March 19, 2013

အစိုးရ၏ ငြိမ်းချမ်းရေးပေါ်လစီ KIA သံသယရှိနေ



ရွှေဟသာင်္သတင်း ဌာန
မတ် လ ၁၉ ရက်၂ဝ၁၃
ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၄) ဒေသဘက်တွင် အစိုးရတပ်ဖွဲ့များ၏ စစ်ရေး လှုပ်ရှားမှုများကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိနေသေးကြောင်း KIA အရာရှိကြီး တစ်ဦးက ပြောပါသည်။

“မတ်လ (၁၀) ရက်နေ့တုန်းက တရုတ်နိုင်ငံ ရွှေလီမှာ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးကြတယ်။ ၁၁ ရက်နေ့မှာတော့ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ကျနော်တို့ တပ်မဟာ (၄) ဘက်မှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်လိုက်တာ မတ်လ (၁၆) ရက်နေ့ အထိပါဘဲ။ ဒါကိုကြည့်ရင် KIA ကို အမြစ်ဖြတ်ဖို့ ဆိုတဲ့ သူတို့ ရည်ရွယ်ချက်က ရှိနေဆဲပါဘဲ” ဟု ဆိုပါသည်။

တိုက်ပွဲဖြစ်သော နေရာများမှာ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နှင့် မန်းတုံမြို့နယ်ရှိ လွယ်ယာ ကျေးရွာတွင် စခန်းချ နေထိုင် ကြသော KIA တပ်မဟာ (၄)၊ လက်အောက်ခံ တပ်ရင်း (၃၄) တပ်စခန်းကို မတ်လ (၁၆) ရက်နေ့ နေ့လည် ၁ နာရီခန့် အချိန်တွင် နမ္မတူ အခြေစိုက် အစိုးရ ခလရ (၁၃၀) နှင့် ခမရ (၅၀၂) တို့ ပူးပေါင်းပြီး လာရောက် တိုက်ခိုက်ခဲ့ပါသည်။
ဤတိုက်ပွဲ ဖြစ်ပွားပြီးနောက် KIA တပ်မဟာ (၄)၊ တပ်ရင်း (၁၇) နယ်မြေထဲသို့ အင်အား (၁၀၀) ခန့် ရှိသော အမည်မသိရ သေးသည့် အစိုးရ တပ်ဖွဲ့များ ထပ်မံ ရောက်ရှိ လာခဲ့ကြောင်း ဆိုပါသည်။

အစိုးရ စစ်ရေး လှုပ်ရှားမှုများသည် KIA တပ်မဟာ (၄) ၊ တပ်ရင်း (၉) တပ်စခန်းမှ တပ်ဖွဲ့ဝင်များအား ပြီးခဲ့သည့် မတ် လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ကွတ်ခိုင် အခြေစိုက် အစိုးရတပ်ဖွဲ့ ခလရ ၂၄၁ တပ်ဖွဲ့တို့က လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။ ထိုတိုက်ပွဲသည် ပြင်းထန်ပြီး (၂) နာရီခန့် ဖြစ်ပွား ခဲ့ပါသည်။

ဤသည် ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့၌ KIA နှင့် အစိုးရတို့၏ စစ်ပြေငြိမ်းရေး၊ ဆွေးနွေးပွဲ နောက်ပိုင်း ဖြစ်ပွား နေခဲ့သော တိုက်ပွဲများ ဖြစ်ပါသည်။

ဤတိုက်ပွဲများသည် မတ်လ (၁၁) ရက်နေ့တွင် အစိုးရနှင့် ရရှိခဲ့သော သဘောတူညီချက်တွင် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများသို့ စတင် နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီမှုများ ရရှိထားသည့် ကြားတွင် ဖြစ်ပေါ်နေခြင်း ဖြစ် ပါသည်။

ထို့အပြင် အစိုးရသည် KIA နှင့် စစ်ပြေငြိမ်းရေး ဆွေးနွေးနေစဉ် အတွင်းမှာပင် KIA တပ်မဟာ (၁) တပ်မဟာ (၃)၊ တပ်မ ဟာ (၅) ဧရိယာထဲသို့ ကြည်းကြောင်းနှင့် လေကြောင်းများ အသုံးပြုပြီး စစ်ဆင်ရေးနှင့် အင်အား ဖြည့်တင်း ထားရေးကို ဦး စွာ ပြင်ဆင် ထားခဲ့ပါသည်။

