April 08, 2013

Dr Manam Tu Ja ဒေါက်တာဦးမနမ်တူးဂျာနှင့် မြစ်ကြီးနားတွင် တွေ့ဆုံမေးမြန်းခြင်း





ဆလန်ကဘာ့ ဒေါက်တာဦးမနမ်တူးဂျာကို မေးမြန်းဆွေးနွေးဖို့ ရောက်ခဲ့ပါတယ်။ ကျနော်တို့လည်း ဘယ်လိုနည်းနဲ့ ကချင်ပြည်နယ် အကျိုးကိုလုပ်နိုင်မလဲ လမ်းစရှာဖွေတော့ ဒေါက်တာတူးဂျာ ကဲ့သို့သော ကချင်ပြည်နယ်သားတွေကပဲ ကချင်ပြည်နယ်တိုးတက် ငြိမ်းချမ်းရေးကို ပိုမိုစိတ်အားထက်သန်တာကို တွေ့ရပါတယ်။ အမှတ် (၃၆၈) ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့ နေအိမှ်ာ ရွှင်လန်းစွာနဲ့ ကချင်ပြည်နယ် အရေးမေးမြန်းဆွေးနွေးခဲ့ပါတယ်။   Positive Attitude နဲ့ အခြေအနေများကို အကောင်းမြင်ဝါဒနဲ့ ရှေ့ဆက်လျှောက်လှမ်းဖို့ သံဓိဌာန်ကြီးသူတစ်ဦးဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂ဝ၁၃ မြစ်ကြီးနားနေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက မြစ်ကြီးနားမှာ ဘူးဂါးလျှပ်စစ်ဓါတ်အားပေးလိုင်းတွေ စစ်ပွဲကြောင့်ပျက်စီးနေချိန်၊ ပြည်တွင်းစစ်မှာ စစ်လေယာဉ်များနဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ ကေအိုင်အေက စွတ်စွဲနေချိန်၊ စစ်ပွဲများ အဆက်မပြတ်တိုက်နေချိန်ပါ။ နောက်တစ်ပတ်မှာတော့ မြစ်ကြီးနားလည်း လျှပ်စစ်မီးပြန်လင်းလာတယ်။ နောက်တစ်လမှာတော့ ၂ဖက်တာဝန်ရှိသူများ ရွှေလီမှ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ရလာပါတယ်။

အင်ဂွန်ဂျာဝါ မေးခွန်းများကို ဒေါက်တာတူးဂျာက အောက်ပါအတိုင်းဆွေးနွေးဖြေပါတယ်။

မေး။ ဒေါက်တာတူးဂျာရဲ့ အမြင်ပေါ့။ တရုပ်ပြည်နဲ့မြန်မာပြည် အစိုးရများအပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ။ မြန်မာအစိုးရအနေနဲ့တော့ တိုင်းရင်းသားများနဲ့ ပြေလည်ရပါမယ်။ နောက် ပြည်တွင်းစစ်ရပ်စဲရပါမယ်။ ခေါင်းမာတဲ့ Hardliner များရဲ့ လူမျိုးကြီးဝါဒများကို ရုပ်သိမ်းပြီး၊ ဒေါက်တာစိန်ဝင်း NCGBU တို့ပြောတဲ့ ဖက်ဒရယ်မူ စစ်မှန်သောပြည်ထောင်စုကို တည်ထောင်ရပါမယ်။ တရုပ်အစိုးရကတော့ ကြားနေတယ်လို့ မြင်ပါတယ်။ တရုပ်ပြည်ဖက်ကို အမြှောက်ဆံကျတော့မှ တရုပ်ကလည်း မတည်ငြိမ်ဖြစ်လာပါတယ်။  ယူနန်နယ်မှာလည်း လူမျိုး ၆၄ခု ရှိပါတယ်။ သူတို့မှာ အထူးအခွင့်ရေးပေးတဲ့ လူမျိုးစုများရှိပါတယ်။ တရုပ်ပြည်ဟာ တိုင်းရင်းသားများကို မနှိမ်ဘူးလို့ ယူဆပါတယ်။

မေး။  လူငယ်အုပ်စုများ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှလိုင်ဇာသို့ လမ်းလျှောက်လာခဲ့ကြတယ်။ ငြိမ်းချမ်းရေးအတွက် အမြင်ပြောပြစေလိုပါတယ်။
ဖြေ။ ကောင်းပါတယ်။ အားလုံးငြိမ်းချမ်းရေးလိုချင်နေပါတယ်။ ထိုးစစ်ရပ်ဖို့ ပြောပေမဲ့ နေရာအများမှာ မရပ်ပါဘူး။ (ယခု ရွှေလီဆွေးနွေးပွဲအပြီး ၂ဖက်စလုံး စစ်ပွဲများရပ်လိုက်ပြီဖြစ်သည်)။  မြန်မာအစိုးရသတင်းဌာနများ အမှန်အတိုင်းပြဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဖက်ဒရယ်မူကို ရေးထားခဲ့ပါတယ်။ ပြန်လည်အကောင်ထည်ဖေါ်ဖို့အတွက် သမ္မတမှလုပ်ဆောင်ဖို့ လိုပါတယ်။

