ဆိုင်းဖို့ ပြောလာချိန်မျာတော့ ငြိမ်နေတဲ့ မြန်မာခေါင်းဆောင်များ၊ တရုတ်ခေါင်းဆောင်များ လုပ်သင့်တာကို၊ ပုဂ္ဂိုလ်ရေးတွေ ဘေးချိတ်၊ ငြိမ်းချမ်းရေး လုပ်ကိုင်ရပါတော့တယ်။ တရုတ်ကိုယ်စားလှယ် ၂ ဦးရှေ့မှာ မြန်မာ (၆) ဦး၊ ကချင် (၁ဝ) ဦး၊ ရှမ်းအဖွဲ့ များ၊ ကရင်၊ မွန်၊ ကရင်နီ၊ ပအိုင့် စတဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ (၁၄) ဦးတိုနဲ့ အတူ ကချင်ငြိမ်းချမ်းရး စတင်နိုင်ခဲ့တယ်။ နောက်တခါ ဧပြီလထပ်မံ တွေ့ ဆုံပွဲကို ဘယ်နေရာမှာလုပ်မယ် မသိပေမဲ့၊ ယခုတွေ့ ဆုံတဲ့ တရုပ်ပြည်၊ ရွှေလီမြို့ ထက်တော့ တရုတ်ဝင်စွက်မှု နည်းသွားနိုင်ပါတယ်။ 

ဇော်အောင်

KIO နှင့် UNFC တို့ ရွှေလီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ အိမ်ရှင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်တွင် မထည့်သွင်းနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်မည်ဟု သိရ

မတ် ၁၂၊ ၂ဝ၁၃  ElevenMedia

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့သည့်မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်(Jind Cheng) ဟိုတယ်တွင် တွေ့ဆုံခဲ့ကာ မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာ၏ ပြောကြားချက်အရ သိရှိရပါသည်။

မတ်လ ၁၁ ရက်နေ့က ထိုသို့တွေ့ဆုံပြီး သုံးသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ဆွေးနွေးပွဲကို ကမကထ ပြုပေးခဲ့သော အိမ်ရှင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ၏ ၀င်ရောက်စွက်ဖက်မှုကြောင့် ပူးတွဲ ကြေညာချက်တွင် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိသော ကိစ္စရပ်များကို ဆက်လက် အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရပါသည်။
"အခု ထုတ်ထားတဲ့ ပူးတွဲ ကြေညာချက်ထဲမှာ မပါတဲ့ တစ်ချို့ အရေးကြီးတဲ့ အချက်တွေကို ကျွန်တော်တို့က အလုပ် ဆက်လုပ်ဖို့တော့ ချန်ထားခဲ့တယ်။ အိမ်ရှင် ပြဿနာကြောင့် ကျွန်တော်တို့က ဒီလို လုပ်လိုက်ရတယ်။ ဒါကြောင့် ပူးတွဲ ကြေညာချက်ထဲမှာ မပါတဲ့ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း အတူလုပ်ရမယ့် ကိစ္စတွေကို ကျွန်တော်တို့က ဆက်လုပ်သွားမယ်။ အဲဒီ သဘောတော့ တွေ့ရတယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။

