March 24, 2013

အိမ်ကွင်း၊ အဝေးကွင်း


အိမ်ကွင်း၊ အဝေးကွင်း


အဝေးကွင်းမှာ ရှုံးချည်းရှုံးရတဲ့ မြန်မာ


၁၉၆၀-၁၉၇၀ ခေတ်ကာလတုံးက မြန်မာဘော်လုံးအသင်း အာရှဖလားပွဲကို ၂ကြိမ်ရွှေတံဆိပ်ဆု၊ ပထမဗိုလ်စွဲခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှက ထိုင်းနိုင်ငံအပါဝင် ဘယ်နိုင်ငံမှာ အာရှထိပ်သီးဘ၀ကို မရောက်ခဲ့ဖူးပါ။ အရှေ့တောင်အာရှ ရွှေတံဆိပ်အကြိမ်အများဆုံးရပြီး၊ အာရှအဆင့်မက ကမ္ဘာ့အဆင့်တိုင်အောင် တောင်ကိုးရီးယား၊ ဂျပန်၊ အီရန် အသင်းများကိုပခုံးချင်းယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တိုင်းပြည်လည်း စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်မွဲ၊ လူတွေလဲမွဲသွားပြီး ဘော်လုံး၊အားကစားလဲ မအောင်နိုင်တော့ပါ။

၁၉၉၃လောက်မှာ မြန်မာနိုင်ငံစီးပွားရေး အနည်းငယ်ဦးမော့လာချိန် မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှ၊ဗိုလ်လုပွဲမှာ ထိုင်းကို ၄း၃ နဲ့ရှုံးပြီး၊ ဒုတိယအဆင့်ရခဲ့ပြန်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီအချိန် ထိုင်း၊မြန်မာ ဘောလုံးဗိုလ်လုပွဲ စင်ကာပူမှာ အော်ဟစ်အားပေးခဲ့ပါတယ်။ မြန်မာအသင်း ဒုတိယပိုင်းမှာ ၃း၂ နဲ့ နိုင်နေစဉ် မြန်မာနောက်တန်းက အ၀င်ကြမ်းတယ်ဆိုပြီး ပင်နယ်တီပေးခံရပါတယ်။ မြန်မာ့ဒေါသနဲ့ ဒိုင်လူကြီးကို လိုက်ကန့်ကွက်တဲ့ ဂိုးသမားအောင်ကျော်ကျော်နဲ့နောက်ခံလူတစ်ယောက် ၂ယောက်ကို အနီကပ်ပြထုတ်ပစ်ခံရတယ်။ ပွဲရပ်သွားတယ်။ ပြန်စတော့ ပင်နယ်တီကန်သွင်းခံရတယ်။ ၃း၃ နဲ့ သရေဖြစ်နေပေမဲ့ နောက်ဆုံးမှာ ၃း၎ နဲ့ ရှုံးပြီး ဒုတိယပဲရခဲ့တယ်။ မြန်မာပရိတ်သတ်ရော၊ ဘောလုံးသင်းပါ မတရားအညစ်ခံရတယ်ဆိုပြီး ဒေါသနဲ့ ဘော်လုံးကွင်း အမှိုက်ပုံးတွေ ကန်ကျောက်ခံခဲ့ရတယ်။

အဲဒီနောက်ပိုင်း တိုင်းပြည်ကလည်း စီးပွားရေး အနည်းငယ်တိုးတက်စအချိန် .. မြန်မာစစ်အာဏာပိုင်များက လူအား၊ငွေအား အထူးအားပေးခဲ့ပါတယ်။ အထူးပြုစုပျိုးထောင်ပါတယ်။ ငွေကြေး၊စားဝတ်နေရေး၊ အလွန်ဈေးကြီးလှတဲ့ ဂျာမန်နည်းပြတွေ ငှားရမ်းပြီး အရှေ့တောင်အာရှပွဲကို သွားပြိုင်ပါတယ်။ တိုင်းပြည်လည်း ၁၉၉၇ အာရှစီးပွားကပ်မှာ စစ်အာဏာရှင်များကို တိုင်းပြည်ကို Isolation လုပ်ပစ်လိုက်ပြန်တယ်။ နိုင်ငံစီးပွားရေးလည်း ၀ုန်းဒိုင်းဆို ကျဆင်းသွားတယ်။  ဘောလုံးအဆင့်လဲကျသွားပါတယ်။ ၁၉၉၉ အရှေ့တောင်အာရှဘော်လုံးပွဲမှာ ထိုင်း ၇ဂိုး၊ မြန်မာ သုည၊ အုပ်စုအဆင့်က ထွက်ရတဲ့အထိ မြန်မာ့ဘောလုံးပြိုင်ပွဲရလဒ်လဲ ကျဆင်းသွားပါတယ်။

