October 24, 2015

သစ် အများဆုံး ခုတ်ခွင့်ရတဲ့ ကုမ္ပဏီ ၁၀ ခု (သစ်တောပြုန်းတီး ရေကြီးစေသူများ)



တစ်တိုင်းပြည်လုံး စုံးစုံးမြုပ်အောင် နှစ်နေကြသလား  Written by - မာန်သူရှိန်
မကြာသေးခင်ကမှ လယ်သူမကြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့တယ်။ အကြောင်းရင်းက မြောက်ဦး မြို့နယ်ထဲမှာ ရေကြီးပြီးတဲ့နောက် လယ်ပြန်စိုက်တာ ဘယ်လိုစိုက်စိုက် မအောင်မြင်လို့ စိတ်ဓာတ်ကျပြီး ကြံမိခဲ့တာ။
အဲဒီလယ်သူမကြီးလိုပဲ ရေကြီးပြီးတဲ့နောက် ငါးပေထုလောက်ရှိတဲ့ သဲဖုံးလွှမ်း ခံလိုက်ရလို့ လယ်တွေလုံးဝ ပြန်စိုက်မရ၊ ပျက်စီး၊ နွံထုကြီး ဖုံးလွှမ်းလို့ လယ်တွေပျက်စီးပြီး ဘယ်သူ့ကိုမှ တိုင်တည်လို့မရဘဲ ဆုံးရှုံးမှုကို အံကြိတ် လက်ခံလိုက်ရသူတွေ ဒုနဲ့ဒေးပါပဲ။
ဒီလိုရေကြီး မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းမှာ လူပေါင်း ၁၂၂ ဦး သေဆုံးခဲ့ရတယ်။ လယ်ဧကပေါင်းက ရှစ်သိန်းကျော် လုံးဝ ပျက်စီးသွားခဲ့တယ်။ တောင်သူတစ်ဦးကို ပျမ်းမျှ ၂၅ ဧက လုပ်ကိုင်တယ်ထားဦး။ တောင်သူမိသားစုပေါင်း ၃၂၀၀၀ ကျော် ဆုံးရှုံးမှုတွေနဲ့ ကြုံလိုက်ရတာပါ။
စီးပွားရေးအရ ဆုံးရှုံးရတဲ့ တန်ဖိုးက ကျပ် ၁၇၄ ဘီလျံအထိ ရှိခဲ့တယ်။ ထိခိုက်ခဲ့တဲ့ အိမ်ခြေက ၄၇၆၂၄၂ ရှိတယ်။ အဲဒီထဲမှာ အိမ်ခြေ ၁၇၇၆၄ က လုံးဝပျက်စီးသွားပါ သေးတယ်လို့ အစိုးရက ထုတ်ပြန်ထားတယ်။
တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ပြည်သူတွေ သဘာဝဘေးသင့် ခံနေရတာ လတ်လတ်ဆတ်ဆတ်ကြီး ရှိနေပါသေးတယ်။
ဒါဟာ ၁၅ နှစ်အတွင်း သစ်အပင်ပေါင်း ၁၅ သန်းကနေ သန်း ၃၀ ကြားအထိ (ခန့်မှန်း) ခုတ်ယူခဲ့လို့ သစ်တောပြုန်းတီး သွားတာနဲ့ အများကြီး ဆက်စပ်တယ်ဆိုတာ ပညာရှင်တွေလည်း ထုတ်ဖော်ပြောပြ ပြီးသားပါ။
ဒါပေမဲ့ သစ်ခုတ်တဲ့ ကုမ္ပဏီတွေနဲ့ သစ်ခုတ်ခွင့် ချပေးသူတွေကတော့ လက်တွန့်မသွားဘဲ ခုတ်မြဲခုတ် ထုတ်မြဲထုတ်ဖို့ စီစဉ်နေကြတုန်းပါ။ ဒီနှစ်တစ်နှစ်တည်း အတွက် ကျွန်းနဲ့ သစ်မာတန်ချိန်ပေါင်း ခုနစ်သိန်းကျော်ကို ထုတ်ခွင့်ပြုလိုက်တယ်။
ဒီတော့ တရုတ်ကခိုးလိုက် ပြည်တွင်းက ခုတ်လိုက်နဲ့ သစ်တောပြုန်းပြီး ရာသီဖောက်ပြန်တဲ့ဒဏ်ကို ဒီလောက် ပြည်သူတွေ ခံစားနေရတာကို တွေ့နေလျက်နဲ့ နောင်တမရနိုင်ဘဲ သစ်ခုတ်ခွင့် ထပ်ပေးတယ်ဆိုတော့ တစ်တိုင်းပြည်လုံးကို ရေအောက် မြေအောက် စုန်းစုန်းမြုပ်အောင် လုပ်နေကြသလား၊ နှစ်နေကြသလားလို့ သစ်ခုတ်ခွင့် ပေးတဲ့သူတွေ၊ ခုတ်တဲ့ လုပ်ငန်းရှင်တွေကို မေးရတော့မှာပါ။

■ လက်သံပြောင်လွန်းတယ်
အစိုးရသစ် ပထမဆုံး တာဝန်ယူတဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ကျွန်းနဲ့ သစ်မာ တန်ချိန်ပေါင်း ၂၄ သိန်းနီးပါး ထုတ်ခွင့်ပြုပေးခဲ့တယ်။ အစိုးရသစ်ရဲ့ ဒုတိယနှစ်မှာ တန်ချိန်ပေါင်း ၁၇ သိန်းနီးပါး ထုတ်ခွင့်ပေးခဲ့တယ်။
အစိုးရသစ်ရဲ့ တတိယနှစ်မှာ တန်ချိန်ပေါင်း ၁၀ သိန်းနီးပါးကို ထုတ်ခွင့်ပေးခဲ့တယ်။