အိမ်ရှင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ အနေဖြင့် ပူးတွဲကြေညာချက်တွင် ပါဝင် အချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို အကြံပြုရုံ သက်သက်မဟုတ် ၀င်ရောက် စွက်ဖက် လုပ်ဆောင်သည့် အခြေအနေများ ရှိခဲ့ကြောင်း သိရပါသည်။
“ပြည်တွင်းက လာတဲ့ နေပြည်တော် ကိုယ်စားလှယ် အဖွဲ့ပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ KIO ကိုယ်စားလှယ် အဖွဲ့ပဲ ဖြစ်ဖြစ် တော်တော်များများ အခြေခံ သဘောတူညီချက် ရကြတယ်။ သို့သော်လည်းပဲ အခု အိမ်ရှင်အဖြစ် ကျင်းပပေးတဲ့ တရုတ် ကိုယ်စားလှယ်တွေက ကြားဝင်ပြီးတော့ တစ်ချို့ အချက်တွေ ကြိုက်တယ်။ တစ်ချို့ အချက်တွေ မကြိုက်ဘူး ဆိုပြီးတော့ စာလုံးတွေ ပြင်ပေးပါ။ စာလုံးတွေ ဘာဖြစ်သင့်တယ် ဆိုပြီးတော့ ၀င်ရောက် အကြံပေးတာပေါ့ဗျာ။ ရိုးရိုးပြောရင်တော့။ ဒါပေမဲ့ စွက်ဖက်တဲ့ သဘောမျိုး၊ intervene များတဲ့ အခါကျတော့ အဲဒီအပေါ်မှာ နှစ်ဖက်စလုံးက သိပ် စိတ်မကောင်းကြဘူး။ သို့သော်လည်းပဲ တစ်ချို့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်၊ ကိုယ့်ဟာကိုယ် သဘောတူ။ ကိုယ့်ဟာကိုယ် လုပ်ရမယ့် ဟာတွေက ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေက ကဲ ဒါဆိုရင် ဒီအိမ်ရှင်မှာတော့ ကိုယ်က လာမိပြီဆိုတော့ ပြင်ပေးလိုက်။ တစ်ချို့ စကားလုံးတွေ၊ တစ်ချို့ ထွက်လာတဲ့ ဟာတွေ၊ သို့သော် ကိုယ့် အထဲမှာ တကယ် ရရှိတဲ့ ဟာကို ဆက်ကိုင်ထားပြီးတော့ အလုပ်ဆက်လုပ်နေမယ်။ အဲဒီလို ဆုံးဖြတ်လိုက်တယ်”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

မတ်လ ၁၁ ရက်နေ့က ရွှေလီ၌ ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့  တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့က လေ့လာသူများ အဖြစ် တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးပွဲကိုလည်း တရုတ်နိုင်ငံမှ စီစဉ်ပေးခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ Mr.Luo Zhaohui တက်ရောက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် နေ့လည်စာ စားပြီးချိန်မှ စတင်ပြီး ခေတ္တရပ်နားခဲ့ကာ ည  ၉နာရီ အချိန်တွင် ပြန်လည် စတင်၍ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် အဆုံးသတ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေး  ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီခဲ့သည့် နည်းတူ ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားရန်၊ ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ် မြေပြင်များကို ကွင်းဆင်း လေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက် ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် အစရှိသည်တို့ကိုလည်း သဘောတူညီခဲ့ကြပါသည်။

အိမ်ရှင် တရုတ်နိုင်ငံက ဆွေးနွေးပွဲသို့ တက်ရောက်လိုသော  “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP/UWSA မှ ဒုတိယ စစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနှင့် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လီးကျူးလျဲ့(ခေါ်) ဦးအောင်မြင့်တို့ကို ပြည်ဝင်ခွင့် မပေးခဲ့သည့် အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး  ပူးတွဲကြေညာချက်၌ တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း စာသားကိုထည့်သွင်းရန် တရုတ်ကိုယ်စားလှယ်များက ပြောဆိုခဲ့သော်လည်း အစိုးရနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များက ထိုသို့ ထည့်သွင်းပေးနိုင်မည် မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သတင်များ ထွက်ပေါ်ခဲ့ပါသည်။


တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပထမဆုံး အကြိမ်ဆွေးနွေးခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်တွင် အဆုံးသတ် အပစ်အခတ် ရပ်ဆိုင်းရေး ရသည်အထိ ဆွေးနွေးပွဲများ ဆောင်ရွက်ရန် အစည်းအဝေး မှတ်တမ်း၌ လက်မှတ်ရေးထိုး