မြန်မာနိုင်ငံမှာ ကမ်းလွန်ဓါတ်ငွေ့ထွက်ပြီး စီးပွားအနည်းငယ်ပြန်ဦးမော့လာချိန် ၂၀၀၅မှာတော့ တိုက်ဂါးဖလား အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဆီးမီးဖိုင်နယ်၊ အိမ်ရှင်စင်ကာပူနဲ့ ကန်ရတယ်။ ကျွန်တော်တို့ သွားပြီးအားပေးကြည့်ရှုကြပြန်ပါတယ်။ ပထမပိုင်း မြန်မာ ၂ဂိုး၊ စင်ကာပူ သုည၊  မြန်မာအသင်း ဗိုလ်လုပွဲတက်ဖို့ သေချာနေချိန် ဒိုင်လူကြီးက မြန်မာတိုက်စစ်မှုးရန်ပိုင်ကို အ၀ါကပ် ၂ကြိမ်ပြပြီး ထုတ်လိုက်တယ်။ ဘော်လုံးအသင်းနဲ့မြန်မာပရိတ်သတ် ဒေါသထွက်ကြတယ်။ နောက်ဆုံး ပွဲပြီးခါနီး ပင်နယ်တီပေးခံရတယ်။ အပြင်းထန်လိုက်ကန့်ကွက်လို့ မြန်မာဘောလုံးသမား၂ဦးကို အနီကပ်ပြထုတ်ခံလိုက်ရတယ်။ အချိန်ပို ဆက်ကန်တော့ ၂း၎ ရှုံးပြီး၊ ဗိုလ်လုပွဲနဲ့ဝေးခဲ့ရတယ်။ မြန်မာပရိတ်သတ် ဒေါသနဲ့အမှိုက်ပုံးလိုက်ကန်၊ ကွင်းထဲထိ ၀င်ကန့်ကွက်လို့ ရဲအဖမ်းခံရသူများရှိခဲ့တယ်။

အဲဒီ ဘောပွဲအားလုံးဟာ အဝေးကွင်းမှာ ကန်ခဲ့ရပါတယ်။ မြန်မာနိုင်ငံစီးပွားပျက်စီးတော့ အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင်တာဝန်၊ မယူနိုင်ခဲ့တာ နှစ်ပေါင်း၄၀ကျော်သွားပါပြီ။ အခု ၂၀၁၃ ဒီဇင်ဘာမှာ အိမ်ကွင်း၊ နေပြည်တော်မှာ အရှေ့တောင်အာရှ Sea Game ကျင်းပပါတော့မယ်။ မြန်မာဘောသင်းလည်း နိုင်ငံတော်အစိုးရသစ်က အထူးအားပေးခဲ့လို့ တိုးတက်လာပေမဲ့၊ အိမ်ကွင်းမှာ အရှေ့တောင်အာရှအဆင့် အနည်းဆုံးဘောလုံးပွဲမှာ ပထမရအောင် ကန်ရပါမယ်။ ဘယ်လိုကန်မလဲ။



O2 Opportunity and Option 

ဒီနာမည်နဲ့ ဆွေးနွေးမှုတစ်ခု မြန်မာတတ်သိပညာရှင်အချို့ စင်ကာပူမှာပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ တတ်သိပညာရှင်များနဲ့ ဆွေးနွေးကြပါတယ်။ သူတို့ဟာ လက်တွေ့စက်ရုံအလုပ်များတည်ဆောက်ခြင်း၊ ကုန်ထုတ်လုပ်ခြင်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သူများ ဖြစ်ပါတယ်။ စားသောက်ကုန်၊ ဆန်၊ဆီစက်ကိုယ်ပိုင်လုပ်ငန်း၊ လူနေကွန်ဒို၊ ဟိုတယ် အဆောက်အဦများ၊ လမ်း၊ တံတား၊ ဆည်မြောင်း  အဆုံးသပ် နေပြည်တော်ဆောက်လုပ်ခဲ့ခြင်း၊ စတဲ့လုပ်ငန်းများအပြင် အစိုးရကော်ပိုရေးရှင်းများရဲ့ စက်မှု(၁) (၂)၊ ရေနံ၊ဓါတ်ငွေ၊ သတ္တုလုပ်ငန်းများ၊ အထည်စက်ရုံများ၊ မြန်မာအာဏာပိုင်များ၊ ငွေရှင်များ၊ နိုင်ငံခြား (ဂျပန်၊ကိုးရီးယား၊ ဂျာမန်နဲ့ဥရောပါ၊ အမေရိကန် အပါအ၀င်ကုမ္ပဏီကြီးများ အပြင် နောက်ဆုံး၊ စင်ကာပူ၊မလေးရှား၊တရုပ်၊အိန္နိယနဲ့ အခု ပေါ်ပြူလာဖြစ်နေတဲ့ ထိုင်းလုပ်ငန်းရှင်များနဲ့ တွဲဖက်လုပ်ဆောင်နေသူများဖြစ်ပါတယ်။

ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကတော့ အိမ်ကွင်းမှာ ကန်မဲ့မြန်မာဘော်လုံးသမားများ ဘယ်လိုအောင်နိုင်အောင်လုပ်မလဲ ..။


မြန်မာနိုင်ငံရဲ့အားသာချက်များ


တဟုန်ထိုးတိုးတက်နေတဲ့ တရုပ်နိုင်ငံနဲ့၊ အိန္နိယ ၂နိုင်ငံကြားမှာ ရပ်တည်နေပါတယ်။
အကောင်းမြင်တတ်ဆုံး စစ်ဗိုလ်ချုပ်ကို ရွေးကောက်ပွဲအပြီး အစိုးရသစ်ရဲ့ အာဏာရ ကြံ့ဖွံ့ပါတီသမ္မတ အဖြစ်တင်မြောက်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်မှ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တွေ့ဆုံပြီး ရင်ကြားစေ့စပ်နိုင်ခဲ့ပါတယ်။
လွှတ်တော်မှာ အတိုက်ခံ အင်အယ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့ ၁၀%လောက် အနိုင်ရရှိ၊ပါဝင်လာပါတယ်။
အမေရိကန်နဲ့လည်း အောင်မြင်စွာ ချစ်ကြည်ရေးတည်ဆောက်ထားခဲ့ပြီဖြစ်တယ်။
စစ်အာဏာရှင်ဟောင်း ခေါင်းမာသူအုပ်စုလည်း အင်အားနည်းလာပါတယ်။
ငွေကြေးဈေးကွက်လည်း ကျပ်ငွေကို US$1=K6.50 ပုံသေနှုန်းထားမှု၊ ရပ်ဆိုင်းပြီး ကမ္ဘာ့ငွေကြေးစနစ်ကိုဝင်လာခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ၁၁ဖွဲ့နဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ခဲ့ပြီး၊ နောက်ဆုံး ကချင်အဖွဲ့နဲ့ ၁နှစ်ခွဲအပြင်ထန်တိုက်ပွဲ Feb 2013 မှာရပ်ဆိုင်းနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အားနည်းချက်များ


