February 04, 2013

ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ်ပြောခဲ့ပေမဲ့ လက်တွေတော့ ကချင်၁၀ပြား၊မြန်မာတစ်မတ်


တာပိန်ရေအားလျှပ်စစ်ဆိုတာ တရုပ်ကုမ္မဏီကြီးတခုရဲ့ ကချင်ပြည် မိုးမောက်မြို့နယ် KIA နယ်မြေမှာ ငြိမ်းချမ်းရေးကာလ ၂၀၀၉လောက်က စီမံကိန်းတခုပါ။ အကျိုးတူခွဲဝေစားသောက်ဖို့ဆိုပြီး န.အ.ဖ အစိုးရကာလမှာ စီးပွားရေးလုပ်ငန်းတစ်ခု  ဖြစ်ပါတယ်။ အဲဒီဒေသမှာ ကချင် KIA တပ်မဟာတစ်ခု နဲ့ မြန်မာတပ်များ အင်အားညီမျှစွာ စခန်းချနေထိုင်ပါတယ်။ နယ်မြေတစ်ခုလုံးကတော့ ကချင်လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။




ဗိုလ်ချုပ်နှင့် ကချင်တိုင်းရင်းသူများ
နောက်ပိုင်း ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တက်လာတဲ့အချိန် မြန်မာစစ်ကြောင်း၊ တပ်မတစ်ခု တာပိန်ရေအားလျှပ်စစ်ဒေသကို ချီတက်လာတယ်ဆိုတာ KIA က သတင်းရပါတယ်။ မလာဖို့၊ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တပ်တွေ နေမြဲအတိုင်းနေထိုင်း စီးပွားကျိုးတူလုပ်ဖို့ မေတ္တာရပ်ခံပေမဲ့၊ အင်အားကြီးမားလှတဲ့ မြန်မာစစ်တပ်ကြီးဟာ အင်အားသုံးချေမှုန်းဖို့ ရောက်လာပါတယ်။ ကချင် KIA တပ်များကိုတော့ စစ်တိုက်ဖို့လာတာမဟုတ်ကြောင်း၊ နယ်မြေဒေသငြိမ်းချမ်းရေး၊ တရုပ်နယ်ခြားစောင့်ရန်အတွက် ဘာညာ..အကြောင်းပြပေမဲ့ မကြေလည်မှုဟာ စတင်ပါတော့တယ်။ .. တာပိန်ရေအားလျှပ်စစ်ဒေသမှာ အင်အားကြီးမားလှတဲ့ မြန်မာစစ်တပ်ကြီး နေရာယူလိုက်ခြင်းဟာ ကချင်သူပုန်များကို အင်အားသုံးချေမှုန်းဖို့ အစပြုလိုက်ခြင်းဖြစ်ပါတယ်။



ဥပမာ .. မြန်မာနဲ့ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်ပတဲ့၊ ကချင်ပြည်နယ်၊ တာပိန်ဒေသ၊ ဆွေးနွေးအခန်းတခုထဲမှာ၊ ကချင်လက်နက်ကိုင် ၁ဦး အစောင့်နဲ့၊ မြန်မာ လက်နက်ကိုင်စစ်သား၁ဦး စောင့်နေချိန်၊ မြန်မာလက်နက်ကိုင်၊တပ်စိတ်တစ်ခုက အတင်းဝင်ရောက်ပြီး ခပ်တည်တည်နဲ့ ဆွေးနွေးပွဲလုံခြုံရေးအတွက် စောင့်ရှောက်ပေးသလိုပါပဲ။

ဒီတော့ အရင်က မြန်မာ၊ကချင် လက်နက်ကိုင်များ ပျော်ရွှင်စွာ၊ အတူနေထိုင်ရာကနေ နောက်မှရောက်လာတဲ့ မြန်မာစစ်တပ်ကြီးကြောင့် တာပိန်ရေအားလျှပ်စစ်ဒေသမှာ အခြေအနေတင်းမာလာပါတယ်။ နောက်ဆုံးတိုတိုပြောရရင် ၂၀၁၀ ဇွန်လ၉ရက်နေ့မှာ ကချင်များစိုးရိမ်တဲ့အတိုင်း ကချင်တပ်မဟာ ဌာနချုပ်ကို အင်အားကြီးမားလှတဲ့ မြန်မာတပ်မဟာက အင်အားသုံးချေမှုန်း၊ သိမ်းပိုက်လိုက်ပါတယ်။ ကချင်လက်နက်ကိုင်တပ်များဟာ ပျောက်ကျားစစ်ပဲတိုက်ဖို့ သံဓိဌာန်ချထားတော့ တာပိန်တိုက်ပွဲဟာ မြန်မာလူထု သတိမထားမိခဲ့ပါဘူး။