မတ် ၁၂၊ ၂ဝ၁၃   Eleven Media

နှစ်ဖက်စလုံးမှ စစ်ဘက်ရေးရာ ခေါင်းဆောင်များ ပါဝင်ခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပထမဆုံးအကြိမ် အဖြစ် ဆွေးနွေးခဲ့သော အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီနှင့် KIO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်(Jind Cheng) ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြန်မာ စံတော်ချိန် နံနက် ၉ နာရီ (တရုတ်စံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၃၀) အချိန်က စတင်ခဲ့ခြင်း ဖြစ်ပြီး နေ့လည်စာ စားပြီးချိန်တွင် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ပါသည်။ ထို့နောက် ည ၉ နာရီ အချိန်တွင် ပြန်လည် စတင်ခဲ့ကာ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ထပ်မံ တွေ့ဆုံခဲ့သော မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆလန်ကဘာ ခွန်နောင်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ၊ ဗိုလ်မှူး ဆင်းခေါနှင့် ဦးနော်ထွဲ တို့ ပါဝင်ခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ အသိသက်သေများ အနေဖြင့် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် အဖွဲ့ဝင် နှစ်ဦး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ ကိုယ်စားလှယ်များအဖြစ် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဒေးဗစ်သာကပေါ မွန်ပြည်သစ် ပါတီ (MNSP) ၏ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ဦးခူဦးရယ်တို့ တက်ရောက်ခဲ့ကာ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့် ဗိုလ်မှူး ဘထွန်း၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် ဗိုလ်မှူး စိုင်းဦး၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(ရှမ်းပြည်နယ် အရှေ့ပိုင်း) (NDAA/ESS) မှ ဦးအိုက်ရှားလနှင့် ဦးခမ်းမောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြစ်ကြီးနား အခြေစိုက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးယွပ်ဇော်ခေါင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်းအလိုက “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP/UWSA မှ ဒုတိယ စစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနှင့် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လီးကျူးလျဲ့(ခေါ်) ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု သတင်းထွက် ပေါ်ခဲ့သော်လည်း တရုတ်အစိုးရမှ ပြည်ဝင်ခွင့် မပေးခဲ့သည့်အတွက် ၎င်းတို့နှစ်ဦး တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါသည်။


မတ် ၁၃၊ ၂ဝ၁၃ KNG

ကချင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရာမှပြန်လာကြသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့များကို လိုင်ဇာရှိ ပြည်သူလူထုများက ယမန်နေ့ညနေတွင် နယ်စပ်တံတား တစ်လျှောက်ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။

KIOမှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့များအား တရုတ်နယ်စပ် လိုင်ဇာ တံတားမှ ဒေသခံပြည်သူလူထု ၂၀၀၀ ကျော် ကြိုဆိုခဲ့ခြင်းဖြစ်သည်။
အစိုးရနှင့် ဆွေးနွေးမှု (၁၃) ကြိမ်မြောက်တွေ့ဆွေးဆုံးနွေးမှုတွင် လူထုများက ပထမအကြိမ် ကြိုဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံ့အတွက် အားထုတ်၍ဆွေးနွေးခဲ့ကြသည့် KIO အရာရှိများအပေါ် ပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာ တန်ဖိုးထားခြင်းဖြစ်သည်ဟု ကြိုဆိုခဲ့သည့် လိုင်ဇာ အသင်းတော် သိက္ခာတော်ရ ဆရာဂွန်ဆိုင်း KNG ကချင်သတင်းဌာနသို့ပြောသည်။
“ပြီးခဲ့တဲ့ချိန်တွေမှာ မကြိုဆိုခဲ့ဘူး။ ခါတိုင်းက ဆလန်ကဘာတွေက အသင်းတော်ဆရာတွေထံ ဆုတောင်းပြီး သွားလိုက်တယ်။ ပြန်လာရင်လည်း ဆုတောင်းပြီး ကိုယ့်ရုံးကိုယ်ပြန်တယ်။ ဒါမဲ့ ဒီတခေါက်က ဆုတောင်းပြီးသွားလိုက်တယ်။ ပြန်လာတဲ့ချိန်မှာ ရလဒ်ကို ပြည်သူတွေလည်း သိချင်တဲ့အတွက်ကြောင့် ကြိုဆိုခြင်းဖြစ်တယ်။”

