April 26, 2013

"မြောက်ဖျား အိမ်မက် အသက်ဝင်တဲ့နေ့ " - နန်းလွင်


(စာဖတ်ပရိသတ်များလည်း အင်ဂွန်ဂျာဝါနည်းတူ ညီမလေး နန်းလွင်တို့ မြေးအဖိုးနှစ်ဦး အမြန်ဆုံစည်းဖို့ ဆုတောင်းခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။ ငါတို့ရဲ့ ဆုတောင်းပြည့်ခဲ့ပြီ။ နန်းလွင် တယောက် အဖိုးနဲ့ ပြန်တွေ့ပြီ။ အဲဒီ သတင်းကြားခြင်း မပြာပြတတ်လောက်အောင် ဝမ်းသာမိတယ်။ အောက်ပါ ဆောင်းပါး ကို နန်းလွင် ခွင့်ပြုချက်နှင့် မျှဝေပါသည်။ အင်ဂွန်ဂျာဝါ)


နန်းလွင်
Apr 12, '13

လတ်ဆတ်သော လေရသည့်ကမ်းနားကို ရောက်တာနဲ့ တပြိုင်နက် သူမ အိတ်ကိုပစ်ချလိုက်သည်။
သူများတွေကို ဟေးကနဲမအော်ဟစ် …………………………………………………………………………….။
သူမ မျက်လုံးအစုံကိုမှိတ်လိုက်သည်။ အသက်ကို ခပ်ပြင်းပြင်းရူလိုက်သည်။ ဖေဖေသမီးပြန်ရောက်ပြီလို့စိတ်ထဲကနေ တိတ်တိတ်လေးပြောလိုက်သည်။

သူမ ပါးပေါ်ကိုမျက်ရည်များကျလာသည်။ မျက်ရည်များကို မသုတ်မိ လေတဖြူးဖြူးတိုက်နေသော ကမ်းစပ် ကလေများက သူမ ပါးပြင်ကို ထိတွေ့ကာ သူမမျက်ရည်များကို အလိုလိုခြောက်သွေ့သွားစေသည်။

ကမ်းနားကနေ ခပ်ဖြေးဖြေးလမ်းလျောက်လာရင်း လျောင်းတော်မှုဘုရားကိုသူမမြင်ရသည်။ ဘုရားဝင်းထဲ ကိုသူမ၀င်လိုက်ပြီး ခြံစည်းရိုးနားက ကျောက်စာတစ်ချပ်ကို သူမ ပွတ်သပ်ပြီးဖတ်လိုက်သည်။ခပ်မှိန်မှန်ဖြစ်နေသော အဖြူရောင် ကျောက်ပြားပေါ်မှာ  ဘုရားရဲ့အုတ်တံတိုင်းတခြမ်း လှူဒါန်းထားသည့်  အတွက်သူ ဖခင်နာမည် နှင့်မိခင် နာမည်မိသားစုကောင်းမှု လို့ရေးထိုး ထားတဲ့ စာသားရှိနေဆဲဖြစ်သည်။

ဘုရားမရှစ်ခိုးမိ သူမခပ်ဖြေးဖြေးလျောက်လာခဲ့သည်။ တဖြေးဖြေးနဲ့ မနောကွင်းနားရောက်လာသည်။ ကြီးမားလှသောမနောတိုင် ကြီးကို သူမ မော ကြည့် လိုက်သည်။ဖခင်အလွန်ချစ်သော နေရာ မနောပွဲ လုပ်တဲ့နှစ်တွေမှာ သူမတို့မောင်နှမတွေနဲ့ ဖခင်ပါ ၀င်ရောက်က ခဲ့သည် နေရာ။သူမနူတ်ခမ်းတွေပြုံးနေသည်။အချို့ အတိတ်များသည် တစ်ခါတရံတွင်ချိုမြိန်သည် မဟုတ်လား။


……………………………………………………………………………………
စီတာပူလမ်းမကြီးသည်ခြောက်သွေ့နေသော်လည်း အရင်တိုင်းပင်ရှိဆဲ ။ မှတ်မိသေးသည်။ သူမ၆တန်းနှစ်က ပန်းပွား ကတဲ့ အဖွဲ့မှာပါဝင်သည်။ကျောင်းသားပွဲတော်ကျင်းပသည့်ရက်တစ်ရက်မှာ သူမတို့ ပန်းပွားအဖွဲ့ က မနက်လေးနာရီထကာအားကစားကွင်းကိုသွားရသည်။သူမ ဖခင်ကလည်းခရီးထွက်နေတာကြောင့် ကြောက်ကြာက် နဲ့ပင်ဆောင်းတွင်းမနက် ၃နာရီ ခွဲလောက်မှာ တစ်ယောက်တည်း စက်ဘီးနင်းကာမြို့ထဲကအားကစားကွင်းကိုသွားခဲ့ရသည်။
စီတာပူ နဲ့တပ်ကုန်းသွားတဲ့ လမ်းခွဲနားကိုရောက်တော့ ကားလမ်းနံဘေးမှာ စက်ဘီးတစ်စီး လဲကာလူတစ်ယောက်မှာ သွေးအိုင်ထဲမှာ လဲနေတာကိုသူမမြင်ရသည်။ ရုတ်တရက် အရမ်းလန့်သွားပြီးစက်ဘီးကို အတင်းနင်းမိသည်။ နောက်မှ သူမပြန်လှည့်ကာဘေးအိမ်တွေရဲ့တံခါးကိုရိုက်ကာ နိုးပြီး ဆေးရုံပို့ဖို့ အကူအညီတောင်းရသည်။
သူမ မနက်လေးနာရီအရောက်ခေါ်ထားတဲ့ အားကစားကို မရောက်တော့ ဆေးရုံမှာ သာတနေကုန် အချိန်ကုန်ခဲ့သည်။

ကားတိုက်ခံရတဲ့ အမျိုးသားမိသားစုလာမှ သူမ အိမ်ပြန်ခဲ့သည်။
ပန်းပွားအဖွဲ့ကဆရာမကသူမကို အကြောင်းမမေးမြန်းပဲဆူလို့မဆုံး ။

သူမ လည်း ပန်းပွားအဖွဲ့ကထွက်ပစ်လိုက်သည်။
နောက်တစ်လလောက်နေတော့ သူမအတန်းထဲမှာ စာ သင်နေချိန်မှာပဲ ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာဆရာမတွေနဲ့ကားတိုက်ခံရပြီးပြန်ကျန်းမာနေတဲ့ အမျိုးသားကြီးရောက် လာသည်။အားလုံးရဲ့မျက်နှာတွေကပြုံးနေသည်။

သူမကို ကျေးဇူးတင်စကားကိုကျောင်းခန်းထဲ အထိလိုက်ပြောတာဖြစ်သည်။အဖြစ်အပျက်ကို ညနေပိုင်းလမ်းလျောက်ရင်းဖေဖေကိုပြန်ပြောပြတော့ သူမ လက်ကိုကိုင်ထားကာ ပြုံးနေသည်။
သမီးကြီးဖြစ်တဲ့သူမအပေါ်မှာဖေဖေ မျှော်လင့်ချက်တွေပုံထားသည်။ သူမအတွက် ဆိုရင် အရာရာဖြစ်ခဲ့တယ်.သူမလိုချင်သောအရာများ သူမ ဖြစ်ချင်သောကိစ္စများ သူမ နူတ်ခမ်းက ထွက်သမျှသောအရာရာအားလုံးကို ဖြည့်ဆည်းပြီးသားဖြစ်ခဲ့သည်။