ဒုတိယတန်း နိုင်ငံခေါင်းဆောင်များ အမျိုးသားစိတ်ဓါတ်ရှိဖို့လို အရေးကြီးလှပါတယ်။
မြန်မာလူမျိုးများရဲ့ စစ်အာဏာရှင်စိတ်ဓါတ် အင်အားသုံးချေမှုန်းလိုခြင်း မကြာခဏတွေ့နေရပါတယ်။
ပထမ၊ဒုတိယတန်း နိုင်ငံခေါင်းဆောင်များ ခြစားနေမှု၊ ပုဂ္ဂိုလ်ရေးခင်မင်မှုများကို ဖြေရှင်းရန်လိုပါတယ်။
ပြည်ပရောက် နိုင်ငံရေး Black List များသာမက၊ တတ်သိပညာရှင်များကို ပြည်တွင်းမှာနေရာပေးဖို့လိုပါတယ်။
ပြည်တွင်းခေါင်းဆောင်များ အနည်းဆုံး အီးမေးပို့တတ်ဖို့လိုနေပါတယ်။ (လူငယ်များ တတ်လွယ်ကြပါတယ်)။
ပြည်ပ FDI နဲ့ တရုပ်၊ထိုင်း စီးပွားရေးရင်းနှီးမှုများကို ဦးစားပေးနေရခြင်း။
လက်ရှိ အရှေ့တောင်အာရှမှာ စီးပွားရေး တစ်ဦးချင်းဝင်ငွေ၊ အနည်းဆုံးဖြစ်နေပါတယ်။
တိုင်းပြည်သယံဇာတ ရောင်းချတဲ့လုပ်ငန်းတခုပဲ ၀င်ငွေရတဲ့လုပ်ငန်းဖြစ်နေပါတယ်။


စီးပွားရေးလုပ်ငန်းအခြေခံသဘောတရား

ပထမအချက်အနေနဲ့ နိုင်ငံတိုးတက်ဖို့ဆိုတာ ကုန်ထုတ်လုပ်ငန်းတိုးတက်ဖို့အခြေခံများ၊ အစိုးရကပျိုးထောင်ပေးထားရပါတယ်။ ဥပမာ ဆက်သွယ်ရေး (မိုဘိုင်းဖုန်း)၊ ပို့ဆောင်ရေး (ကုန်ကား၊လူစီးကား၊ရထား၊လေယဉ်)၊ လမ်း၊တံတား စတဲ့အခြေခံများကို ဈေးနှုံးချိုသာအောင်လုပ်ပေးရပါတယ်။ နိုင်ငံအုပ်ချုပ်သူများအတွက် Infra Structure ဆိုတာလုပ်ဖို့ အစိုးရယန္တယားဖြစ်တဲ့ အုပ်ချုပ်ရေး ၀န်ကြီးဌာနအများအပြားနဲ့ဆိုင်တဲ့ ဦးစီးဌာန၊ ကော်ပိုရေးရှင်းများ၊ ပြင်ပပုဂ္ဂလိကလုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဘာသာရေးလူမှုရေး ရှုပ်ထွေးလှပါတယ်။
အခြေခံဖြစ်တဲ့ စီးပွားလုပ်ငန်းတခုကိုစဉ်းစားရင် Quality, Cost, Delivery ၃မျိုးနဲ့ အမြက်အစွန်း Profit ထွက်အောင်လုပ်ရပါမယ်။ တနပ်စား၊ ပေါ်ပင်၊ဂွင်လုပ်ငန်းများကို နည်းအောင်လုပ်ပေးခြင်းအား ခြစားမှုကို တိုက်ဖျက်ပေးခြင်းဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း တွေကိုကြည့်မယ်ဆိုရင် အမြက်အစွန်း Profit ကောင်းလှပါတယ်။ ဒါပေမဲ့ လူထုနဲ့ကမ္ဘာမြေကြီး (မြန်မာပြည်သဘာဝ) ဖက်ကကြည့်ရင် Health ကျန်းမာရေး၊ Safety လုံခြုံရေး၊ Environment တ်ဝန်ကျင်ထိခိုက်မှုများ ကိုငဲ့ကြည့်ရင်တော့ မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ရပါတယ်။ တခါတလေ နိုင်ငံအကျိုးအတွက်ကြည့်ပြီး၊ သဘာဝပျက်စီးသွားရင်လည်း ခွင့်ပြုရပါတယ်။ လက်ပံတောင်းတောင် အရေးအခင်းမှာ ဒေသခံများအတွက် အလွန်နစ်နာပါတယ်။ ဒါကြောင့် ရပ်ဆိုင်းသင့်၊မသင့် အများကြီးစဉ်းစားနေဆဲဖြစ်ပါတယ်။

အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းများ SME Small & Median Business များကတော့ ပထမ၃ချက် Cost, Delivery, Quality ကိုအဓိကထားပြီး အမြက်အစွန်းထွက်အောင် လုပ်ရပါမယ်။


ပိုင်းခြေညှိခြင်း


လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် အသေးစား၊ အလတ်စား SME အတွက်တော့ အမ်ဘီအေဘွဲ့ရသူများစဉ်းစားသလို မစဉ်းစားကြပါ။ အများအားဖြင့် မြန်မာ့လုပ်ငန်းရှင်များဟာ လုပ်ရင်းကိုင်ရင်း တိုးတက်ကြီးပွားလာသူများဖြစ်ပါတယ်။ သူတို့မှာ ယုံကြည်မှုကို အခြေခံတည်ဆောက် လုပ်ရပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတည်ဆောက်ရပါတယ်။ နိုင်ငံခြားက အခုမှရောက်လာတဲ့ နိုင်ငံခြားကုမ္ပဏီကို ဘယ်လိုလုပ်ပြီး ယုံကြည်ရမလဲ။  ပြည်ပက မြန်မာပြည်တွင်း လာရင်းနှီးသူများဟာ စေတနာရှိလို့လာသူ မရှိသလောက်ပါ။ လုပ်ငန်းသဘောတရားအရ အမြတ်အစွန်းရဖို့ လာခြင်းဖြစ်တဲ့အတွက် ကုမ္ပဏီကြီးများရင်းနှီးတဲ့ FDI Foreign Direct Investment ကိုတော့ နိုင်ငံတော်အစိုးရလူကြီးမင်းများရဲ့ တာဝန်၊ မီဒီယာဆရာ၊ ပညာရှင်တိုင်ပင်ခံများရဲ့တာဝန်လို့ပဲ ထားပါစို့။

အခုစဉ်းစားမဲ့ အလတ်တန်းစားလုပ်ငန်းတွေမှာ နိုင်ငံခြားကလာရောက်ပစ္စည်းရောင်းမယ်။ ကုန်ကြမ်းရောင်းမယ်။ စက်ပစ္စည်းရောင်းမယ်။ ကုန်ချောဝယ်မယ် ...စသဖြင့် ပြည်တွင်းက လုပ်ငန်းရှင်များနဲ့လုပ်ကိုင်မယ်ဆိုရင် ပိုင်းခြေညှိရပါတယ်။

အပိုင်းဂဏန်းကိုတော့ မူလတန်းပညာသင်ဖူးသူတိုင်း နားလည်မှာပါ။ ဥပမာ ၁။ကုန်ကြမ်းရောင်းသူ၊ ၂။ကုန်ထုတ်လုပ်သူ၊ ၃။ကုန်ချောဝယ်သူ (စားသုံးသူ)  ၃ဦးတို့မှာ မတူညီတဲ့ အခြေအနေများရှိပါတယ်။ မတူညီမှုမကို ပိုင်းခြေလို့ သတ်မှတ်ရင်၊ အားလုံးပူးပေါင်းလုပ်ဆောင်ဖို့ ပိုင်းခြေအရင်တူအောင်လုပ်ရပါမယ်။ Co-ordination ဆိုတဲ့ ညှိနှိုင်းမှုလိုပါတယ်။ လူတိုင်း အမြက်အစွန်းထွက်ချင်တယ်။ ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့သဘောသဘာဝ ရှိပါတယ်။ ရေရှည် အတူလုပ်ကိုင်ကြမှာဖြစ်တဲ့အတွက် ၃ဦးစလုံးတူညီတဲ့ပိုင်းခြေရအောင် ကြိုးစားရပါမယ်။


အထူးသဖြင့် ပြည်တွင်းက လုပ်ငန်းများဟာ အခုမြန်မာပြည်ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အချိန် အသေးစား၊ အလတ်စား လုပ်ငန်းများ SME တွေ အလွန်အထိနာလှပါတယ်။ အထူးသဖြင့် ကျပ်ငွေဈေး ရုတ်တရက်ခိုင်မာသွားချိန် ပြည်ပထုတ်ကုန်လုပ်ငန်းများ အလူးအလဲခံရပါတယ်။ ပြည်ပဈေးကွက်နဲ့ ပိုင်းခြေညှိရတဲ့အခါ ပြည်တွင်းစက်မှုလုပ်ငန်းများ အရှိုက်ကို အပြင်းအထန်ထိုးနှက်ခံလိုက်ရပါတယ်။ နိုင်ငံတော်အစိုးရသစ်ကလည်း စစ်အာဏာရှင်စနစ် ခေါင်းဆောင်ပိုင်းပြုပြင်ပြောင်းလဲနေချိန်၊ ၀င်ငွေအမြောက်အများရမဲ့ FDI လုပ်ငန်းကြီးများကိုပဲ အာရုံစိုက်ရပါတယ်။ ပြည်ပသွင်းကုန်၊ ပို့ကုန်လုပ်ငန်းကို နားမလည်ခြင်း၊ နားလည်လျှက် ခြစားခြင်း ၀န်ထမ်းနဲ့စနစ်များကြောင့် ပြည်ပစွန့်ပစ်လူသုံးကုန်ပစ္စည်းများ ဒလဟောပြည်တွင်းကို ၀င်လာပါတယ်။ အခွန်ရှောင်များကို လိုက်ဖမ်းတဲ့ တရားမ၀င်ကုန်စည်များ လိုက်ရှာဖွေခြင်း ဌာနဆိုင်ရာများဟာ အလွန်အလုပ်များရပါတယ်။ တရုပ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္နိယနိုင်ငံ နယ်စပ်များက တရားမ၀င်၊ တရာဝင် ကုန်တင်ကားကြီးများစွာ ဒလဟောဝင်နေခြင်းဟာ အလွန်ကြီးမားလှတဲ့ အခွန်ငွေများ နစ်နာနေပါတယ်။ ရပ်လို့လည်းမရ၊ ဖမ်းလို့လည်းမရ။