ထိုသို့ကြိုဆိုပြီးနောက် ဒေသခံပြည်သူလူထုများနှင့်အတူ လိုင်ဇာအထက်တန်းကျောင်းတွင်တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ၌ သဘောတူညီချက်၊ ကြေညာချက်များနှင့်ပတ်သက်၍ ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ ရွှေလီ ဆွေးနွေးပွဲတွင် ပူတွဲကြေညာထားသည့်ထုတ်ပြန်ချက်ကို ဆက်လက် အတည်ပြု၍ ညွှန်ကြား သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်မှ လူထုများကို ရှင်းပြခဲ့ကြောင်းဒေသခံများပြောသည်။
“နောက်ထပ်လည်း ကြိုဆိုအုံးမယ်။ ဘာလို့လဲဆိုတော့ ခုခေတ်ကပြည်သူတွေကို ကြေညာရမယ့် ခေတ်ဖြစ်နေပြီလေ။ သူတို့ဘဲဆွေးနွေးပြီး မီဒီယာမှာကြေညာရုံနဲ့ မထိရောက်နိုင်ဘူး။ ခု ဆွေးနွေးမှုတွေကို ပြည်သူတွေထံပြန်လည် ရှင်းလင်းတာ အရမ်းကောင်းပါတယ်” ဟု ဆရာဂွန်ဆိုင်း ပြောသည်။


ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူများအား
လိုင်ဇာလူထုမှ လှိုက်လှဲစွာကြိုဆို


မတ် ၁၉၊ ၂ဝ၁၃ KNG

ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ (Laiza) မြို့သို့ ယမန်နေ့ရောက်ရှိလာရာ ပြည်သူလူထု ၁၀၀ ခန့်မှ ၀မ်းသာအားရကြိုဆိုခဲ့ကြောင်းသိရသည်။


လိုင်ဇာမြို့သို့ မတ်လ ၁၈ ယမန်နေ့ ၃ နာရီခွဲတွင်ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ရေးအဖွဲ့တွင် သံဃာတော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး အပါအ၀င် လူဦးရေ ၁၂၉ ဦးဖြစ်ပြီး ၄င်းတို့ကို ကြိုဆိုရေးကော်မတီဖွဲ့စည်းကာ လိုင်ဇာပြည်သူလူထုအပြင် KIO များ၊ ကျောင်းသားတပ်မတော် (ABSDF) တာဝန်ရှိသူများမှ ပူးပေါင်းကြိုဆိုခဲ့ကြောင်းသိရသည်။
လိုင်ဇာ (Laiza) ကားကြီးကွင်းတွင် စုရုံးကာ လိုင်ဇာအုပ်ချုပ်ရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားဖြင့် ဂုဏ်ပြုပြောဆိုခဲ့ပြီး လမ်းလျှောက်သူအဖွဲ့မှလည်း ၎င်းတို့၏လမ်းလျှောက်ရသည့် ရည်ရွယ်ချက်များကို ပြည်သူများအားပြောပြခဲ့ကြောင်း ပါဝင်သူများမှ သိရသည်။

“သူတို့ရောက်လာတဲ့အချိန် ဒီက ပြည်သူတွေအပါ အားလုံးပေါင်းပြီး ရိုးရာဝတ်စုံတွေနဲ့ စစ်သားတွေက စစ်ဝတ်စုံတွေနဲ့ တန်းစီပြီးတော့ ဗုံတွေတီးပြီးတော့ ကြိုဆိုတယ်။ ပြီးတော့ လိုင်ဇာကားကြီးကွင်းမှာ မန်ဒတ်ထိုးထားတဲ့နေရာမှာ အားလုံးပြန်စုပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားတွေ အပြန်အလှန်ပြောကြတယ်” ဟု လိုင်ဇာအုပ်ချုပ်ရေးမှူး ကရန်နော်အောန် (Kareng Naw Awn) ကပြောသည်။
တိုင်းပြည်လုံးမှာဖြစ်ပျက်နေသည့် ပြည်တွင်းစစ်ကို ရပ်တန့်စေလိုသောအားဖြင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရွေးချယ် လမ်းလျှောက်ရခြင်းဖြစ်ပြီး ထိုသို့ရောက်ရှိလာချိန် လိုင်ဇာပြည်သူများမှ လိုက်လိုက်လှဲလှဲကြိဆိုခြင်းအပေါ် အားရ၀မ်းသာမှုရှိသည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက် ဦးဆောင်လာသူ ကိုရန်နိုင်ထွန်းကပြောသည်။