တာပိန်ရေအားလျှပ်စစ်စက်ရုံ အမှတ် ၁
အဲဒီအချိန်ကစပြီး ကချင်ပြည်နယ်သယံဇာတများအတွက် ကချင်တစ်ကျပ်၊ မြန်မာတစ်ကျပ် ဇတ်လမ်းမှာ တရုပ်ကြီးက လက်ပိုက်ကြည့်ရင်း တရုပ်တစ်ကျပ် အခြေအနေကို ရောက်သွားပါတယ်။ ကချင်လက်နက်ကိုင်များကို ရှင်းလင်းပြီးတဲ့အချိန်ကစပြီး တာပိန်ရေအားလျှပ်စစ်ကို စတင်လည်ပတ်ပြီး ၁၀၀% ကို တရုပ်ပြည်ဖက် တစ်ဖက်သတ်ဈေးနှုန်းနဲ့ အနှစ်၃၀ ပေးအပ်မှုအခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။ ဒီတော့ ကချင်တစ်ကျပ်ကို တရုပ်ပေးလိုက်ပါပြီ၊ ကျန်တဲ့ မြန်မာတစ်ကျပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အပြည်ရရှိပါသလား ..မေးခွန်းဟာ စဉ်းစားစရာဖြစ်လာပါတယ်။ ခရိုနီများ၊ မြန်မာအစိုးရ အာဏာပိုင်များ၊ စစ်အာဏာရှင်ဟောင်းများရဲ့ ကုမ္မဏီများက ၀ိုင်းဝန်းဝေငှယူကြတော့ နိုင်ငံတော်အစိုးရဟာ ၁၀ရာနှုံးတောင်မှာ ရပါ့မလားမသိပါ။

ကချင် KIA များအဖို့ တာပိန်ရေအားလျှပ်စစ် အရေးအခင်းမှာ၊ ငွေကြေးနဲ့နယ်မြေဆုံးရှုံးမှု မပြောပလောက်ပေမဲ့၊ အခုဖြစ်ပွားနေတဲ့ လူပေါင်းသိန်းနဲ့ချီ ဒုက္ခရောက်၊ မြန်မာ၊ကချင် နှစ်ဖက်စစ်တပ်က သေကြေ၊ပျက်စီးမှုများရဲ့ အစဖြစ်ပါတယ်။

