Created on Tuesday, 06 August 2013 02:02
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များကို သြဂုတ်လဆန်းက တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်ရှိ ဖားကန့်မြို့ အပါအ၀င် ၎င်းမြို့အနီးရှိ ကျေးရွာအများစုမှာ လာမည့် နှစ် ၃၀ မတိုင်မီ ကျောက်စိမ်း အလွန်အကျွံ တူးဖော်ထုတ်လုပ်မှုကြောင့် ပျောက်ကွယ် ဆိတ်သုဉ်း တော့မည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
NLD ပါတီ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆိုင်း (ဖားကန့်မြို့တွင် နှစ် ၄၀ ကြာ နေထိုင်ခဲ့သူ) က ''၂၀၀၉-၂၀၁၀ လိုသာ ဆက်လုပ်နေရင် နှစ် ၂၀ မကျော်နိုင်ဘူး။ အဲဒီအခြေအနေ ရောက်ရင် ကျောက်စိမ်းဟာ ရှားပါးပျောက်ကွယ် လာမယ်။ ကျောက်စိမ်းကို မှီခိုနေရတဲ့မြို့၊ ရွာတွေ ပျောက်ကွယ် ကုန်မှာပေါ့။ ဒီမှာ တူးခဲ့တာက တောင်တစ်တောင်က နှစ်လဆိုပျောက်ပြီ။ တောင်အလုံး ရေ ၅၀၊ ၆၀ ကျော်က ပျောက်သွားပြီ။ ကျောက်စိမ်း ထွက်နိုင်တဲ့ တောင်အစစ်က ၁၀ တောင်လောက်ပဲ ကျန်တော့တယ်။ ကချင်ပြည်နယ် တစ်ခုလုံးဟာ ကျောက်စိမ်းကို မှီပြီး နေကြတာ။ ကျောက်စိမ်းကုန်ရင် ပြည်နယ်တစ်ခုလုံး ဟန်ချက်ပျက်ပြီ။ ဒီလိုဖြစ်ကုန်တာ လုပ်ငန်းလုပ်ကြတဲ့ ဦးပိုင်ရော၊ အကျိုးတူရော လုံးဝထင်သာ မြင်သာမရှိလို့ ဒီလို ဖြစ်ကုန်တာ။ ဒီအချိန်မှာ မစဉ်းစားရင် မမီတော့ဘူး။ ခုလိုဖြစ်တာဟာ စစ်အုပ်ချုပ်ရေး ကာလမှာတော့ ဘယ်နိုင်ငံမဆို ဖြစ်နိုင်တယ်။ အခု အရပ်သား အစိုးရ ရောက်ပြီဆိုတော့ ဒေသခံကိုတော့ ဥပေက္ခာ မပြုသင့်ဘူး။ ၂၀၃၀ ခုနောက်ပိုင်းဆိုရင် ဖားကန့်မြို့ဟာ ပျောက်ကွယ်တော့မယ်လို့ မှန်းတယ်။ ငါနဲ့မဆိုင်ဘူး လို့ထင်နေရင် ကျွန်တော်တို့အားလုံး မှားမှာပေါ့'' ဟု ပြောကြားသည်။
''ဒီလိုသာ ဆက်လုပ်ကြရင် နောင်ငါးနှစ်လောက် ဆိုရင်ပဲ ကျောက်စိမ်းဟာ ရှားပါးပစ္စည်း ဖြစ်လာမယ်။ ကုမ္ပဏီတွေကလည်း စွန့်ပစ်မြေစာတွေ စနစ်တကျ မပစ်ဘဲ မြစ်ကမ်းနံဘေးတွေမှာ စွန့်ပစ်ကြတယ်။ ချောင်းတွေ မြစ်တွေ တိမ်ကောလာတယ်။ သဘာဝ ဘေးအန္တရာယ်တွေ ခံရတာပေါ့'' ဟု ဖားကန့်မြို့တွင် ၂၈ နှစ်ကြာ နေထိုင်ခဲ့သူ ကိုဂန္ဓီ (လူမှုရေး လုပ်ငန်းလုပ်ရှားသူ) က ဆိုသည်။