၁၂ဘီးကုန်ကားကြီးများလည်း တစ်စီးကို တန်၃၀လောက်တင်မောင်းနေရာက အာစီယံစံနှုန်းဆိုပြီး တစ်ကားကို ၁၀တန်ပဲတင်ရမယ် လုပ်လိုက်တော့ ကားကြီးသမားများ ဒုက္ခရောက်သွားပါတယ်။ ဒီဇယ်ဖိုး၊ ဒရိုင်ဘာဖိုး၊ ကားအပိုပစ္စည်းများကြောင့် မကိုက်တော့ပါ။ တရုပ်ကုမ္ပဏီများက ဓါတ်ငွေပိုက်လိုင်းမှာ အကြွေးနဲ့လုပ်ပေးတဲ့အဆင့်ကို ရောက်သွားပါတယ်။ တရုပ်ကုမ္ပဏီများကလည်း မြန်မာပြည်အတွက် စပယ်ရှယ် အခုမှထောင်ထားတာလားမသိ၊ လုပ်ငန်းတခုပြီး ပျောက်သွား၊ ဘယ်သူ့ဆီ လုပ်အားခလိုက်တောင်းရမှန်းမသိ၊ အထူးသဖြင့် မြန်မာလူမျိုး ဌာနဆိုင်ရာများ အားဏာပိုင်အချို့ ကလည်း တော်တော်ပေးရတယ်။ ငါးပုံတစ်ပုံ စီမံခန့်ခွဲခလိုလို၊ အခွန်လိုလို တရားဝင်လိုလို ပေးရတယ်ဆိုပါတယ်။ လုပ်ငန်းလုပ်သူများဟာ ၂၀%လောက်မြက်အောင် မနည်းလုပ်ရတာ အမြက်ကမသေချာသေးဘူး၊ အခွန်ကအရင်ကောက်တော့ ခက်ခဲလှတဲ့ ပြုပြင်ပြောင်းလဲရေးခေတ်ကြီးပါ။

ဌာနဆိုင်ရာများနဲ့ ပိုင်းခြေညှိရတာ အခက်ဆုံးဖြစ်ပါတယ်။ ဥပဒေဆိုတာ ဘာမှန်းမပီပြင်သေးတော့ Institute, Association တွေကို မှတ်ပုံတင်ဖို့ အလွန်ခက်ပါတယ်။ ဥပမာ ခရုလုပ်ငန်းရှင်များက သူတို့ဖာသာအဖွဲ့အစည်းလေးဖွဲ့မယ်။ နိုင်ငံခြားနဲ့ဆက်သွယ်တဲ့အခါ ကိုယ့်လုပ်ငန်းတူတဲ့လူအချင်းချင်း အမြန်ဆုံးဖြတ်ချင်ပေမဲ့၊ အဖွဲ့အစည်းမှတ်ပုံတင်ခြင်းဥပဒေက မသေချာတော့ နေပြည်တော်အထိ အလုပ်ရှုပ်ရတယ်။ အချိန်ကုန်၊ငွေကုန်၊ မလုပ်ရဲတာထက်..ဘာလုပ်ရမှန်းမသိဖြစ်ရတယ်။

ဒီတော့ ပြည်ပနိုင်ငံများက လာရင်းနှီးချင်တဲ့ သာမန်ကုမ္ပဏီလေးတွေ ဘယ်ခံနိုင်မှာလဲ။ ရုံးခန်းလေးလောက်ပဲ ထားပြီး ပြန်ပြေးရတယ်။ ဂျပန် မာရူဘိနိ ပွဲစားကုမ္ပဏီကြီးလိုမျိုးတွေပဲ ပိုင်းခြေညှိတတ်တော့ အဆင်ပြေတယ်။ ပိုင်းခြေညှိရတာ တော်တော်ခက်ကြောင်းပါ။ ပိုင်းခြေညှိလို့ရသွားရင်တော့ အိုကေသွားပါပြီ။




