March 16, 2014

ကချင်ပြည်နယ်မှာ ရွှေထွက်သောနေရာ ၁၅၀ ရှိသည်

Published on: March 15, 2014

Written by: 
မြေနီသစ္စာ
လွန်ခဲ့သော အနှစ် ၅၀ ကျော် ၁၉၆၁ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်နှင့်အတူ ကချင်ပြည်နယ်သို့ သတင်းစာတိုက်တာဝန်ဖြင့် ရောက်သွားဖူးသည်။ ရွှေဘယ်လောက်ပေါသည့် ဒေသမှန်းသိသာအောင် လက်ဖြင့် ဖမ်းယူရရှိသော ငါးကြင်းခေါင်းမှာပင်လျှင် ရွှေမှုန်ကလေးတွေ ကပ်ပါလာသည်။

ဤမျှ ရွှေပေါများသော ဒေသခံ ကချင်လူမျိုးအများစုတို့ ဘာကြောင့် ဆင်းရဲမွဲတေနေကြပါသနည်း။ အမေးရှိလျှင် အဖြေရှိရပေမည်။

၁၉၆၁ ခုနှစ် ဇွန် ၇ ရက် ဗုဒ္ဓဟူးနေ့ ခရီးအစပင်။ ကာကွယ်ရေးဝန်ကြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်နှင့် လိုက်ပါသတင်းယူရန် သတင်းစာတိုက် လေးတိုက်ကို ရွေးချယ်ခေါ်ယူသည်။ မြန်မာ့အလင်း၊ ပြည်ထောင်စု၊ အိုးဝေနှင့် အင်္ဂလိပ်သတင်းစာThe Nation တို့ဖြစ်သည်။ မြန်မာ့အလင်းက ကျွန်တော်၊ ပြည်ထောင်စုက ချောင်းဆုံအုန်းသွင် (ယခု) အသက် ၈၀ ကျော်၊ အိုးဝေက မောင်တုတ်ကြီး ခေါ် ဦးခင်မောင်ကြီး (ယခု ကွယ်လွန်၊ The Nation က(ယခင်-၁ သတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးအောင်ညွန့် ခေါ် စာရေးဆရာ ငှက်ကျား) ယခု ကွယ်လွန်တို့ ဖြစ်ကြသည်။

တရုတ်-မြန်မာ နယ်ခြားကိစ္စနှင့် မြန်မာဘက်က ဖိယော်၊ ဂေါ်လန်၊ ကန်ဖန်ရွာ သုံးရွာကို တရုတ်သို့ လွှဲပေးရသည်။ ယင်းရွာသုံးရွာနေသူတို့သည် မြန်မာ့မြေပေါ်တွင် ရွှေ့ပြောင်း နေရာချထားရသည်။ ယင်းနေရာချထားရေးကို တရုတ်-မြန်မာ နယ်ခြားကော်မတီဥက္ကဋ္ဌ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးအောင်က တာဝန်ယူရသည်။ ယင်းနေရာချထားရေး ကိစ္စအ၀၀ကို လိုက်ပါသတင်းယူရန် မိမိတို့ တာဝန်ကျ၍ လိုပါရခြင်းဖြစ်သည်။

VIP ၀န်ကြီးခရီး ဖြစ်သော်လည်း လေယာဉ်ပျံဟောင်း ဒါကိုတာနှင့် သွားရသည်။ စက်က သိပ်ကောင်း၍ လေယာဉ်က စိတ်ချရသည်။ မောင်းသူကလည်း လေယာဉ်လောက က လေးစားရသည့် နောင် လေတပ်ဦးစီးချုပ် ဖြစ်လာသည့် ဒုဗိုလ်မှူးကြီး သူရစောဖြူ၊ တွဲဖက်လေယာဉ်မှူးက နော်ပခရိုင် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ၀မောင်ထူး ဖြစ်လာသူပင်။

သုံးနာရီခန့် မရပ်မနားပင် မင်္ဂလာဒုံလေယာဉ်ကွင်းက မြစ်ကြီးနားလေယာဉ်ကွင်းသို့ ပျံသန်းရသည်။ မိုးဖွဲဖွဲအောက်မှာ မြစ်ကြီးနားသည် မှိုင်းပြာ မှုန်ရီနေ၏။ နံနက်စာကို မြစ်ကြီးနား သံတွဲမှာ စားကာ စားပြီးသည်နှင့် လမ်းမှာ စားသုံးရန် အဖျော်ယမကာကအစ စားစရာပြည့်စုံစွာထည့်လျက် မြစ်ကြီးနား နောက်ကြောင်း ၁၀၃ မိုင်ခရီးကို ဆက်၏။ ဟူးကောင်းတောင်ကြားကို ဖြတ်၍ ခရီးဆက်နေခြင်းပင်။