မေး။  စစ်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြောပြပါဦး။
ဖြေ။ မြို့ရွာများကို စွန်ခွာထွက်ပြေးတဲ့ ဒုက္ခသည်ပေါင်း ၈သောင်းလောက်ရှိနေပါတယ်။ ဒုက္ခသည်စခန်းများနဲ့ အင်မတန် ဆင်းရဲ့ဒုက္ခရောက်ပြီး၊ စစ်ကြောင့် သေကြေ၊ ဒဏ်ရာရတဲ့ လူစာရင်းလည်း မနည်းလှပါဘူး။ နှစ်ဖက် စစ်သား၊စစ်ဗိုလ်များ သေကြေ၊ဒဏ်ရာရရုံမက အရပ်သားများစွာ သေဆုံး၊ထိခိုက်ကြပါတယ်။ ငြိမ်းချမ်းရေးကာလ ၁၉၉၄ခုနှစ် စစ်ပြေငြိမ်းပြီးနောက်ပိုင်း ၁၇နှစ်တာမှာ နယ်စပ်တစ်လျှောက် နဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းတစ်လျှောက်က မြို့ကြီး၊ ရွာကြီးတွေ နန်ဆမ်းပန်၊ အ်မတော်ယန်၊ ငါရယန်၊ ဒဘတယန်၊ ၀နားလွန် စတဲ့ ဒေသတွေမှာ အိမ်တွေ၊ တိုက်တာတွေ မြိုပြတည်ထောင်ခဲ့ပါတယ်။ အခု အားလုံး မီးရှို့ဖျက်ဆီးခံရပြီး၊ ပြာပုံအတိဖြစ်သွားကြပြီ။ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ စစ်ပြေးဒုက္ခသည်ဖြစ်သွားကြတယ်။ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတချို့ လည်း ပါဝင်ပျက်စီးသွားကြပါတယ်။လုပ ပြန်သွားဖို့ကလည်း မဖြစ်သေးဘူး။ ငြိမ်းချမ်းရေးကာက နယ်စပ်ရောင်းဝယ်ရေး Border Trade အားလုံး ဘယ်လိုပြန်စရမှန်းမသိအောင် ပျက်စီးသွားပါတယ်။

မေး။  ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်များ ပြောပြစေလိုပါတယ်။
ဖြေ။  Peace, Democracy, Federal, Unity တွေကို အမေရိကန်သမ္မတ အိုဘားမားလာတုန်းကလည်း ပြောသွားပါတယ်။ အချက်အားလုံးကို အကောင်ထည်ဖေါ်ဖို့ ကချင်နဲ့ တိုင်းရင်းသားများ စည်းရုံးညီညွတ်ဖို့ လိုပါတယ်။ မစည်းလုံးရင် နွားကွဲကျားကိုက် စကားအတိုင်း ဖြစ်သွားနိုင်ပါတယ်။ ကချင်ပြည်အတွက်လည်း ကချင်ပါတီတစ်ခု မားမားမတ်မတ် ရှိဖို့လိုပေမဲ့ အခွင့်မရသေးပါဘူး။ အသွင်ကူးပြောင်းရေးအတွက် UNFC တိုင်းရင်းသားအဖွဲ့များရဲ့ ကိုယ်စားလှယ်များဖြစ်တဲ့ ရှမ်းပြည်နယ်က ဦးခွန်ထွန်းဦး၊ ရခိုင်ပြည်နယ်က ဒေါက်တာအေးမောင်၊ ဦးလှစိုး၊ ကရင်ပြည်နယ်က ဒေါက်တာဆိုင်မွန်သား၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် ကိုယ်စားလှယ်များ၊ ကချင်အခြားအဖွဲ့အစည်းများ နဲ့လဲဆွေးနွေးခဲ့ပါတယ်။ တိုင်းရင်းသားအဖွဲ့များ ညီညွတ်ဖို့ အရေးကြ်ီးလှပါတယ်။