အစိုးရသစ်ရဲ့ စတုတ္ထနှစ် သက်တမ်းမှာ တန်ချိန်ပေါင်း ခုနစ်သိန်းကျော်ကို ထုတ်ခွင့်ပေးခဲ့တယ်။ တိတိကျကျဆိုရင် တန်ချိန် ၇၂၀၀၀၀ ထုတ်ခွင့် ပေးခဲ့ပါတယ်။
အစိုးရသစ် ငါးနှစ်သက်တမ်းရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ အခု ဘဏ္ဍာနှစ်မှာ ကျွန်းနဲ့ သစ်မာ တန်ချိန်ပေါင်း ၇၃၀၀၀၀ ကို ထုတ်ခွင့်ပေးထားပါတယ်။
အဲဒီအတွက် အစိုးရသစ်လက်ထက် ငါးနှစ်အတွင်းမှာ သစ်တန်ချိန်ပေါင်း ၆၄ သိန်းကျော်အထိ ထုတ်ခွင့်ပေးခဲ့တာပါ။ (ယခုနှစ်အတွက် တန်ချိန် ခုနစ်သိန်းကျော်ထဲမှ ရေကြီးသည့် ဒေသများ၌ အကုန်မထုတ်နိုင်ဟု သိရ)
ဒီနေရာမှာ ပြောစရာရှိတာက အရင်အစိုးရ လက်ထက်က ၁၀ စုနှစ် တစ်စုအတွင်း သစ်ထုတ်ခဲ့တာမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် ကတစ်နှစ်တည်းနဲ့ တန်ချိန် ၁၆၅၀၀၀၀ နီးပါးကို စံချိန်တင် ထုတ်ခွင့်ပေးခဲ့ပါတယ်။
အခု ဒီမိုကရေစီ အစိုးရ လက်ထက်မှာတော့ အစိုးရသစ် စတက်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာပဲ တစ်နှစ်တည်းနဲ့ ကျွန်း၊ သစ် မာတန်ချိန် စုစုပေါင်း ၂၄ သိန်းနီးပါးအထိ ခုတ်ခွင့်ပေးလိုက်ပြီး အရင်အစိုးရ လက်ထက်က စံချိန်ကို ချိုးဖျက်လိုက်ပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာလည်း တန်ချိန်ပေါင်း ၁၆၆၀၅၀၀ အထိ ထပ်ထုတ်ခွင့် ပေးတဲ့အတွက် အရင်အစိုးရ လက်ထက်က စံချိန်တင် ခွင့်ပြုပေးတဲ့ ပမာဏထက်ပိုပြီး ပေးလိုက်ပြန်ပါတယ်။
ပြောရရင်တော့ တရားဝင်သစ်ခုတ်ခွင့် ချပေးတဲ့ နေရာမှာတော့ အရင်အစိုးရထက် အခုအစိုးရက လက်သံပိုပြောင်တယ်လို့ ပြောရမလို ဖြစ်နေပါတယ်။
အရင်အစိုးရ လက်ထက်က ၁၀ နှစ်နဲ့ အခုအစိုးရ လက်ထက်က ငါးနှစ်စုစုပေါင်း ၁၅ နှစ်အတွင်းမှာ ထုတ်ခွင့်ပေးခဲ့တဲ့ တန်ချိန်ပေါင်းက ၂၁ သန်းကျော်အထိ ရှိပါတယ်။
သစ်တစ်ပင်ကို ပျမ်းမျှတစ်တန်ခွဲနဲ့ တွက်မယ်ဆိုရင် ၁၅ နှစ်အတွင်း သစ်အပင်ပေါင်း ၁၅ သန်းကျော်ကို ခုတ်ယူခွင့် ပေးထားတဲ့ ပမာဏဖြစ်ပါတယ်။
“ဒါက ခုတ်ခွင့်ပေးတာကွ။ တကယ်ခုတ်တဲ့ စာရင်းမဟုတ်ဘူးလို့” ငြင်းချင်ရင် ငြင်းလို့ရပါတယ်။ ဒါပေမဲ့ မနှစ်က သစ်ဆိပ် ထွက်ပြီးသား၊ ထွက်ရန်ကျန် (အမှန်ထုတ် ပြီးသားစာရင်း) စာရင်းအရဆိုရင် ခုတ်ခွင့်ပေးတာရဲ့ ရာခိုင်နှုန်း ၉၀ အထိ ခုတ်ယူခဲ့ကြတာ ဖြစ်လို့ ခုတ်ခွင့်ပေးတဲ့ ပမာဏအပြည့် မခုတ်ဘူး ဆိုတာတောင် ရာနှုန်းပြည့်နီးပါး ခုတ်တယ် ဆိုတာတော့ ငြင်းမရပါဘူး။ ငြင်းချင်ရင် အဲဒီစာရင်းလေး အရင်ကြည့်ပြီးမှ ငြင်းပါ။
ဒါဟာ တရားဝင် ထုတ်ခွင့်ပေးတဲ့ ပမာဏပဲ ရှိပါသေးတယ်။ ထောင်ဒဏ် တစ်သက် တစ်ကျွန်းကို ရှစ်ရက်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသားတွေ အလုံးအရင်းနဲ့ လာခိုးထုတ်နေတဲ့ ပမာဏ၊ ပြည်တွင်းမှာ ခိုးထုတ်တဲ့ ပမာဏတွေ မပါသေးပါဘူး။