ဆိုးဝါးလာသောအခြေအနေ

တိုင်းရင်းသားလက်နက်ကိုင်၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့ပြီး ၂၀၁၀မှာ နောက်ဆုံးကချင်လက်နက်ကိုင် KIA နဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ တွေ့ဆုံချိန်မှာတော့ ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေများ၊ ဌာနချုပ်လိုင်ဇာမြို့အထိ မြန်မာစစ်တပ်များ တဖွဲဖွဲအင်အားတိုးချဲ့လာချိန်မှာတော့ ဆက်လက်သည်းမခံနိုင်ပဲ KIA က အတိအလင်း၊ ပျောက်ကျားစစ်ကျေငြာလိုက်ပါတယ်။ ဒေါသထွက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လက်တုံပြန်မှုဟာ ကချင်ပြည်နယ် နှစ်၅၀ လက်နက်ကိုင်တော်လှန်ရေးမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ စစ်ပြေးဒုက္ခသယ် သိန်းနဲ့ချီပြီး ထွက်ပြေးရပါတယ်။ ဒုက္ခသည်စခန်းများစွာ ..တရုပ်ပြည်ကိုထွက်ပြေးပေမဲ၊ တရုပ်ပြည်ကလက်မခံပါဘူး။ ပြန်သွားဆိုပြီး တောခေါင်ခေါင် မြန်မာပြည်ထဲ ပြန်ခိုင်းပါတယ်။ ရက်စက်ပါပေ့ ပေါက်ဖေါ်တရုပ်ကြီးရေ။ မြန်မာပြည်က ရေအားလျှပ်စစ်က အမြက်အစွန်းတွေနဲ့ အခုခေတ်သစ် မဟာတံတိုင်းကြီးဆိုတဲ့ ဓါတ်ငွေလိုင်း၊ ရေနံပိုက်လိုင်း၊ ရထားလမ်း ရွှေဓါတ်ငွေ့စီမံကိန်းကြီးကို အဓိကကာကွယ်ရမှာက တရုပ်ကြီးဖြစ်ပါတယ်။ တရုပ်ကြီးရဲ့ စီးပွားရေး နယ်ချဲ့စနစ်ကို မြန်မာ၊ကချင် ပူးပေါင်းကာကွယ်ရမဲ့အစား... မြန်မာစစ်တပ်က ကိုယ့်တိုင်းရင်းသား ကချင်လက်နက်ကိုင်များကို အပြင်းအထန် ဒဏ်ပေးတိုက်ခိုက်တာ က်ရက်စက်လွန်းလှပါတယ်။ လေကြောင်းနဲ့ နောက်ဆုံးပေါ် အမြောက်၊လက်နက်များကို ကိုယ့်လူမျိုးအချင်းချင်း၊ ပစ်ခတ်၊ သတ်ဖြတ်နေတာ အံ့သြစရာကောင်းလှပါတယ်။ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၊ နယ်စပ်တစ်လျှောက် မြို့ပြ၊ရွာကြီးများစွာ ၁၇နှစ် အပစ်ခတ်ရပ်စဲရေးမှာ စည်ပင်သာယာခဲ့ကြတာ၊ အခုတော တမဟုတ်ခြင်း ပြာကျ၊ မီးလောင်၊ ပျက်စီး၊ လူသူမဲ့၊ ဖုတ်နဲ့ကျီး လွင်ပြင်ဘ၀ကို ရောက်သွားပါပြီ။ အဲဒီနေရာတွေကို ရောက်သွားတဲ့အခါ ၀မ်းနည်းမျက်ရည်ကျစရာပါ။ ရှေ့တန်းမှာ ၂ဘက်စလုံး အရင်ကတော့ သူငယ်ချင်း၊ အတူစားသောက်၊ ၀င်ငွေခွဲယူနေကြရာကနေ အခုတော့ နောက်ရောက်လာတဲ့ စစ်တပ်များရဲ့ ပေါ်လစီအောက်မှာ အပြင်းထန်တိုက်ခိုက်နေရပါပြီ။ မြစ်ကြီးနား၊ဗန်းမော်၊မိုးကောင်း စတဲ့မြို့များက ကချင်ရပ်ကွက်များမှာ ကေအိုင်အေစစ်သား၊စစ်ဗိုလ်များ သေဆုံးလို့ ခရစ်ယာန်အောက်မေ့ဖွယ်ဘုရားရှိခိုးပွဲများ အဆက်မပြက်လုပ်နေရသလို၊ မြန်မာနိုင်ငံတ၀ှမ်းက စစ်တပ်များမှာလည်း စစ်ဗိုလ်၊စစ်သားများ တိုက်ပွဲကျဆုံးသွားလို့ ဗုဒ္ဓဘာသာဆွမ်းသွတ်ပွဲများစွာ လုပ်နေရပါတယ်။

အိမ်ကြက်ခြင်းခွပ်တော့ ကြက်သားချက်စားဖို့ စောင့်နေတဲ့ တရုပ်ကြီးစီးပွားရေးအမြက်ထွက်ပြီး၊ လက်ပိုက်ငွေသဲ့ယူနေပါတယ်။ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က ရပ်ပါတော့ဆိုလဲ စစ်တပ်ကမရပ်တမ်းတိုက်ခိုက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဝင်ပေးဖို့ အသံမထွက်ဘူးဖြစ်နေတယ်။ တရုပ်တပ်ကြီးက ယူနန်ပြည်နယ် မြန်မာနယ်စပ်မှာ အင်အားပြပြီး၊ တိုက်ပွဲတွေကို ကြည့်နေပါတယ်။ တရုပ်လောက်ဦးနှောက်မရှိတဲ့ မြန်မာနဲ့ကချင် လက်နက်ကိုင်များက ဘာမှမဟုတ်တဲ့ ဓါတ်ငွေ့၊ ရေနံပိုက်လိုင်း၊ ကျောက်စိမ်းတွင်း၊ ရေအားလျှပ်စစ်များအတွက် စစ်တိုက်နေရင်း ...လူမျိုးရေးအသွင်ပြောင်းသွားမှာကို နှစ်ဘက်စလုံးက အရမ်းစိုးရိမ်နေရပါတယ်။


