ငြိမ်းချမ်းရေးဟာ လက်နက်ချခြင်းလို့ အဓိပ္ပါယ်ထွက်တဲ့ မြန်မာပြည်
Karin Dean
ဘာသာပြန်… ကိုပေါ
From January Khit Maung
(မြစ်ကြီးနား) - လက်နက်ကိုင်ပဋိပက္ခဟာ မြန်မာပြည် အတွက် အသစ်အဆန်းမဟုတ်။ အစဉ်အဆက် စစ်တပ်က အုပ်ချုပ်လာခဲ့တဲ့
တိုင်းပြည်မှာ အိမ်တွေ၊ ရွာတွေကို မြန်မာစစ်တပ်က မီးရှို့ပြာချ လိုက်ပြီးတဲ့နောက် ယာယီတည်ဆောက်ထားတဲ့ အမိုးအကာ အောက်တွေ၊ ဒုက္ခသည်စခန်းတွေဆီမှာ စုပြုံတိုးနေရတဲ့ ပြည်တွင်းစစ်ဘေးဒုက္ခသည် တွေရဲ့ ပုံရိပ်တွေနဲ့ ကာလရှည်ကြာ ရင်းနှီးလာခဲ့ကြပြီး ဖြစ်တယ်။
ဒါပေမယ့် သမ္မတသိန်းစိန်ရဲ့ အရပ်သား တပိုင်း အစိုးရက တိုင်းရင်းသားတော်လှန်ရေး အင်အားစု များကို ပစ်ခတ်တိုက်ခတ်ရာမှာ “တင့်ကားပျံ”လို့တောင် ရည်ညွှန်းခေါ်ဝေါ် လေ့ရှိကြတဲ့ စက်အမြောက်တပ် ရဟတ်ယာဉ် ကြီးများ၊ ရုရှားလုပ် အမ်အိုင်-၃၅ အပါအဝင် တိုက်လေယာဉ်များကို မကြာမီက အသုံးပြုခဲ့ပုံ ကတော့ မကြုံစဖူး လုပ်ရပ်ထူးလို့တောင် ပြောရပါမယ်။
“ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု”ကို ရယူဖို့ အတွက် သိန်းစိန်ရဲ့ အားထုတ်မှုဟာ အရင်စစ်အစိုးရ လက်ထက်တုန်းက လုပ်နည်း လုပ်ဟန်တွေထဲက တခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသမှာ စစ်မက်ဆက်လက် ဖြစ်ပွား၊ ပိုမိုပြင်းထန် လာတဲ့ကြားကပဲ သူ့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များကြောင့် မြန်မာပြည်ဟာ ကမ္ဘာမှာ လူရာမဝင် ဖြစ်နေခဲ့ ရာကနေ အနောက်နိုင်ငံတွေရဲ့ ဖူးဖူးမှုတ်ခံ ရတဲ့ဘဝကို မကြာမတင်က ပြောင်းလဲနိုင်ခဲ့ ပါတယ်။ မြန်မာစစ်တပ် နားလည်တဲ့ ဘာသာဗေဒအရ ကချင် ပြည်နယ်တွင်း ငြိမ်းချမ်းမှု ဆိုတာ ကချင်တွေဘက်က မဖြစ်မနေ လက်နက်ချရမယ်၊ ကချင်တွေ ကာလရှည်ကြာ ကိုင်စွဲလာတဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကချင့် အခွင့်အရေးတွေကို မဖွင့်ဟ၊ မတောင်း ဆိုရဘူး..ဆိုတဲ့ အဓိပ္ပါယ်ပဲ ထွက်ပါတယ်။
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အကြား ၁၇ နှစ်တာ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ပြိုကွဲ သွားပြီးတဲ့နောက် လအနည်းငယ် အကြာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်တဲ့ အရှေ့ တောင်အာရှနိုင်ငံများ ထိပ်သီး ဆွေးနွေးပွဲ အတွင်း သိန်းစိန်ဟာ သူရဲ့ ထုတ်ပြန်ချက် တခုကနေ အခုလိုပြောပါတယ်။ မြန်မာစစ်တပ် အနေနဲ့ ကေအိုင်အိုကဲ့သို့ အဖွဲ့အစည်းနဲ့ လက်နက်ကိုင် အစိတ်အပိုင်းဖြစ်တဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) လိုမျိုးကို “တရက်အတွင်း” အစပျောက် ချေမှုန်းလို့ ရပါသတဲ့။