ပုစ္ဆာနားလည်မှအဖြေရမည်


ပြသနာ၊ ပရိုဂျက်၊ ရည်မှန်းချက်တွေကို ပုစ္ဆာလို့ ဆိုကြပါစို့။
အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီးက ယောင်္ကျားပါ။ မိန်းမအဓိကငွေရှာတဲ့ အိမ်ထောင်တောင်မှ ယောင်္ကျား၊ နံပါတ်(၁)ပါပဲ။ အင်အားကြီးတဲ့ယောင်္ကျားက မိသားစုပြသနာများမှာ တာဝန်အကြီးဆုံးဖြစ်ပါတယ်။ ဇနီးမောင်နှံ၂ဦးစလုံး ပြသနာ (ပုစ္ဆာ)နားလည်ရပါမယ်။ ဒါမှ အဖြေမှန် ရပါမယ်။ ယာယီအဖြေ၊ ရေရှည်အတွက် အဖြေ ..စသဖြင့် အဖြေအမျိုးမျိုးရှိနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် ပုစ္ဆာကို အစိုးရသစ်က နားလည်ပြီးဖြစ်ပါတယ်။ အဖြေကိုရှာရပါတယ်။ နိုင်ငံအလယ်ပိုင်းဒေသ ဗဟိုပြုပြီး တိုင်းပြည်အုပ်ချုပ်ခဲ့တာ နှစ်၁၀၀၀ကြာပြီး၊ အင်္ဂလိပ်လက်ထက်မှာ ရေတပ်အင်အားနဲ့ ပင်လယ်ဆိပ်ကမ်းဖြစ်တဲ့ ရန်ကုန်ဗဟိုပြုအုပ်ချုပ်ခဲ့ပါတယ်။ အခုနေပြည်တော်ကို ဗဟိုပြုနေပါပြီး၊ မန္တလေးတိုင်းဗဟိုပြုစနစ်ဖြစ်နေပါတယ်။ (See Illustration Image)

ပြသနာ၊ ပရိုဂျက်၊ ရည်မှန်းချက်တွေကို ရေတို၊ ရေရှည် ပူးပေါင်းလုပ်ဆောင်နေကြသူတွေကတော့ အဓိက သမ္မတဦးသိန်းစိန်အစိုးရ၊ ပြည်သူ့လွှတ်တော်တို့ဖြစ်ပါတယ်။ အတိုက်ခံ အင်အယ်ဒီပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို အထူးပြုရသလို၊ လွှတ်တော်၂၅ရာနှုန်းပါဝင်တဲ့ အင်အားကြီးစစ်တပ်ခေါင်းဆောင်များကိုလည်း အထူးပြုရပါတယ်။ ပြီးတော့ ပြည်တွင်းစီးပွားရေးဦးပိုင်၊ ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်ပရင်းနှီးမြှတ်နှံမှုများ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံတကာအစိုးရအဖွဲ့စည်းများ ...စသဖြင့် ရှုပ်ထွေးနေပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်တွင်း၊ ပြည်ပ ပေါ်လစီများကို သူတို့ပြောတဲ့ မိန့်ခွန်းများ သေချာစွာလေ့လာဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပရင်းနှီးမြှတ်နှံမှုအတွက် လေးစား၊ အားကိုးရသလို၊ ပြည်တွင်းမှာတော့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်အစိုးရကို လေးစား၊အားကိုးရပါတယ်။ ချစ်၊ကြောက်၊ရိုသေ၊နာခံဖို့ တော်တော်ခက်ခဲနေဆဲ ပြုပြင်ပြောင်းလဲကာလပါ။
Link
 http://murann.com/dasskuts.htm
ခေါင်းဆောင်၂ဦး၊ ပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်းပြော၊ လုပ်တာပြောတာ မှတ်တမ်းရှိ ISO ပုံစံ၊ စစ်ဆေးနိုင်မဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေလိုနေပါတယ်။

လောလောတယ်တော့ ပုစ္ဆာများ မမျှော်လင့်ပဲပေါ်လာတာတွေလည်း မနည်းပါ။ ပြည်တွင်းလက်နက်ကိုင်ပြသနာ၊ လူမျိုးရေး၊ဘာသာရေးပြသနာ၊ ငွေကြေးစီးပွားပြသနာ...စုံနေပါတယ်။ အဖြေများ တစ်ခုပြီး၊တစ်ခု ဒီမိုကရေစီစနစ်နဲ့ဖြေရှင်းရသလို၊ နည်းဟောင်းဖြစ်တဲ့ ဗဟိုဦးစီးစနစ်ဖြေရှင်းခြင်းကို ပိုမိုသုံးစွဲနေရပါတယ်။
 


လယ်ယာစိုက်ပျိုးနိုင်ငံ
မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးအဆင့်မှာပဲ ကျန်ရစ်နေပါတယ်။ ခေတ်ကြီး ၅ခေတ်ကို ကြည့်ရင်၊
၁။ ကျောက်ခေတ်(အမဲလိုက်ခြင်း)၊
၂။ လယ်ယာစိုက်ပျိုးခြင်း၊
၃။ စက်မှုခေတ်
၎။ ကွန်ပြူတာ၊အင်တာနက်ခေတ်
၅။ ရွှေပညာရှင်ခေတ် ... လို့သတ်မှတ်ရင် မြန်မာပြည်ရဲ့ ၇၀ရာနှုန်း လူဦးရေဟာ၊  Farming လယ်ယာ၊သားငါးကုန်ထုတ်လုပ်ငန်းကို မှီနေရပါတယ်။ 