အဲဒီလို တရားမ၀င် ခုတ်နေတာက သစ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းရဲ့ ခန့်မှန်းချက်အရ တရားဝင် ခုတ်ခွင့်ပေးတဲ့ ပမာဏရဲ့ အနည်းဆုံး နောက်ထပ် ရာခိုင်နှုန်း ၅၀ ကနေ တစ်ဆအထိ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။(လျှော့ပေါ့ မှန်းထားခြင်းဟု ဆိုကြသည်)
ဒါဆို ၁၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ သစ်အပင်ပေါင်း သန်း ၂၀ ကျော်ကနေ ၃၀ ကြား(ခန့်မှန်း) အထိ ခုတ်ယူလိုက်ကြတဲ့ အခြေအနေပါ။
ခုတ်ခွင့်ပေးတဲ့ နေရာမှာ လက်သံပြောင်သလို သစ်အလုံးလိုက်ပို့ခွင့်ပြုတဲ့ နေရာမှာလည်း အခုအစိုးရ လက်ထက်မှာ လက်သံပိုပြောင်ပါတယ်။
အရင်အစိုးရလက်ထက် ၁၉၉၉-၉၆ ဘဏ္ဍာနှစ်ကစပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ နှစ်ပေါင်း ၁၆ နှစ် အတွင်းမှာ စံချိန်တင်သစ် တင်ပို့ခဲ့တာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်ကဖြစ်ပြီး ကျွန်းနဲ့ သစ်မာ တန်ချိန်ပေါင်း ၁၀ သိန်းကျော် တင်ပို့ခွင့် ပေးခဲ့ပါတယ်။
ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျွန်းနဲ့ သစ်မာ အလုံးလိုက် တန်ချိန် ၁၂ သိန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၅ သိန်းကျော် အထိ တင်ပို့ခွင့်ပေးခဲ့ပြီး အရင်အစိုးရ လက်ထက်က စံချိန်တင် တင်ပို့ခဲ့တဲ့ ပမာဏကို ထပ်မံရိုက်ချိုး ခဲ့ပါသေးတယ်။
ဒီထက်ပိုပြီး လက်သံပြောင်လွန်းတဲ့ အချက်ကတော့ သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပိတ်ထားပါလျက်နဲ့ အမျိုးသား စီမံကိန်းကထုတ်တဲ့ ပြည်ပပို့ကုန်စာရင်းမှာ ကျွန်းနဲ့ သစ်မာ အလုံးလိုက် တန်ချိန်ပေါင်း ၁၀၄၀၀ ပို့ထားတဲ့စာရင်း ပါလာတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာကြောင့်များ တင်ပို့ခွင့်ပေးလိုက်သလဲ မေးရတော့မှာပါ။
ရာသီဥတု ဖောက်ပြန်နေတာတွေဟာ ဒီလိုအလွန်အကျွံ သစ်ထုတ်ခဲ့လို့ ဆိုတဲ့အချက်က အဓိက ကျနေပါတယ်။ ဘာကြောင့်လဲဆိုတော့ “ဥတုရာသီ တောကိုမှီ” ဆိုပြီး တရားဝင် ဆောင်ပုဒ် ထုတ်ထားတယ်လေ။ အခု ရာသီဖောက်တာ မှီစရာတော မရှိတော့လို့၊ တောပြုန်းလို့ပေါ့။ ဒီတော့ သစ်ခုတ်သူ၊ ခုတ်ခွင့်ပေးသူ၊ ခိုးထုတ်သူတွေကြောင့် ဒီနေ့ ပြည်သူတွေ သဘာဝဘေးဒဏ်ကို ခံစားနေရတာလို့ တပ်အပ်ပြောရမှာပါ။

■ လက်မရွံ့ ခုတ်ခွင့်ပေးသူနဲ့ လက်မတွန့် ၈၆ ဦး မိတ်ဆက်
တရားဝင် ထုတ်ခွင့်ချပေးတဲ့ သစ်တွေကို ခုတ်တဲ့နေရာမှာ လူ၊ ကုမ္ပဏီ ထောင်ချီခုတ်နေတာ မဟုတ်ပါဘူး။ ဒီအစိုးရသစ် လက်ထက်မှာတော့ ၈၆ ဦးကပဲ မူပိုင်ခုတ်ခဲ့ ကြတာပါ။ အရင်အစိုးရ လက်ထက်ကလည်း ဒီကုမ္ပဏီတွေကပဲ အများစု ထုတ်ယူခွင့် ရခဲ့ကြတာပါ။
၈၆ ဦးထဲကမှ ထိပ်ဆုံးကုမ္ပဏီ ၁၀ ခုက ခုတ်ခွင့်ရသမျှ သစ်ပမာဏ အားလုံးရဲ့ ထက်ဝက်လောက်ကို ထုတ်ခွင့်ရနေ ကြတာပါ။
အများဆုံး ခုတ်ခွင့်ရတဲ့ ကုမ္ပဏီ ၁၀ ခု အစဉ်လိုက်ကတော့ မြတ်နိုးသူ၊ တင်ဝင်းထွန်း၊ Nature Timber၊ ထူး၊ IGE ၏ MRT၊ Global Star၊ Lucre Wood၊ Momentum၊ Wood World နဲ့ ထွန်းမြတ်အောင် ကုမ္ပဏီတို့ ဖြစ်ပါတယ်။