တနှစ်ကြာပြီးတဲ့နောက်မှာ အဲဒီ အပြောသန်တဲ့ ဟောကိန်းက အကောင်အထည်ပေါ်မလာ ခဲ့ပါ။ မကြာခင်က အရှိန်မြှင့်တိုက်ခိုက်မှုတွေ ပြုခဲ့ လင့်ကစား မြန်မာစစ်တပ်ဟာ ကေအိုင်အေကို အပြုတ်မတိုက်နိုင် ခဲ့ဘူးလို့ မြို့တော် မြစ်ကြီးနား မြို့ခံ ကချင်များက ဂုဏ်ယူဝံ့ကြွားစွာ ပြောကြပါတယ်။ မြန်မာစစ်သားတွေ အကြားမှာ အကျအဆုံးများပြားမှု၊ စိတ်အား ထန်သန်ခြင်း ကင်းမဲ့မှုတွေ ကြုံတွေ့နေရပြီး ပိုမို ခိုင်မာ ထက်သန်တဲ့ ကချင်သူပုန်တွေနဲ့ ရင်ဆိုင်နေရခြင်း ဟာ အစိုးရက “ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်မှု”ကို ရယူဖို့ ကြိုးပမ်းရာမှာ တိုက်လေယာဉ်တွေနဲ့ စက်အမြောက်တပ် ရဟတ်ယာဉ်တွေကိုပါ ဘာကြောင့် ထည့် သွင်း အသုံးပြုလာရသလဲဆိုတဲ့ အချက်ကို ရှင်းပြနိုင်ပါလိမ့်မယ်။
ကချင်ပဋိပက္ခမှာ ပါဝင်ပတ်သက်သူမှန်သမျှ အတွက် အရေးကြီး ကိစ္စတွေကတော့ လုံခြုံရေးနဲ့ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးတို့ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီအရာတွေကို ဘယ်ပုံဘယ်နည်း ရယူသင့်သလဲဆိုတဲ့ နည်းလမ်းအပေါ်မှာ အမြင်တွေ ကွဲလွဲတိုးတိုက်ကြပါတယ်။ တဖက် မှာတော့ အစိုးရဟာ တိုင်းပြည် အချုပ်အခြာ အာဏာအတွက် အခြေခံ လိုအပ်ချက်တခုအဖြစ် နယ်စပ်ဒေသများကို သိမ်းပိုက်ချုပ်ကိုင် လိုပါတယ်။ ပေါများလှတဲ့ သဘာဝ သယံဇာတ ရင်းမြစ်တွေဖြစ်တဲ့ ကျောက်စိမ်း၊ ရွှေ၊ သစ်နဲ့ ရေအားလျှပ်စစ်တွေကို တူးဖော်ထုတ်ယူပြီး အိမ်နီးချင်း တရုတ်ပြည်နဲ့ ကုန်သွယ်ကူးသန်းမှုကို စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ အသက်ဆက် နိုင်ဖို့အတွက် အဓိကကျတယ်တို့ အစိုးရက ရှုမြင်ကောင်း ရှုမြင်နိုင်ပါတယ်။
ကေအိုင်အို၊ ကေအိုင်အေကို ၁၉၆၁ ခုနှစ်က တည်ထောင်ခဲ့ ပါတယ်။ မူလဦးတည်ချက်က တော့ ဗဟိုအစိုးရထံကနေ လွတ်လပ်ရေးအရ ယူဖို့ပါ။ ဒါပေမယ့် နောက်ပိုင်းတော့ ဖက်ဒရယ် ပြည်ထောင်စု အတွင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မျှသာ တောင်းဆိုတဲ့ အဆင့်ကို လျှော့ချ သွားပါတယ်။ ဒီကေအိုင်အို၊ ကေအိုင်အေမှာလည်း အစိုးရနဲ့ အပြိုင် ရည်မှန်းချက်တခု ရှိပါတယ်။ ကေအိုင်အိုဟာ ပြည်မနဲ့ တိုင်းရင်းသားဒေသတွေ
အကြား အုပ်ချုပ်မှုအာဏာကို ဘယ်ပုံဘယ်နည်း ခွဲဝေမယ်ဆိုတာရယ်၊ ဖက်ဒရယ်မူရယ်ကို ၂၀ဝ၄ ခုနှစ်နဲ့ ၂၀ဝ၇ ခုနှစ်အကြား လက်ရှိ အခြေခံဥပဒေ ရေးဆွဲဖို့အတွက် အစိုးရက ဖွဲ့စည်းပေး ခဲ့တဲ့ အမျိုးသားညီလာခံမှာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။
