November 02, 2013

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၅)/ အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၀၊ အောက်တိုဘာလ ၂၉ ရက်၊ ၂၀၁၃)
==================
မညီညွတ်သော ညီညွတ်ရေးတပ်ပေါင်းစုများ

(ဒုတိယ) တိုင်းရင်းသားညီလာခံက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များမှာ ” နိုင်ငံရေးဆွေးနွေးပွဲများနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အားလုံးသည် တစ်စုတစ်စည်းတည်း ကိုယ်စားပြုရပ်တည်ရန်၊ တစ်ဖွဲ့ချင်းစီ သီးခြားရပ်တည်ဆွေးနွေးခြင်းမပြုရန်၊” ဆိုတဲ့အချက် တစ်ချက်ပါဝင်ပါတယ်၊ သဘာဝကျတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောထားဖြစ်ပေမည့် လက်တွေ့ဘဝမှာတော့ ဖြစ်နိုင်လိမ့်မယ် မထင်ပါ၊

တစ်ချိန်တုံးက အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democratic Front/NDF) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပေါင်းစုထားတဲ့ တပ်ပေါင်းစုရှိခဲ့ဘူးပါတယ်၊ အဲဒီတပ်ပေါင်းစုထဲကပဲ အချို့အဖွဲ့တွေက စစ်အစိုးရနဲ့ သီးခြားဆွေးနွေးပြီး ငြိမ်းချမ်းရေးယူ၊ အချို့က အပစ်အခတ်မရပ်ပဲ ဆက်လက်တိုက်ခိုက်နဲ့ ဒီကနေ့မှာတော့ NDF ဆိုတာကို ဘယ်သူကမှ မပြောကြတော့ပါ၊

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council/UNFC) ဆိုပြီး တပ်ပေါင်းစုအသစ်တစ်ခုပေါ်ထွန်းလာပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ပေါင်းစည်းထားပါတယ်၊ 
ပါဝင်တဲ့အဖွဲ့တွေက 

ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization/KIO)၊ 
ကရင်အမျိုးသားအစည်းအရုံး (Karen National Union/KNU)၊ 
မွန်ပြည်သစ်ပါတီ (New Mon State Party/NMSP)၊ 
ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (Shan State Progress Party/SSPP, Shan State Army-South)၊ 
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party/KNPP)၊ 
ချင်းအမျိုးသားတပ်ဦး (Chin National Front/CNF)၊ 
လားဟူဒီမိုကရက်တစ်ယူနီယံ (Lahu Democratic Union/LDU)၊ 
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (Ta-aung National Liberation Army/TNLA)၊ 
ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (Pa-O National Organization/PNO)၊ 
ရခိုင်အမျိုးသားကောင်စီ (Arakan National Council/ANC)၊ နဲ့ 
ဝ အမျိုးသား အဖွဲ့ (Wa National Organization/WNO) တို့ဖြစ်ကြပါတယ်၊ 

ဒီတပ်ပေါင်းစုထဲမှာ ကေအိုင်အို (KIO) နဲ့ ကေအန်ယူ (KNU) က အင်အားအကြီးမားဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်သောင်း နဲ့ ငါးထောင် စီ အသီးသီးရှိကြပါတယ်၊ မွန်ပြည်သစ်ပါတီက တပ်အင်အား ၁၅၀၀ ခန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီက တပ်အင်အား ၂၀၀၀ ခန့်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တပ်အင်အား တစ်ထောင်ခန့်၊ တအောင်းအဖွဲ့က တပ်အင်အား ၈၀၀ ခန့်ရှိကြပြီး ကျန်အဖွဲ့များက တပ်အင်အား ရာဂဏန်းပဲ ရှိကြတာပါ၊ စုစုပေါင်း လက်နက်ကိုင်တပ်ဖွဲ့အင်အား နှစ်သောင်းလောက်ရှိတဲ့ ဒီတပ်ပေါင်းစုရဲ့ ကြွေးကြော်သံက “တစ်ယောက်ထိ အများ၊ အများထိ တစ်ယောက်” (One for All, All for One) ဖြစ်ပါတယ်၊
၂၀၁၁ ခုနှစ် ဩဂုတ်လမှာ သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ချပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်နယ်အဆင့် ဆွေးနွေးကြဖို့ ဖိတ်ခေါ်တော့ ဖက်ဒရယ်ကောင်စီ ရဲ့ မူဝါဒက တစ်ဖွဲ့ချင်းအနေနဲ့ သီးခြားစီမဆွေးနွေးပဲ တပ်ပေါင်းစုအနေနဲ့ အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးရေးဖြစ်ပါတယ်၊ 
ဒါပေမည့် အဖွဲ့ဝင်အချို့က ဒီမူဝါဒကို မလိုက်နာကြပါ၊ ဒါကြောင့်မို့ ဖက်ဒရယ်ကောင်စီဝင် 

ကရင့်အမျိုးသားအစည်းအရုံး၊ 
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊
 မွန်ပြည်သစ်ပါတီ၊ 
ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ 
ရှမ်းပြည်နယ်တိုးတက်ရေးပါတီ၊ 
ချင်းအမျိုးသားတပ်ဦးတို့က အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သီးခြားတွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သီးခြားစီ သဘောတူခဲ့ကြပါတယ်၊

