April 09, 2013

အခွန်ကောက်ခြင်းနဲ့ခြစားမှုအကြောင်း - ၀တ်မှုန်




စင်ကာပူနိုင်ငံရဲ့ Tax % of GDP
အဲဒီစာရင်းမှာ ၂၀၁၂ စင်ကာပူက ၁၄.၂% အခွန်ကောက်လို့ရတယ်။ ၂၀၁၃မှာ ၅၅ဘီလျံ အကောက်ခွန်ရမယ် မှန်းထားတယ်။ အခွန်ကို မလွတ်တန်းကောက်ပါမှ အဲဒီငွေနဲ့ နိုင်ငံတော်တည်ဆောက်ရပါမယ်။ အခွန်ဘယ်နေရာတွေက ရသလဲ ? အစိုးရ၀က်ဆိုဒ်မှာ ပွင့်လင်းမြင်သာစွာ အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။ အောက်က ပုံကြည့်လိုက်တာနဲ့ အခွန် အများဆုံးရငွေများကို မြင်နိုင်ပါတယ်။
1. Corporate Income Tax
2. Personal Income Tax
3. Goods and Services Tax
4. Statutory Board Contributions
5. Assets Tax (property)
အဲဒီ ၅ခုက ပေါင်းရင် ၈၀%လောက် ၀င်ငွေရပါတယ်။ ၂၀၁၂မှာ ဘီလျံ ၅၅ (ဒေါ်လာသန်းပေါင်း ၅၅၀၀၀)။  ရမဲ့အခွန်ကို လွတ်မသွားအောင်

စနစ်တကျ ကောက်ပါတယ်။ ရှောင်လို့မရပါ။ ရှောင်လို့ မိသွားရင်တော့ ဒဏ်ငွေမနည်းလှပါ။

အခြားနိုင်ငံများလည်း စင်ကာပူနိုင်ငံလိုပဲ အခွန်ကို စနစ်တကျကောက်ပါတယ်။ တိုင်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များဟာ အခွန်ကောက်ရငွေ ဘက်ဂျတ်ပေါ်မူတည်ပြီး သုံးစွဲရတော့ အခွန်ကောက်ခြင်းမှာ ခြစားမှုမရှိဘို့ အထူးအရေးကြီးလှပါတယ်။


http://www.singaporebudget.gov.sg/budget_2013/revenue_expenditure/index.html

မြန်မာနိုင်ငံရဲ့ Tax Income
စစ်အစိုးရခေတ်တုန်းကတော့ ကြိုက်သလို အတွင်းကြိတ်ပြီးလုပ်နေကြတော့၊ ဘာမှမမြင်ရဘူး။ မြင်တဲ့လူလဲ မပြောရဲဘူး။ ပြောရင် ဆွဲစိခံသွားရမှာကိုး။ အခုတော့ လူအများလည်း ပွင့်လင်းလာပြီဆိုတော့ အစိုးရခေါင်းဆောင်ပိုင်းလည်း အမှန်အတိုင်းလုပ်ဖို့ အားပေးခံရတယ်။ စင်ကာပူမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်စဉ် ခြစားမှုတွေကို ကြားသိ၊တွေ့မြင်ရပေမဲ့ အောက်ခြေအထိ မရောက်ပါဘူး။ ခြစားမှုနည်းပါးလှပါတယ်။ မြန်မာနိုင်ငံမှာတော့ များပြားလှတဲ့ခြစားမှုကို လက်ဆောင်ကြိုက်တဲ့နိုင်ငံလို့ လှလှပပပဲ အမည်ပေးလိုက်ချင်ပါတယ်။

ဝီကီမှာ ကမ္ဘာ့နိုင်ငံများ Tax % of GDP ကိုကြည့်မိတယ်။
http://en.wikipedia.org/wiki/List_of_countries_by_tax_revenue_as_percentage_of_GDP


ကောက်နုတ်ချက်ကတော့ တိုးတက်တဲ့နိုင်ငံများမှာ အခွန်% က ၄၀ရာနူန်းကျာ် ကောက်တယ်။ နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်၊ ဂျာမဏီ စတဲ့နိုင်ငံတွေပါ။ အမေရိကန်၊ တောင်ကိုးရီးယား ၂၆%၊ ဂျပန် ၂၈% အခွန်ကောက်နိုင်ပါတယ်။ အိန္နိယ ၁၇.၇%၊ တရုပ်၊ထိုင်းနိုင်ငံ ၁၇%၊ မလေးရှား ၁၅.၅%၊ စင်ကာပူ ၁၄.၂%၊ ဗီယက်နမ် ၁၃.၈% တို့ရှိကြပါတယ်။ မြန်မာနိုင်ငံကတော့ ၄.၅% နဲ့ သူအောက်က ရေနံသူဌေးနိုင်ငံလေးတွေပဲကျန်တော့တယ်။

ဘာကြောင့် ကမ္ဘာ့အနည်းဆုံး အခွန် % of GDP ဖြစ်နေရပါသလဲ။
အဖြေ။  ခြစားလွန်းလို့ပါ။
ဘယ်နေရာမှာ ခြစားနေကြသလဲ  ဆန်းစစ်ကြည့်မယ်ဆိုရင် အထက်က စင်ကာပူအခွန်အများဆုံးကောက်ရတဲ့ ကဏ္ဍကြီး၅ခုကိုပဲ ကြည့်ပါမယ်။

1. Corporate Income Tax  ကုမ္ပဏီအမြက်ခွန်
   ကုမ္ပဏီဆိုတာ ၃နှစ်ဆက်တိုက်ရှုံးလို့ ဆက်လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ အမြက်ရှိရမယ်။ အမြက်မရှိဘူး မညာနိုင်အောင် အစိုးရစာရင်းစစ်တွေနဲ့ စစ်ဆေးရပါတယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီအမြက်ခွန်ကို ရှောင်လို့မရပါဘူး။ အခွန်ဌာနအနေနဲ့ သေချာစွာစာရင်းဝင်စစ်ရင် အခွန်အများကြီးရမှာပါ။

2. Personal Income Tax တစ်ဦးချင်းအခွန်

    သူဌေးတွေကို အခွန်ကောက်ရပါမယ်။ သူဌေးက အခွန်ရှောင်ဖို့ အစွမ်းကုန်ကြိုးစားမှာပါ။ သာမန်လခစားများကိုတော့ နဲနဲပဲကောက်ပါမယ်။ ဥပမာ စင်ကာပူအစိုးရဘဏ် DBS အကြီးအကဲ Mr. Gupta ၂၀၁၂မှာ ၀င်ငွေ ဒေါ်လာ၉သန်း ရရှိသွားတယ် ဆိုပေမဲ့၊ အခွန်က အနဲ့ဆုံး ၃၀% ဆိုတော့ ဒေါ်လာ၃သန်းလောက် အခွန်ပေးရပါတယ်။ ၀င်ငွေ တစ်နှစ်ဒေါ်လာ တစ်သိန်းကျော်ရင် ၁၀% အထက် အခွန်ကောက်ပါတယ်။ ကုန်ရောင်းကုန်ဝယ် လုပ်စားသူတွေတော့ အခွန်လွတ်အောင် ရှောင်နိုင်ပေမဲ့၊ အကြီးစား သူဌေးတွေတော့ မရှောင်နိုင်ပါဘူး။  မြန်မာပြည်ကတော့ တစ်ဦးချင်းအခွန်ကောက်ဖို့ ခက်နေပါတယ်။ (တလ ၁သိန်း၊ ၂သိန်း လခစားအဆင့်ကို အခွန်လိုက်ကောက်တဲ့ ဆင်းရဲသားလယ်ပင်းညစ်အလုပ်မျိုး သမ္မတဦးသိန်းစိန်အစိုးရ မလုပ်ပါစေနဲ့ဆုတောင်းပါတယ်)။

3. Goods and Services Tax
    အရောင်းအ၀ယ်လုပ်တဲ့နေရာမှာ အစိုးရအခွန်ကောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံ သွင်းကုန်၊ ထုတ်ကုန်များ တန်ဖိုးကို % အလိုက် အခွန်ကောက်ပါတယ်။ ဇိမ်ခံကား သွင်းလာရင် ၃၀၀%၊ ဆေးလိပ်၊အရက်ဆိုရင် ၁၀၀၀% စသဖြင့် အခွန်ကောက်ခြင်းဖြစ်ပါတယ်။ နယ်စပ်နဲ့သင်္ဘောဆိပ်ကမ်း၊ လေဆိပ်တွေမှာ သေချာစွာကောက်နိုင်ပါတယ်။ မြန်မာပြည်အတွက်တော့ နယ်စပ်ကုန်သွယ်ရေးက အကြီးမားဆုံးဖြစ်တဲ့အတွက် တရုပ်၊ ထိုင်း၊ အိန္နိယ နယ်စပ်များက အခွန်လွတ်ဝင်လာတဲ့ တရားမ၀င်ကုန်တွေကို အခွန်လိုက်ကောက်တဲ့ အဖွဲ့ ၂၀၁၂ မှာ အရေးပေါ်ဖွဲ့ရပါတယ်။ အဲဒီအဖွဲ့က အလွန်ခြစားလို့ကောင်းတဲ့အဖွဲ့လို့ ဆိုပါတယ်။

4. Statutory Board Contributions
   ပါမစ်နဲ့စာရွက်စာတမ်းကြေးများဖြစ်ပါတယ်။ အခွင့်မရှိပဲ မလုပ်ရ၊ လုပ်ချင်ရင် ပါမစ်ဖိုး အစိုးရက ကောက်ပါတယ်။ အလွန်များပြားစွာ ရရှိတဲ့ ဌာနဖြစ်ပါတယ်။ စင်ကာပူမှာ အစိုးရဘုတ်အဖွဲ့ပေါင်း ၆၆ခုရှိပါတယ်။ ၀င်ငွေကောင်းတဲ့ ဘုတ်အဖွဲ့တွေကတော့ အိုးအိမ် HDB, JTC, EDB, Accounting, CPF စတဲ့အဖွဲ့အစည်းများဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းက အများဆုံးလုပ်နေတော့ ဟော်တယ်၊ ကွန်ဒို၊ ရှော့ပင်စင်တာတခု ဆောက်ရင် ပါမစ်ဖိုး အစိုးရကမရပဲ ခြစားဝန်ထမ်းများကို ပေးနေရပါတယ်။

5. Assets Tax (property)

   အဆောက်အဦး၊ စက်ရုံ ပိုင်ဆိုင်မှု အခွန်ကလည်း မနည်းလှပါဘူး။ ပေးရတာက တန်ဖိုးရဲ့ ၁%တောင်မရှိပါဘူး။ ဒါပေမဲ့ စင်ကာပူလို နိုင်ငံမှာ ပိုင်ဆိုင်မှုတန်ဖိုးတွေက အလွန်ဈေးကြီးပါတယ်။ မြန်မာများရဲ့ ပင်နီစူလာပလာစာ အဆောက်အဦးဆို ဒေါ်လာသန်း၁၀၀၀ မက တန်ဖိုးရှိတော့၊ ဆိုင်ခန်းပိုင်ရှင်အားလုံး စုပေါင်းရင် တစ်နှစ်ကို ၁၀သန်းမက ပေးရတယ်။ မြန်မာပြည်မှာတော့ ပိုင်ဆိုင်မှုဥပဒေက ရှိပေမဲ့ တိုက်တာ၊အဆောက်ဦး၊ စက်ရုံတွေရဲ့ တန်ဖိုးအမှန် ဘယ်လောက်လဲ မသိ၊ ရာဖြက်နဲ့ပဲ ဈေးဖြက်နေတော့ ရာဖြတ်နဲ့ပေါင်းပြီး ခြစားလို့ကောင်းနေဆဲဖြစ်ပါတယ်။

တခြားအခွန်အမျိုးစား အများကြီးရှိပါတယ်။ Stamp Duty ရောင်းခွန်၊ ၀ယ်ခွန်၊ မော်တော်ကားခွန်၊ ကာစီနို၊ထီဖွင့်အခွန် .. စသဖြင့်အများကြီးပါပဲ။ စင်ကာပူအစိုးရအခွန်ရဲ့ ၂၀%လောက်ပဲ ဆိုတော့ မရေးတော့ပါဘူး။

မြန်မာပြည်အခြေအနေ

အခု တစ်နှစ်အတွင်း ချက်ခြင်းလက်ငင်း ၄.၅% အခွန်ရရှိတဲ့နေရာကနေ ၂ဆတိုး ၉% ရအောင် မဖြစ်နိုင်ပါဘူး။ နိုင်ငံခြားက အခွန်ကောက်နည်းစနစ်များကို လေ့လာ၊သင်ကြား၊ကျင့်သုံးရပါဦးမယ်။ ၃နှစ်လောက်ကြာရင် အခွန်၂ဆ ကောက်နိုင်လာပါမယ်။ မြန်မာပြည်က GDP 55 billion usd, 4.5 % = 2.5 billion usd ပဲရရှိပါမယ်။ သို့သော်  Eleven Media , April News သတင်းအရ ၂၀၁၂က နယ်စပ် တရားမ၀င်ကုန်များကို အခွန်လိုက်ကောက်တာ 4 billion usd နီးပါးရတယ်ဆိုတာကြောင့် တိုးတက်လာပြီလို့ ပြောနိုင်ပါတယ်။

ခြစားမှုကို သမ္မတဦးသိန်းစိန်နှင့်နီးစပ်သူ ယခင်စီမံဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းဦးစီး စစ်ဆေးနေတယ်လို့ Larry Jagan's April 2013 ဆောင်းပါးမှာ အောက်ပါအတိုင်းရေးထားပါတယ်။
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်းဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်းစစ်ဆေးခံရသည်ဟု ဆိုသည်။ ထိပ်ပိုင်း လူကြီး၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်းခံထားရသည်။ တရုပ်ကုမ္ပဏီ
Huawei and ZTE  တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်းခဲ့သည်။ ဆက်သွယ်ရေးကန်ထရိုက်များအတွက် ထူးကုမ္ပဏီအုပ်စု အီလိုက်နှင့်ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။
ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေးခံရပြီးနောက် အထက်တန်းအရာရှိ ဦးခင်ကိုလေးသည် ချက်ချင်းတာဝန်မှရပ်နားခံရသည်။ ယခု ငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် ပြင်သစ်နိုင်ငံသွားမည့်ခရီးစဉ် ဖြက်သိမ်းခံရပြီး တာဝန်ပြောင်းခံရသည်။ ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သောကိစ္စရှိသည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို စစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။
စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့်မသင့်လျှော်သော ဈေးကြီးသည့် ဟိုက်ဘရစ်ဆန်စက်များတင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။


အဆင့်မြင့်ဝန်ထမ်းများ ၄၀ခန့်နေရာပြောင်းပြီး ၆ဦးကို အငြိမ်းစားပေးလိုက်တယ်လို့ အစိုးရသတင်းဌာမှ အောက်ပါအတိုင်းထုတ်ပြန်ပါတယ်။
အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။ အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဇန်န၀ါရီလ ၈ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ၀န်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ၏ ဥပဒေအကြံပေး ဦးသန်းကျော်၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းအပါအ၀င် စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ 
နိဂုံး

အခွန်အမှန်ကန် ကောက်နိုင်မှ ရတဲ့ငွေကြေးများကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများမှာ အသုံးချရင်း ဆင်းရဲမွဲတေမှုများက လွတ်မြောက်လာနိုင်မယ်ဖြစ်ပါတယ်။

အခွန်ကောက်စနစ်ကို အမြန်ဆုံးပြုပြင်တဲ့နည်းတူ .. အခွန်ကောက်ရငွေကို ခြစားအနည်းဆုံးဖြစ်အောင် သုံးစွဲတဲ့ ၀န်ကြီးဌာနပေါင်း ၃၀ကျော်အတွက်လည်း ပြုပြင်ပြောင်းလဲမှုလုပ်ရပါဦးမယ်။ တရုပ်ပြည်မှာတော့ သေဒဏ်ပေးတာတောင် မိရင်အသေခံမယ် ဆိုပြီး ခြစားနေသူများ ရှိပါတယ်။ မြန်မာပြည်မှာလည်း ဟေ့ကောင်..ရပ်တော့..လို့ အော်ပြောနေလဲ၊ အလွန်ဆုံး စစ်ဆေးခံရပြီး၊ အငြိမ်းစားပေးခံရတာလောက်ပဲ ဆိုတော့၊ ခြစားမှုရပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ အဆင့်မြင့်အရာရှိများ ခြစားမှု ရပ်တန်းက မရပ်ရင်တော့ သမ္မတအကြံပေး ဒေါက်တာဦးမြင့် ရဲ့ စာတန်းအရ Fry a big fish ဆိုတဲ့ တရုပ်ပြည်နည်းလမ်း၊ ကျင့်သုံးဖို့ နီးပါပြီ။ ခြစားသူတွေ ပိုင်ဆိုင်ထားတဲ့ ခြံမြေ၊လယ်မြေ၊ စက်ရုံတွေ လိုက်သိမ်း၊ ခြစားသူများရဲ့ နိုင်ငံခြားဘဏ်စာရင်းကို လိုက်သိမ်း ..ဆိုရင် တော်တော်ရှုပ်လာတော့မယ်။

ဟူး... သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် ... မလွယ်ပါဘူး။
ဥပဒေစိုးမိုးဖို့ ခြကြီးများကို အရင်ရှင်းထုတ်နိုင်ပါစေ...။ 

ဝတ်မှုန်  ၉-ဧပြီ-၂၀၁၃



 

No comments:

Post a Comment