လက်ရှိအခြေအနေ

ဇန္န၀ါရီလကုန်မှာ မြစ်ကြီးနားမြို့ကို ရောက်သွားချိန်၊ တစ်မြို့လုံး မှောင်မဲနေပါတယ်။ မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓါတ်အားပေးဖို့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကျင်ခရမ်ရေအားလျှပ်စစ်စက်ရုံ တရုပ်စက်များနဲ့ မြန်မာလျှပ်စစ်ကော်ပိုရေးရှင်းက တည်ဆောက်ပါတယ်။ ၅နှစ်မခံပါဘူး။ တာဘိုင်စက် ၁၄လုံးမှာ ၂လုံးလည်ရင်တောင် မြစ်ကြီးနားမြိုကို လျှပ်စစ်ပေးနိုင်တာ၊ အားလုံး မလည်ပတ်နိုင်တော့ ကျင်ခရမ်ရေအားလျှပ်စစ် ဇတ်လမ်းသိမ်းသွားတယ်။ တရုပ်တပါတ်ရစ်စက်များရဲ့ စွမ်းအင်က ၃နှစ်ခံရင် တော်လှပြီပေါ့။ မြစ်ကြီးနားကို လျှပ်စစ်ဓါတ်အားပေးဖို့ ဒီဇယ်စက်ကြီးတွေလည်း မတတ်နိုင်၊ ဘယ်ပုဂ္ဂလိကမှ ရှုံးမဲ့အလုပ်ဖြစ်တာကြောင့် မလုပ်ပါဘူး။ ကချင် KIA လက်နက်ကိုင်များရဲ့ စီးပွားရေးအဖွဲ့ ဘူးဂါးကုမ္မဏီက KIA ထိန်းချုပ်နယ်မြေမှာ ရေအားလျှပ်စစ်စတင်ထုတ်လုပ်ပါတယ်။ တာဝါတိုင်ကြီးများဆောက်ပြီး မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓါတ်အားပေးခဲ့လို့ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက လျှပ်စစ်မီး ထိန်လင်းနေခဲ့ပါတယ်။

တလတာ မြစ်ကြီးနားမီးမှောင်ကျသွားခြင်

အခု လေကြောင်းစစ်ဆင်ရေးဖြစ်ချိန်မှာ တာဝါတိုင်တခု ပျက်စီးသွားပြီး မြစ်ကြီးနားမြို့ လျှပ်စစ်ဓါတ်အား မရတော့၊ မှောင်မဲသွားပါတယ်။ မြန်မာစစ်တပ်က လေယဉ်နဲ့ပစ်ခတ်လို့ ပျက်သွားသလို၊ ကချင်လက်နက်ကိုင်များက ဖေါက်ခွဲဖျက်ဆီးသလို သတင်းမျိုးစုံထွက်နေတယ်။ ဘယ်သူပြောတာ ယုံရမလဲမသိ၊ အပြန်အလှန်အပြစ်တင်ရင်း ပျက်စီးသွားတဲ့ တာဝါတိုင်ကို မပြင်ဆင်နိုင်ဘူး။ အခု ဒီဆောင်းပါးရေးနေစဉ်တော့ ပြင်နေကြပြီ၊ မနက်ဖန် လျှပ်စစ်ရပြီလို့ ပြောနေသံကြားရပါတယ်။