အချက် ၁၉ ချက်ပါ အကြံပြုချက်လို့ သိကြတဲ့ ကေအိုင်အို ရဲ့ ၂၀ဝ၇ တင်ပြချက်ကို အခြေခံဥပဒေ ရေးဆွဲရေးကော်မတီက လက်ခံ ဆွေးနွေးဖို့ ငြင်းဆန်ခဲ့ရုံမျှမက ကေအိုင်အို၊ ကေအိုင်အေနဲ့ သဘောတူညီထားခဲ့တဲ့ အစိုးရရဲ့ အပစ်အခတ် ရပ်စဲရေးကို ဖျက်ပစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ ပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး က ကေအိုင်အေကို တောင်တန်းတွေဆီ ပြန် ရောက်သွားအောင် မောင်းထုတ်နိုင်တယ်လို့ အဲဒီအချိန်က ပြောခဲ့ကြောင်း အဆိုရှိပါတယ်။ တိုင်းပြည်လုံခြုံရေး နဲ့ ကချင်ပဋိပက္ခ ဖြေရှင်း ဖို့ နည်းလမ်းအတွက် ဗဟိုအစိုးရရဲ့ မျှော်မှန်းချက် တစိတ်တဒေသအနေနဲ့ ကေအိုင်အို ကို (အခြား လက်နက်ကိုင် ငြိမ်းအဖွဲ့များ နည်းတူ) မြန်မာ့လက်နက်ကိုင် တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်မှာ နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီအစီအမံဟာ မအောင်မြင်ခဲ့ပါဘူး။ ကေအိုင်အို အပါအဝင် နိုင်ငံရေးအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တောင်းဆိုကြတဲ့ အပစ်ရပ် ငြိမ်းအဖွဲ့ အများအပြားက ဒီအစိုးရရဲ့ အစီအမံအတိုင်း လက်ခံဖို့ ငြင်းဆိုခဲ့ကြလို့ပါပဲ။
ဒါကို အစိုးရက နိုင်ငံရေးအရ လက်စားချေခြင်းနဲ့ တုန့်ပြန်ခဲ့ပါတယ်။ စစ်တပ်က ကြီးစိုးလွှမ်းမိုးတဲ့ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ကေအိုင်အို ဒု-ဥက္ကဋ္ဌဌဟောင်း တည်ထောင်ခဲ့ပြီး လူကြိုက်များတဲ့ ကချင် ပြည်နယ်တိုးတက်ရေး ပါတီကို ကေအိုင်အိုနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး မှတ်ပုံတင်ခွင့် မပေးခဲ့ပါဘူး။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ကချင်ပြည်နယ် အတွင်းက ဒေသအများစုမှာ အစိုးရက “လုံခြုံရေး စိတ်မချရ”လို့ အကြောင်းပြကာ မဲပေးခွင့် (ရွေးကောက်ပွဲကျင်းပခွင့်)ကို ပိတ်ပင်ခဲ့ပါတယ်။
ပြည်တွင်းဖြစ် လုံခြုံရေး
အစိုးရပြောကြားချက်နဲ့ ပြောင်းပြန်ဆိုသလို ကေအိုင်အို၊ ကေအိုင်အေ ထိန်းချုပ်နယ်နိမိတ် များအတွင်းမှာ ကေအိုင်အို၊ ကေအိုင်အေက စောင့်ရှောက်ပေးတဲ့ လုံခြုံရေးကြောင့်ပဲ ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်မှု တွေထဲမှာ တရုတ်မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကတဆင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကို လက် လှမ်းမီထိတွေ့ခွင့် ကြီးထွားလာမှု၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင်ကိစ္စများ၊ ဒေသခံ လူမှုအဖွဲ့အစည်းများ အတွင်း အင်အား ကောင်းလာစေတဲ့ အန်ဂျီအိုအသင်း အဖွဲ့များ ပေါ်ပေါက်လာမှုနဲ့ ကချင်ဘာသာနဲ့ ပညာ သင်ကြားခွင့်တွေ ပါဝင်ပါတယ်။