မေး။   ဒေါက်တာတူးဂျာအနေနဲ့ ဆက်လက်လုပ်ဆောင်မဲ့အစီစဉ်များကို သိလိုပါတယ်။
ဖြေ။   ကျွန်တော်ဟာ KIA/KIO ဒုဥက္ကဌကနေ အရပ်ဖက်ကို ပြောင်းပြီးလုပ်ကိုင်ဖို့ ထွက်လာခဲ့ပါတယ်။ ထုတ်ခံရတာမဟုတ်ပါဘူး။ အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ခြင်း Trust Building လုပ်ရပါတယ်။ ကြားဖြက်ရွေးကောက်ပွဲမှာ ပါတီတည်ထောင်ခွင့်မရတဲ့အတွက်၊ တသီးပုဂ္ဂလိကအဖြစ် မိုးကောင်းမြို့နယ်က ပါဝင်ယှဉ်ပြိုင်ခွင့်တင်ခဲ့ပါတယ်။ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ အခု ပါတီပြန်လည်ဖွဲ့စည်းဖို့ မှတ်ပုံတင်ကိစ္စ ပြန်လည်လုပ်ရပါဦးမယ်။ ကျွန်တော်ဟာ ရိုမင်ကက်သလစ်ဘာသာဝင် ဖြစ်ပါတယ်။ ဘာသာရေးခွဲခြားမှုမရှိမှ ဖြစ်မှာပါ။ စည်းရုံးညီညွတ်ရေးအတွက် ပါတီနိုင်ငံရေးကို မယုံကြည်ပါဘူး။ အမျိုးသားနိုင်ငံရေးကို ယုံကြည်စွာနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။


မှတ်ချက်။
ဒေါက်တာတူးဂျာသည် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားအမြင်များကို အခါအားလျှော်စွာ ထုတ်ပြန်လေ့ရှိသည်။ ယခု ရွှေလီတွေ့ဆုံပွဲနောက်ပိုင်းတွင်လည်း သဘောထားထုတ်ပြန်ချက် ထွက်ပါသည်။

  "ပြည်တွင်းငြိမ်းချမ်းရေးဘယ်ဆီမှာလဲ ?  အလားအလာဘယ်လိုရှိသလဲ ?  မကြာမီရတော့မှာလား  ?   နီးလျှက်နဲ့ဝေးနေတာများလား  ? " ၊

ကမ္ဘာပေါ်တွင် အကြာရှည်ဆုံး၊ မြန်မာနိုင်ငံရဲ့အနှိုင်းမဲ့ ပြည်တွင်းစစ်ကြီး ရပ်စဲဖို့၊ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ယုံကြည်မှုတည်ဆောက်ရန်။ ပြည်တွင်းစစ်ပွဲများ၏ အရင်းခံဇစ်မြစ်ကို သိရှိရန်အရေးကြီးကြောင်း၊ ယခုအချိန်သည် အမျိုးသားရင်ကြားစေ့စပ်ရေး၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ကြောင်း၊ ပြည်တွင်းစစ်အစ ၁၉၄၇ခုနှစ် အခြေခံဥပဒေက ဟုဆိုလျှင် မှားမည်မထင်။ မျက်မှောက်ကလတွင်လည်း ပြည်တွင်းစစ်ရပ်စဲပြီးမှ ငြိမ်းချမ်းရေးတည်ဆောက်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးတည်ဆောက်ရန် အပြောနှင့်အလုပ်ကိုက်ညီရန် အထူးလိုအပ်ကြောင်း။ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံမှာ အာချေး AChe ပြည်နယ်ပြသနာဖြေရှင်နည်းမှာ လက်တွေစံနမူနာယူသင့်ကြောင်း၊ ၂၀၀၅တွင် အင်ဒိုနီးရှားအစိုးရက အာချေးသူပုန်များကို အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ Special Autonomouse Region အဖြစ်တိုးမြှင့်ပေးလိုက်ပြီး ၂၅နှစ်ကြာသော တိုက်ပွဲများ ပြီးဆုံးသွားကြောင်း၊ ထို အင်ဒိုနီးရှား အားချေး AChe ပြသနာတွင် သမ္မတ၊ ဒုသမ္မတ နှင့် ကာကွယ်ရေးဦးစီးချုပ်တို့မှာ အဓိက၊အရေးပါဆုံးဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ မြန်မာတိုင်းရင်းသားများ၏ မူသည်လည်း တိုင်းရင်းသားအခွင့်အရေးရရှိရေးအတွက်သာ ဖြစ်သည်ဟု သိရသဖြင့် အဓိပ္ပါယ်ရှိသော တွေ့ဆုံမှုများ ခေါင်းဆောင်များအကြား စောလျှင်စွာကျင်းပစေလိုကြောင်း စသဖြင့် ဒေါက်တာတူးဂျာက သူ၏သဘောထားအမြင်ကို ဖေါ်ပြထားပါသည်။

အင်ဂွန်ဂျာဝါ (2)
မေးမြန်းဆွေးနွေးခြင်း နေ့စွဲ ၂-ဖေ-၂၀၁၃။
မြစ်ကြီးနားနေအိမ်။ ကချင်ပြည်နယ်။


Kachin Bible iPhone

No comments:

Post a Comment