March 26, 2013

တိုင်းရင်းသားများ အာဏာ ၃ ရပ် ရှိဖို့လိုဟု ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော



သျှမ်းသံတော်ဆင့်သတင်း 
မတ် ၂ရ၊ ၂ဝ၁၃


 မိမိတိုင်းပြည်၊ ဘာသာစာပေ၊ ယဉ်ကျေးမှု တိုးတက်ရန် လုပ်ဆောင်လိုပါက တိုင်းရင်းသားများ အာဏာ သုံးရပ်ရှိရမည်ဟု သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က နိုင်ငံရေး သင်တန်းဆင်းပွဲ၌ ပြောကြားလိုက်သည်။

 “ကိုယ့်တိုင်းပြည်၊ ဘာသာစာပေ စတာတွေကို တိုးတက်အောင် လုပ်ချင်ပေမယ့် ကိုယ့်မှာအာဏာမရှိတော့ လုပ်ပိုင်ခွင့်မရှိဘူး။ မလုပ်နိုင်ဘူး။ ကိုယ့်မှာ - ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ် ရေးအာဏာရှိရင် အစစအရာရာတိုးတက်အောင် လုပ်နိုင်မယ်။ နိုင်ငံရေးနည်းလမ်းနဲ့ အဲဒီအာဏာတွေ ရယူရမယ်” - ဟု ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုသည်။

 ထို့အပြင် မေတ္တာတရား ကင်းမဲ့သူထံ၌ အာဏာတည်ရှိ နေသောကြောင့် ပြည်သူများ ပူပင်သောက ရောက်နေကြ ရကြောင်း၊ ထို့ကြောင့် ပြည်သူအပေါ် မေတ္တာထားကြရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွှတ်မှု ရရှိရန် တယောက်နှင့်တယောက်၊ တဖွဲ့နှင့်တဖွဲ့ မေတ္တာတရား၊ သစ္စာတရား အပြန်အလှန် ထားရှိရမည်ဖြစ် ကြောင်း၊ ယုံကြည်မှုတည်ဆောက်၍ ချီးမြှောက်ကြရမည်ဖြစ်ကြောင်း ပြောဆိုသည်။ အချိန် ၁ လကြာ နိုင်ငံရေး အသိပညာ သင်ကြားပို့ချပြီးနောက် မတ်ခ်ျလ ၂၄ ရက် နံနက် ၉ နာရီ RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်း၌ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာတွင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောခဲ့ ခြင်းဖြစ်သည်။

 အဆိုပါသင်တန်းတွင် “သျှမ်းပြည် နိုင်ငံရေး အခြေအနေ၊ သမိုင်းကြောင်း၊ မြန်မာပြည် နိုင်ငံရေး အခြေအနေ ဘယ်လိုရှိတယ်။ RCSS/SSA ရဲ့ ပေါ်လစီတွေ အုပ်ချုပ်ရေးပိုင်းတွေ ဘယ်လိုရှိတယ်ဆိုတာသင်ကြားပေး တယ်။ နောက် ပြီးတော့ အချက်အလက် ကောက်ယူမှုနည်းပညာ သတင်း မီဒီယာပိုင်းဆိုင်ရာတွေကိုလည်း သင်ကြား ပေးတယ်” ဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိန်း က ပြောသည်။ နိုင်ငံရေး သင်တန်းသို့ သျှမ်းပြည် ၃၄ မြို့နယ်မှ ပြည်သူ ၁၆၀ ကျော် တက်ရောက်လေ့လာကြောင်းသိရသည်။

No comments:

Post a Comment