ကေအိုင်အို ထိန်းချုပ်တဲ့ လိုင်ဇာမြို့မှာ နယ်ခြား ကုန်သွယ်မှုရဲ့ အကျိုးအမြတ်ရလဒ် အနေနဲ့ ဖွံ့ဖြိုးတိုးတက်နေတာကို ခေတ်မီ ဟိုတယ်များ တည်ရှိလာမှု၊ ၂၄ နာရီ မီးမပျက်ဘဲ လျှပ်စစ်ဓါတ်အား ရရှိမှု၊ နယ်ခံ ရုပ်မြင်သံကြား ထုတ်လွှင့်ရုံတခု ပေါ်ပေါက်လာမှုနဲ့ ကချင်ပြည်နယ် (အစိုးရ လက်အောက်က) မဖွံ့ဖြိုးတဲ့ အခြားဒေသတွေမှာ စိတ်ကူး ကြည့်လို့တောင် မရတဲ့ အခြား တိုးတက်မှု တွေမှာ အတိုင်းသား မြင်တွေ့နိုင်ပါတယ်။
တချိန်တည်းမှာပဲ ကချင် ဒေသခံ အများအပြားက အပစ်အခတ် ရပ်စဲရေးကာလ အတွင်း တရုတ်ပြည်နဲ့ ကုန်သွယ်ရေးအတွက် သဘာဝ သယံဇာတတွေ ဗုန်းဗောလအော ထုတ်လုပ်ခြင်း အပါအဝင် ကေအိုင်အို ခေါင်းဆောင်ပိုင်းအချို့ရဲ့ ကိုယ်ကျိုးစီးပွား လုပ်ငန်းများကြောင့် ကေအိုင်အိုဟာ အတိတ်က အရေးပါ အရာရောက်မှုနဲ့ ရိုးသားပွင့်လင်းမှုတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီလို့ ယုံကြည်ယူဆခဲ့ကြ တာမျိုး လည်း ရှိခဲ့ပါတယ်။ ဘာပဲ ပြောပြော ကေအိုင်အိုဟာ မြန်မာအစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ဆိုတဲ့ လူကြိုက် များတဲ့ တောင်းဆို ချက်ကို ကိုယ်စားပြုပေး နိုင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတခုအဖြစ် သူ့ရဲ့ ပုံရိပ်ကို ပြန်လည် တည်ဆောက်နိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ ပါတယ်။
ယခုအခါ ကချင်အများအပြားဟာ မြန်မာ အစိုးရရဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းရန်ကနေ အကာ အကွယ် အစောင့်အရှောက်အတွက် ကေအိုင်အိုကို မျှော်လင့်ကိုးစားနေကြပြီ ဖြစ်ပါတယ်။ “အပစ် အခတ် ရပ်စဲရေးဟာ ငြိမ်းချမ်းရေးလို့ မခေါ်ဆို နိုင်ဘူး”လို့ ဘရန်ရှောင် က ပြောပါတယ်။ ဘရန်ရှောင်ဟာ တရားဟောဆရာလည်းဖြစ်၊
ကျောင်းဆရာ တယောက်လည်း ဖြစ်သလို ကေအိုင်အို ထိန်းချုပ် နယ်မြေမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သူ ဖြစ်ပြီး ယခုအခါ မြစ်ကြီး နားမှာ နေပါတယ်။ “အစိုးရဟာ ငြိမ်းချမ်းရေးကို မလိုချင်ဘူး။ သူတို့ဟာ အပစ်အခတ် ရပ်စဲရေးကိုသာ လိုလားတာ ဖြစ်ပါတယ်။”
ဘရန်ရှောင်ဟာ ကေအိုင်အိုကို အစောပိုင်း ဝေဖန်သူများထဲက တယောက်ဖြစ်ပါတယ်။ ကေအိုင်အိုရဲ့ ပွင့်လင်းမြင်သာမရှိမှု၊ စစ်အင်အား ဆက်လက် တိုးမြှင့်နေမှုနဲ့ ခေါင်းဆောင်ပိုင်းရဲ့ ပုဂ္ဂလိကအကျိုးအမြတ် စီးပွားရေး လုပ်ငန်းများ အပေါ် သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအရ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ အခုတော့ ကချင်ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ အကျိုး စီးပွားအတွက် ကေအိုင်အိုကို သူအားကိုး နေရပါပြီလို့ ပြောပါတယ်။
