February 28, 2013

ပြည်သူတွေ နာသတဲ့လား

ဖားကန့်မှာ ဈေးရောင်းတဲ့ အင်ဂွန်ဂျာဝါရဲ့ အသိတယောက်နဲ့ စကားပြောဖြစ်တယ်။ သူပြောတာက အခု ငြိမ်းချမ်းရေးပြောနေပေမယ့် ဖားကန့်မှာ စစ်တပ်တွေ တအားတိုးချလာတဲ့အကြောင်း၊ ကေအိုင်အေက မတိုက်သင့်တဲ့ အကြောင်း၊ တိုက်ရင် ပြည်သူတွေနာကြောင်း ပြောရင်း စစ်ပြန်ဖြစ်နိုင်မလားတဲ့။ သိရအောင်လို့ အင်ဂွန်ဂျဝါက မင်းအောင်လှိုင်လဲမဟုတ်၊ သိန်းစိန်လည်းမဟုတ်၊ ဘူးလက်လှဆွေလည်း မဟုတ်တာ ဖြစ်ချင်ဖြစ်မှာပေါ့ ပြန် အငေါ်တူးပေးလိုက်တယ်။ အဲ့လိုပြောတာ ငြိမ်းချမ်းရေးမလိုချင်လို့ မဟုတ်၊ ပြည်သူကို မသနားလို့ မဟုတ်။ အင်ဂွန်ဂျာဝါ ကိုယ်တိုင် ငြိမ်းချမ်းရေးကို လိုချင်တဲ့ ပြည်သူထဲက ပြည်သူတယောက်။ ပြန်ဘုတိုက်လိုက်တာ လာပြောတဲ့ အဲဒီကုန်သည်အကြောင်းသိနေလို့။

အဲဒီ ကုန်သည်က ဖားကန့်ဒေသမှာ ဆိုင်ကြီးကြီးဖွင့်တဲ့ ကုန်သည်။ ကေအိုင်အေ နဲ့ စစ်တပ် စစ် ပြန်စဖြစ်ကတည်းကနေ ဖားကန့်မှာ ပိုလုပ်စားလာတာ။ ဈေးရောင်းငွေလွဲ အကုန်လုပ်တယ်။ အဲ့တုန်းက ဖားကန့်ဖက်မှာ ဘာမှ မဖြစ်သေးဘူး။ ကေအိုင်အေ ရဲဘော်တွေက ပစ္စည်းတွေဝယ်ခြမ်းတာတွေပိုများတော့ ပျော်လို့….. စစ်စဖြစ်တုန်းက ပိုရောင်းကောင်းတယ်ဆိုပြီး အိမ်တောင်ဆောက်လိုက်သေးတယ်။
 ရဲဘော်တွေ ဝယ်လို့ သူ့ဂိုဒေါင်က တိုက်ဆွေး ဖိနပ်တွေ သံချေးတက်ဒါးတွေတောင် ပြောင်သွားတယ်။ ဖားကန့်ဖက် စစ်တပ်မထိုးခင်အထိတော့ ပျော်လို့။ တခြားနေရာမှာ ဘယ်လောက်တိုက်ပွဲဖြစ်ဖြစ်၊ ရွာတွေ ဘယ်လောက်မီးရှို့ခံရခံရ သူဂရုစိုက်ပုံမပေါ်။ ဖားကန့်ဖက်ကို စစ်တပ်ဝင်လာမှ ပြည်သူတွေ ဒုက္ခရောက်ရပါချည်ရဲ့ တဲ့။ တော်တော် တရားတဲ့ စီးပွားရေးသမားပဲ။ နမ့်ဆန်ယန် လို အစိုးရအုပ်ချုပ်ရေးမှူးရှိတဲ့ ရွာကိုတောင် ရစရာမရှိအောင် ဖျက်စီးသွားတဲ့ စစ်တပ်က အစိုးရထိန်းချုပ်ဒေသအပြင်က ရွာဆို မချမ်းသာပေးဘူးဆိုတာ ရိပ်စားမိလို့ သွေးလေခြောက်ခြားလာတာ ထင်တယ်။ ချုပ်ကြည့်တော့ သူပြောတဲ့ ပြည်သူတွေနာတယ်ဆိုတဲ့ စကားက သူဈေးရောင်းမကောင်းမှာ ကြောက်လို့ ဖြစ်နေတယ်။ 

တကယ်တော့ ပြည်သူတွေ ဘဝပျက်၊သေကြေပျက်ဆီးလာတာ အစိုးရနဲ့ စစ်တပ်ကြောင့်။

စီးပွားရေးသမား ခေတ်ပျက်သူဌေးတွေက သူတို့ လုပ်စားလို့မကောင်း ဂွင်ပျက်လာရင် ပြည်သူ့မျက်နှကြည့်ပါ ဘာညာနဲ့ အသံကောင်းဟစ်ပြီး သူတို့ အကျိုးစီပွားအတွက် ပြည်သူကို ချစ်ဟန်ဆောင်တတ်ကြတာ… ခရိုနီ သူဌေးကြီးတွေမှ မဟုတ်ပဲ တောရွာက စီးပွားရေးသမားကစ အဲ့လို စိတ်ဓာတ်တွေ ရှိနေကြပါလား….။

သူတို့လိုပဲ ပြည်တွင်းပြည်ပ ဆရာသမားကြီးများက သူတို့အတွက် ဂွင်ကောင်းကောင်းဖန်တီးနိုင်ဖို့ စစ်တပ်ရဲ့ မတရားမှုတွေကို မျက်ကွယ်ပြုပြီး ရွှေပြည်အေးတရားဟောလို့ ပြည်သူတွေကို သိပ်ချစ်သယောင်လုပ်ပြတတ်တာကို သတိပြုစေချင်တယ်။ ပြည်သူ့ အကျိုးတကယ်လိုလာတယ်ဆိုရင် ပြည်သူကို နှိပ်စက်တဲ့ မတရားတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို ရဲရဲကြီးထောက်ပြ… မလုပ်ဖို့ အကြံပေးရမှာပါ။ အဖိနှိပ်ခံရသူတွေကို ပြည်သူအတွက် မင်းတို့လျော့ပါလို့ လာပြောရင်တော့ ဟန်ဆောင်လုပ်စား လူထုသစ္စာဖောက်တွေသာ ဖြစ်တယ်။

အင်ဂွန်ဂျာဝါ
၂၈.၂.၂၀၁၃

No comments:

Post a Comment