အများဆုံး ခုတ်ခွင့်ရတဲ့ မြတ်နိုးသူ ကုမ္ပဏီကို ဦးကျော်စိုးလွင် ပိုင်ဆိုင် လုပ်ကိုင်တယ်။ တင်ဝင်းထွန်း ကုမ္ပဏီကတော့ ဦးတင်ဝင်းက အဓိက ဦးစီးလုပ်ကိုင်တယ်။ Nature Timber ကုမ္ပဏီကတော့ Jewellery Luck ကို လုပ်ကိုင်နေတဲ့ ဦးကျော်စိန်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီပါ။ ထူးကတော့ ဦးတေဇ ဖြစ်ပါတယ်။ (မှတ်ချက်။ ထူးကုမ္ပဏီ အနေဖြင့် ၂၀၁၂-၁၃ အထိသာ သစ်ထုတ်ခဲ့ပြီး ယခုနောက်ပိုင်း သစ်ထုတ်ခြင်း မပြုဟုသိရ)၊ IGE ၏ Myanmar Rice Trading ကုမ္ပဏီတွေကတော့ ဦးအောင်သောင်းရဲ့ သားဖြစ်တဲ့ ဦးနေအောင်တို့ ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Global Star ကုမ္ပဏီကတော့ Dagon Group of Companies ကို တည်ထောင် လုပ်ကိုင်နေတဲ့ UMFCCI ရဲ့ လက်ရှိဥက္ကဋ္ဌ ဦးဝင်းအောင်ရဲ့ ကုမ္ပဏီပါ။ Lucre Wood ကတော့ အေးရှားဝေါလ် ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်နေတဲ့ ဦးထွန်းမြင့်နိုင်ရဲ့ ကုမ္ပဏီခွဲ တစ်ခုပါ။ Momentum ကုမ္ပဏီရဲ့ ဒါရိုက်တာ စာရင်းမှာတော့ ဦးချိန်းစိန့်အိန်၊ ဦးချစ်မောင်၊ ဦးကြည်ဆွေ၊ ဦးသိန်းဟန်၊ ဒေါ်မျိုးမျိုးခိုင်နဲ့ အခြားသူတွေ ပါဝင်သလို ကယားဖူး ဦးကြည်စိန်နဲ့ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီ ဖြစ်ပါ တယ်။ Wood World ကုမ္ပဏီရဲ့ ဒါရိုက်တာ စာရင်းမှာလည်း ဦးချိန်းစိန့်အိန် ပါဝင်ပါတယ်။ ထွန်းမြတ်အောင် ကုမ္ပဏီရဲ့ ဒါရိုက်တာ စာရင်းမှာတော့ ဦးဌေးအောင်၊ ဦးစိုင်းထွန်းမြတ်တို့ ပါဝင်ပါတယ်။
သူတို့ ၈၆ ဦးတည်းပဲ လက်မတွန့်တာလား ဆိုတော့ မဟုတ်ပါဘူး။ အဓိက တာဝန်ရှိတာကတော့ ၀န်ကြီးဌာန တာဝန်ရှိသူတွေ ပါပဲ။ အရင်အစိုးရ လက်ထက်ကတောင် မပေးရဲခဲ့တဲ့ ပမာဏအထိတိုးပြီး စံချိန်တင် သစ်ခုတ်ခွင့်တွေ ချပေးခဲ့တာပါ။ ခုတ်ခွင့်ပေးတဲ့ တာဝန်ရှိသူတွေက နောက်မတွန့်ဘဲ ရှေ့ဆက်တိုးပြီး ချပေးတဲ့ အတွက် ခုတ်ခွင့်ရတဲ့သူကလည်း လက်မတွန့်ဘဲ ခုတ်တာဖြစ်လို့ အဓိက တာဝန်ရှိသူက ချပေးတဲ့သူ၊ နောက်ထပ် တာဝန်ရှိတာ တကယ်ခုတ်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
သစ်ခုတ်ခွင့် ချပေးသူတွေဟာ ဘယ်လောက်အထိ ချပေးသလဲဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီကို သစ်ထုတ်ခွင့် မပေးဖို့ တားမြစ်ထားပါလျက်နဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်တဲ့ (CIFG) ကုမ္ပဏီ အမည်ကို သစ်ထုတ်ခွင့်ပေးတဲ့ စာရင်းမှာ မြန်မာကုမ္ပဏီ တစ်ခုစီနဲ့တွဲပြီး ခွင့်ပြုပေးခဲ့ ဖူးပါတယ်။
ဥပမာ- မိုမင်တန် ကုမ္ပဏီသီးသန့်၊ ဇာနည်ဇော်ကုမ္ပဏီ သီးသန့်နဲ့ ကောင်းမြတ်ကုမ္ပဏီ သီးသန့်အတွက် ထုတ်ခွင့်ပေးတာက သက်သက်၊ မိုမင်တန်(CIFG)၊ ဇာနည်ဇော်(CIFG)၊ ကောင်းမြတ် (CIFG) ဆိုပြီး CIFG အမည်ကိုပါ တွဲထည့်ပြီး ထုတ်ခွင့်ပေးတာက သက်သက်စီတောင် အဲ့ဒီလိုခွဲချ ပေးခဲ့တာ ရှိပါတယ်။ ဒီလိုချပေး ခဲ့တာတွေကို သမ္မတကြီးတောင် သိပါရဲ့လား။
ထုတ်တာက မြန်မာကုမ္ပဏီကပဲထုတ်တာ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ မြန်မာကုမ္ပဏီ ကြားခံထားပြီး ပေးနေတယ်လို့ မြင်မယ်ဆို မြင်လို့ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဘာကြောင့် သူတို့ကို မိတ်ဆက်ပေးရ တာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သစ်တော ပြုန်းတီးခဲ့မှုဟာ ဘယ်သူတွေကြောင့်လဲ၊ ဘယ်သူတွေဟာ အဓိကတာဝန်ခံရမယ့် သူတွေလဲ သိထားနိုင်ဖို့ပါ။
နောက်ထပ် မိတ်ဆက်ပေးရတဲ့ အကြောင်းရင်း တစ်ခုကတော့ အစိုးရက သူတို့ သစ်ခုတ်ခွင့် ပေးလိုက်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်စာရင်း အသေးစိတ်ကို အစိုးရ အဆက်ဆက် ဘယ်သူမှ ဘယ်တုန်းကမှ ပြည်သူကို ထုတ်ပြန် မပေးခဲ့လို့ အခုလို စုံစမ်းသိရှိရတဲ့ အချိန်မှာ အများပြည်သူ သိထားနိုင်အောင် ဖော်ထုတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် တစ်ချက်ကတော့ နောက်နောင် မြန်မာနိုင်ငံ အနေနဲ့ ရေကြီး၊ မြေပြို၊ ရာသီ ဖောက်ပြန်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံလာခဲ့ရင် ဒီလို ခုတ်ခွင့်ပေးတဲ့ တာဝန်ရှိသူတွေနဲ့ ခုတ်တဲ့သူတွေကိုသာ သတိရလိုက်ပါ။

■ တောသာပြုန်းတယ် နိုင်ငံက ဘာပြန်ရလို့လဲ
တောပြုန်းအောင် ခုတ်ခဲ့ကြပေမယ့် ထိုက်တန်အောင် နိုင်ငံတော် ပြန်ရရဲ့လား။ အမျိုးသား စီမံကိန်းက ဘဏ္ဍာနှစ်အလိုက် ထုတ်ပြန်ပေးတဲ့ ကျွန်းသစ် အလုံးလိုက်ပို့တဲ့ တန်နဲ့ ရငွေတွေအရ ကျွန်းတစ်တန်ပို့တိုင်း ပျမ်းမျှရတဲ့ဈေးကို ကြည့်လိုက်ရင်လည်း မေးစရာတွေ ရှိနေပါတယ်။
အရင် အစိုးရ လက်ထက် ၂၀၁၀ တုန်းက အလုံးလိုက် ကျွန်းသစ် တစ်တန် ပြည်ပပို့ရင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၂၃၅ ဒေါ်လာ ရှိတယ်။ အစိုးရသစ် လက်ထက်မှာတော့ ၂၀၁၁ မှာ ပြည်ပပို့တဲ့ ကျွန်းသစ် တစ်တန်က အမေရိကန်ဒေါ်လာ ၁၀၅၉ ဒေါ်လာပဲ ရှိတော့တယ်။
၂၀၁၂ မှာတော့ ကျွန်းသစ် တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၇၄ ဒေါ်လာပဲ ရှိပါတော့တယ်။
နောက်ထပ် ၂၀၁၃ ခုနှစ်မှာလည်း ပြည်ပပို့တဲ့ ကျွန်းသစ်က တစ်တန်ကို ဒေါ်လာ ၇၀၀ ပဲ ရှိပြန်တယ်။
မြန်မာနိုင်ငံ အနေနဲ့ ပြည်ပကို ကျွန်းသစ် တင်ပို့တဲ့အခါ အခုနောက်ပိုင်း နှစ်တွေမှာ Sawing Grade 7(SG-7) အမျိုးအစားကို အများဆုံး ပို့တယ်။ တန်ဖိုးမြင့်တဲ့ SG-6, SG-5 တွေက ရှားလာတဲ့ အတွက်ပါ။
အဲဒီ SG-7 အမျိုးအစား ကျွန်းသစ် အလုံးလိုက်က ပြည်တွင်းမှာတင် တစ်တန်ကို အခုဆို ဒေါ်လာ ၁၅၀၀ ကနေ ၂၀၀၀ အထိ ပေါက်ဈေးရှိတယ်။ (သယ်ယူစရိတ်နှင့် လုပ်သားခ၊ အမြတ်အဖြစ် ဒေါ်လာ ၃၀၀ မှ ၄၀၀ မပါသေးသည့်ဈေး)
ပြည်တွင်းမှာတင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၅၀၀ ကနေ ၂၀၀၀ လောက် ရနေတဲ့ ကျွန်းသစ်ကို ပြည်ပကို ဘာကြောင့် ဒေါ်လာ ၆၀၀ ကျော် ၇၀၀ နဲ့ ပို့နေလဲ။ ဘာကြောင့် အဲဒီ စာရင်းအရ ဖော်ပြတဲ့ ဈေးတွေက နည်းနေရတာလဲ။
