March 26, 2013

ကေအိုင်အေအပေါ်ပြုလုပ်ခဲ့တဲ့ ထိုးစစ်ရဲ့ နောက်မှာ


ဖိုးသံ (လူထု)       

မကြာသေးခင်ကပဲ ဗမာပြည်မှာ အရက်စက်ဆုံး လူသတ်ပွဲကြီး တခုကို ကမ္ဘာက မြင်တွေ့လိုက် ကြရသည်။ စစ်တိုက်ရာတွင် တဖက်လူကို သေစေတာဟာ လူသတ်တာ မမြောက်ဘူးလို့ဆိုနိုင်ပေမယ့် တလောက လိုင်ဇာ၊ လဂျားယန် စတဲ့တောင်ကြောတွေမှာ စစ်အစိုးရက လက်နက်သုံးစွဲပုံနဲ့ လေယာဉ်ပျံသုံးစွဲပုံတို့ မှာ သတ္တဝါနဲ့ လက်နက်နဲ့ မမျှ သုံးစွဲတာဖြစ်တဲ့အတွက် ဒါကိုတော့ စစ်ကျင့်ဝတ် အရရော၊ လူ့အခွင့်အရေးသဘောအရာပါ ရက်စက်ကြမ်းကြုတ်မှုလို့  ဆိုရမှာဖြစ်ပါတယ်။ သူတို့ ဟာ ဒီတိုက်ပွဲစဉ်တွေမှာ သူတို့ (ထိပ်သီးတွေ စားပေါက်ရတဲ့နည်းများနဲ့) နောက်ဆုံးဝယ်ယူထားတဲ့ ခေတ်မီလက်နက်တွေ၊ လေယာဉ်ပျံတွေကို အသုံးပြုရာမှာလည်း ဒီတိုက်ပွဲဟာ အများဆုံး စံချိန်တင်သွားပါတယ်။ 


စစ်အုပ်စုအတွက် ရှေ့နေလိုက်ရေးလေ့ရှိတဲ့ ဘလော့ဂ်ဆိုက်ရေးသူတဦးကဆိုရင် "မင်းတို့ ကေအိုင်အေရဲ့ လိုင်ဇာကို ငါတို့ က အချိန်အရွေးတိုက်သိမ်းလို့ ရတယ်။ အခုငါတို့ တပ်မတော်က လက်နက်သစ်တွေနဲ့ တိုက်ခိုက်ရေးအသစ်တွေကို စမ်းသပ်နေတာသာ ဖြစ်တယ်" လို့  ရေးခဲ့ပါတယ်။ ဆိုလိုတာက ကြောင်က ကြွက်ကိုမစားခင် ကစားတယ်ဆိုတာမျိုးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ပြည်တွင်းစစ်ကို ဘယ်လိုသဘောထားတယ် ဆိုတာကိုလည်း ဒီစကားက ဖော်ပြနေပါတယ်၊ တိုင်းရင်သားအချင်းချင်းအပေါ် စမ်းသပ်ခန်းထဲကကြွက်လို သဘောထား အနိုင်ကျင့်ပြုမူတာကိုလည်း ဖော်ပြနေပါတယ်။    

ဒါကြောင့်မို့ ဒီဗိုလ်သိန်းစိန်-ဗိုလ်အောင်မင်းတို့ ဟာ တဖက်သားကို နဖူးမှာ သေနယ်တေ့ ရင်ဝမှာ လှံစွပ်ထောက်ပြီး ရွှေလီက စားပွဲဝိုင်းကို သွားခိုင်းတာလို့ တင်စားရေးသား ပြောဆိုကြတာ ဖြစ်ပါတယ်။ အပစ်ရပ်ရေးအတွက် ဆွေးနွေးတယ်ဆိုတဲ့ကာလ အတွင်းမှာ အခုလိုအပြတ်အသတ်တိုက်တာကိုကြည့်ရင် ဒီအရပ်ဝတ် စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးအပေါ်၊ တိုင်းရင်းသားလူများစုများ ပြဿနာအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ သိပ်ရှင်းပါတယ်။ စစ်အစိုးရတွေရဲ့ အလိမ်အညာတွေကို နှစ်ပေါင်း၆ဝလောက်ကြုံတွေ့ခဲ့ရတဲ့ ကေအိုင်အေအဖွဲ့က ဒီဦးသိန်းစိန်စစ်အစိုးရကို လုံးဝဥဿုံ မယုံနိုင်တာဟာ ဘာမှမဆန်းပါဘူး။
        