၁၉ ၉ ၄ - ၂၀၁၁ အပစ်အခတ်ရပ်စဲရေး ကာလ တလျှောက် ကချင်ပြည်နယ်တွင်း အစိုးရ အုပ်ချုပ်တဲ့ ဒေသမှာ ကချင်လူမျိုးတွေ တွေ့မြင်ခဲ့ ရသမျှ ဟာလည်း အဲဒီလို ခံယူချက် ပြောင်းလဲသွားစေအောင် အထောက် အကူပြုခဲ့ ပါတယ်။ မြန်မာစစ်တပ်ဦးဆောင်တဲ့ သဘာ ဝသယံဇာတ ထုတ်ယူရေးနဲ့ စစ်တပ်ပိုင်၊ ပုဂ္ဂလိကပိုင် စိုက်ပျိုးစီးပွားလုပ်ငန်းများ အတွက် မြေယာ သိမ်းမှုများကြောင့် အကျိုးဆက်အဖြစ် အဲဒီဒေသတွေကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် မြန်မာစစ်တပ် အင်အား ချထားမှုဟာ နှစ်ဆတိုးလာခဲ့ပါ တယ်။
သတ္တုတူးဖော်ရေးနဲ့ သစ်ထုတ်လုပ်ရေးတွေ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံရှုံးမှု ဟာ နေရာအများ အပြားမှာ ပြန်လည် ပြင်ဆင်ဖို့ မဖြစ်နိုင်တော့အောင် ပျက်စီးသွားတဲ့အပြင် လက်ရှိမှာလည်း မရပ်တန့်ဘဲ ဆက်လက် တူးဖော် ထုတ်လုပ်နေဆဲဖြစ်တယ်။ အစိုးရရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာတရား ဆိုင်ရာ ပေါ်လစီများ အားလုံးဟာ အများစုဖြစ်တဲ့ ဗမာတွေရဲ့ ဗုဒ္ဓဘာသာ လူနေမှုပုံစံကို မြှင့်တင်ရာ ရောက်ပြီး ကချင် တွေကိုကျတော့ ခွဲခြားဖိနှိပ်သလို ဖြစ်နေခဲ့ ပါတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ စိန်ခေါ်မှုများဖြစ်တဲ့ သတင်းလွတ် လပ်ခွင့်ကို အနည်းငယ် လျှော့ချပေးမှု၊ ပါလီမန်ဒီမိုကရေစီကို ရှေးရှုမှုတွေဟာ ကချင်ပြည် နယ်နဲ့ ပတ်သက်မှု နည်းပါးလှ ပါတယ်။
“အခု အရပ်သားအစိုးရ ပြည်နယ်လွှတ်တော် အောက်မှာ နေရတာ နဲ့ အရင် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်လက်အောက်မှာ နေရတာ ဘာမှ ကွာခြားမှု မရှိပါဘူး” လို့ အစိုးရလက်အောက် ကချင်ပြည် နယ်မှာ အမှုထမ်းဘူးတဲ့ (အရေးယူခံ ရမှာစိုးလို့) အမည်မဖော်လိုသူ အငြိမ်းစားဝန်ထမ်း တယောက်က ပြောကြားပါတယ်။
ဒီအချိန်အတွင်း ပြင်းထန်တဲ့ တိုက်ပွဲများ ကြောင့် ပြည်တွင်း ဒုက္ခသည်အရေအတွက် မြင့်တက်လာ ပါတယ်။ အချို့ ခန့်မှန်းချက်များ အရ စစ်ဘေးဒုက္ခသည်ဦးရေ တသိန်းလောက် အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အပြည်ပြည် ဆိုင်ရာ အန်ဂျီအို တခုဖြစ်တဲ့ လူ့အခွင့် အရေးဆိုင်ရာ သမားတော်များအဖွဲ့ က လက်ရှိ အခြေအနေကို လူသားမျိုးနွယ် ဆိုင်ရာ ကပ်ဘေးကြီး တခုလို့တောင် ကင်ပွန်းတပ် ပါတယ်။ ကေအိုင်အို၊ ကေအိုင်အေ စောင့်ရှောက်မှု အောက်က ယာယီ အမြန်တည်ဆောက် ထားရတဲ့ အိုင်ဒီပီ ဒုက္ခသည်စခန်းတွေမှာ ဒဏ်ရာရ ထားတဲ့ အရပ်သားများ၊ ကိုယ်ဝန်ဆောင်မိန်းမများ၊ ကျောင်းဆရာများ၊ ဘုရားရှိခိုးကျောင်းက အကြီး အကဲများနဲ့ ရပ်ဝေးရွာဝေး ကလေး သူငယ်များရဲ့ ဓါတ်ပုံများ၊ ဗီဒီယိုများဟာ အင်တာနက်နဲ့ လူမှုကွန်ယက်မီဒီယာများ ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ ယူကျူနဲ့ လွတ်လပ်သော ဘလော့ဂ်တွေမှာ ပျံ့နှံ့နေပြီး ကချင်များ အကြား တက်ကြွအောင် နှိုးဆော်စည်းရုံးတဲ့ အခန်း ကဏ္ဍဍကို ယူထားပါ တယ်။