……………………………………………………………………………………………………………………………………..
မြစ်ကြီးနားတက္ကသိုလ်ဝင်းထဲ က ခါရာဘွမ် အဆောင် အနောက်က ကထိက ၀န်ထမ်းအိမ်ရာ ထဲက မိသားစုနေထိုင်ခဲ့သည့်လိုင်းခန်းရှေ့ရောက်တော့  သူမ မျက်ရည်တွေဝဲလာခဲ့သည်။

သူမတို့မိသားစုရဲ့ ဘ၀အစမှာ ထိုနေရာတွင်ပင်ဖြစ်သည်။
ပေ၃၀ပေ၂၀ကျယ်ဝန်းတဲ့မြစ်ကြီးနားတက္ကသိုလ် ရှိဝန်ထမ်း အိမ်ယာမှာ ပင်ဖြစ်သည်။ သူမသည်ထိုနေရာမှာပင် အရွယ်ရောက်သည်။ ထိုနေရာမှာပင် စာအုပ်များစွာဖတ်ခဲ့သည်။ထိုနေရာမှာပင် သူမတို့မိသားစု ဘ၀အ လှပဆုံးဖြစ်ခဲ့သည်။

ထိုနေရာမှာပင် သူမတို့မျှော်လင့်ချက်များရှိခဲ့သည်။ ထိုနေရာမှာပင် သူမတို့ အနာဂတ်များရှိခဲ့သည်။
ထိုနေရာမှာပင်သူမတို့မိသားစုရဲ့ အချစ်များရှိခဲ့သည်။
လွန်ခဲ့တဲ့ခုနှစ်ခန့်ကပင် ထိုနေရာမှ သူမ အရူံးများ နှင့် ထွက်ခွာ ခဲ့ရသည်။

ဆယ်တန်းစာမေးပွဲ ဖြေခါနီးသူမကိုစာပြနေရင်း နဲ့ မေမေ နှလုံးရောဂါနဲ့ ဗုန်းကနဲလဲကျသွားကာ  သတိလုံးဝပြန်မလည် လာတော့ပဲ  ထွက်ခွာသွားခဲ့သည့် နောက်ပိုင်းမှာ သူမတို့ မိသားစု ဘ၀ရဲ့ပျော်ရွင်မှု များရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။

 “သမီးနာမည်မှာရတနာပါတာအဓိပာယ် အပြည့်ရှိတယ် ကွ။ သမီးကိုမွေးတုန်းက မေမေ အသက်ကိုယူမှာလားသမီးအသက်ကိုယူမှာလားလို့ဆရာဝန်တွေက မေးခဲ့တယ်။မေမေက ကလေးယူလို့ မရဘူးလေနှလုံးရောဂါသည်ကိုး ဖေဖေတို့ဆုံးဖြတ်ရခက်နေတုန်းမှာ မေမေ သမီး အသက်ပဲယူမယ်ဆိုပြီးဆရာဝန်တွေကိုအော်ပြောခဲ့တာ။ သမီးကိုအသက်ထက် တန်ဖိုးထားခဲ့ရလို့ ရတနာတစ်ပါး ပဲဆိုပြီးသမီးနာမည်ထဲမှာ ရတနာလို့နာမည်ထည့်ခဲ့တာ”လို့ဖေဖေက ပြောခဲ့ဖူးတာကို သူမပြန်လွမ်းသွားသည်။

ဖေဖေ သည် တစ်ဘ၀လုံးကိုမေမေ အတွက်မြုတ်နှံခဲ့သည်။ အဘိုးကိုဆန့်ကျင့်ကာတမျိုးလုံးကို ဆန့်ကျင်ကာမေမေ့ကိုယူခဲ့ပြီးမှ အားလုံးနဲ့ ဝေးရာမှာ နေထိုင်ခဲ့ပြီးမှ မြစ်ကြီးနားကိုထရန်ဖာကျပြန်သည်။
မြစ်ကြီးနားပြောင်းခါနီးမေမေ ရဲ့စိုးရိမ်စိတ် တွေကို သူမ ငယ်စဉ်ကနားမလည်ခဲ့။ မြစ်ကြီးနားမှာနေထိုင်ရင်းအမျိုးတွေနဲ့နီးသွားကာ အင်အားကြီးတဲ့ ဖေဖေ မိသားစုတွေကို ဖေဖေကို ဘ၀ထဲကဆွဲထုတ်သွားမှာကို မေမေကြောက်ခဲ့ရှာသည်။

အိမ်ကို ဖေဖေအမျိုးတွေလာတိုင်း ဘာမှမပြောပေမယ့် ကျမတို့ ကို သူတို့အိမ်အလည်ခေါ်တဲ့
အခါတွေမှာမေမေမျက်နှာမကောင်းတာ ဖေဖေ ဘုရားကျောင်းသွားရင် မေမေ မျက်နှာမကောင်းတာကိုသူမမြင်တွေ့ခဲ့ရသည်။

အိမ်ပေါ်ကိုအဘိုးခပ်တည်တည် တတ်လာကာ သူမတို့ကို နှစ်ချင်းခံ ဖို့လုပ်ခဲ့စဉ်က လည်း မေမေမျက်နှာငယ် နဲ့ အိမ်နောက်မှာသာ ထိုင်နေခဲ့ဖူးသည်။ သူမ က ငယ်ငယ်တည်းက စိတ်ဓာတ်ကဖေဖေ နဲ့တူသည်။ ဖေဖေ နဲ့မျက်နှာက လည်းချွှတ်စွတ် ။ဖေဖေ အမျိုးတွေက အရမ်းချစ်တာကိုခံ ခဲ့ရသည်။
ကျမကိုဆိုရင် ဟိုခေါ်သွားဒီခေါ်သွားနဲ့ကျမ က ပါလေရာစိန်ဖြစ်သည်။ အားနည်းတဲ့ ဘက်က ပါတတ်တဲ့သူမ စိတ်ဓာတ်အရ မေမေကိုပစ်ထားတဲ့ ဖေဖေ အမျိုးတွေကိုစိတ်ထဲက မကျေနပ်ခဲ့။ အဘိုးကို မုန်းသည်။
အဘိုးကို တွေ့မြင်ရရင်မေမေကို မြင်ရပြီး သူတို့ချမ်းသာလို့အဲလိုဆက်ဆံတယ် လို့ပဲသူမ ထင်ခဲ့သည်။
သူမအရွယ်ရောက်လာပြီးမမျှော်လငိ့ပဲသတင်းထောက်ဖြစ်လာသည်။
အဘိုးဘာလို့ မေမေကိုသေသည့် အထိ အသိမှတ်မပြုလည်း ဆိုတာသူမသိလာသည်။

အဘိုး မှန်တယ်လို့ သူမယူဆလာသည်။ နာစရာတွေရှိလို့ အပြစ်မဲ့တဲ့အမေ့ကိုတောင် အဲဒီလူမျိုးဆိုပြီး နာ သည်ကိုသူမ နားလည်လာသည်။

အဘိုးကို မုန်းကာအဘိုးရဲ့ အုပ်ချုပ်မှု အောက်မှာ မနေချင်လို့ ဝေးရာပြေးခဲ့သော သူမသည်
ဒီနေရာကို အဘိုးကိုချစ်ခင်ကြောင်း ပြသ ရန် ပြောရန် ပြန်ရောက်လာပြီဖြစ်သည်။
…………………………………………………………………………………………………………………………………….