အစိုးရက သူ့ရဲ့ မူဝါဒကို တစ်ဆင့်လျှော့ပြီး ဖက်ဒရယ်ကောင်စီကို တပ်ပေါင်းစုအဖြစ် အသိအမှတ်ပြုလို့ တပ်ပေါင်းစုအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်လာချိန်မှာပဲ ဖက်ဒရယ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအချို့ကို အဖွဲ့ဝင်အချို့က ဝေဘန်လာကြပါတယ်၊
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဖက်ဒရယ်ကောင်စီကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ညှိနှိုင်းအစည်းအဝေးမှာ ဖက်ဒရယ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂ၊ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များကို ကြားဝင်ဖြန်ဖြေပေးသူများ (Mediators) အဖြစ် (သို့မဟုတ်) ကြီးကြပ်စောင့်ကြည့်သူများ (Monitor) အဖြစ်ဖိတ်ခေါ်ရန် တင်ပြတာကို အစိုးရဘက်က လက်မခံပါ၊ အစိုးရဘက်က နိုင်ငံတကာကကိုယ်စားလှယ်များကို လေ့လာသူ (Observers) အဖြစ်သာ တက်ရောက်ခွင့်ပြုနိုင်ကြောင်းနဲ့ လိုအပ်ရင် နှစ်ဘက်သဘောတူစာချုပ်မှာ သက်သေ (Witness) အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ကြောင်း တုန့်ပြန်ပါတယ်၊ နောက်တစ်ခါ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဖက်ဒရယ်ကောင်စီက နိုင်ငံတကာဖြန်ဖြေသူများနဲ့ စောင့်ကြည့်ကြီးကြပ်သူများထားရှိရေး ထပ်မံတောင်းဆိုတော့ အစိုးရဘက်က ထပ်မံပယ်ချခဲ့ပါတယ်၊

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့နှစ်ဖွဲ့ရဲ့ ခေါင်းဆောင်များက ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်၊ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကရင့်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုး (ဗိုလ်ချုပ်မူတူး) နဲ့ဖက်ဒရယ်ကောင်စီဝင် မဟုတ်တဲ့အပြင် ဘယ်တပ်ပေါင်းစုမှာမှ မပါဝင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA-North) (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း) ရဲ့ ဥက္ကဋ္ဌ စပ်ယွက်စစ် (ဗိုလ်ချုပ် ယွက်စစ်) တို့ဖြစ်ကြပါတယ်၊ ဒီတိုင်းရင်းသားခေါင်းဆောင်နှစ်ဦးက ဖက်ဒရယ်ကောင်စီက တောင်းဆိုထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နိုင်ငံတကာ ဖြန်ဖြေသူများ၊ နိုင်ငံတကာစောင့်ကြည့်ကြီးကြပ်သူများကို ပါဝင်စေရေးဟာ “မြန်မာနိုင်ငံ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းစဉ်ဟာ အလွန်ရှုပ်ထွေးတာမို့ သင့်တင့်လျော်ကန်ခြင်းမရှိကြောင်း” သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ကြေညာပါတယ်၊

ဒီမှာ ဖက်ဒရယ်ကောင်စီမှာ ကေအန်ယူရဲ့ ပါဝင်မှုကို မေးခွန်းထုတ်စရာရှိလာပါတယ်၊ တကယ်တော့ ကေအန်ယူ ခေါင်းဆောင်ပိုင်းမှာ ဗိုလ်ချုပ်မူတူးအုပ်စုနဲ့ ဖဒိုဒေးဗစ်တာကဘောအုပ်စု ဆိုပြီး ဂိုဏ်းနှစ်ခုကွဲနေတာကြာပါပြီ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖဒိုဒေးဗစ်တာကဘော က ကေအန်ယူရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ကေအန်ယူကိုယ်စားလှယ်အဖြစ်နဲ့ ဖက်ဒရယ်ကောင်စီမှာ ဒု-ဥက္ကဋ္ဌ (၂) တာဝန်ယူခဲ့ပါတယ်၊ သူ ကေအန်ယူ ဥက္ကဋ္ဌဖြစ်ချိန်မှာ ဗိုလ်ချုပ်မူတူးနဲ့ အပေါင်းအပါများကို ဗဟိုကော်မီတီရဲ့ ခွင့်ပြုချက်မရှိပဲ မြန်မာစစ်တပ်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးလို့ဆိုပြီး အဖွဲ့က ထုတ်ပယ်ပစ်ခဲ့ပါတယ်၊ နောက်တော့ အောက်ခြေတပ်များရဲ့ တောင်းဆိုမှုအရ ဗိုလ်ချုပ်မူတူးနဲ့ အဖွဲ့ကို ပြန်လည်လက်ခံခဲ့ပါတယ်၊ ဒါပေမည့် နောက်ဆုံးကျင်းပတဲ့ ကေအန်ယူညီလာခံမှာ ဗိုလ်ချုပ်မူတူးအုပ်စုက အသာစီးရပြီး ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်မူတူးက ရရှိသွားပြီး ဖဒိုဒေးဗစ်တာကဘော ကတော့ ဗဟိုကော်မီတီဝင် အဆင့်အထိ ထိုးကျသွားပါတယ်၊ တစ်ဘက်မှာတော့ သူက ဖက်ဒရယ်ကောင်စီရဲ့ ဒု-ဥက္ကဋ္ဌ (၂) တာဝန်ကို ