April 10, 2013

ရန်ငြိုးရန်စတွေ ကင်းခဲ့ပေမဲ့ ပြာပုံထဲကနေ အသစ်ပြန်စရမယ့် ဘဝတွေ - နန်းလွင်

Photo: AP
 နန်းလွင်
ကုမုဒြာ
ရန်ကုန် ဧပြီ ၂၉ 

မီးဘေးသင့် ယာယီဒုက္ခသည်စခန်း ပြုလုပ်ထားတဲ့ ဘုန်းကြီး ကျောင်းဝင်းအတွင်းက သီးသန့် တိုက်ခန်းငယ်ရဲ့ရှေ့မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိုင်နေပါတယ်။ သူမ ဘေးမှာ ဆော့ကစားနေတဲ့ ကလေးငယ် သုံးဦးကို ခပ်တွေတွေကြည့်နေသလို မျက်ဝန်းတွေထဲမှာတော့ မျက်ရည်တွေ ဝဲလို့နေပါတယ်။
“ဦးလေးက ရှိခိုးတောင်းပန်တယ်၊ ဗုဒ္ဓဘာသာအစစ်ပါလို့လဲ အကြိမ်ကြိမ် ပြောပါတယ်”လို့ ပြောပြီး ဆက်မပြောနိုင်ဘဲ ငိုပါတော့တယ်။


မိဘမရှိတဲ့ မသင်းသင်းဇာဟာ ငယ်ငယ်ကတည်းက မိဘလို စောင့်ရှောက်ခဲ့တဲ့ သူမရဲ့ဦးလေးကို ၂၁ ရက်နေ့က အောင်ဇေယျာရပ်ကွက်နားမှာ မျက်နှာအုပ်ထားတဲ့သူတွေက ဓားနဲ့ခုတ် တုတ်နဲ့ရိုက်နှက်ကာ လမ်းမပေါ်ကို ဆွဲခေါ်သွားခဲ့ပါတယ်။ သူမကို ဘေးပတ်ဝန်းကျင်က အမျိုးသမီးတွေက အော်ခေါ်ခဲ့တာကြောင့် အိမ်တစ်အိမ်ထဲမှာ ပုန်းနေခဲ့ရပါတယ်။

သူမဦးလေးကို အဲသည်နေ့ကစပြီး ပြန်မတွေ့ရတော့ဘူးလို့ မသင်းသင်းဇာက ပြောပါတယ်။
မိတ္ထီလာတက္ကသိုလ်မှာ ရူပဗေဒအဓိကနဲ့ ဒုတိယနှစ်ဖြေဆိုထားတဲ့ မသင်းသင်းဇာတို့ တူဝရီးဟာ သမုန်းကုန်းရပ်ကွက်မှာ နေထိုင်ကြတာဖြစ်ပြီး နေအိမ်မီးလောင်သွားလို့ ဒုက္ခသည်စခန်း ပြုလုပ်ထားတဲ့ ဘုန်းကြီးကျောင်းကို ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

မသင်းသင်းဇာက “အမျိုးတွေဆီကို သွားတာ လမ်းမှာ အော်ဟစ်နေတော့ ဦးလေးက ထွက်ကြည့်တယ်၊ အဲဒီအချိန်တုန်းက အားလုံးလက်ထဲမှာ တုတ်တွေ၊ ဓားတွေ ကိုင်ထားတယ်၊ ညီမတို့လဲ ကိုယ့်လုံခြုံရေးအရ ကိုင်ထားရတယ်၊ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး၊ ကျွန်မဦးလေးက ဗုဒ္ဓဘာသာစစ်စစ်ပါ” လို့ ပြောပါတယ်။
“လမ်းပေါ်မှာ လူမသိ သူမသိ သေသွားတာ အများကြီးပဲ၊ ဒီနားမှာကို အလောင်းနှစ်လောင်းကို သစ်သားတွေပုံပြီး မီးရှို့ထားတာ”လို့ လမ်းမကို လက်ညှိုးထိုးပြပြီး အောင်ဇေယျာရပ်ကွက်မှာနေထိုင်တဲ့ ကုန်ခြောက်ဆိုင်ပိုင်ရှင် ဦးကြည်တိုးက ပြောပါတယ်။
“ဘယ်သူတွေမှန်းလဲမသိဘူး၊ မြို့သူမြို့သားတွေက အိမ်တွေထဲမှာ အကုန်ပုန်းနေကြတယ်၊ ကျွန်တော်လဲကြောက်လို့ မထွက်ရဲဘူး၊ အိမ်ပေါ်ကနေ ချောင်းကြည့်တယ်”လို့ ဦးကြည်တိုးက ပြောပါတယ်။

မိတ္ထီလာမြို့ဈေးထဲက ရွှေဆိုင်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ပတ်သက်လို့ မြို့ခံတွေက ဘာမှ မတုန့်ပြန်ခဲ့ပေမဲ့ မူဆလင်ဘာသာဝင်တွေက ဘုန်းကြီးတစ်ပါးကို ဗလီရှေ့မှာ မီးရှို့ပြီး သတ်ခဲ့တယ်ဆိုတဲ့ သတင်း စကားကြောင့် မြို့ခံအချို့ စိတ်မထိန်းနိုင်ဘဲ တုတ်ဓား လက်နက်တွေ ကိုင်ဆောင်ပြီး လမ်းမပေါ်ထွက်ခဲ့ကြတယ်လို့ မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။
“အဲဒီနေ့ညနေပိုင်းက ကလေးတစ်ယောက် ပြေးလာတယ်၊ သူနဲ့ပါလာတဲ့ ဘုန်းကြီးကို ဗလီရှေ့မှာ မီးရှို့သတ်တယ်လို့ လာပြောတယ်၊ အဲဒီကနေစပြီး ဘယ်မှာလဲ ဘယ်သူတွေလဲ ဘုန်းကြီးကို သတ်တာ၊ လက်မခံဘူးဆိုပြီး လူတွေလမ်းပေါ်မှာ အုံကြွမှုကြီးဖြစ်ပြီး ရှုပ်ယှက်ခတ်ကုန်တော့တာပဲ၊ ဘုန်းကြီးအလောင်းကိုတွေ့လားဆိုတော့ ဘယ်သူမှ မတွေ့ဘူး”လို့ သီရိမင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ဒေါ်မြမြဝင်းက ပြောပါတယ်။
မိတ္ထီလာမြို့မှာ အဲသည်နေ့ကစလို့ ဗလီတွေ နေအိမ်တွေကို မီးရှို့ခဲ့ရာ အစ္စလာမ်ဘာသာဝင်တွေရော ဗုဒ္ဓဘာသာတွေရဲ့ နေအိမ်တွေပါ မီးလောင်ပျက်စီးခဲ့ကြပါတယ်။ မြို့ခံတချို့က အိမ်တွေထဲမှာ ပုန်းအောင်းနေကြသလို အချို့ကတော့ မိတ္ထီလာမြို့အနီးက ရွာတွေကို ထွက်ပြေး တိမ်းရှောင်သွားကြပါတယ်။

ဒေါ်မြမြဝင်းက “ကျွန်မတို့အိမ်နောက်မှာနေတဲ့ မူဆလင်အိမ်ကလူတွေကို ပြောရတယ်၊ နင်တို့ပြေးကြလို့၊ အဲဒီနေ့ပဲ မီးလာရှို့ကြတာ၊ ကျွန်မတို့အိမ်လဲ ပါသွားတယ်၊ အခု အမျိုးတွေဆီမှာ ခဏနေရတယ်”လို့ ပြောပါတယ်။
ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် ခရိုင်ဘောလုံးကွင်းနဲ့ စာသင်ကျောင်းတွေမှာ ဒုက္ခသည်စခန်းတွေ ပြုလုပ်ပေးထားပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
“ရွှေဆိုင်ကစတဲ့ပြဿနာ ရွှေဆိုင်ကို ဖျက်ဆီးလို့ပြီးရင် တော်ပြီပေါ့ဗျာ၊ ဘာလို့ အဲဒီလောက်အထိလုပ်လဲ ကျွန်တော်လဲမသိဘူး၊ တုတ်ဓားကိုင်ထားတဲ့သူတွေက မြို့ခံက နည်းနည်း၊ ကျွန်တော်တို့မသိတဲ့ သူတွေကို မြင်ရတယ်၊ ဘုန်းကြီးတွေကလဲ ဘယ်က ဘုန်းကြီးတွေမှန်းကို မသိဘူး”လို့ သမုန်းကုန်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေထိုင်နေရတဲ့ ဦးလေးမြင့်က ပြောပါတယ်။

မိတ္ထီလာမြို့ကနေစတဲ့ ပဋိပက္ခတွေဟာ ရက်ပိုင်းအတွင်းမှာပဲ ရမည်းသင်း၊ မကွေးတိုင်းဒေသကြီးထဲကမြို့အချို့၊ ပဲခူးတိုင်းဒေသကြီးထဲက မြို့နယ်အချို့ကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။
ချမ်းအေးရပ်ကွက်မှာ နေထိုင်ပြီး သမုန်းကုန်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေထိုင်ရတဲ့ ဒေါ်ပုက “ကျွန်မတို့ရပ်ကွက်က ဘာသာမခွဲဘူး၊ သာရေးနာရေး အကုန်ကူညီတာ၊ လင်မယားရန်ဖြစ်ရင်တောင် အိမ်နီးချင်းကုလားတွေက ဝင်ဖျန်ဖြေပေးတယ်၊ အခုတော့ သူတို့လဲ ဘယ်ပြေးလဲ မသိဘူး၊ တကွဲတပြားတွေ ဖြစ်ကုန်တယ်၊ ကျွန်မတို့က အတူပြန်နေလို့ ဘာလို့မရရမှာလဲ၊ အစကတည်းက ရန်ငြိုးမှမရှိတာဘဲ” လို့ ပြောပါတယ်။
“မီးမရှို့ခင် တစ်ရက်က လူတွေလာပြောတယ်၊ ဗလီတွေမီးရှို့မယ်၊ ဗုဒ္ဓဘာသာ အိမ်တွေက အိမ်ရှေ့မှာ ဘုရားပုံတွေကပ်ထားလို့ လာပြောတယ်၊ ကျွန်မတို့လဲ ပုံတွေ ကပ်ထားတယ်၊ ဒါပေမဲ့ မီးဆိုတာက လေသင့်ရာအကုန်ပါသွားတာပဲ”လို့ ဒေါ်ပုက ဆက်ပြောပါတယ်။
မိတ္ထီလာခရိုင် ဘောလုံးကွင်း ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ အစ္စလာမ် ဘာသာဝင် ဦးသိန်းအောင်က “အိမ်နီးနားချင်းတွေက ပြေးပြေးဆိုလို့ ပြေးတာ ဘာမှကို မယူနိုင်ဘူး၊ အဘွားကိုချီပြီး ပြေးခဲ့ရတယ်”လို့ ပြောပါတယ်။
“ဘာသာရေးကို အကြောင်းပြပြီး အကြမ်းဖက်မှုတွေကို လက်မခံပါဘူး၊ အတူ ယှဉ်တွဲနေထိုင်ဖို့ လမ်းကိုရှာရမှာ အမှန်ပေမဲ့ နှစ်ဖက်စလုံး သင့်မြတ်ဖို့ လမ်းကိုရှာဖို့ အချိန်ယူရဦးမှာပါ”လို့ ရွှေညဝါဆရာတော်က ပြောပါတယ်။
ဘာသာနှစ်ခုကြား ရောယှက်နေထိုင်ခဲ့ကြတဲ့ မိတ္ထီလာမြို့မှာ အရင်အခြေအနေ အတိုင်း ပြန်လည်နေထိုင်နိုင်အောင် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေက ဝိုင်းဝန်း ကြိုးစားနေကြတာကို တွေ့ရပါတယ်။

အစ္စလာမ်ဘာသာဝင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်း “ဒါဟာ ဘာသာရေးမုန်းတီးမှု မဟုတ်တာကို ကျွန်တော်တို့ ရှင်းပြတယ်၊ အိမ်နီးနားချင်းနဲ့ မတည့်တဲ့ပြဿနာမဟုတ်ပါဘူး၊ သွေးထိုးလှုံ့ဆော်မှုကြောင့်ဆိုတာကို ပြောပြပါတယ်” လို့ ပြောပါတယ်။
ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ လူအုပ်စုလိုက် လှုပ်ရှားပြီး ပဋိပက္ခတွေကို ဖန်တီးတာ၊ လူခြေတိတ်ချိန်မှာ အော်ဟစ်ပြီး လှုံ့ဆော်တာ၊ အကြမ်းဖက်ပြီး ပစ္စည်း ဖျက်ဆီးသူတွေကို ဒေသခံတွေက မသိရှိကြတာဟာ နောက်ကွယ်မှာ သွေးထိုးလှုံ့ဆော်ပြီး ပဋိပက္ခတွေဖြစ်ပွားအောင် ပြုလုပ်နေတဲ့ လူတစ်စုရှိနေတယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။
ကိုမင်းကိုနိုင်က “အကြမ်းဖက်တိုက်ခိုက်သူတွေကို ဒေသခံတွေက မကျွမ်းဝင်ဘူး၊ အဲဒီလူတွေကို မမြင်ဖူးဘူး၊ လူမျိုးဘာသာ ခွဲခြားပြီး တိုက်ခိုက်တာမဟုတ်ဘူး၊ လူတွေကို နေမှုထိုင်မှုတွေ ပျက်သွားအောင်၊ ထိန်းမနိုင် သိမ်းမရအောင် လုပ်နေတာ”လို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီးအချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် လုယက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကလည်း ပြည်သူလူထုရဲ့အသက် အိုးအိမ်စည်းစိမ်လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ်မှန်သမျှကို လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်ရင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးမှာ အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မတ်လ ၂၈ ရက်နေ့က နိုင်ငံပိုင်ရုပ်သံတွေကနေ ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့နေရာတွေက မြို့ခံတွေကတော့ လုံခြုံမှုအတွက် စိုးရိမ်နေကြဆဲဖြစ်ပြီး ကိုယ့်ရပ်ကွက်၊ ကိုယ့်နေအိမ်နဲ့ လမ်းတွေကို အလှည့်ကျစနစ်နဲ့ စောင့်ကြပ်နေကြရပါတယ်။
ဇီးကုန်းမြို့ခံ ဦးမင်းသူရက “ညဆိုရင် အလှည့်ကျ စောင့်ရတယ်၊ မိတ္ထီလာလို မီးတွေဘာတွေ အရှို့ခံရမှာစိုးလို့၊ မီးလောင်ရင်သွားပြီ၊ ပဋိပက္ခတွေဖြစ်လို့ ပြည်သူတွေက စိတ်မအေးတဲ့ကြားထဲ ဒုက္ခသည်တွေ အဖြစ်မခံနိုင်ဘူး”လို့ ပြောပါတယ်။
ဇီးကုန်းမြို့နယ်မှာလည်း မတ်လ ၂၆ ရက်နေ့က ဒေသခံတွေနဲ့ အကျွမ်းမဝင်တဲ့ လူတစ်စုက ပစ္စည်းတွေ ဝင်ရောက် ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဖုန်းနဲ့ ပြောပါတယ်။
စားသောက်ဆိုင် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ မိတ္ထီလာမြို့ခံ ဦးသူရိန်က “ကလေးတွေလဲ ကျောင်းတက်ရဦးမယ်၊ တော်တော်လေး ပြန်ပြီး တည်ဆောက်ရမယ်၊ ဘာမှကို မကျန်ခဲ့ဘူး”လို့ ပြောပါတယ်။
မိတ္ထီလာမြို့မှာ အစ္စလာမ်ဘာသာဝင်ပေါင်း ၁၃,ဝ၀ဝ ကျော် နေထိုင်တယ်လို့ ခေတ္တခရိုင်မှူး ဦးဝင်းရဲထွန်းက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ လူစုလူဝေးနဲ့ အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦး၊ အဆောက်အအုံ ၁၃၅၅ လုံးနဲ့ ယာဉ်မျိုးစုံ ၃၉ စီး ပျက်စီးဆုံးရှုံးကာ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ခြောက်ခုမှာ လူဦးရေ ၉၀၆၅ သီးကို စောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။
ဒေါ်မြမြဝင်းက “ဒီမှာနေလာတာကြာပြီ၊ အားလုံးခင်ခင်မင်မင်နဲ့ ဘာသာရေးကိစ္စကိုတောင် အငြင်းမပွားဘူး၊ ဒီလိုဖြစ်လာမယ်လို့လဲ မတွေးခဲ့မိဘူး၊ ကျွန်မတို့ အိမ်တွေ အားလုံး ပြာပုံထဲမှာ ဖြစ်သွားတယ်”လို့ ပြောပါတယ်။
ပဋိပက္ခတွေဖြစ်ပွားတဲ့အချိန်က ထွက်ပြေးရတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ပုန်းခိုခွင့်ပေးထားတဲ့ ဘုန်းကြီးကျောင်းတွေရှိတယ်လို့လည်း အစ္စလာမ်ဘာသာဝင်အချို့က ပြောပါတယ်။

ရန်ကုန်မြို့ကို ပဋိပက္ခတွေ မကူးစက်စေဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေဟာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြသလို ရပ်ကွက်တွေထဲက ဘာသာရေးခေါင်းဆောင်တွေကလည်း အချင်းချင်း ပြဿနာ တစ်စုံတစ်ရာဖြစ်အောင် မဖန်တီးဖို့၊ ဖြစ်လာဖို့ လှုံ့ဆော်သူတွေကို တွေ့တာနဲ့ သတင်းပေးဖို့ လိုက်လံပြောဆိုထားကြပါတယ်။

ဦးလေးဖြစ်သူကို ၂၁ ရက်နေ့က ဓားနဲ့ ခုတ်ပြီး လမ်းမပေါ် ဆွဲထုတ်ခံခဲ့ရတာကို မြင်တွေ့ခဲ့ရတဲ့ မသင်းသင်းဇာက “ရဲတွေကို မေးကြည့်တော့ အလောင်းတွေကလဲ မီးလောင်နေတော့ ဘယ်သူမှန်းလဲ မသိဘူးတဲ့၊ ဦးလေးလဲ မီးရှို့ခံရတဲ့အထဲမှာ ပါသွားမယ်ထင်တယ်” လို့ မျက်ရည်တွေနဲ့ ပြောပါတယ်။

ကုမုဒြာတွင်ဖော်ပြပြီးသော သတင်းဆောင်းပါးကို ကြိုက်နှစ်သက်၍ မျှဝေခြင်းဖြစ်ပါသည်။)

No comments:

Post a Comment