ဒါကြောင့် မြန်မာအစိုးရသစ်ဟာ နိုင်ငံခြားက ရတဲ့ FDI Foreign Direct Investment ငွေကြေးများကို လယ်ယာလုပ်ငန်းမှာရင်းနှီးပြီး တိုင်းသူပြည်သားများ ဆင်းရဲမှုပပျောက်ရေးအတွက် အထူးကြိုးပမ်းနေပါတယ်။ Farming လုပ်ငန်းအတွက် ရေလိုအပ်ပါတယ်။ ရေတမံ၊ မြေအောက်ရေ၊ မြစ်ချောင်းရေ၊ တူးမြောင်း ... စသဖြင့် အထူးလိုအပ်ပါတယ်။ ဒါကြောင့် ရေကိုသာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှတ်နှံနိုင်ရင် ထိုင်း၊ မလေးရှားလို လယ်ယာ၂သီးလောက် စိုက်ပျိုး၊ ၀င်ငွေရွှင်လာပါမယ်။ ပဲမျိုးစုံ ပြည်ပတင်ပို့ခြင်းအတွင် ၂၀၁၂ ၀င်ငွေဟာ ကန်ဒေါ်လာ သန်းပေါင်း၁၂၀၀ကျော် ဖြစ်တယ်လို့ သိရပါတယ်။ ငါးပုဇွန်များ ပြည်ပတင်ပို့ခြင်းဝင်ငွေလည်း ကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ကျော်ရှိတယ် သိရပါတယ်။ ဆန်တင်ပို့မှု၊ အခြားသီးနှံ၊ သရက်သီး၊ ငှက်ပျောသီးများကို ဖိလစ်ပိုင်နိုင်ငံက လွှမ်းမိုးထားပါတယ်။ လိမ္မော်၊ပန်းသီး၊ စပျစ်၊ မက်မန်း များလည်း မြန်မာပြည်မှာထွက်ပါတယ်။ ပြည်ပပို့နိုင်ဖို့ဆိုတာ နိုင်ငံတကာဗဟုသတ ကြီးမားတဲ့ နိုင်ငံတော်အစိုးရက လုပ်ပေးမှရပါမယ်။ Agriculture Product များကိုတင်ပို့ရောင်းချဖို့ ကုန်သယ်များအသင်းတွေ အလိုအလျောက်ရှိနေပါတယ်။ သူတို့ကို ကူညီဖို့ နိုင်ငံတော်အစိုးရတာဝန်ပါ။  တရုပ်နိုင်ငံ၊ ကိုးရီးယားနိုင်ငံများက ကုန်စည်များ ကမ္ဘာကို ထိုးဖောက်ခြင်းဟာ တရုပ်သံရုံးမှာ စီးပွားရေးအတွင်းဝန်ဌာနက အခမဲ့၊ စေတနာနဲ့ ကူညီပေးပါတယ်။ နမူနာယူရမှာပါ။


နိဂုံးချုပ်

အိမ်ကွင်းနဲ့အဝေးကွင်း ဆောင်းပါးကို အဆုံးသပ်ဖို့၊ စက်မှုလုပ်ငန်းများကို ဦးတည်ဖို့ကတော့ ယုံကြည်မှုလှိုင်း၅ခု နဲ့ အဆုံးသတ်ချင်ပါတယ်။

အကြမ်းဖျင်းရေးရရင်
၁။ မိမိကိုယ်တိုင်
၂။ အခြားသူများနဲ့ (မြန်မာလူမျိုးစုများအချင်းချင်း)
၃။ အဖွဲ့အစည်းအချင်းချင်း (မြန်မာအဖွဲ့အစည်းများ အချင်းချင်း)
၎။ ဈေးကွက်
၅။ လူမှုရေးကွန်ယက် စသည်တို့ဖြစ်ပါတယ်။  ပထမ (၃)ခုကို ကျွန်တော်တို့ဖာသာ စတင်ရမယ်ဖြစ်ပြီး၊ ဈေးကွက်နဲ့လူမှုကွန်ယက်များကိုတော့ နိုင်ငံတော်အစိုရက စေတနာစိတ်၊ အမျိုးသားစိတ်နဲ့ဦးဆောင်ပေးရပါမယ်။

မြန်မာပြည်အတွက် တကယ်လိုအပ်တဲ့အရာဟာ ငွေမဟုတ်ပါဘူး။ လူသားအရင်းအမြစ်ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှတ်နှံမှုကော်မတီမှာ ပြည်ပရောက်မြန်မာတတ်သိပညာရှင်များကို သူတို့ ပြည်ပမှာရတဲ့လခအတိုင်း ပေးပြီးခန့်ဖို့ လိုအပ်ပါတယ်။ One Country - Two System ဆိုတဲ့အတိုင်း ပြည်ပလစာနှုန်း ရတဲ့အုပ်စုတစ်ခုနဲ့ ပြည်တွင်းလစာနှုန်းရတဲ့ အုပ်စု၂ခု ခွဲထားရပါမယ်။ မြန်မာဘော်လုံးအသင်းကို အုပ်ချုပ်ဖို့ နိုင်ငံခြားနည်းပြများကို လစာဒေါ်လာသိန်းသန်းချီ ပေးနိုင်သလို၊ မြန်မာတတ်သိပညာရှင်များ ဒေါ်လာသိန်းသန်း၊ လစာရရှိနေသူများရှိပါတယ်။ ပြည်ပမှာ လစာ ဒေါ်လာထောင်ဂဏန်းပဲရသူများ မြန်မာပြည်ပြန်လာပြီး၊ ဒေါ်လာသန်းချီတဲ့ ပရောဂျက်တွေကို အကြံပေးနေရင်တော့ ပြည်ပကုမ္ပဏီများက စွန့်ပစ်ထားတဲ့ စက်အစုတ်တွေချည်းပဲ မြန်မာပြည်လာပုံချထားသလို ဖြစ်နေမှာပါ။ ဗီယက်နမ်နိုင်ငံလည်း ဒီလို အမေရိကန်မှာ ရောင်းမရတဲ့စက်တွေ ဗီယက်နမ်အစိုးရကို ညာချပြီးရောင်းစားထားတာ အများကြီးပါပဲ။