ဒါနဲ့ ကချင် KIA စီးပွားရေးအဖွဲ့က ထုတ်လုပ်ပေးတဲ့ ရေအားလျှပ်စစ်ကို မြစ်ကြီးနားမြို့ပေါ်မှာ ဖြန့်ဖြူးရေးကျတော့ ဈေးနှုန်းကို မြန်မာလျှပ်စစ်ကော်ပိုရေးရှင်းနဲ့ ညှိရတယ်။ ဈေးနှုန်းများကတော့
မြန်မာအစိုးရနဲ့စစ်တပ်ကို တစ်ယူနစ် ကျပ်၅၀နှုန်း
မြစ်ကြီးနားပြည်သူလူထုပြင်ဖို့ မြစ်ကြီးနား ကိုယ်ပိုင်မီးစက်များ ဂျင်နရေတာများဟာ ဆီကုန်ကျလွန်းတော့ တရုပ်ပြည်က၀င်လာတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီများကို (အောတိန်း) တစ်ဂါလံ ၄၀၀၀လောက် ပေးပြီး တည မီးစက်အသေးလေးတွေ လည်ပတ်ရတယ်။ ဆင်းရဲသူများတော့ ဖယောင်တိုင် ကိုကို ထွန်းကြတာပေါ့။ နဲနဲငွေကြေးတတ်နိုင်သူတွေကတော့ တရုပ်ပြည်ကလာတဲ့ LED မီးအိမ်ြေူလေးတွေလည်း ဆိုလာ (တစ်ပေပတ်လည်) အပြားကို ကျပ်ခြောက်ထောင်၊ မီးအိမ် (၁၂ဗို့အား) ကျပ်၆၀၀၀၊ စုစုပေါင်း ကျပ်၁၂၀၀၀ အကုန်ကျခံပြီး၊ မီးထွန်းနေရတယ်။ တစ်ချို ငွေကြေးကြွယ်ဝသူများက ၄ပေ၊ ၃ပေ ဆိုလာအချပ်ကြီးများကို ၀ယ်ပြီး လျှပ်စစ်ဓါတ်အားထုတ်ရောင်းချဖို့ ကြံကြတယ်။ အော် ..ဆိုလာအင်နာဂျီဆိုတာ မြန်မာပြည်က ကြက်ဆူဆီ လောင်စာထုတ်သလိုပဲ၊ စီးပွားဖြစ်မရနိုင်ပါဘူး။ မီးထွန်းရုံလောက်ပဲကောင်းတာပါ။ လျှပ်သို၊ လျှပ်တား Capacitance, Inductor များဖြစ်တဲ့ တီဗွီ၊ ဗွီဒီယို၊ မော်တာ (ရေတင်စက်)များအတွက် ဆိုလာအင်နာဂျီ Solar Energy ကို သုံးရင် စီးပွားဖြစ်မကိုက်ပါဘူး။ ပြီးတော့ တရုပ်ဆိုလာပြားတွေက ဘယ်နှစ်နှစ်ခံမလဲမသိ၊ တနှစ်နဲ့ ပျက်သွား၊ ကွာလတီလည်း မသေချာတဲ့ တရုပ်စက်များဟာ ခဏသုံး (ပေါ်ပင်) တော့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မြစ်ကြီးနားမြို့ကြီး မှောင်မဲနေတာကို ၀မ်းနည်းစွာ လက်တွေ့ခံစားရပါတယ်။ ဟန်းဖုန်း ဘက်ထရီအားကုန်လို့ မီးစက်နဲ့ဖွင့်ထားတဲ့ အင်တာနက်ကဖေးမှာ တနာရီသွားထိုင်ရင်း ဟန်ဖုန်း ဘက်ထရီဖြည့်ခဲ့ရပါတယ်။


နိဂုံးချုပ်

ဘာပဲဖြစ်စေ လျှပ်စစ်မီးပျက်ခြင်းဟာ သေးငယ်တဲ့ ဒုက္ခပဲဖြစ်ပါတယ်။ လူသေကြေ၊ အိမ်မြေမီးလောင်၊ပျက်စီးမှုထက်စာရင် ဘာမှမဖြစ်လောက်ပါဘူး။ စစ်ဘေးဒဏ်ဟာ အလွန်ဆိုးဝါးလှကြောင်း မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်များ သိပါတယ်။ သိသိရက်နဲ့ ဒေါသမထိမ်းနိုင်ပဲ ဆက်တိုက်နေခြင်းဟာ အခြားတိုင်းရင်းသား ၁၀မျိုးရဲ့ ယုံကြည်မှုကို ပျက်ပြားနေပါပြီ။

မြန်မာပြည်လွှတ်တော်ကတော့ ထိုးစစ်ရပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာစစ်တပ်နဲ့ကချင်လက်နက်ကိုင် နှစ်ဖက်လူကြီးများ (အဆုံးအဖြတ်ပေးနိုင်သူများ) နိုင်ငံရေးအားဖြင့် ဆွေးနွေးအဖြေရှာနိုင်ပါတယ်။ ညီအစ်ကိုများဖြစ်ပါတယ်။ အစ်ကိုကြီး မြန်မာစစ်တပ်က လျှော့ပေးမလား၊ ညီငယ်ဖြစ်သူ ကချင် KIA ကပဲ လျှော့လက်စနဲ့ ဆက်လျှော့ပေးရမလား။

လောလောဆယ်တော့ ကြားခံနိုင်ငံကြီးတစ်ခုကတော့ အမြက်ထွက်နေပြီး၊ တိုက်ခိုက်၊သေကြေ၊ ဒုက္ခရောက်နေတာကတော့ ညီအစ်ကို၊ တိုင်းရင်းသား ကချင်လူမျိုးနဲ့ မြန်မာစစ်သားများ၊ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှလိုင်ဇာအထိ လမ်းလျှောက်နေတဲ့ လူငယ်များစွာ.... မြေဇာပင်များစွာ ...သြော်...ဆက်ရန်ရှိပါသေးတယ်။

အင်ဂွန်ဂျာဝါ - ၂
၎-ဖေ-၂၀၁၃

No comments:

Post a Comment