May 05, 2013

ခေတ်သစ် ငရဲခွေးကြီး လွတ်နေပြီ - နေထွန်းနိုင်





ဒေါက်တာဆိတ်ဖွားနဲ့ လဒူမောင်ကာလုက ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အဆင့်မြင့် အရာရှိကြီးတစ်ယောက်ဖြစ်တယ်၊သူတို့ဟာ လူတစ်ဦးတစ်ယောက်မဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းအလဲဗင်းဂျာနယ်မှာ ရေးသားထားပါတယ်။ ဒေါက်တာဆိတ်ဖွား ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်အရေးယူခြင်းမပြုရဲတာကို ထောက်ရှုခြင်းအားဖြင့် လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ လှုံ့ဆော်မှုတွေထဲမှာ အစိုးရထဲက အကောင်ကြီးကြီးတွေလည်း ပါဝင်ပတ်သတ်နေတယ်ဆိုတာ ပိုပြီးထင်ရှားလာနေပါတယ်။

ခေတ်သစ် ငရဲခွေးကြီး လွတ်နေပြီ
နေထွန်းနိုင် (Eleven News စာမျက်နှာမှ ကူးယူဖော်ပြသည်)

(၁)
၁၉၃၆ ခုနှစ် ဇန်န၀ါရီလ။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းက တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်း၊ အင်္ဂလိပ်ပိုင်းကဏ္ဍမှာ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ ''ငရဲခွေးကြီးလွတ်နေပြီ''။ အဲဒီအချိန်တုန်းက တက္ကသိုလ် အာဏာပိုင် မျက်နှာဖြူတွေကို အမျက်ဒေါသ ထွက်စေခဲ့တဲ့ ဆောင်းပါးဖြစ်ခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ကျောင်းသား ကိုညိုမြက ယမမင်း ကလောင်နဲ့ ရေးခဲ့တဲ့ ဒီဆောင်းပါးကို အကြောင်းပြုပြီး ကိုအောင်ဆန်းကို ကျောင်းထုတ်ခဲ့ရာကနေ ဒုတိယအကြိမ် ပြည်လုံးကျွတ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ 
ဒီနေ့အချိန်မှာလည်း တရား မျှတမှုနဲ့ အမှန်တရားကို ဖော်ထုတ်ရမယ့် ကိစ္စရပ်တွေ ရှိလာခဲ့ပါပြီ။ လူတစ်ဦးတစ်ယောက်(သို့မဟုတ်) လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံကို သွေးချောင်းစီးစေမယ့် အခြေအနေကို တွန်းပို့နေပါတယ်။ ဒီလူတွေမှာ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုတဲ့ စိတ်ဓာတ်တွေ ပြည့်နှက်နေပြီး သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက ယခင်စစ်အစိုးရ အုပ်ချုပ်ယန္တရား လည်ပတ်ခဲ့စဉ်က ကျင့်သုံးခဲ့တဲ့ လုပ်နည်းလုပ်ငန်းတွေနဲ့ တူညီနေပါတယ်။
အရေးယူမယ့်သူမရှိ လက်ရဲ ဇက်ရဲနိုင်တဲ့ သူတွေရဲ့ အနေအထားက ''ခေတ်သစ် ငရဲခွေးကြီး လွတ်နေပြီ''ဆိုတဲ့ အနေအထားပါပဲ။
(၂)
ဆက်သွယ်ရေး မြန်ဆန်လာမှု၊ အင်တာနက်ကို အသုံးပြုပြီး အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုသူတွေရဲ့ ၀ါဒဖြန့်ချိရေး ပုံစံတွေဟာ ပြောင်းလဲလာပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာ အင်အား အလုံးအရင်းနဲ့ ၀င်ရောက်နေရာယူပြီး လိုချင်တဲ့ ပစ်မှတ်ကို ရအောင်ဖန်တီး လုပ်ဆောင်လာကြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်တာကာလက စတင်ပြင်ဆင်ခဲ့တဲ့ ဒီလူတွေ ခြေလှမ်းဟာ အခုချိန်မှာ အတော်လေး ခရီးပေါက်နေခဲ့ပါပြီ။ ဒီလူတွေဟာ အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကတစ်ဆင့် လူထုကြားကို ကျယ်ပြန့်စွာနဲ့ ၀င်ရောက်နေရာယူပြီး သွေးထိုးလှုံ့ဆော်မှုတွေကို လုပ်ဆောင်လာခဲ့ကြပါတယ်။