မြစ်ကြီးနားကိုစရောက်တော့ သူမ ၃တန်း တတ်ရသည်။ရန်ကုန် ဂျမန်ခန်နာ မှာမွေး ခဲ့သည့် သူမသည်ထော်လာဂျီကို မမြင်ဖူး။
ရောက်ရောက်ချင်းပဲကောက်သစ်စားပွဲနဲ့ကြုံသည်။
ဖေဖေကိုယောက်ခမကြီးလို့ခေါ်တတ်သော အလွန်ဝသော အကိုကြီးတစ်ဦးက ကောက်သစ်စားပွဲ အတွက်မနက်ဖြန်လာခေါ်မည်လို့ပြောသွားသည်။

မေမေကတော့ထုံးစံအတိုင်းမလိုက်။သူမ သာဖေဖေနဲ့လိုက်ဖို့ပြင်ရသည် ။
မနက် မိုးလင်းတော့အိမ်မှာထုတ်..ဒုတ်…ထုတ် စက်သံကြားသည်။ ဖေဖေက ကျမလက်ကို ဆွဲကာ အိမ်အပြင်ကို ရောက်တော့အမိုးမပါ အသံကလဲ ဆူသည့် ယဉ်ပေါ်တတ်ခိုင်းသည်။
သမီးတတ်လို့ဖေဖေကပြောတော့သူမက ဖေဖေ အဲဒါဘာကြီးလဲ လို့မေးတော့

ဖေဖေကသမီးရဲ့ထော်လာဂျီလို့ခေါ်တယ်။ ၀ိုင်းမော်ထိသွားရမှာ လို့ပြောပြီး သူမကိုချီပြီးတင်လိုက်သည်။
သူမဗြဲကနဲအော် ငိုကာအဲဒီဟာကြီးနဲ့ဆိုမလိုက်ဘူးလို့ အတင်းဆင်းပြေးသည်။ ဖေဖေက
အတင်းချော့ကာ သူမကိုချီပြီး ထော်လာဂျီပေါ်တတ်သည်။

ဝိုင်းမော်ရောက်တော့ မိသားစုတွေရော အားလုံးက သူမကိုဝိုင်းချီကျသည်။
ဖက်လေးတွေနဲ့ထမင်းစားရတာကို သူမ ငယ်ငယ်တည်းကကြိုက်သည်။ ကောက်သစ် ထမင်း စေးစေးလေးကိုလက် နဲ့ဆုတ်ပြီး ကြက်သားဂျူးမြစ်ထောင်းနဲ့ စားရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်။
အလွန် ၀သေသာ အကိုကြီးကခွန်နော  နင်က ကြီးလာရင် ငါယူရမယ့် အမျိုးသိလားလို့သူမနားမှာလာထိုင်ကာပြောသည်။

သူမက မျက်စောင်းထိုးကာအဘိုးဆီကိုပြေးသည်။
အဘိုးကရယ်ပြီးသူကစကားအဖြစ် ပြောတာပါ သူ့မှာမိန်းမရောကလေးရောရှိတယ်။ အဘိုးတို့မှာ အဲလိုအမျိုးတွေ ရှိတယ် ကလေးရဲ့လို့ သူမကိုပြောသည်။ သူမလည်း မျက်လုံးအပြူးသားနဲ့ အဖိုးကိုကြည့်နေလိုက်မိသည်။
ဟိုလူကြီးကိုတော့ လုံးဝမျက်လုံးချင်းမဆုံအောင်နေသည်။
အဲဒီအချိန်မှာစ ပြီး သူမအဖေ အမျိုးတွေလာခေါ်ရင် ထော်လာဂျီနဲ့လာခေါ်မှာလား ဆိုပြီး အရင်မေးဖြစ်အောင်မေးသည်။
သူမ ဖခင်က အဲလိုမေးတိုင်းရယ်ကာ သမီးရယ် ဖေဖေတို့ဆိုင်ကယ်နဲ့သွားမှာပါလို့ပြန်ပြောတတ်သည်။
…………………………………………………………………………………………………………………………
………………………………………………………………………………………………………………………….
………………………………………………………………………………………………………………………….
၂၀၀၄ ခုနှစ်မှာဖေဖေဆုံးတော့ ရှိတဲ့ငွေကြေးတွေကို ရင်းနှီးမြုတ်နှံထားသည့် ဖားကန့်ကုမ္မဏီ မှလူယုံတွေ ကိုရှာမရအောင် ပျောက်သွားခဲ့သည်။

အဘိုးကကျမတို့ကိုလာခေါ်သည်။ မေမေဆုံး တုန်း မြစ်ကြီးနားမှာရှိနေရဲ့သားနဲ့ မလာသည့်အဘိုးကိုစိတ်နာချင်သည်။စကားလည်းမပြောချင်။ ကျမက မေမေရဲ့အမျိုး တွေနဲ့သွားနေမယ်လို့အဖိုးကို ပြောသည်။
ကျမ ကိုကတိတစ်ခုတောင်းတယ်အမျိုးတွေကို မမေ့ဖို့။ ကျမ ဟာ ဖေဖေနဲ့ အရမ်းတူတာကြောင့်သူပိုပြီးချစ်ရကြောင်းပြောခဲ့တယ်။

အဖိုးနဲ့ အဘွားက သိပ်အသက်ကြီးပြီ။ အဖိုးက တောင်ပေါ်မှာနေတော့ အရမ်းကျန်းမာတယ် ။ သူ့အသက် ၇၄နှစ်ဆိုတာကို ဘယ်လိုပြောပြောယုံစရာကိုမရှိတာ။

အဖိုးက ဖေဖေရဲ့ကျန်ရစ်တဲ့ ပစ္စည်းလေးတွေကို ကျမဆီကတောင်းသည်။သူတို့ဖေဖေ ရဲ့မှတ်တိုင်မှာ ဘိုးဘွားအုတ်ဂူမှာစိုက်ထူတယ်လို့ကျမကို အကြောင်းကြားသည်။ ဘိုးဘွားကန်တော့ပွဲကိုကျမ ကိုလာစေချင်သည်။

အဖိုးကအကြိမ်ကြိမ်ခေါ်သည်။ ပြောမရသည့်နောက်ဆုံးကျမတို့ညီမကို ရွှေနားကပ်လေးတွေပေးကာ 
ဒီရွှေလိုပဲအမျိုးဆိုတာဖြတ်လို့မရဘူးလို့မှတ်ပါ ဘယ်ရောက်ရောက်အဖိုးကိုဆက်သွယ်ပါလို့ပြောခဲ့သည်။
အမေ့အမျိုးတွေကိုယုံခဲ့သူမ အမှားကြီးမှားခဲ့သည်။ သူမတို့ရဲ့ အမွေ အမေ့ညီမ မှာ ငွေကြေးအားလုံးကိုယူကာထွက်ပြေးသွားခဲ့သည်။