မိမိတို့ ခရီးစဉ်၏ စုရပ်က နောင်ဗိုလ်မှူးအောင်ရွာဖြစ်လာသည့် တနိုင်းမြို့နယ်ထဲက ရွာကလေးတစ်ရွာ ဖြစ်သည်။ ယင်းစခန်းပတ်ဝန်းကျင် နှစ်မိုင်ပတ်လည်မှာ ဗိုလ်မှူးအောင်ရွာ တည်သည်။ ရွှေ့ပြောင်းလာသူတို့ကို စားဝတ်နေရေး အစစအရာရာ ဖူလုံအောင် အစီအစဉ်ဖြင့် ရွာပါတည်ပေးရန် အစီအစဉ်ပင်။

ယခင်က ဟူးကောင်းတောင်ကြားကို ဖောက်လုပ်ထားသော လီဒိုလမ်းမကြီး ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း အတော်အတန် ပျက်စီးခဲ့သော်လည်း သုံးရသော ကျန်လမ်းပိုင်းနှင့် ပျက်စီးလမ်းပိုင်းတို့ကို သုံးရအောင် ပြင်ထား၍ ဤလမ်းကပင် ဆုံရပ် တနိုင်းမြို့နယ်ထဲသို့ ကားတို့ဖြင့် လာခဲ့ခြင်းဖြစ်၏။ လမ်းတွင် မြစ်ကြီးနားသား စာရေး ဆရာငှက်ကျားက ကုန်းမြင့်ဝါ၀ါတွေ လှမ်းမြင်တိုင်း အဲဒါရွှေထွက်တဲ့ နေရာတွေပဲဟု ပြော၏။ အပျော်အပြက်ပြောသည်ဟု ထင်၏။ ယင်းအထင်လွဲနေမှန်း ဆုံရပ်ရောက်ပြီးနောက် သိလာရ၏။

ဆုံရပ်မှာ ကချင်ပြည်နယ်တိုင်း မင်းကြီး ဦးလန်ဘဂရောင်း (ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ)၊ တွဲဖက်တိုင်းမင်းကြီး ဗိုလ်မှူးတင်အောင် (နောင် မြေကျေးရှင်း အမှုဆောင်ဒါရိုက်တာဖြစ်ပြီး ကားမှောက်ရင်း ကွယ်လွန်ခဲ့သူ) တို့ အပါအ၀င် ဌာနေသားချင်းတို့က လှိုက်လှဲစွာ ကြိုဆိုကြသည်။

မိမိတို့ ဆုံရပ်ရှေ့တွင် ၁၅ ပေ လောက်ကျယ်သော စမ်းချောင်းကလေး တစ်ခုရှိသည်။ အရှေ့ကနေ၍ အနောက်သို့ စီးဆင်းနေသည်။ ကချင်နှင့်လ၀မ် အမျိုးသား၊ အမျိုးသမီး ၁၅ ဦးခန့် ရွှေကျင်နေကြသည်။ စမ်းချောင်း အောက်ခြေမှာ ဖြူလွသော သဲပြင်ရှိသည်။ ရေက ကြည်လင်လွန်း၍ တိုးလျှိုပေါက်မြင်နေရသည်။ သဲထဲမှာ တောက်တောက်ပပ၊ ၀င်းဝင်းလက်လက်နှင့် ရွှေစ ရွှေပွင့်ကလေးတွေ။ ရွှေအမှုန် အစအနကလေးတို့သည် ရေစီးနေရာ ချောင်းထဲမှာ ဘယ်နေရာကြည့် ကြည့် သူတို့ရှိနေကြပေသည်။

ရွှေကျင်နေသူတို့ကို ကြည့်ရသည်မှာ စိတ်ဝင်စားဖို့ ကောင်းသည်။ နားနားနေနေ ဖြည်းဖြည်း အေးအေး ဆေးဆေး ကျင်နေကြခြင်း နားလိုက်၊ စားစရာ စားလိုက်၊ အဖန်ရေ သောက်လိုက်၊ စီးကရက်ဖွာလိုက်နှင့် ပင်ပန်းသည့်ဟန် မတွေ့ရ။ သာမန်အိမ်မှုကိစ္စတစ်ခုကို လုပ်နေကျအတိုင်း လုပ်နေသလိုပင် တွေ့မြင်ရသည်။

ရွှေကျင်သူတိုင်းသည် နှစ်နာရီနီးပါးမျှ ကျင်လိုက်ရုံနှင့် ရွှေတစ်ပဲသားတော့ အသာကလေးရ၏။ ရွှေတစ်မူးသားလောက်ရ ရန် မျှော်မှန်းထားသူတို့ခမျာ သုံးနာရီသာသာ အားစိုက်ခွန်စိုက် နည်းနည်းအပင်ပန်းခံ၍ ကျင်နေကြသည်။
အနှစ် ၅၀ အတွင်း ရွှေဈေး  အဆလေးထောင်လောက် တက်သွားသည်မှာလည်း စဉ်းစား၍ပင် မရပေ။ ဤမျှ ရွှေပေါများသော ဒေသခံ ကချင်လူမျိုးအများစုတို့ ဘာကြောင့် ဆင်းရဲမွဲတေ နေကြပါသနည်း။ အမေးရှိက အဖြေရှိရပေမည်။ ယင်းအဖြေကို ဖြေနိုင်သူတို့သည်ကား  .  .  
 