“ကချင်ပြည်နယ်ကိုရွေးချယ်ခဲ့တယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပွဲကိုပဲ ရပ်တန့်စေလို့မဟုတ်ပါဘူး။ တိုင်းပြည်လုံးမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စေချင်လို့ပါ။ စစ်ပွဲကြောင့်ဖြစ်ရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ သောကရောက်မှုတွေကို ပြသဖို့ဟာ ဒီနေ့ကချင်ပြည်နယ်မှာရှိနေတဲ့အတွက် ကချင်ပြည်နယ်ကိုကျနော်တို့ ရွေးချယ်ခဲ့တာပါ။ ဒီကိုရောက်တော့ ကျနော်တို့ကို လိုက်လိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ကျနော်တို့အတွက် အံသြလို့ မကုန်ပါဘူး။ အရမ်းကိုအားရပါတယ်။ တကယ်နွေးထွေးပြီး အားလုံးငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူတွေလို့မြင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုတော့ ပေးနိုင်ပါပြီလို့ ကျနော်တို့ယုံကြည့်ပါတယ်”

၎င်းတို့အဖွဲ့သည့် ငြိမ်းချမ်းရေးလိုလားသူ လူငယ် ၁၀ ဦးမှ စတင်စည်းရုံးကာ ရန်ကုန်မြို့မှ ဇန်န၀ါရီလ ၂၁ ရက်နေ့စတင်ထွက်ခွာချိန် လူဦးရေ ၂၈ ဦးဖြင့်စတင်ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက်မှ လိုင်ဇာမြို့သို့ လူဦးရေ ၁၂၉ ဦးသို့ တိုးလာခြင်းဖြစ်သည်။

ထိုသို့ ရန်ကုန် မြစ်ကြီးနားလမ်းဖြင့် လိုင်ဇာသို့လမ်းလျှောက်လာချိန် လမ်းတွင် ၎င်းအဖွဲ့အတွင်း ကျန်းမာရေး၊ သဘောထားကွဲပြားမှု စသည့်အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။
၎င်းတို့အဖွဲ့လမ်းလျှောက်လာစဉ် လမ်းတစ်လျှောက်ရှိပြည်သူများလှူဒါန်းလိုက်သော ကျပ်ငွေ သိန်း ၃၀၀ ကျော် ရှိသည့်အထဲ သိန်း ၁၅၀ ကိုမှု ဖြတ်သွားခဲ့သော မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့ စသည့်ဒေသအတွင်းရှိ ဒုက္ခသည်များအတွက်လှူဒါန်းခဲ့ပြီး ကျန်ရှိသော သိန်း ၁၆၀ ကို လိုင်ဇာတ၀ိုက်ရှိ ဒုက္ခသည်စခန်းများတွင် လှူဒါန်းမည်ဖြစ်ကြောင်း ကိုရန်နိုင်ထွန်းကပြောသည်။

“ကျနော်တို့ ဒီနေ့တော့ ဒီကချင်ရိုးရာနဲ့ ယာဉ်ကျေးမှုဘာသာစကားတွေကို လိုက်လံလေ့လာနေပါတယ်။ မနက်ဖြန်က စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ပြည်သူလူထုတွေကို အားပေးစကားတွေသွားပြောမှာပါ။ ကျန်တဲ့ငွေကိုလည်း မနက်ဖြန် ဒီလိုင်ဇာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွားရောက် လှူဒါန်းခဲ့မှာပါ”
၎င်းအဖွဲ့တို့သည် မတ်လ ၂၁ ရက်နေ့တွင် လိုင်ဇာဌာနချုပ်မှ ရန်ကုန်သို့ ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

To be continued.  Ngunjawa(2)

No comments:

Post a Comment