မြို့မရပ်ကွက် ဥရုချောင်းဘေးတွင် နေထိုင်သူ ကိုယောကြီးက ''ကျွန်တော့်အိမ်ဆိုရင် အပေါ်မြှောက်ရတာ သုံးခါရှိပြီ။ အနည်းဆုံး ၁၂ ပေကျော်ပြီ။ ဒါလည်း ရေမြုပ်တုန်းပဲ ဒီလိုသာ ဆက်လုပ်ကြရင် နှစ်၂၀ မကျော်ခင်မှာပဲ ကျောက်စိမ်းရှားပါးလာပြီး ဒီဒေသလည်း ပျောက်ကွယ်လာမှာပဲ။ တချို့ချောင်းတွေက တိုတိုလေးပဲ ကျန်တော့တယ်။ စပေါ့ချောင်း၊ မျောက်ဖြူချောင်း ပျောက်ကွယ်သွားတယ်။ ရှရော်ခမှော်၊ မှော်မှောင်းလျန်တွေက မှော်နာမည်ပဲ ကျန်တယ်။ ဘေးမှာ တူးစရာနေရာ မရှိတော့ဘူး။ အောက် မနမှော်၊ အထက် မနမှော်တွေက ပျောက်ကွယ်သွားပြီ'' ဟု ဆိုသည်။
ဖားကန့်မြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌ ဦးဝါယာမ (သက်တော် ၆၅၊ ၀ါတော် ၄၄) က ''ဘုန်းကြီးငယ်ငယ်က ကေအိုင်အေ မထသေးဘူး။ ခုနှစ်တွေကိုတော့ မမှတ်မိဘူး။ ဒီဥရုမြစ်ဘေးကရွာတွေ ဘယ်ရွာမှ ရေတွင်းမရှိဘူး။ ဒီချောင်းရေပဲ သောက်ကြတာကိုး။ အရင်က နွေရာသီမှာ စောင်မလွတ်ဘူး။ ဒီလိုသာ လုပ်နေရင် နောင်နှစ် ၂၀ ဆိုရင် ကျောက်စိမ်း တွေ့ဖို့မလွယ်။ ဘုန်းကြီးတို့ ငယ်ငယ်ကနဲ့စာရင် ရှားပါးလာမှာ။ နောင်ဆိုရင် မိုးကုတ်လို ဖြစ်လာမှာ။ ရတနာတွေ ရှားလာတော့မယ်။ လူတွေပြောင်းကုန် ကြမှာလေ။ ဘုန်းကြီးကတော့ စက်ယန္တရားကြီးတွေနဲ့ လုပ်တာကို ဘ၀င်မကျဘူး။ သယံဇာတဆိုတာ အိမ်တွင်းပစ္စည်းလို တဖြည်းဖြည်း လုပ်စားရမယ် လို့တော့မြင်တယ်။ နောင်နှစ် ၅၀ မှာ ကျောက်စိမ်းကို မြင်ဖူးချင်ရင် တရုတ်ပြည်ကို သွားကြည့်ရမယ် ဆိုတာ မှန်နိုင်တယ်။ ဘုန်းကြီးကတော့ နိုင်ငံတော် အနေနဲ့ ဒီကိစ္စတွေကို ထိန်းချုပ်စေချင်တယ်။ အခု အရမ်းပူလာပြီ။ ပန်ကာ တစ်နေ့လုံး ဖွင့်ထားရတယ်။ အရင်လိုတော့ မဖြစ်နိုင်တော့ဘူး။ ဘုန်းကြီး မပြောလိုတာတွေလည်း အများကြီး ရှိသေးတယ်'' ဟု မိန့်ကြားသည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် တစ်နေရာအား သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်