အစိုးရ တပ်ဖွဲ့များသည် KIA နှင့် မဆွေးနွေးမှီ နယ်မြေ စိုးမိုးရေးကို အကြောင်းပြပြီး တပ်မဟာ (၁) ဧရိယာတွင် စစ်ဆင်ခဲ့ ပါသည်။ ဤစစ်ဆင်မှုများကြောင့် ဧရာဝတီ မြစ်ဆုံ ဧရိယာနှင့် ပန်းဝါ ဒေသဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါ သည်။ ဤကဲ့သို့ အစိုးရ ဘက်မှ ထိုးစစ်ဆင်နေသော်လည်း ခုခံစစ်မှအပ တန်ပြန် တိုက်ခိုက်မှုများ မပြုလုပ်ကြရန် KIA က ၄င်းတို့ တပ်များအား ညွန်ကြား ထားခဲ့သည်ဟု ဆိုပါသည်။

အစိုးရသည် တိုင်းရင်းသား အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားသည်ဟု ဆိုသော်ငြားလည်း မမှန်ကန်သော လုပ်ရပ်နှင့် လက်တလုံးခြား အမြတ်ထုတ်မှုရရေးကို KIA နှင့် SSPP တို့၌ ဆက်လက် ကျင့်သုံးနေကြဆဲဟု စစ်ရေး လေ့လာသူများက ဆိုပါ သည်။ ထို့အတူ အစိုးရသည် ဤနည်းကို ကျင့်သုံးနေသည့် အနေဖြင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အ ပေါ် ရာဇသံ ပေးနေခြင်း ဖြစ်ပါသည်။

ထို့အပြင် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယေဘူယျ အပစ်အခတ် ရပ်စဲရေးကိုသာ ရယူလို ခြင်းဖြစ်သည့် အတွက် ပြည်နယ် အဆင့်၌သာ လက်မှတ် ထိုးခဲ့ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး တည်ငြိမ်ရန် အားထုတ်ခြင်း မရှိဟု အစိုးရ၏ ငြိမ်းချမ်းမှု အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ် (၈) ချက်က သက်သေဟု ထောက်ပြကြပါသည်။

KIA သည် ခေါင်းမာသည်ဟု အစိုးရက ထင်မြင်ဖွယ် ရှိနေပါသည်။ KIA ကိုလည်း တလအတွင်း ချေမှုန်းနိုင်သည်ဟု အင်ဒို နီးရှားနိုင်ငံတွင် ကျင်းပသော အာဆီယံ ဆွေးနွေးပွဲကို တက်ရောက်စဉ် သမ္မတက ပြောကြား ခဲ့ဘူးပါသည်။ ဤသည် အစိုးရ၏ သဘောထားများ ဖြစ်ပါသည်။
ဤသို့ကြောင့် ၄င်းတို့ ချမှတ်ထားသောမူနှင့် လက်တွေ့ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု အစီစဉ်အပေါ် လုံးဝ သံသယဖြစ်နေကြကြောင်း သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များက ဆိုကြပါသည်။

ဤအကြောင်း များကြောင့်လည်း KIA သည် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးမူကို လက်ခံခြင်းထက် တိုင်းရင်းသားများအ တွက် နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာရန် ကြိုးစား နေရခြင်းဖြစ်ကြောင်း KIA အရာရှိကြီးက ဆိုပါသည်။

ထို့ကြောင့် KIA သည် တိုင်းရင်းသား အခွင့်အရေးများ အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်လာရန် အဆင့်ဆင့်ကြိုးပမ်းနေ ပါသည်။ ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် တကြိမ်၊ မတ်လ (၁၁) ရက်နေ့တွင် တကြိမ် အစိုးရနှင့် ဆွေးနွေးနိုင်ခဲ့ပါသည်။ လာ မည့်ဧပြီလ (၁၀) ရက်နေ့နှင့် (၁၅) ရက်နေ့ ကြားတွင်လည်း စစ်ပြေငြိမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားရန် ရှိနေပါ သည်။

No comments:

Post a Comment