သူမတို့ညီမ နှစ်ယောက်လက်ဗလာနဲ့ကျန်ခဲ့သည်။
သူမတို့ဘ၀ကိုကိုယ်တိုင်ရုန်းကန်ရသည်။ ဖေဖေ ရဲ့ သူငယ်ချင်းဆရာမ ကြီးအိမ်မှာ နေပြီး UFLတတ်တော့ အဖိုးလာလာကြည့်သည်။ သူမလိုအပ်တာတွေကို ပေးဖို့ကြီုးစားသည်။
ငွေများကိုလစဉ်ပို့ခဲ့သည်။ သူမကမယူ ပြန်ပို့ပေးခဲ့သည်။ အဘိုးသည် အမေ အမျိုးတွေကို တစက်မှအပြစ်မပြော သူမကိုသာလာတွေ့သည်။

သူမကတော့ ကလေးတွေကိုဂိုက်လိုက်သင်ရင်းကျောင်းစရိတ်ရှာသည်။ဒုတိယနှစ်မှာ အဘိုးလာတော့ သူမအဖိုးကိုမတွေ့ချင်ဘူးနောက်မလာ ပါနဲ့လို့ပြောခဲ့သည်။
အဲဒီအချိန်တုန်းကအဘိုးကိုမုန်းသည်။ မေမေကို တသက်လုံးနှိမ်သောကြောင့် မေမေကို သေတဲ့အထိစကားမပြောတာကြောင့် မေမေ ဆုံးသွားတဲ့ အသုဘ အခမ်းအနားကိုတောင်မတတ်ခဲ့တာကြောင့်သူမ အဘိုးကို နာကျဉ်းခဲ့သည်။

နောက်ဆုံးလာတဲ့အခေါက်မှာသူမ က မလာပါနဲ့လို့ပြောတော့ အဖိုးမျက်နှာမကောင်း ဖေဖေနဲ့ အလွန်တူသောပိန်ပါးပါး အဘိုးမှာ သူ မအဆောင်ထဲက ထွက်သွားခဲ့သည်။
အဘိုးအဲဒီအချိန်ကစလို့သူမကျောင်းကို မလာတော့။
သူမနောက်ဆုံးနှစ်ဖြေပြီးချိန်ကျတော့ UFL ဆက်တတ်ချင်တယ်။ဘွဲ့ လွန်ဆိုတော့ပိုက်ဆံ အရမ်းကုန်မယ်။ ကျမ ဖေဖေညီမ ဒေါ်လေး က သူမဆီကိုရောက်လာတယ်။ ဖေဖေရှိတည်းက အိမ် အ၀င်အထွက်ရှိတယ် မေမေနဲ့ညီမလိုသိပ်ချစ်တယ်။
 သူမဖြစ်ချင်တာပြောတော့ဒေါ်လေးကသူပေးမယ်ပြောတယ်။အဲဒီတည်းက လစဉ် ကျမဆီကို ဘဏ်ကနေငွေ လွဲတွေအမြဲလာတယ်။ သူမ UFLမှာ  ပြီးတဲ့အထိလာတယ်။ နောက်ပိုင်းမှ သူမသိရတာ အဲဒီပိုက်ဆံ တွေက အဖိုးက ပေးနေခဲ့တာ။အဖိုးကတိုက်ရိုက်ပေးရင် သူမက မယူမှာဆိုးလို့ ဒေါ်လေးက တဆင့် ပေးခဲ့တာတဲ့။
အဲလိုသိရတော့သူမစိတ်မကောင်းဘူး။ ကချင်ပြည်နယ်မှာစစ်ပွဲတွေပြန်ဖြစ်တော့အဖိုးတို့ကိုစိတ်ပူမိတယ်။ အလုပ် တဖက်နဲ့ဆိုတော့ သူမ မမေးဖြစ်ဘူး။အဖိုးကျန်းမာရေးကိုလည်း သူမ မမေးဖြစ်ဘူး။
 တစ်ခါ တရံတွင်မလိုအပ်သော အမုန်းတရားများ မလိုအပ်သော မာနများသည် သူမ ထံတွင် ရှိပြန်သည်။
…………………………………………………………………………………………………………………………………..


သူမ၁၆နှစ် အထိ အဖိုးကိုသုံးကြိမ် ဘ၀မှာစုစုပေါင်း ငါးကြိမ် တွေ့ဆုံဖူးသည်။စစ်ဖြစ်တော့သူမစစ်မြေပြင်ကိုရောက်တယ်။ ဒုက္ခသည်စခန်းတွေကိုရောက်တယ်။
အဘိုးကိုသတိရတယ်။အဘိုးကို ခွင့်လွတ်နိုင်လာတယ်။ အဘိုး ကို ပြန်ပြီးချစ်လာတယ်။


၂၀၁၂ ခုနှစ်ဒီဇင်ဘာမရောက်ခင်က အဘိုးဆီရောက်အောင်ပြန်မယ်လို့ သူမ ဆုံးဖြတ်ခဲ့တယ်။
အဖိုးဆီကိုသူငယ်ချင်းတွေဆီ အကူအညီတောင်းပြီးကချင်လိုစာရေးခဲ့သည် သူစာပြန်ရေးတော့သူမမဖတ်တတ်လို့ သူငယ်ချင်းကချင်တွေကိုဖတ်ခိုင်းခဲ့သည်။
ဇန်န၀ါရီလကုန်ပိုင်း မှာလိုင်ဇာကပြန်လာပြီး နောက် အဖိုးကိုရူးလောက်အောင်တွေ့ချင်လာခဲ့သည်။
…………………………………………………………………………………………………………………………………


အဖိုး သည်အလွန်ပိန်သွားသည်။  သူမနဲ့ သူမ ဖခင်နဲ့ ချွှတ်စွတ်ထားသလို တူသည်။ အရင်လိုတိုက်ပုံ အမဲကို ၀တ်မထား ချည် ရှပ်အကျီ အညိုကို ၀တ်ကာဝါးမှီကုလားထိုင်ပေါ်ထိုင်နေသည်။
မျက်လုံးတွေက သူမကိုကြည့်နေသည်။
သူမကပြုံးလိုက်ရင်း အဖိုးနေကောင်းရဲ့လား လို့ မေးတော့  အဖိုးက သူမ ကို ကြည့်ရင်း ခွန်နော
ကျေးဇူး တင်တယ်နော်လို့ပြန်ပြောသည်။


အဖိုး ၀မ်းသာနေတာကိုသူမသိသည်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ့် လေးနှစ်  သူ့ ရဲ့ သားကြီးမှာသူ့ရှေ့ကကျောခိုင်းထွက်သွားခဲ့ သည်။
ပြန်တွေ့ရတော့လည်းနာကျင်မှု ၊ခွင့် မလွတ်နိုင်မှု၊ တွေကို သာ သူ့ခမျာ ခံစားခဲ့ရသည်။ သူ့သားကြီးနဲ့ချွှတ်စွပ်တူတဲ့ မြေးကြီးကိုတွေ့ရတော့ သူခံစားရသမျှတွေ အသစ်တွေပြန်ဖြစ်လာပုံရသည်။