အမျိုးသားရေးအတွက် မိမိကိုယ်တိုင်၊ အခြားသူများနဲ့ပူပေါင်းပြီး၊ အဖွဲ့အစည်းနဲ့သွားမှ အလွန်ကြီးမားလှတဲ့ တရုပ်၊အန္နိယနိုင်ငံများရဲ့ အင်အားသုံးဝင်ရောက်ချယ်လှယ်မှုဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်ကိုယ်တိုင်လည်း ခန္တာအင်အားနည်းမှု၊ ငွေကြေးအင်အား၊ ပြည်တွင်းမှာအနှစ်၂၀ကျော် လုပ်ခဲ့တဲ့ ပင်ပမ်းမှု၊ ကျွန်ုမိတ်ဆွေများ အဝေးကွင်း (ပြည်ပ)မှာ အဆမတန်တနေ့၁၀နာရီအထက် နေ၊ညမပျက် ပင်ပမ်းစွာလုပ်ကိုင်ခဲ့မှု၊ အလွန်အားနည်းပါတယ်။ တစ်ဦးချင်း အားနည်းပေမဲ့ ပြည်တွင်းက သန်း၆၀ မြန်မာများနဲ့ ပြည်ပရောက် မြန်မာ၆သန်း ပူးပေါင်းကွန်ယက်ဖို့ အလွန်အရေးကြီးနေပါပြီ။ အဝေးကွင်းမှာ ရှုံးနိုမ့်ပေမဲ့၊ အိမ်ကွင်းမှာတော့ ဒီ စင်ကာပူ၊ ဂျပန်၊ အမေရိကန်၊ ကိုးရီးယား၊ တရုပ်၊ အင်္ဂလိပ် စတဲ့ အဝေးကလာတဲ့ အသင်းတွေကို အိမ်ကွင်းမှာ အနိုင်ကစားရပါတော့မယ်။

ကုလသမဂ္ဂအကြီးကဲ ဦးသန့်ရဲ့မြေး သန့်မြင့်ဦး ရေးတဲ့ စာအုပ်တွေမှာ တဟုန်ထိုးတိုးတက်နေတဲ့ နိုင်ငံကြီးများကြားမှာကျနေတဲ့ မြန်မာလူမျိုးများ ရပ်တည်ဖို့ ကိုယ်ပိုင်အမျိုးသားစိတ်ဓါတ်နဲ့ စုစည်းညီညွတ်မှုလိုအပ်ပါတယ်။ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်သူများ၊ ရပ်ဆိုင်းဖို့၊ ထိုင်းနိုင်ငံရဲ့တိုးတက်မှုကို လက်ခံဖို့၊ အခုဆို အမေရိကန်များနဲ့ဥရောပနိုင်ငံများလည်း အမြက်အစွန်းရရှိရေးအတွက် တာစူနေပြီဖြစ်ပါတယ်။ မြန်မာဈေးကွက်ကို တရုပ်နဲ့ဂျပန် ၂နိုင်ငံစီးပွားလုပ်ငန်းကြီးများက လုယက်၊တိုးဝှေ့နေကြတာ စစ်တိုက်နေတဲ့အလား၊ မြန်မာ့လက်ရှိ အစိုးရသစ်ခေါင်းဆောင်များ အတွက်ဘယ်သူ့ကိုဦးစားပေးရမလဲ စဉ်းစာရကျပ်နေချိန်ဖြစ်ပါတယ်။

အဆုံးသပ်မှာတော့ ဒီနိုင်ငံကြီးသားများ မြန်မာ့ဈေးကွက်ကို လုယူကြတဲ့ပွဲ အိမ်ကွင်းဘောလုံးပွဲကစားနေပါပြီ။ ကိုယ့်နေရာမပေးချင်လဲ၊ ထိုင်ခုံအသစ်များ ဖန်တီးပေးသင့်ပါတယ်။ ဘောလုံးပွဲကို ဥပမာရေးပေမဲ့ အောင်မြင်တဲ့ဘောလုံးသမားဟာ "လသုံးလုံး"  ဆိုတဲ့ လိင်၊ လပ်၊ လောင်းကစား မလွန်ကျူးဖို့အလွန်အရေးကြီးသလို မြန်မာ့ခေါင်းဆောင်များအတွက်လဲ အရေးကြီးလှပါတယ်။ တရုပ်၊ကိုးရီးယား ကမ္ဘာ့အဆင့်ရောက်သွားခြင်းဟာ ပြည်ပရောက်သူတို့လူမျိုး တတ်သိပညာရှင်များကို ချဉ်းကပ်၊ရာထူးပေးနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ အစိုးရသစ်ခေါင်းဆောင်များ အဝေးရောက်မြန်မာတတ်သိပညာရှင်များကို တန်ရာတန်ကြေးပေးပြီး၊ ခေါ်ယူခန့်ထားနိုင်ဖို့အရေးကြီးနေပါပြီ။  အပြောမဟုတ်ပဲ လက်တွေ့ ခေါ်နိုင်မှ အိမ်ကွင်းမှာ ဟန်မယ်ဖြစ်ပါကြောင်း။

စုစည်းတင်ပြသူ
ဇော်အောင်  ၂၃-မတ်-၂၀၁၃

မှတ်ချက်။
မြန်မာတတ်သိပညာရှင်များဆွေးနွေးချက်များကိုမှီငြမ်းပါသည်။ 
ကချင်ပြည်နယ်သားများအတွက် အိမ်ကွင်းတွင်မရှုံးရန် မနောမြေဘောလုံးအသင်း နှင့် KIA/KIO ထောက်ခံသူများ စဉ်းစားစရာဖြစ်သည်။

No comments:

Post a Comment