ထိုစဉ် ရွှေဈေးသည် ရွှေတစ်ကျပ်သား ကို ကျပ် ၁၈၀၊ ၂၀၀ ကြားလောက် ရှိ၏။ ရွှေတစ်ပဲသား ရသူသည်ပင် တစ်နေ့ကို ၀င် ငွေ ၁၂ ကျပ်လောက် ရှိ၏။ (ပြင်သစ်ဗိုလ်ဆင် ကော်ဖီသောက်၍ ရန်ကုန်တွင် မမြင်ရသော) ကက်ပစတန် စီးကရက် သောက်နိုင်ကြ၏။ ယခုခေတ် တစ်ကျပ်သား ခုနစ်သိန်းပေါက်ဈေးနှင့်ဆိုလျှင် နှစ်နာရီသာသာလုပ်ပါက ငွေလေးသောင်းခွဲ သက်သောင့်သက်သာရသည်ဟု ပြော၍ရသည့် အလုပ်ပင်။

မိမိက ရွှေမှုန်ရွှေစတွေကို စိတ်ဝင်စားသည်။ ယင်းကြောင့် ဦးလဘန်ဂရောင်းကို ရွှေအကြောင်း မေးကြည့်ရသည်။ “ကချင်ပြည်နယ်မှာ ရွှေထွက်တဲ့နေရာ ၁၅၀ ကျော် ရှိတယ်” ဟု ပြောပြသည်။ “အခု သတင်းစာဆရာတွေမြင်တဲ့ ဒီရွှေကျင်ချောင်းကလေးဟာ အလယ်အလတ် ရွှေမှုန်ရွှေစ ရှိတဲ့နေရာပါ။ တချို့နေရာမှာဆိုရင် တစ်နေ့လုံး ထမင်းစားပြီး တစ်ရေးအိပ်လိုက်ဦး အလုပ်ချိန် ခြောက်နာရီလောက်လုပ်လိုက်ရင် ရွှေတစ်မတ်သားက ငါးမူးသားထိ ရတဲ့နေရာတွေ ရှိတယ်”
ဦးလဘန်ဂရောင်း၏ ဖော်ထုတ်ပြောဆိုချက်တွေပင်။

“ရွှေထွက်တဲ့နေရာတွေ ဒါလောက်များတာတောင် လောဘနည်းတော့ သက်သောင့် သက်သာ စားနိုင်သောက်နိုင်ရုံပဲ လုပ်ကြတာ။ စက်မှုအင်အားနဲ့ ရှာမယ်ဆိုရင် လေး၊ ငါးကျပ်သား၊ ၁၀ သားရှိတဲ့ ရွှေတုံးတွေ ရလာနိုင်တယ်” ဟု မြစ်ကြီးနားသားကြီး ငှက်ကျားက ၀င်ဖြည့်ပြော၏။

“တိုင်းပြည်အေးချမ်းသာယာရင် ကချင်တွေဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး ဖြစ်လိမ့်မယ်” ဟု ဗိုလ်မှူးတင်အောင်ကလည်း သုံးသပ်ဆင်ခြင်သည့် အမြင်ဖြင့် တင်ပြ၏။

ထိုအချိန်က KIO , KIA  ခေါ် ကချင်အမျိုးသားလက်နက်ကိုင်အဖွဲ့ ရှိနေပြီး ၁၉၆၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ ဦးနု နိုင်တော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသည်။ ယင်းမှာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြသော ကချင်လူငယ်တို့ တောခိုလျက် လက်နက်ကိုင်ကာ KIO, KIA ပေါ်ပေါက်လာခြင်းပင်။

ထိုအချိန်က ရွှေဘယ်လောက် ကျင်နိုင်မလဲ၊ ဘယ်လောက်ရအောင် ရှာနိုင်မလဲ၊ အသင့်စောင့်ဝယ်သူတို့ အဆင်သင့်ရှိနေ၏။ သူတို့ကိုကြည့်ရင်း ကြည်နူးရ၏။ တကယ်ပင် မုဒိတာပွားရလေသည်။ အနှစ် ၅၀ အတွင်း ရွှေဈေးအဆလေးထောင်လောက် တက်သွားသည်မှာလည်း စဉ်းစား၍ပင် မရပေ။

ဤမျှ ရွှေပေါများသော ဒေသခံ ကချင်လူမျိုးအများစုတို့ ဘာကြောင့် ဆင်းရဲမွဲတေနေကြပါသနည်း။ အမေးရှိက အဖြေရှိရပေမည်။ ယင်းအဖြေကို ဖြေနိုင်သူတို့သည်ကား နိုင်ငံတော်အစိုးရနှင့် KIO, KIA တို့ပင်။
- See more at: http://news-eleven.com/

No comments:

Post a Comment