နင့် အပါးအကြောင်းမပြောတော့ ဘူး။ အမျိုးတွေကို မိတ်ဆက်ပေးမယ် လို့ပြောပြီး ရောက်လာတဲ့ ဆွေမျိုးတွေနဲ့တစ်ယောက်ချင်း တော်စပ်ပုံတွေကိုရှင်းပြ ပြီးမိတ်ဆက်ပေးသည်။
အမျိုးတွေနဲ့နေ့လည်စာထမင်းအတူစားပြီးတော့အဖိုးက သူမကို အိမ်ရှေ့ကိုခေါ်သည်။


အဖိုးမှာ အတန်ကြာဘာမှမပြော သူမကိုသာစိုက်ကြည့်နေသည်။
အဖိုးများ ဖေဖေကိုသတိရလို့ ငိုလိုက်မလေလားလို့ သူမတွေးမိလိုက်သေးသည် ။သို့သော် အဖိုးက ခွန်နော
“ရန်ကုန်မှာနေရတာမပင်ပန်းဘူးလား။”
သူမက ပြုံးလိုက်ရင်းအဖိုးရယ်ပင်ပန်းပေမယ့် သမီးက အခြေကျနေပြီလို့ပြန်ပြောလိုက်သည်။

အဖိုးက“တကယ်လို့ပင်ပန်းရင် မူဆယ်ကတောင်ပေါ် ပဲဖြစ်ဖြစ် ၀ိုင်းမော်မှာပဲ ဖြစ်ဖြစ်လာနေလေ။တောင်ယာတွေရှိနေတယ်။ နင့် ဦးလေးတွေလည်းဒီမှာပဲ နင်ဘာမှလုပ်စရာမလိုပါဘူး။”လို့ပြောသည်။

သူမကပြုံးပဲပြုံးနေလိုက်သည်။ အဖိုးကိုသူမလျောက်လမ်းနေတဲ့ ဘ၀ သူမလုပ်နေသောအလုပ်အကြောင်း သူမရဲ့ ရည်မှန်းတွေ အကြောင်း သူမရဲ့စိတ်ကူးအိမ်မက်တွေအကြောင်းပြောပြဖို့လိုသည်။
ဒါပေမယ့် မပြောဖြစ် သူမသတင်းထောက် အလုပ် လုပ်သည်ကိုသာ အဖိုးသိသည်။

အဖိုးက ခွန်နောစစ်ဖြစ်နေတုန်းလိုင်ဇာကိုရောက်သွားသေးတယ်ဆို သတ္တိ ရှိလှချည်းလားလို့ပြောကာသူမခေါင်းကိုပွတ်ကာရယ်မောသည်။

တကယ်တမ်းက သူမဘာမှမပြောနိုင် သူမ မျက်ရည်တွေ ကျလာသည်။
နင်ဘာလို့ငိုရတာလဲခွန်နော် နင့်အပါးကိုသတိရလို့လား လို့မေးသည်။
သူမက ခေါင်းခါလိုက်ရင်းအဖိုးကိုတွေ့ရတာဝမ်းသာလို့ ပြန်ပြောလိုက်သည်။

အဖိုးမျက်နှာမိုင်ကျသွားသည်။ထို့နောက် သူ့အိတ်ကပ်ထဲက စာရွက် တစ်ရွက်ကိုထုတ်ပေးသည်။
ဒီမှာ ငါတို့ မျိုးဆက်ဇယားရေးထားတာ အစဉ်လာ အဖိုးတို့က ၈ဆက်မြောက် ခွန်နောတို့က ၁၀ဆက်မြောက်ပေါ့ယူသွားလို့ပြောကာ စာရွက်ကိုဖြန့်ပြီး အမျိုးတွေဆင်းသက်ပုံ ကို ရှင်းပြသည်။

ငယ်ငယ်ကဖေဖေပြောပြသည့်ကချင်ပုံပြင်များကို သူမ ဖျက်ကနဲသွားသတိရမိသည်။အဖိုးပုံပြင်တစ်ပုဒ်လောက် ပြောပြရင်ကောင်းမယ်လို့တွေးမိသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာလေအေးများတိုက်နေသည်။ အိမ်ရှေ့ နဲ့ မလှမ်းမကမ်းမှာစိုက်ထားသည့် မုန့်ညင်းခင်းတွေမှာ မုန့်ညှင်းပန်းတွေ ပွင့်နေပြီဖြစ်သည်။ အိမ်နံရံမှာကပ်ပေါက်နေတဲ့ ဒရင်ကောက်အပင်လေးတွေကိုသူမ လိုက်ကိုင်ကြည့်တော့ အဖိုးက ခွန်နော ရန်ကုန်မှာ အဲဒီအပင်မရှိဘူးလားလို့ မေးသည်။

သူမက ဟုတ်တယ် အဖိုးမစားရတောင်ကြာပြီ လို့ပြန်ပြောလိုက်တော့ အဖိုးက သူ့ တူမတစ်ယောက်ကို ခေါ်ကာ ညနေကျရင်ဒရင့်ကောက်ပင် ကြော်ကျွှေးလိုက်ဦး ခွန်နော် စားချင်လို့တဲ့ လို့ခေါ်ပြောလိုက်သည်။

သူမကအဖိုးကိုကြည့်ရင်းပြုံးနေတော့ “အဖိုးက နင်ကလေ နင့်အပါးနဲ့သိပ်တူတာပဲ။ အမြဲပဲရယ်နေတာပဲ။ ဒါကြောင့် နင့်ဦးလေး အဒေါ်တွေက သူ့ကိုသိပ်ချစ်ကြတယ်။ “လို့ပြောပြီးတိတ်ဆိတ်သွားသည်။
အဖိုးက ဖေဖေအကြောင်းမပြောဘူးလို့ကျမကို ပြောခဲ့ပေမယ့် သူနေနိုင်ဟန်မတူ။ ကျမကိုတွေ့ရတော့သူ့မှာ သားအကြီးကိုသတိရရှာပေလိမ့်မည်။



………………………………………………………………………………………………………………………………………..
မြစ်ကြီးနားတက္ကသိုလ်သည်  အရင်ကလို ပင် ပျားအုံကြီးများရှိနေဆဲ စတားအက်ပယ် ပင်များရှိနေဆဲ
ကူကလစ်ပင်များ ရှိနေဆဲ။သချာင်္မေဂျာ အဆောင်ရှေ့ ကနေဖြတ်လျောက်တိုင်းရတတ်တဲ့ ယူကလစ်နံ ကို သူမ အခုပြန်ရူရိုက်ခွင့်ရပြီ။

ပထမနှစ် စတတ်တဲ့နေမှာဖေဖေက အခန်းထဲကို ကိုယ်တိုင်လိုက်ပို့ကာ သူ့ သူငယ်ချင်းကတိက ကို အပ်တော့တစ်ခန်းလုံးဝိုင်းကြည့်တာခံရသည်။ အီမေးဂျာ ဆောင်နဲ့ ဥပဒေဌာနက နီးတော့ကျမ အပြင်ကိုလျောက်လည်ချင်ရင် အတန်းလစ်ချင်ရင် ဖေဖေ အလစ်ကိုချောင်းရသည်။