ဒီ နာမည်မှာ ဦးတပ်ထားတဲ့ ဗိုလ်ချုပ်တွေဟာ တချိန်က အပစ်ရပ်သဘောတူညီချက်ယူခဲ့ပြီးမှ ပြန်တိုက်တဲ့လူဆိုရင် ဒီလို ဆုံးမတယ်ကွလို့ ကြုံးဝါးနေသလိုပါပဲ။ ဒီလို ပါးစပ်ကတမျိုး ပြောပြီး လက်ကတမျိုးလုပ်တာကို တချို့ က ဒါဟာ သမဒဂျီးရဲ့  သဘောထားမှ ဟုတ်ရဲ့ လားလို့ ပြောချင်ကြပါတယ်။
        
ဗမာပြည်ရဲ့  အနှစ်၆ဝကျော် စစ်အာဏာရှင် သမိုင်းမှာ အထက်အမိန့်ကို မနာခံတဲ့တပ်ဆိုတာ မတွေ့ ဖူးခဲ့သလောက်ပါပဲ (တဦးစနှစ်ဦးစကိုတော့ မဆိုလိုပါဘူး)၊ အဲဒီလို အမိန့် ပေးတဲ့လူနဲ့ မနာခံတဲ့လူတွေ နှစ်ပေါင်းများစွာ အတူ တွဲနေလို့ ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား စဉ်းစားသင့်ပါတယ်။
        
၁၉၈၉ခု-၉ဝခုနှစ်ဆီက ဗကပနဲ့ ဒေသခံတွေကို ခွဲထုတ်ပြီးတဲ့နောက်မှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ နဝတအစိုးရက ဒီချုပ်ကို ရင်ဆိုင်ဖို့အတွက် နောက်ကျောလုံအောင်လုပ်တဲ့ အပစ်ရပ်မျိုးဖြစ်လို့ သူတို့ဘက်က မာမာကျောကျော မပြောခဲ့၊ မလုပ်ခဲ့ဘူး။ အခုတော့ အိုဘားမားက ကိုယ့်ကိုအသိအမှတ်ပြုထားပြီလို့ ယူဆထားတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ဟာ အခုတော့ စားပွဲဝိုင်းကိုလာမလား၊ မလာရင်ပစ်တယ်ကွာဆိုပြီး ကောင်းဘွိုင်လိုလို၊ မာဖီးယားလိုလို လုပ်ပြတာ ဖြစ်ပါတယ်။

ကေအိုင်အေအဖွဲ့ အပေါ် လက်ရှိအစိုးရရဲ့ အပြုအမူဟာ ဝပြည်သွေးစည်းညီညွတ်ရေး၊ အင်န်ဒီအေအေ(မိုင်းလားအဖွဲ့ ) အပါအဝင် ကျန်တဲ့အပစ်အရပ်အဖွဲ့ တွေကို မင်းတို့ လည်း အူကြောင်ကြောင်လုပ်ရင် ဒီလိုဖြစ်သွားမယ်လို့ ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ အားလုံးက နားလည်ကြပါတယ်။ ဒါကြောင့်လည်း ဝသွေးစည်းညီညွတ်ရေးတပ်ဦး၊ အင်န်ဒီအေအေနဲ့ အက်စ်အက်စ်အေတို့ က သူတို့ ဒေသထဲမှာလာပြီး နှစ်ဘက်ဆွေးနွေးကြဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုနဲ့ ယုတ်မာမှုကို ကောင်းကောင်းသိနားလည်တဲ့ သူတို့ အနေနဲ့ စိတ်ပူပင်တာ ဘာမှမဆန်းပါဘူး။ ပြောရရင် ကိုးကန့် အရေးအခင်းပြီးရင် ဒီကေအိုင်အိုလိုင်ဇာ ဌာနချုပ်ကိုတိုက်တာဟာ "အပစ်ရပ်" တွေကို ဒုတိယအကြိမ်တိုက်ခိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆာင်မှုနဲ့ နောက်ခံသမိုင်းကြောင်းချင်း မတူတဲ့အတွက် ကေအိုအိုကိုတော့ ကိုးကန့် လို အဖွဲ့ အစည်းရော တပ်ပါ ပျောက်ကွယ်အောင် သူတို့ မလုပ်နိုင်ခဲ့ပါဘူး။