(၃)
ဒေါက်တာဆိတ်ဖွား ရေးသားချက်ကို ဖော်ထုတ်ရေးအတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင်က ခေါ်ယူမေးမြန်းခံရတဲ့ လူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်။ နေပြည်တော်မှာ သွားရောက် စစ်ဆေးခံခဲ့ပါတယ်။ ရက်ရှည်လများ အချိန်ယူ စုဆောင်းပြီး ကျွန်တော် သိရှိထားတဲ့ အချက်အလက်တွေကို စုံစမ်းရေး ကော်မရှင်ကို ပြောခဲ့ပါတယ်။ ဒီအချိန်တည်းက ဒေါက်တာဆိတ်ဖွားဟာ တစ်ဦးထက်မက ဖြစ်တယ်ဆိုတာကို ပြောဆိုခဲ့ပြီးသားပါ။ ဒေါက်တာဆိတ်ဖွားရဲ့ နောက်ကွယ်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ခိုင်ခိုင်မာမာနဲ့ ရှိနိုင်တဲ့ အချက်တွေကိုလည်း ပြောခဲ့ပါတယ်။
အံ့သြစရာ ကောင်းတာက ဒေါက်တာဆိတ်ဖွား ဒါမှမဟုတ် ဒေါက်တာဆိတ်ဖွားအဖွဲ့ ဦးဆောင်သူကို စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်တွေက သိနေတဲ့ အချက်ပါပဲ။ ကျွန်တော်ရရှိထားတဲ့ အချက်အလက်တွေအရ ဆိတ်ဖွားဟာ ဘယ်သူ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဆိတ်ဖွားနဲ့ ဌာနတစ်ခုတည်း အလုပ်တွဲလုပ်ခဲ့တဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဒါကို ထောက်ခံပြီး ဟုတ်တယ်လို့ ပြောပါတယ်။
နောက်တစ်ချက်ကတော့ ဒေါက်တာဆိတ်ဖွားသုံးတဲ့ IP လိပ်စာကို အဲဒီအချိန်ကတည်းက လွှတ်တော်က ရရှိထားပြီး ဖြစ်နေလို့ပါ။ ဒီအချက်တွေကြောင့် ''ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီ'' လို့ စုံစမ်းရေး ကော်မရှင်တွေ ပြောတာကို ကျွန်တော်က အံ့သြခြင်း မရှိပါဘူး။ သေချာတာကတော့ ဆိတ်ဖွားကို ဖော်ထုတ်ခြင်းဟာ လူတစ်ဦးရဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို ထိပါးတာ မဟုတ်ဘဲ သူ့နောက်မှာရှိနေတဲ့ အဖွဲ့ရဲ့ လုပ်ရပ်ကို ဖွင့်ထုတ်လိုခြင်း ဖြစ်ပါတယ်။
(၄)
ဆိတ်ဖွားအနေနဲ့ သူ့ကိုလွှတ်တော်က ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ ဖော်ထုတ်နိုင်ရင်လည်း ထုတ်ပြောဝံ့မှာ မဟုတ်ဘူးလို့ ယူဆထားပုံပါပဲ။ ဆိတ်ဖွား မတိုင်ခင်က အသုံးပြုခဲ့တဲ့ စစ်အောင်ဆိုတဲ့ Facebook Account ကို ပိတ်လိုက်သလို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံ ရေးသားနေတဲ့ Voice of Myanmar ဘလော့ဂ်မှာလည်း အသစ်ရေးသားခြင်း မပြုတော့ပါဘူး။ ဒါပေမဲ့ အခြားတစ်နေရာမှာ နာမည်တစ်ခုနဲ့ ထပ်ပေါ်လာပါတယ်။ အဲဒီလူက ''လူထုမောင်ကာဠု'' ဆိုတဲ့ Facebook Page ဖြစ်ပါတယ်။
စာရေးတဲ့လူတွေဟာ ကိုယ်ရဲ့ စာရေးဟန်ကို အလုံးစုံ မပြောင်းလဲ နိုင်ကြပါဘူး။ ဘယ်လိုနာမည်တွေ သုံးပြီး ရေးသည် ဖြစ်စေ ကာလ ကြာလာတာနဲ့အမျှ မူလရေးဟန်ကို သွေဖယ်နိုင်မှာ မဟုတ်ဘူး။ စာရေးတဲ့တိုင်း သိကြပါတယ် လူထုမောင်ကာဠုကို စောင့်ကြည့် လေ့လာမှုတွေအရ သူရဲ့ရေးဟန်တွေဟာ စစ်အောင်၊ ဆိတ်ဖွား စတဲ့သူတွေရဲ့ ရေးဟန်နဲ့ တဖြည်းဖြည်း တူလာတာကို တွေ့ရပါတယ်။
ဆိတ်ဖွားနဲ့ လူထုမောင်ကာဠုဟာ စစ်တပ်နဲ့ သူတို့လူ တစ်ချို့ကိုသာ ချီးမြှောက်ပြီး ဒီမိုကရေစီ လမ်းသွားမယ့် သူတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုသူ ၀ါဒဖြန့်ချိရေး သမားတွေရဲ့ လုပ်နည်း လုပ်ဟန်က လူမှုကွန်ရက် စာမျက်နှာတွေမှာ သူတို့ရဲ့ အဖွဲ့ဝင်တွေ အင်အားကောင်းလာအောင် ပထမဆုံး လုပ်ဆောင်ပါတယ်။ ဒုတိယဆင့်အနေနဲ့ သူတို့ရေးသားမှုတွေအောက်မှာ ဘယ်သူမဆို ၀င်ရောက် မှတ်ချက် ပေးနိုင်အောင် လုပ်ပါတယ်။ တတိယဆင့်မှာတော့ သူတို့ရေးသားမှုကို သူတို့ရဲ့ အဖွဲ့ဝင်တွေ ၀င်ရောက် မှတ်ချက်ရေးစေပြီး ထောက်ခံမှု ရေးသားစေပါတယ်။ ဒီနောက်မှာ တစ်ဆင့် ဖြန့်ဖြူးကြတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့သူတို့ရဲ့ ၀ါဒ ဖြန့်ချိ သွေးထိုးမှုတွေကို ကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။
(၅)
လူထု မောင်ကာဠုကို လူမှုကွန်ရက်သုံးတဲ့ လူတွေ သိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူထုထောက်ခံမှု ရရှိနေတဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေကို နည်းမျိုးစုံသုံး ပုတ်ခတ် တိုက်ခိုက်တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာ ဖြစ်ပါတယ်။ သာကေတ ဗလီကိစ္စမှာလည်း လူထုမောင်ကာဠုနဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေက လှုံ့ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီလိုပါပဲ။ မိထ္တီလာဖြစ်ရပ် မတိုင်ခင်မှာလည်း အကြိုလှုံ့ဆော်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်မှာ အစ္စလာမ်မုန်းတီးရေးကို အခြေခံပြီး မြန်မာတိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံတွင်းနေ မြန်မာမွတ်စလင်တွေအကြား ရန်တိုက်ပေးမှုတွေကို ဆက်တိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အဆိုးဆုံးကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများဆုံး ရနိုင်ချေရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မွတ်စလင်ပါတီလို့ ပုတ်ခတ်ပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
(၆)
ရခိုင်ပဋိပက္ခ မကျယ်ပြန့်ခင် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့တဲ့ ''မွတ်စလင်ကုလား'' ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုတွေ မရှိသေးပါဘူး။ အစိုးရသတင်းစဉ် အနေနဲ့ ''မွတ်စလင်ကုလား'' ဆိုတဲ့ အသုံးအနှုန်းကို အထက်လူကြီးရဲ့ အမိန့်မရဘဲ ထည့်ခွင့် မရှိဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ ဒီနောက်ကွယ်မှာ ဘယ်သူက အမိန့်ပေး စေခိုင်းသလဲ ဆိုတာကို ထုတ်ဖော်ပြောဆိုတာလည်း မရှိသေးပါဘူး။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားဆိုတာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အဆင့်မြင့် အရာရှိပဲ ဖြစ်တယ်လို့ သူနဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးသူ လွှတ်တော်အမတ်က စုံစမ်းရေး ကော်မရှင်မှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တာ၊ သာမန်လူတွေ မရနိုင်တဲ့ သတင်းတွေကို လူထုမောင်ကာဠု စာမျက်မှာ အချိန်နဲ့ တစ်ပြေးညီတင်ပြီး လှုံ့ဆော်မှု ပြုနိုင်တာတွေက သံသယ ဖြစ်စရာတွေပါ။ သွေးထိုးလှုံ့ဆော်မှုတွေကို လုပ်ဆောင်နေသူတွေ သုံးတဲ့ ကလောင်နာမည်တွေကလည်း စစ်အစိုးရလက်ထက် နိုင်ငံပိုင် သတင်းစာတွေမှာ သုံးစွဲခဲ့တဲ့ ကလောင်အမည် ပေးပုံတွေနဲ့ ဆင်တူနေပါတယ်။
(၇)
အခုချိန်မှာတော့ ဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီလို့ စုံစမ်းရေး ကော်မရှင်က ပြောထားပါတယ်။ ဆိတ်ဖွားဆိုသူနဲ့ သူ့နောက်မှာ ရှိနေသူတွေကို လွှတ်တော်က အရေးယူမလား။ အစိုးရက အရေးယူမလား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဆိတ်ဖွားနဲ့ စပ်ဆက်ပြီး ပေါ်ပေါက်လာတဲ့ လူထုမောင်ကာဠုနဲ့ သူ့နောက်မှာ ရှိနေသူတွေကိုလည်း ဖော်ထုတ်အရေးယူဖို့ လိုအပ်လာပါပြီ။ ဒီလို ဖော်ထုတ်အရေးယူမှလည်း ပြည်သူတွေအတွက် အမှန်တရားနဲ့ မတရားမှုတွေကို ခံစားခဲ့ရတဲ့ မြန်မာ မွတ်စလင်တွေအတွက် မျှတမှုပေးရာ ရောက်ပါတယ်။
အကယ်၍ လွှတ်တော်က အရေးမယူခဲ့ဘူး။ အစိုးရက အရေးမယူခဲ့ဘူးဆိုရင် တရားမျှတမှုကို လိုလားသူတွေက နိုင်ငံတကာကို ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်သလို International Criminal Court (ICC)၊ အခြားသော UN အဖွဲ့အစည်းတွေကို တိုင်ကြားပါလိမ့်မယ်။ နိုင်ငံတကာ တရားရုံးတွေ အနေနဲ့ Facebook အသုံးပြုသူရဲ့ IP၊ မေးလ်လိပ်စာတွေကို တောင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူးဆိုတာ လူထုမောင်ကာဠုသိဖို့ လိုပါတယ်။
လှုံ့ဆော်မှုတွေရဲ့ အဓိက တရားခံဟာ ဦးဝီရသူလို ဗုဒ္ဓဘာသာ သံဃာတော်တွေကြောင့် မဟုတ်ပါဘူး။ ၉၆၉ လှုပ်ရှားမှုတွေကြောင့်လည်း မဟုတ်ပါဘူး။ ဒေါက်တာဆိတ်ဖွားနဲ့ လူထုမောင်ကာဠုလို လူတွေ၊ သူတို့ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကိုဖော်ထုတ်ပြီး ရဲရဲဝံ့ဝံ့ ဖြေရှင်းရပါလိမ့်မယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ၂၀၁၅ခု နှစ် မတိုင်မီ အချိန်မှာပဲ ဘာသာရေး ပဋိပက္ခတွေကြောင့် သွေးချောင်းစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။
ခေတ်သစ်ငရဲခွေးကြီးကို ဖော်ထုတ်ပေးဖို့က လွှတ်တော်နဲ့ အစိုးရမှာ တာဝန်ရှိနေပါတယ်။ ကျွန်တော်ကတော့ လွှတ်တော်ရဲ့ စုံစမ်းရေး ကော်မရှင်ရှေ့မှာ ရဲရဲဝံ့ဝံ့ အစစ်ခံခဲ့သလို နိုင်ငံတကာ တရားရုံးရှေ့မှာလည်း ရဲရဲဝံ့ဝံ့ အစစ်ခံဖို့ အဆင်သင့်ပါပဲ။
 

No comments:

Post a Comment