နိုင်ငံတော်က တောလည်း အပြုန်းခံရတယ်။ ပို့တဲ့ ဈေးကလည်း ပြည်တွင်းမှာထက် နည်းပါးတဲ့ ဈေးပဲ ဖြစ်နေတယ်ဆိုတာ ဘာကြောင့်လဲ မေးခွန်းထုတ်စရာပါ။
နောက်တစ်ချက်က သစ်ခုတ်ခွင့်ရတဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံတော်ကို အခွန်ဆောင်မှု အပိုင်းကို ကြည့်လိုက်ပါ။ ထိပ်ဆုံး သစ်ခုတ်ခွင့်ရ ကုမ္ပဏီ ၁၀ ကိုပဲ ထုတ်နုတ်ပြပါမယ်။
၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်ကနေ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အထိ နိုင်ငံတော်ကနေ ထိပ်တန်းအခွန်ထမ်း ၁၀၀၊ ထိပ်တန်းအခွန်ထမ်း ၅၀၀ နဲ့ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ ဆိုပြီး ထုတ်ပြန်ပေးတယ်။
အဲ့ဒီ သုံးနှစ်စလုံးမှာ ထိပ်ဆုံး သစ်ခုတ်ခွင့်ရ ကုမ္ပဏီ ၁၀ ခုထဲက ထူးကုမ္ပဏီ တစ်ခုပဲ သုံးနှစ်ဆက်တိုက် စာရင်းမှာ ပါတယ်။ MRT ကုမ္ပဏီကတော့ ပထမနှစ်နှစ် စာရင်းမှာ ပါပြီး နောက်ဆုံးထုတ်ပြန်တဲ့ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းမှာ မပါဘဲ နောက်ကျပေးသွင်းတဲ့ စာရင်းကျမှ ပါဝင်လာပါတယ်။
မြတ်နိုးသူ၊ တင်ဝင်းထွန်း၊ Momentum၊ Wood World ကုမ္ပဏီတွေကတော့ သုံးနှစ်ထုတ်ပြန်တဲ့ ထိပ်တန်း အခွန်ထမ်း စာရင်းမှာ နှစ်နှစ်အတွက် စာရင်းမှာပဲ ပါလာတယ်။
Lucre Wood, Nature Timber, Global Star ကုမ္ပဏီတွေကတော့ နောက်ဆုံး ထုတ်ပြန်တဲ့ အခွန်ထမ်း ၁၀၀၀ စာရင်းကျမှ ပါလာပြီး ပထမ နှစ်နှစ်စလုံး ထိပ်တန်းအခွန်ထမ်း စာရင်းမှာ ပါမလာခဲ့ပါဘူး။
ဒါကို ကြည့်ရင်လည်း ထိပ်တန်း သစ်ခုတ်ခွင့်တော့ ရထားကြတယ်။ ကုမ္ပဏီ အများစုကတော့ ထိပ်တန်း အခွန်ထမ်း စာရင်းမှာတော့ မှန်မှန် မပါဘူး။ ဆောင်ထားတဲ့ ကုမ္ပဏီတွေကရော ဆောင်သင့်သလောက် ပမာဏ ဆောင်ရဲ့လားဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်သလို ကျန်တဲ့ ကုမ္ပဏီတွေကရော ဘာကြောင့် ထိပ်တန်း အခွန်ထမ်း စာရင်းမှာ မပါသလဲ မေးရမှာပါ။
ဒါတွေကို ကြည့်တာနဲ့တင် နိုင်ငံဟာ သစ်တောသာ အပြုန်းခံလိုက်ရတယ် ဘာတွေများ ပြန်ရနေလို့လဲ။ ဒီလောက်အထိ တိုင်းပြည် နစ်နာတာဟာ သစ်ခုတ်ခွင့်ပေးသူနဲ့ သစ်ခုတ်တဲ့ ကုမ္ပဏီတွေမှာ အဓိက တာဝန်ရှိသလို ဒီအပေါ် တာဝန်ခံကြရမှာပါ။

■ ဒီသစ်လုံးတွေ ဘယ်ပျောက်သွားလဲ
အစိုးရသစ် လက်ထက်မှာ ၂၀၁၃-၂၀၁၄ ခုနှစ် အထိပဲ သစ်အလုံးလိုက် တင်ပို့ခွင့် ပေးခဲ့ပါတယ်။ အဲဒီ ပေးခဲ့တဲ့ သုံးနှစ်အတွင်း ခုတ်ခဲ့တဲ့ တန်ချိန်နဲ့ ပို့ခဲ့တဲ့ တန်ချိန်ကိုပဲ နှိုင်းယှဉ်ပြီး မေးခွန်းထုတ်ချင်ပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်အထိဆိုရင် သုံးနှစ်အတွင်း ခုတ်ခွင့်ပေးခဲ့တဲ့ သစ်တန်ချိန် သိန်း ၅၀ ကျော် ခုတ်ခွင့်ပေးခဲ့တယ်။
ဒါပေမဲ့ အဲဒီ သုံးနှစ်အတွင်း ပြည်ပကို အလုံးလိုက်ပို့တဲ့ သစ်တန်ချိန်က ၃၆ သိန်းကျော်ပဲ ရှိတယ်။