လာမယ့် ကေအိုင်အိုအဖွဲ့ နဲ့ အစိုးရတို့ ရဲ့ ဆွေးနွေးပွဲမှာ  တခြားအချက်တွေထက် စစ်ရေးအရ ဆွေးနွေးဆုံးဖြတ်တာကို လူတွေက ပိုမိုစိတ်ဝင်စားကြမယ်ဆိုတာ အထူးပြောစရာမလိုပါဘူး၊ အရပ်ဝတ်စစ်အစိုးရဟာ အောက်ခြေရဲဘော်တွေ သောက်သောက်လဲသေအာင် တိုက်ခိုက်ပြီး လုယူခဲ့တဲ့ ကေအိုင်အိုရဲ့  မူလနေရာတွေကို ပြန်ပေးမလားဆိုတာ စိတ်ဝင်စားစရာပါ။ သမဒဂျီးက သဘောထားကြီးကြောင်း  ပြမလား၊ ဒါမှမဟုတ် "ဟ-ငါတို့ လိုချင်လို့  အခုလို ရဲဘော်လေးတွေ အသေခံ၊ နာမည်ပျက်ခံပြီး တိုက်ယူထားတာ ကွ" လို့ ပြောမလား စောင့်ကြည့်ကြရမှာပဲ။ သူတို့ဟာ ကေအိုင်အိုအတွက် ပထဝီဝင်အရ အရေးပါတဲ့ တောင်ကုန်းတွေကို ချုပ်ကိုင်ပြီး ကေအိုင်အေကို ဒီလို နယ်စပ်လိုင်းပေါ်မှာ ဖိထား၊ ထောက်ပံ့ရေးနဲ့ စီးပွာရေး လမ်းကြေင်းတွေဖြတ်တောက်၊ နောက်ဆုံးကြပ်ပြေးက ခွင့်ပြုတဲ့ လုပ်ငန်းလောက်ပဲ လုပ်ခွင့်ပြုပြီး အသက်ဆက်ခိုင်းမယ်၊ ဒီလိုနဲ့ ကေအိုင်အိုရဲ့  အသက်သွေးကြောကို ချုပ်ထားပြီး ကျား သနားမှဆိုတဲ့ ဘဝရောက်စေမယ့် အလားအလာက ပိုဖြစ်မယ် ထင်ပါတယ်။

ဒီတိုက်ပွဲကို ကြည့်ခြင်းအားဖြင့် ဒီအရပ်ဝတ်စစ်အစိုးရဟာ ဘာကြောင့်မို့  သူ့အရင်အထက်ထက်က စစ်အာဏာရှင်များ နည်းတူပဲ အပစ်အရပ်တွေဘာတွေ လုပ်တယ်ပြော၊ ငြိမ်းချမ်းရေးစကားတွေ ပြောတဲ့အကြားကနေ၊ သူတို့ ရဲ့ တလက်ကိုင်တပ်ကြိးကို တိုးချဲ့ ပြီးရင်း တိုးချဲ့ ၊ ခေတ်မီ လက်နက်တွေ တပ်ဆင်ပြီးရင်း တပ်နေတယ်ဆိုတာ မြင်သာပါတယ်။ နဝတ၊ နအဖခေတ်ကနေ ကနေ့ အထိ သူတို့ ဟာ နိုင်ငံများအပြားကို အဆင့်အသီးသီးအရာရှိတွေ စေလွတ်ပြီး သင်တန်းအမျိုးမျိုး တက်ခိုင်းနေပါတယ်။ မကြာမီမှာ အနောက်နိုင်ငံတွေကို စေလွှတ်တာတွေကိုလည်း မြင်ကြရတော့မှာ သေချုာပါတယ်။