''ဒီမှာ ရာသီဥတု ပြောင်းတာက သဘာဝတော ဘာမှ မကျန်တော့ဘူးလေ။ ၁၉၉၀ ၀န်းကျင် ဆောင်းရာသီမှာ မွန်းတည့် ၁၂ နာရီ ၀န်းကျင်အထိ နှင်းကျတုန်း။ ၁၉၉၇ နောက်ပိုင်းမှာ ရာသီဥတု ပြောင်းတာ သိသာလာပြီ။ အခုမိုးမလင်းခင် နေရောင်မြင်နေရပြီ။ မျက်စိရှေ့တင် ပျောက်သွားတဲ့ ရွာတွေ တောင်တွေလဲ အများကြီးပဲ။ တောင်ဖြိုမိုင်ခွဲတာလဲ အကန့်အသတ်မှ မရှိတာကိုး။ ပျောက်သွားတဲ့ တောင်တွေလဲ မရေနိုင်တော့ဘူး။ ဖားကန့်ရပ်ကွက် တစ်ခုဖြစ်တဲ့ အေးမြသာယာ ရပ်ကွက်ကို ကုမ္ပဏီတွေက ၀ယ်နေပြီ။ ဘုန်းကြီးက အလုပ်မခံဘူး။ အေးမြသာယာ ရပ်ကွက်ပျောက်ရင် သူ့ဘေးက မြို့မရပ်ကွက် ပျောက်လာမယ်။ မြို့မရပ်ကွက် ပျောက်ရင် ဖားကန့်မြို့ဆိုတာ ဘယ်နေရာကို လက်ညှိုးထိုးမလဲ။ အခုဖားကန့်ကြီး မရှိတော့ဘူး။ ဒီဒေသမှာ ဒီလိုရတနာတွေသာ အဆမတန် ထုတ်နေပေမယ့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ ဘာမှကောင်းတာ မရှိဘူး။ ဒီလိုလုပ်ရင် နှစ် ၃၀ မကြာနိုင်ပါဘူး'' ဟု ဖားကန့် သာသနာဝင် ကျမ်းပြုစုသူ ဦးက၀ိသာရ (ဖားကန့်မြိုနယ် သံဃမဟာနာယက အတွင်းရေးမှူး) က မိန့်ကြားသည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းကို ရှေးမြန်မာမင်းများ လက်ထက်မှ စတင်၍ လုပ်ကိုင်ခဲ့ကြပြီး ကေအိုင်အိုနှင့် ငြိမ်ချမ်းရေးမယူမီ ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်း အဖြစ်သာ ရှိခဲ့ရာမှ ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် စက်ကိရိယာများဖြင့် လုပ်ကိုင်လာကြရာ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ကုမ္ပဏီ ၅၀၀ ကျော်က အကြီးစား စက်ယန္တရားပေါင်း များစွာဖြင့် နေ့ညမနား နှစ်လုံးပေါက် လုပ်လာခဲ့မှုကြောင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေ ဆိုးဆိုးရွားရွား ပျက်စီးလာခဲ့ကာ ယခုကဲ့သို့ မြို့ရွာများ ပျောက်ကွယ်လုနီးပါး ဖြစ်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖားကန့်ဒေသ အတွင်းရှိ သဘာဝတောင် အလုံး ၅၀ လုံးခန့်နှင့် ချောင်းများ၊ ချောက်များမှာ ထိုကဲ့သို့ အလွန်အကျွံ ကျောက်စိမ်း တူးဖော်မှုကြောင့် ပျောက်ကွယ်ခဲ့ပြီး အဆိုပါ ဒေသတစ်ဝိုက်မှာ ယခုအခါ ရေကြီးခြင်း၊ အပူချိန် မြင့်မားလာခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့ လာရသည်ဟု ဒေသခံများက ပြောကြားသည်။ ဖားကန့်ကျေးရွာသည် ၁၉၉၅ ခုနှစ်မှ စတင်၍ မြို့ဖြစ်လာခြင်း ဖြစ်သည်။
No comments:
Post a Comment