ဖေဖေ သူ့ အခန်းထဲမှာထိုင်နေရင် ကျမ အတွက် အတန်းလစ်ဖို့ မလွယ် စာသင်ခန်းတွေထဲမှာ ရောက်နေရင်တော့ သူမ
အတွက်အတန်းလစ်ဖို့လွယ်သည်။
တစ်ခါတရံမြစ်ဆုံကိုသွားချင် တာမျိုး ဂျော်ဘွန်ကိုသွားချင်တာမျိုး ဆိုရင် အတန်းထဲကသူငယ်ချင်းတွေက အရင် သွားပြီး ကျောင်းပင်မဆောင်ရှေ့မှာစောင့်သည်။ သူမက ဖေဖေမမြင်ရအောင် သူ့ရုံးခန်းရှေ့ကနေ ၀မ်းလျားထိုးမှောက်ကာ ထွက်သည်။ ဖေဖေဘယ်တော့မမိပေမယ့် သူမတို့ လျောက် လည် တာကိုသိသည်။ မသိချင်ယောင်လည်းတစ်ခါတရံမှာဆောင်နေတတ်သည်။

နေ့ခင်းမို့လို့လားမသိ
လေပူတွေတိုက်လာသည်။စတားအယ်ပယ်ပင်အောက်မှာ ရပ်ရင်း  စတားအယ်ပင်အသီးစိမ်းတွေကိုသူမကြည့်နေလိုက်သည်။

ဟေးးးးးနန်းလွင်
သူမ လှမ်းကြည့်လိုက်တော့ကျောက်ခင်းလမ်းမ အတိုင်းလျောက်လာ တဲ့ သူတစ်ယောက်ကိုမြင်လိုက်ရသည်။ မြင်ဖူးသလိုမြင်ဖူးသလို နဲ့ ဟား နော်တောင် လို့ သူမ အော်လိုက်တော့

နန်းလွင်နင်ဘယ်လိုပြန်ရောက်လာတာလဲ။ ငါတို့မတွေ့တာဘယ်လောက်ကြာပြီလဲ လို့ နော်တောင်က၀မ်းသာအားရ သူမ လက်မောင်းကိုလှမ်းကိုင်ကာပြောလိုက်သည်။
ငါဒီမှာဆရာပြန်လုပ်နေတာဟလို့နော်တောင်ကပြောရင်းရယ်သည်။

အေးဆိုင်တစ်ဆိုင်သွားထိုင်မယ်လေ နင် ဗိုက်မဆာဘူးလားလို့ မေးတော့ သူမက သွားမယ် ကင်တင်း၂ကိုသွားမယ်ဦးဘောင်ယိမ်းဆိုင်က ခေါက်ဆွဲစားချင်လို့ လို့ပြောလိုက်သည်။
နော်တောင်က နင်ကလည်းဦးဘောင်ယိမ်းမရှိတော့ဘူးဟ ပြောင်းသွားပြီ လာပါ လို့ပြောပြီး ကင်တင်း ဘက်ကိုလျောက်လာသည်။

ဆိုင်မှာထိုင်ထိုင်ပြီးအအေးမှာတော့ နော်တောင်က ဟဲ့နင် အိမ်ထောင်ကို မကျ သေးဘူးလားလို့မေးတော့
သူမ အေးလို့ပြန်ဖြေတော့
ဟဟ သတင်းကောင်းပဲဟေ့လို့ပြန်ပြောသည်။
သူမက ခွက်နဲ့လှမ်းထုပြီးအကောင်စုတ်လို့ပြောတော့ သူရယ်နေသည်။

အေးပြောပါဦးဟာ နင် ရဲ့အလုပ် သတင်းထောက်ဟုတ်လား အရမ်းမိုက်တယ်ဟေ့လို့သူက ပြောနေသည်။
အဲဒီအချိန်မှာပဲ သမီးသမီးက ဦးခွန်အောင်ရဲ့သမီးအကြီးမဟုတ်လား
အသံကြားရာကိုမော့ကြည့်လိုက်တော့ဦးအောင်ကျော် မြန်မာစာ ဌာနက ဖေဖေသူငယ်ချင်း
ဆံပင်တွေဖြူကာအသားတွေလည်းမဲသွားသည်။

သူမက ဟုတ် ဆရာသမီးကြီးပါလို့ပြန်ဖြေလိုက်သည်။
ဦးအောင်ကျော်က သူမခေါင်းကို လှမ်းကိုင်လိုက်ရင်း သမီးရယ် ဒီနေ့ အထိ ကောင်းကောင်း အသက်ရှင်ပေးတာဝမ်းသာလိုက်တာ။ သမီး သတင်းထောက်ဖြစ်နေတာကိုလည်း သိတယ်။ သမီးဆုရတုန်းက
သတင်းစာမှာတွေ့လိုက်တယ်။လို့ပြောပြီးသူမကိုပြုံးကာကြည့်နေသည်။

သူမက သမီးတို့နေခဲ့တဲ့အိမ်ဘက်ကို လျောက်မလို့ ဦးလိုက်ဦးမလားလို့မေးလိုက်တော့ ဦးအောင်ကျော်ကသမီးသွားပါ။ ဖုန်းနံပါတ်ပေးခဲ့နော်လို့ပြန်ပြောသည်။

ဦးအောင်ကျော်ကို နူတ်ဆက်ပြီး နော်တောင်နဲ့ အတူ အရင်နေခဲ့ တဲ့ အိမ် ရှေ့ကို ရောက်တော့ အရင် ကညနေတိုင်း ဖေဖေနဲ့ထိုင်နေကျခုံတန်းလေးရှိဆဲ

သူမက ခုံတန်းမှာဝင်ထိုင်တော့နော်တောင်ကပါ ၀င်ထိုင်သည်။
လူတွေကလည်းဟာ ဘာလို့ငါ့ကို အသက် ကောင်းကောင်းရှင်ပေးတာ ကောင်းကောင်းနေပေးတာ ကျေးဇူးတင် တယ်လို့ပြောကျလည်းမသိဘူးလို့သူမက ပြောလိုက်တော့

နော်တောင်က အေးနင့်နေရာဆို ငါရူးခဲ့မှာသိလား အားလုံးတပြိုင်တည်းဆုံးရူံး ခဲ့တာလေလို့ပြန်ပြောသည်။
သူမကနော်တောင်ကိုဘာမှပြန်မပြောပဲ ပြုံးပြီးကြည့်နေလိုက်သည်။

နော်တောင်ကနင်ဘယ်နှစ်ရက်နေမှာလဲအိမ်ကို လိုက်ခဲ့လေဟာ လို့ပြောတော့
သူမက နက်ဖြန်ပြန်မှာဖလိုက်က အဲဒီနေ့တရက်ပဲရှိတယ်။သင်္ကြန်တွင်းဆိုပိတ်ပြီဟ အဖိုး နဲ့မနက်က တွေ့တယ်။တက္ကသိုလ် ဘက်လာချင်လို့ ခဏပြောပြီးလာတာ။