ကျန်တဲ့ သစ်တန်ချိန် ၁၄ သိန်းက ဘယ်ပျောက်သွားသလဲ။ ပြည်တွင်းမှာ လေလံပစ်ပေးနေတာကလည်း အဲ့ဒီ သုံးနှစ်အတွင်း ၁၄ သိန်းကျော် မရှိနိုင်ဘူးလို့ သစ်လောကက လုပ်ငန်းရှင်တွေက ပြောတယ်။ ဒီတော့ အဲဒီသစ်တွေ ဘယ်ရောက်သွားလဲ။

■ ပြည်သူနဲ့ပဲ တိုင်ပါတယ်
မြန်မာသစ်တွေ ဘယ်လောက် ခိုးထုတ်ခံနေရသလဲ၊ ခံခဲ့ရသလဲ ဆိုတာကို တရုတ်ဘက်ထဲအထိ ထဲထဲဝင်ဝင် သွားရောက်ပြီး ခိုးထုတ်တာကို ဘယ်ကုမ္ပဏီတွေက လုပ်နေတယ်၊ တရုတ်ကုမ္ပဏီတွေ ခိုးထုတ်တာကို တရုတ်ဘက်က ဘယ်လို လက်ခံတယ် ဆိုတာတွေအထိ သက်သေ အတိအကျနဲ့ ရယူပြီးမှ ထုတ်ပြန်ထားတဲ့ EIA အစီရင်ခံပါ အချက်အလက် တစ်ခုတည်းကိုပဲ ကြည့်တာနဲ့တင် လုံလောက်ပါပြီ။
တရုတ်ဘက်က သစ်ခိုးထုတ်တဲ့ အခါမှာ ၁၉၉၇ ခုနှစ်မှာ ကုဗမီတာ သုံးသိန်းပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၀၅ မှာတော့ ကုဗမီတာ ၁ ဒသမ ၆ သန်း ရှိလာတယ်။ ရှစ်နှစ်အအတွင်းမှာ ငါးဆအထိ တိုးပြီး မြန်မာ့သစ်တွေ ခိုးထုတ်ခံရတာပေါ့။
၂၀၀၆ ရောက်တော့ မီဒီယာတွေက ၀ိုင်းဖော်၊ အရပ်ဘက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေရဲ့ အစီရင်ခံစာတွေ အများအပြား ထွက်ပေါ်တဲ့အတွက် တရုတ်တာဝန်ရှိသူတွေက တစ်ဆင့် တားဆီးနိုင်ခဲ့လို့ သစ်ခိုးထုတ်တာ ပြန်လျော့သွားတယ်။ ၂၀၀၈ မှာဆိုရင် သစ်ခိုးထုတ်တဲ့ ပမာဏက ကုဗမီတာ ၂၇၀၀၀၀ ပဲ ရှိတော့တယ်။
ဒါပေမဲ့ အခု အစိုးရသစ်လက်ထက် ၂၀၁၃ ခုနှစ် အရောက်မှာတော့ သစ်အလုံးလိုက် ကုဗမီတာ ၉၃၈၀၀၀ အပါအ၀င် စုစုပေါင်း ခိုးထုတ်ခဲ့တဲ့ သစ်က ကုဗမီတာပေါင်း ၁ ဒသမ ၇ သန်းအထိ ရှိခဲ့တယ်။ ပြန်ကြည့်ရင် အရင်တုန်းက ၂၀၀၅ ခုနှစ်မှာ ခိုးထုတ်ခဲ့တာက ကုဗမီတာ ၁ ဒသမ ၆ သန်းဆိုတာ အမြင့်ဆုံးပဲ။ အခု အစိုးရ လက်ထက်ကျမှ ခိုးထုတ်ခံရတဲ့ ပမာဏက စံချိန်တင် မြင့်သွားတဲ့ အခြေအနေ ဖြစ်နေတယ်။
အခု ၂၀၁၅ ခုနှစ်မှာလည်း မြန်မာနိုင်ငံကနေ ယူနန်ပြည်နယ်ကို ၀င်သွားတဲ့ သစ်က ကုဗမီတာ တစ်သန်းအထိ ရှိနေပြန်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။
လိုရင်းပြောရရင် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ အထိ ၁၄ နှစ်အတွင်း မြန်မာနိုင်ငံကနေ ခိုးထုတ်တဲ့ သစ်လုံးပမာဏရဲ့ တန်ဖိုးက ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ (ကျပ် ၂၇၀၀ ဘီလျံ) အထိ ရှိတယ်။
ဒါက တရားမ၀င် ထုတ်ယူသွားတာ တစ်မျိုးပဲ ရှိသေးတယ်။ အစိုးရက ချပေးလို့ ခုတ်နေတဲ့ တရားဝင် တန်ချိန်တွေ မပါသေးဘူး။
တမလန်းနဲ့ ပိတောက်ဆိုရင် နောက်ထပ် သုံးနှစ်အတွင်း ဒီအတိုင်း ဆက်ခိုးထုတ်တာ ခံရရင်တော့ စီးပွားဖြစ် ဆက်မလုပ်နိုင်တဲ့အထိ မျိုးသုဉ်းမယ့် အခြေအနေလို့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတွက် စိုးရိမ်စရာ ကောင်းနေပါပြီ။
သစ်တော ပြုန်းတီးတာကတော့ ၁၅ နှစ်အတွင်း သစ်အပင်ပေါင်း ၁၅ သန်းကျော်က တရားဝင် ခုတ်လိုက်တာ၊ တရားမ၀င်ကလည်း ၁၅ သန်းထက်မနည်း ခုတ်လိုက်တာဆိုတော့ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ သစ်တောထဲက သစ်ပင်ကြီးပေါင်း သန်း ၃၀ လောက်အထိ (ခန့်မှန်း) အခုတ်ခံထားရတဲ့အတွက် ပြုန်းတီးတာပါ။