“ဒါဟာ ကေအိုင်အိုနဲ့ မြန်မာစစ်တပ်အကြား ပဋိပက္ခ မဟုတ်ပါဘူး။ ဒါဟာ ကချင် တမျိုးသားလုံးအပေါ် ဆန့်ကျင်တဲ့ စစ်ပွဲ ဖြစ်ပါတယ်” လို့ ဘန်ကောက် အခြေစိုက် တက္ကသိုလ်တခုမှာ ဘွဲ့ယူဖို့ လေ့လာသင်ယူနေ တဲ့ ကချင်လူငယ်တယောက်က ပြောပါတယ်။ သူ့အနေနဲ့ လက်နက်ကိုင်တိုက်ပွဲ ဝင်ဖို့အတွက် ကေအိုင်အေကို ပူးပေါင်းရမလား၊ ဒါမှမဟုတ် ဘွဲ့ရပြီးတော့မှ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု အတွက် အထောက်အကူပေးနိုင်အောင် သူ့ရဲ့ သင်ယူမှု တွေကို ဆက်လုပ်ရမလား ဝေခွဲမရအောင် ရှိနေတယ်လို့ ဆိုပါတယ်။
ပြည်တွင်းစစ်ပြေးဒုက္ခသည်များကို ကူညီ ထောက်ပံ့နိုင်ဖို့အတွက် ရန်ပုံငွေရှာခြင်းဟာ ကမ္ဘာ တလွှားမှာ ရှိတဲ့ ကချင်တွေကို စုစည်း ညီညွတ်စေ ခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေရှာကြ တဲ့အထဲ
မြန်မာပြည်ရဲ့ယခင်မြို့တော်ဟောင်း ရန်ကုန်မှာ ပို့စ်ကဒ်နဲ့ တီရှပ်တွေ ရောင်းချတဲ့ ကချင် အနုပညာသည် လူငယ်များက စလို့ ယူနိုက်တက် စတိတ်စ်မှာ အခြေစိုက်တဲ့ လက်ဝှေ့သမား အကျော်အမော် အောင်လနန်း တို့ အထိပါပဲ။ အောင်လဟာ သူနိုင်တဲ့ ဆုကြေးများထဲက အချို့ကို ဒီအရေးအတွက် လှူဒါန်းခဲ့ပါတယ်။ ဒါပေမယ့် ဒုက္ခသည် စခန်းတွေကို တာဝန်ယူရတဲ့ ကေအိုင်အို ကယ်ဆယ်ရေးအေဂျင်စီတွေ အဆိုအရ ဒီရန်ပုံငွတွေဟာ ဒီလောက်ကြီးမားတဲ့ ကပ်ဘေး အတွက် မလုံလောက်နိုင်အောင် ရှိနေပါသေး တယ်လို့ ဆိုပါတယ်။
ဉီးစားပေးအစီအစဉ်များကို ပြောင်းလဲခြင်း
မည်သို့ပင်ဆိုစေ ငြိမ်းချမ်းရေးကို စစ်ပွဲက တဆင့် အရယူမည်ဆိုတဲ့ အစိုးရရဲ့ ကြွေး ကြော်သံဟာ မြန်မာနိုင်ငံကို စီးပွားရေး လုပ်ငန်းများအတွက် ပွင့်လင်းလာတာကို မြင်လိုကြတဲ့၊ တရုတ်ဆီကနေ ဝေးဝေးလှည့် ထွက်တာကို မြင်လိုကြတဲ့ အနောက်အုပ်စု အမျိုးမျိုးကြားမှာ ကျယ်ကျယ် လောင်လောင် မြည်ဟီးရိုက်ခတ်သွားပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းကနေ အကြမ်းဖက်မှုကို ရှုတ်ချတဲ့ လူသိရှင်ကြားထုတ်ပြန်ချက်တွေ ထုတ်ပြန် ရပေမယ့် တဖက်မှာလည်း ကချင်တွေ အပေါ် ကလိန်ကျမယ့် နိုင်ငံရေးလမ်းကြောင်း ကြီးထဲ ကချင်တွေကို ဝင်ရောက်ဖို့ အတင်း တိုက်တွန်းကြပြန်ပါတယ်။
တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး နိုင်ငံရေး အရ ဆွေးနွေးကြဖို့ တိုက်တွန်းတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ရဲ့ တိုက်တွန်းချက်တွေဟာ တော်တော်ကြီး လွဲချော်နေ ပါတယ်။ သူတို့ရဲ့အမြင်တွေဟာ ကေအိုင်အိုရဲ့ အချုပ်အချာအာဏာနဲ့ တရားဝင်တည်ရှိမှုကို ဂရုမပြုရာရောက်ပြီး ကေအိုင်အိုရဲ့ လှုပ်ရှားမှုကို ဥပဒေနဲ့ မညီဘူး လို့ မစွပ်စွဲရင်တောင်မှ ဖျက်လို ဖျက်ဆီး လုပ်ရပ်တခုသဖွယ် နှိမ့်ချကြည့်မြင်ရာ ရောက်ပါတယ်။ ဒီလို အပြည်ပြည်ဆိုင်ရာက အမြင်တွေကြောင့် အစိုးရအရာရှိတွေအနေနဲ့ သူတို့ မလိုလားတဲ့ သတင်းအချက် အလက်တွေ၊ ဒါမှမဟုတ် ရှေ့တန်းစစ်မြေပြင် ကလာတဲ့ သတင်းတွေကို လက်သင့်မခံဖို့ အခွင့်ပေးသလို ဖြစ်နေပါတယ်။ စစ်သားတွေ ရဲ့ နှိပ်စက် အနိုင်ကျင့်မှုများ၊ အရပ်သား သေကြ ပျက်စီးမှုများနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တွေကို ကေအိုင်အို၊ကေအိုင်အေနဲ့ အခြားဘက်လိုက် တတ်တဲ့ ကချင်ဇစ်မြစ် တွေက အမှန်မကန် လုပ်ကြံဖန်တီး ထားတဲ့ မယုံကြည်ထိုက်သော လိမ်ဆင်များသဖွယ် အများမြင်လာအောင် ဇာတ်လမ်းဆင်ပြဖို့ အခွင့်ပေးသလို ဖြစ်လာ ပါတယ်။
ပဋိပက္ခအတွင်း အစိုးရရဲ့ ရပ်တည်ချက် ဖက်က ပင်းသလို ဖြစ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာရဲ့ သဘောထားအမြင်ဟာ ကိုယ်ကျင့်တန်ဘိုးများ အပေါ် အခြေမခံဘဲ ပထဝီအနေအထားအပေါ် မူတည်တဲ့ နိုင်ငံရေးရဲ့ အရိပ်အရောင်တွေ တိုးလို့သာ စွန်းထင်းလာတာကို တွေ့ရပါတယ်။ အပြည်ပြည် ဆိုင်ရာက ဆက်လက်မထောက်ခံ ရင် သိန်းစိန်အစိုးရရဲ့ အစသာရှိသေးတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ လမ်းချော်သွား နိုင်တဲ့အတွက် စိတ်ရှည်သည်းခံမှုကို ပြသကြ ဖို့ဆိုတဲ့ အယူအဆဟာ အားကောင်းလာ တာကို တွေ့ရပါတယ်။ ယူအန်ကဲ့သို့ အားကြီးတဲ့ အပြည်ပြည်ဆိုင်ရာ အေဂျင်စီ များ၊ အထူးသဖြင့် ယူအန်လက်အောက်က ဒုက္ခသည်များဆိုင်ရာ အေဂျင်စီများဟာ ကေအိုင်အို နယ်မြေထဲမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက် ကူညီခွင့်ကို မြန်မာအစိုးရက ငြင်းဆန်ထားတာတောင်မှ မြန်မာအစိုးရနဲ့ပဲ ဆက်လက် လက်တွဲ ဆောင်ရွက်နေသေးတာကို တွေ့ရပါတယ်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ မူဝါဒဆိုင်ရာအတွက် အတိုက်အခံ ခေါင်းဆောင်နဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အောင်ဆန်းစုကြည် ထံမှ အရိပ်အကဲ ဖမ်းမှုတွေကို ယူခဲ့လေ့ ရှိကြပါတယ်။ ယခု လတ်တလောမှာတော့ သူမအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ လူပုဂ္ဂိုလ်တဦးချင်းစီနဲ့ အဖွဲ့ အစည်းတွေရဲ့ လုံခြုံရေး (ဥပဒေစိုးမိုးရေး) ကျယ်ကျယ် ပြန့်ပြန့်လိုအပ်ပုံကို အထူးအလေးပေး နေတာကို တွေ့ရပါတယ်။ ယူအက်စ် ဗာဂျီးနီးယား နည်းပညာတက္ကသိုလ်မှာ ပြောသွားတဲ့ မကြာခင်က မိန့်ခွန်းထဲမှာ အောင်ဆန်းစုကြည်က “ကျမအဖို့နဲ့ ကျမအထင် ကျမလိုပဲ ဒီလှုပ်ရှားမှုကြီးထဲမှာ အတူတူ ပါဝင်ခဲ့သူများ အဖို့တော့ ဒီမိုကရေစီ ဆိုတာ လွတ်လပ်ရေးနဲ့ လုံခြုံမှုအကြား ညီမျှအောင် ထိန်းထားနိုင်တဲ့ ချိန်ခွင့်လျှာ လို့ အဓိပါယ်ရပါတယ်။ ကျမတို့ဟာ လွတ်လပ် ချင်ကြတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျမတို့ဟာ လုံလုံခြုံခြုံ နေချင်ကြတယ်။ ဒီလို လွတ်လပ်မှုရော လုံခြုံမှုရော ပေးစွမ်းနိုင်တဲ့ အကောင်းဆုံးစနစ်ဟာ ဒီမိုကရေစီ
စနစ်ဖြစ်တယ်လို့ ကျမတို့ ထင်ပါတယ်” လို့ ပြောသွားပါတယ်။ ဒါပေမယ့် ကချင်ပဋိပက္ခ မှာတော့ အောင်ဆန်းစုကြည်ဟာ အလွန် အမင်း နှုတ်ဆိတ်နေလွန်းတယ်လို့ ကချင် အများအပြားက ခံစားကြရပါတယ်။
ကချင်တော်လှန်ရေးတပ်တွေကို လေကြောင်း က တိုက်ခိုက်ဖို့ အစိုးရက တဆင့်မြှင့် အမိန့်ပေးလိုက်တဲ့ အတွက် ကချင်အရပ်သား ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပြီးဖြစ်တဲ့ ပဋိပက္ခဟာ အရှိန်ပိုမိုမြင့်တက် လာတယ်။ ကချင်ပြည်နယ်မှာ အရပ်ဖက်အပေါ် ဗုံးကြဲ တိုက်ခိုက်တဲ့ မြန်မာလက်နက်ကိုင်တပ်ကို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ နှစ်စဉ် ပြုလုပ်နေကျ ယူအက်စ်က ဦးဆောင်တဲ့ မြွဟောက် စစ်ရေးလေ့ကျင့်ပွဲကြီးမှာ လေ့လာသူအဖြစ် တက်ရောက်ဖို့ ပထမဦးဆုံးအကြိမ် အဖြစ် အဆိုင်းအငံ့နဲ့ ဖိတ်ကြားခြင်းခံရပါတယ်။
ဒီဖိတ်ကြားမှုဟာ သိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေးများ အတွက်နဲ့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး ကနဦးကြိုးပမ်းချက်တွေအတွက် ယူအက်စ်ကပေးတဲ့ ဆုလာဘ်သဘောမျိုး ရှုမြင် သုံးသပ်ကြပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်က စစ်ပွဲတွေ အရှိန် မြှင့်လာတာနဲ့အမျှ သိန်းစိန်ရဲ့ အရပ်သား တပိုင်းအစိုးရဟာ အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့ပြီး ဖက်လှဲတကင်းမလုပ်ဘဲ ကျဉ်ထားခဲ့တဲ့ အရင် စစ်အစိုးရဟောင်းနဲ့ တနေ့တခြား ပိုတူလာပြီး စစ်အစိုးရလိုပဲ ပိုမိုပြုမူကျင့်ကြံလာတာကို တွေ့ရပါ တယ်။
Karin Dean, a political geographer, has conducted research on Kachin communities for the past decade. She is at present based at Tallinn University in Estonia.
မူရင်းလင့်ခ်။……။
http://www.atimes.com/atimes/Southeast_Asia/OA24Ae01.html
No comments:
Post a Comment