နော်တောင်က ရယ်ကာ နင်ဘယ်တုန်းက အဖိုး အပေါ်စိတ်ပြေသွားတာလဲ ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်ဟာ
မြစ်ကြီးနားရှိသူငယ်ချင်းဟောင်းများသည်သူမကို အနားပေးနိုင်ဆုံး သူများဖြစ်သည်။ ရန်ကုန်ရောက်ခါစ မှာ သူ့မှာသူငယ်ချင်းကောင်းလို့ထင်ခဲ့သူ များစွာ ရှိခဲ့သည်။ အချို့က နောက်ကွယ်မှာ ဓားနဲ့ထိုး အချို့ကသူမ ကို အခြေအနေတစ်ခု အတွက်ပေါင်းသင်း အချို့ကတော့ သူမကို နောက်ကွယ်မှာအတင်းပြောတတ်မှန်း သိလာတဲ့နောက်ပိုင်း သူမ သည် အိမ်ကပ်သူသာဖြစ်လာသည်။တစ်ခါတရံမှာတိုင်ပင်စရာရှိရင် သူ့အစ်မလို ချစ်ခင်ရပြီး သူမ အပေါ်အမြဲတစေကူညီလေ့ရှိတဲ့ မရွှေကိုသာပြောတော့သည်။

လက်ရှိတွင် လည်းသူမတွင်သူငယ်ချင်းများစွာရှိသည်။ အတူ ပျော်ရွှင်စွာ  လျောက်လည်ကျသည်။သို့ပေမယ့် သူမရင် ဘတ်ချင်းနီးကပ်သောသူငယ်ချင်း ဘယ်တော့မှ မထားတော့။သူငယ်ချင်း များနဲ့ပတ်သတ်ပြီးဘ၀ကပေးသည့်သင်ခန်းစာ များကြောင့်ပင်ဖြစ်သည်။
…………………………………………………………………………………………………………………………………
………………………………………………………………………………………………………………………………………..

တပ်ကုန်း နဲ့ရာသာဂေါင်းလမ်းခွဲ သည် ၂၀၀၄ ခုနှစ် က သူမ အကြိမ်ကြိမ် ရောက်ခဲ့သောနေရာဖြစ်သည်။
ရာသာဂေါင်း သုသာန်မှာ သူမဖေဖေ နဲ့ မေမေရဲ့အုတ်ဂူရှိသည်။
မြစ်ကြီးနားမှာနေစဉ်တုန်းကအုတ်ဂူတွေဆီကို တပတ် နှစ်ခါလာပြီး သူမ သန့်ရှင်းရေးလုပ်တတ်သည်။
၂၀၁၂ ခုနှစ်မြစ်ကြီးနားဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ အပြေးအလွားလာခဲ့တုန်းက သူမ ဖေဖေ နဲ့မေမေအုတ်ဂူကို ၀င်ကန့်တော့ခဲ့ သေးသည်။

မိုးဒဏ်လေဒဏ်များခံရတာကြောင့် သစ်ရွက်များရွှံ့များ အမှိုက်များနဲ့ ဖုံးအုပ်နေတဲ့ အုတ်ဂူကို သူမရဲ့ သတင်းထောက် မိတ်ဆွေ နှစ်ဦး ( မရွှေ၊ မမေထွယ်)က ကူရှင်းပေး ခဲ့သည်။အချိန်မရသည့်ကြားကပင် သူမ က အုတ်ဂူကိုသွားချင်သောကြောင့် အချိန်လုကာသတင်းလိုက်သည့်ကားကို သတင်းထောက်သူငယ်ချင်းတွေက သုသာန်ကိုမောင်းခိုင်းခဲ့ကြသည်။
သတင်းလိုက်ခါနီး ငိုနေသောသူမကို ၀ိုင်းချောခဲ့ကြသည်။

ဖေဖေ နဲ့မေမေအုတ်ဂူသည်မနီးမဝေးတွင်ရှိသည်။ ဖေဖေက ခေါင်းရင်းပိုကျကာ မေမေအုတ်ဂူကေ တာ့ ခြေရင်းဘက်ကျသည်။

အလွန်ချစ်သောသူတို့နှစ်ဦးသည် ဟိုဘ၀ ဆုတောင်းကြောင့်လားမသိ ဒီမြေပေါ်မှာတင် ခြေရင်းခေါင်းရင်းနဲ့ လှဲစက် ခွင့်ရသည်။
 “သမီးကြီး အဖိုးကိုမမုန်းပါနဲ့။ ဖေဖေမ၇ှိရင်လည်း အဖိုးကိုတွေ့ဖြစ်အောင်တွေ့ပါ။ “ဖေဖေ ဆုံးခါနီးသူမကိုအိမ်ရှေ့မှာထိုင်ရင်းပြောခဲ့ဖူးသည်။

ဖေဖေ ကျေနပ်မယ်လို့သူမယုံကြည်သည်။နောက်နှစ် ဒီလို အချိန်မှာ သူမ ညီမလေးကိုပါ ခေါ်ပြီး အဖိုးကိုနောက်တစ်ခေါက်တွေ့နိုင်ဖို့လာဦးမည်။

ဒီတစ်ခေါက်တော့ ဖေဖေ နဲ့မေမေအုတ်ဂူရှေ့မှာ သူမ မငိုဖြစ်။
သူမရင်ထဲမှာတစ်စုံတရာကျေနပ်မှု ကပြည့်နှက်နေသောကြောင့်ဖြစ်သည်။
ဖေဖေနဲ့မေမေသည်ရာသာဂေါင်းသုသာန်ထဲ က ပိတောက်ပင်ပုလေးအောက် မှာလှဲလှောင်းကာ တိတ်တဆိတ်စွာကျန်ရစ်ခဲ့သည်။
………………………………………………………………………………………………………………………………………
အထက ၁ မြစ်ကြီးနား
သူမ အတွက်တော့အချိုမြိန်ဆုံးအချိန်တွေ အပျော်၇ွှင်ဆုံး အချိန်တွေ
ဒီကျောင်းတော်ကြီးထဲမှာဖြတ်သန်းခဲ့ရသည်။
ဒီကျောင်းထဲမှာ သူမကိုမှတ်မိသူ တစ်ယောက်လောက် တောင် မရှိတော့မှာကို သူမ သိသည်။

သူမတို့ရဲ့ရင်ခွင်သူမတို့ ရဲ့နားခိုရာကျောင်းတော်ကြီးသည် အရင်လို ပဲ ရှိနေဆဲ။
၆တန်းနှစ်ကအဆောင်ဟောင်းကြီး မှာစာသင်ရတုန်းက သူမတို့ အေခန်း တခြမ်းပြိုကျသွားခဲ့သည်။ အဲဒီအချိန်က သူမ က အိမ်သာကိုသွားနေချိန်မို့ အန္တရာယ်က လွတ်သွားခဲ့သည်။
အချို့သူငယ်ချင်းတွေပွန်းပဲ့ ဆေးရုံရောက်သွားခဲ့ဖူးသည်။

၈တန်းနှစ်ရောက်တော့သူငယ်ချင်းတစ်ဦးကို ရထားလမ်းမမှာကြိုးနဲ့ ချည်ထားတာကိုခံရပြီးသေဆုံးသွားခဲ့ဖူးသည်။
အလွန် ကိုနာမည်ကြီးခဲ့တာထိုသူငယ်ချင်းမှာ သူမနဲ့ ဘေးချင်းကပ်ထိုင်သူဖြစ်တာကြောင့်ကျောင်းမတတ်ရဲအောင်ကြောက်လန့်ခဲ့ဖူးသည်။
ကျောင်းရှေ့ကမြက်ခင်းပြင်သည် သူမတို့ ရဲ့ လှဲလျောင်းရာ သူမတို့ က ပြေးကစားရာ ဘောလုံးကန်တဲ့သူငယ်ချင်းတွေကို အော်ဟစ်အားပေးရာနေရာ ဖြစ်ခဲ့သည်။
ကျောင်းသား ဘ၀တွေသည်အချိုမြိန်ဆုံး အပျော်ရွင်ဆုံး အဖြူစင်ဆုံး အတိတ်ကာလတွေပင်ဖြစ်သည်။
……………………………………………………………………………………………………………………………………
ဒီညသည် သူမနဲ့ အဖိုးဆီမှာ နေထိုင်တာ ပထမဆုံးညနှင့် နောက်ဆုံးညဖြစ်သည်။
မနက်ဖြန်သူမရန်ကုန်ကိုပြန်ရတော့မည်။
ကောင်းကင်တစ်ခုံးကြယ်တစ်လုံးစ နှစ်လုံးက တွေ့မြင်ရသည်။ ဆွေမျိုးပေါင်း ငါးဆယ်နီးပါးသည်အဖိုးနေထိုင်တဲ့ အိမ်ရှေ့ ကွက်လပ်မှာ ညစာ ထမင်းစားကာ သူမနဲ့ မိတ်ဆက်ကျခဲ့ကြသည်။

ခွန်အောင်သမီးကြီးကခွန်အောင် နဲ့သိပ်တူတာပဲလို့ အဒေါ်တစ်ယောက် ကပြောရင်းသူမကို ဖက် လိုက်သည်။
အဖိုးက သူမနေတတ်ပဲနေဦးမယ်။ နင်တို့ကလေးကို အတင်း မဖက်နဲ့လေလို့ပြောလိုက်သည်။
သူမရယ်ကာ အဒေါ်တွေကိုလိုက် ဖက်ရင်း မဟုတ်တာ အဘိုးကလည်းလို့ပြန်ပြောလိုက်သည်
အဒေါ်ငယ်က အဖိုးလို့မခေါ်နဲ့ ဂျင်ဒွဲလို့ခေါ်ရတယ်။ နောက်မှသင်ရဦးမယ်။လို့ပြောသည်။
အမျိုးတွေအကုန်ပြန်သွားတော့ အဖိုးက မနက်ကထိုင်ခဲ့သည် ၀ါးခုံမှာထိုင်သည် သူမက အဘိုးဘေးမြေကြီးပေါ်မှာပဲထိုင်ချလိုက်သည်။

ခုံတန်းပေါ်တင်ထားသည့်အဖိုးလက်ကို လှမ်းကိုင်ထားတော့ အဖိုးပြုံးနေသည်။
အမှောင်ထဲအဖိုးမျက်နှာကို သေသေချာချာ မမြင်ရပေမယ့် သူမသိသည်။
အဖိုးက သူမကိုဘက်ကိုလှည့်ကာ
ခွန်နော လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က အပါးမှား ခဲ့တဲ့ အမှားကို ထပ်မမှားဘူးလို့ ကတိပေးနိုင်မလားလို့ပြောသည်။
အဖိုး ဘာကိုဆိုလိုသည်ကိုသူမသိသည်။


သူမနဲ့အဖိုးကြားတစ်ခုတည်းသော သဘောထားကွဲလွဲစရာဖြစ်နိုင်သည်ဟု သူမ မသွားခင်တည်းကကြိုတွေးပြီးသားဖြစ်သည်။
သူမက ပေါ့ပေါ့ပါးပါးပင်ခေါင်းညိမ့်လိုက်သည်။

အဖိုးအခုဆိုရင်၈၀ကျော်ပြီ နောက်ထပ် သူ အသက်ရှင် ရမယ့် နှစ်ဘယ်လောက်ကျန် သည်ဆိုတာကိုဘုရားမှသိပေလိမ့်မည်။
အဖိုး ဆီ သူမ မလာခင် ကြိုတွေးခဲ့သော တောင်းဆို မှု တစ်ခု ကို အဖိုး မတောင်းဆိုခဲ့…။
အဲလို တောင်းဆို ခဲ့ရင်ဖေဖေလိုပဲ သူမ က အဖိုးကို ဒီနေရာမှာပဲ ကျောခိုင်းသွားလိမ့်မည်ဟု တွေးထင်နေပုံရသည်။
ကောင်းကင် ကကြယ်လေးတစ်လုံး သည် ပိုမို လင်းလက်လာတယ်လို့ သူမ စိတ်ထဲမှာ ထင်လိုက်မိသည်။
……………………………………………………………………………………………………………………………………….
မနေ့ကအဖိုးပေးလိုက်တဲ့စာရွက်လေး ရှိမရှိ သူမ ပိုက်ဆံကို ထပ်ပြီးစစ်ဆေးလိုက်သည်။
သူမ ဘယ်သွားသွားပါတတ်သောကျောပိုးအိတ်ကို ဆွဲယူလိုက်သည်။

အဖိုးကသူမဘေးနားမှာတည်ငြိမ်စွာရပ်နေသည်။
သူမက အဖိုးသွားပြီနော်စာရေးမယ်နော် နောက်နှစ် အငယ်မကို ခေါ်ခဲ့မယ်နော်လို့ပြောတော့

အဖိုးက သူမ လက်ကိုလှမ်းဆွဲထားသည်။ တသက် လုံးတောင်ယာစိုက်ခဲ့သောအဖိုးလက်တွေက သန်မာဆဲဖြစ်သည်။နှစ်မိနစ်လောက်ကြာတော့ သူမ လက်တွေကို အဖိုး လွတ်ပေးလိုက်သည်။
ကျောခိုင်း ခဲ့ရသူကျန်ရစ်ခဲ့သူ ရ ဘယ်သူ ၀မ်းနည်းပို ၀မ်းနည်းလဲမေးစရာမလို။
အဖိုးနဲ့ထပ်တူ သူမလည်းဝမ်းနည်းနေခဲ့သည်။

ပါးပြင်ပေါ်ကိုမျက်ရည်ကျမလာဖို့ ခေါင်းကို မော့ထားလိုက်သည်။ ပြာလွင်လွင် ကောင်းကင်ကြီး မှာ တိမ်အနည်းငယ်သာရှိသည်။

ကောင်းကင်ကြီးကလှလိုက်တာ။ အ၀ါရောင် ပွင့်တွေ ကြွေ နေတဲ့ မုန့်ညင်းခင်းတွေကြား သူမဖြတ်လျောက်ခဲ့သည်။
ကောင်းကင် ပြာပြာမုန့်ညင်းခင်းစိမ်းစိမ်း ပန်းဝါ၀ါတွေသည် သူမကို နောက်တစ်ခေါက်ပြန် လာဖို့ပြောနေသယောင်ပင်ဖြစ်သည်။

ဒီတစ်ရက်ခွဲသည် ၂၄နှစ်စာနားလည်မှုလွဲ ခဲ့သည့်  တံတိုင်းကြီးကိုဖြီုချနိုင်ခဲ့ပြီး တန်ဖိုးမဖြတ်နိုင်သောချစ်ခြင်းမေတ္တာ တံတိုင်းတစ်ခု တည်ဆောက်နိုင်ခဲ့ဖြစ်ကြောင်းသူမယုံကြည်မိပါသည်။

No comments:

Post a Comment