အခုဆိုရင် မြန်မာနိုင်ငံမှာ မထိရသေးတဲ့ (မထိရသေးပေမယ့် သစ်ကြီးဝါးကြီး သစ်ကောင်းဝါးကောင်း ထူထူထပ်ထပ် ရှိမရှိ မသိနိုင်) သစ်တောက ၁၀ ရာခိုင်နှုန်းပဲ ကျန်တဲ့အထိ ပြုန်းခဲ့တာပါ။
ဒီလိုပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတု ဖောက်ပြန်တဲ့အကြောင်း ပြောခဲ့ကြပြီးသားပါ။
ဒါပေမဲ့ ၂၀၁၄ ခုနှစ်ရောက်မှ သစ်လုံးတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ သစ်ထုတ်မှုကိုတော့ မရပ်ဆိုင်းခဲ့ဘဲ ခုတ်ခွင့်ပေးကြတုန်းပါ။
အလုံးလိုက် တင်ပို့တာ ရပ်တယ်လို့ ပြောပေမယ့် သစ်လောကမှာ အလုံးလိုက်နီးပါး သစ်တွေပို့နေတဲ့ ဇွန်လ ၂၈ ရက်၊ ၂၀၁၅ ခုနှစ် ရက်စွဲပါ ဓာတ်ပုံသက်သေ မှတ်တမ်းတွေ ထွက်လာတဲ့အတွက် အလုံးလိုက် ရပ်တယ်ဆိုတာ နာမည်ပဲရှိပြီး လက်တွေ့မှာတော့ အလုံးလိုက်နီးပါး တင်ပို့ခွင့် ပေးထားသလို ဖြစ်နေပြန်ပါတယ်။
သဘာဝဘေးကြောင့် ပြည်သူတွေ ဘယ်လောက်ပဲ သေဆုံး ဒုက္ခရောက်ပါစေ၊ ပညာရှင်တွေ ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ ဖော်ထုတ်ရေးရေး၊ ဘယ်လိုပဲ အစီရင်ခံစာတွေ ထွက်ပါစေ၊ စီးပွားဖြစ် သစ်ခုတ်တာကို အစိုးရက ခွင့်ပြုမြဲ ခွင့်ပြုနေလို့ နောက်ဆုံးအာဏာရဲ့ ပိုင်ရှင်စစ်စစ်ဖြစ်တဲ့ ပြည်သူကိုပဲ တိုင်ပါတယ်။

■ ပြည်သူ ဆုံးဖြတ်ပါလိမ့်မည်
အလွန်အကျွံ သစ်ခုတ်ခွင့် ပေးသူတွေ၊ သစ်ခုတ်နေသူတွေ၊ သစ်ခိုးနေတဲ့သူတွေ (နိုင်ငံခြားသာ အပါအ၀င်) အနေနဲ့ အလွန်အကျွံ သစ်ဆက်ထုတ်နေဦးမယ်ဆိုရင် ကိုယ် သစ်တစ်ပင် ခုတ်တိုင်းခုတ်တိုင်း လောလောလတ်လတ် ရေဘေးကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၂၂ ဦးအပြင် ကျန်တဲ့ ပြည်သူတွေကိုပါ ရေထပ်နှစ်နေတာ၊ ဧက ရှစ်သိန်းကျော် ပျက်စီးပြီး ဆုံးရှုံးလိုက်ရတဲ့ တောင်သူတွေအပြင် တစ်ပြည်လုံးက တောင်သူတွေရဲ့ လယ်တွေကို ဖျက်ဆီးနေတာ၊ ရေဘေး၊ သဘာဝဘေးကြောင့် အိုးအိမ် ဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုပေါင်း ၄၇၀၀၀၀ ကျော်အပြင် တစ်ပြည်လုံးကို အိုးအိမ်မဲ့ဖြစ်အောင် လုပ်နေတာ ဆိုတာကို သိပါရဲ့လား။
သိသိနဲ့ လုပ်နေကြဦးမယ် ဆိုရင်တော့ တစ်တိုင်းပြည်လုံးကို စုံးစုံးမြုပ်အောင် နှစ်နေကြတဲ့ သူတွေလို့ ပြည်သူတွေက သတ်မှတ်ကြပါလိမ့်မယ်။
အာဏာရဲ့ ပိုင်ရှင်စစ်စစ်ဟာ ပြည်သူပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်တဲ့ အာဏာကို ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်လယ်၊ ကိုယ့်စီးပွား၊ ကိုယ့်အသက်၊ ကိုယ့်အနာဂတ် လုံခြုံမှုပေးနိုင်တဲ့သူလက် အပ်ပြီး ခိုင်းမလား၊ ပျက်စီးစေသူတွေ လက်ထဲအပ်ပြီး ခိုင်းမလားဆိုတဲ့ ဆုံးဖြတ်ရမယ့် အချိန်ကလည်း ရောက်လာပြီဖြစ်လို့ ပြည်သူကပဲ ဆုံးဖြတ်ပါလိမ့်မယ်။
Website တွင် ဖတ်ရှုနိုင်ရန် >>>>> http://goo.gl/6kDX8f  (Eleven Media 7-Oct-2015)

No comments:

Post a Comment