ဗိုလ်ချုပ်ကြီးသိန်းစိန်အစိုးရက နောက်ဆုံးလှမ်းလိုက်တဲ့ ခြေလှမ်းကတော့ ထိုင်းနိုင်ငံမှာလုပ်တဲ့ အမေရိကန်ရဲ့ ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာ သူ့ လူတွေကို လေ့လာသူအဖြစ် စေလွှတ်ပါဝင်လိုက်တာပါပဲ။ ဒါဟာ လွတ်လပ်ရေးရပြီးကတည်းက ဗမာပြည်က အစိုးရတွေ ထိန်းသိမ်းဆုပ်ကိုင်ခဲ့တဲ့ တည့်မတ်တဲ့ကြားနေရေးလမ်းစဉ်ကနေ ခွဲထွက်တဲ့ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ တချိန်တုန်းက ဦးနုအစိုးရဟာ ဆီးတိုး(SEATO) ခေါ် အရှ့တောင်အာရှစာချုပ်အဖွဲ့ အစည်း၊ စင်တိုး(CENTO) ခေါ် အာရှအလယ်ပိုင်း စာချုပ် အဖွဲ့ အစည်းဆိုတဲ့ အမေရိကန်က ဆိုဗီယက်၊ တရုတ်နဲ့  ဗီယက်နမ်တို့ ကို ဝန်းပတ်တဲ့ အစီအစဉ်ကို မပါဝင်ဘဲ ငြင်းပယ်ခဲ့လို့  ကမ္ဘာ့အလယ်မှာ သိက္ခာတက် နာမည်ရခဲ့ပါတယ်။ အခုတော့ အရပ်ဝတ်စစ်အစိုးရဟာ ဗမာပြည်က နှစ်ပေါင်း၇၀ကျော် ကိုင်စွဲခဲ့တဲ့ သဘောထားကို စွန့်လွှတ်ပြီး ကိုယ့်နိုင်ငံကို နိုင်ငံကြီးတွေရဲ့ ပဋိပက္ခမှာ နိုင်ငံရေးအရသာမက စစ်ရေးအရပါ ကြားညပ်စေမယ့် ခြေလှမ်းတွေ လှမ်းလိုက်ပါပြီ။ ဒါအတွက် သူတို့ဟာ အနောက်နိုင်ငံတွေဆီက စစ်ရေးအကူအညီတွေ ရမယ်လို့  တွက်ထားကြသလား မသိပါဘူး။

ဒါပေမဲ့ ဘယ်လိုပဲပြောပြော ဗမာပြည်က စစ်အစိုးရ အခုလို စစ်ရေးအရတွင်ကျယ်လာ၊ ခြေလှမ်းကျဲတွေ လှမ်းလာတာကို အရှေ့ အနောက်အိမ်နီးနားချင်းနိုင်ငံတွေကတော့ သဘောကျမယ်မထင်ပါဘူး။ ဒေသထဲမှာ ညစ်ကျယ်ကျယ် အာဏာရှင်တယောက် ငဒို့ အကြားထဲမှာ ထောင်ထောင် ထောင်ထောင်လုပ်လာတော့မယ်လို့ ပဲ မျက်မှောင်ကုပ်ကြည့်ကြမှာပါ၊ သူတို့နဲ့ မတူကမ္ဘာမှာ စစ်အာဏာရှင်ပေါင်း များစွာကို တပည့်မွေးခဲ့ဖူးတဲ့ အမေရိကန်ကတော့ ကျားစွယ်တိုက်ပေးရမှာမို့  သဘောအကျကြီး ကျနေမှာ သေချာပါတယ်။

ဖိုးသံ (လူထု)
(အရေးတော်ပုံဂျာနယ် အတွဲ (၁) အမှတ် (၁၁) ၂ဝ၁၃ မတ်လ)

No comments:

Post a Comment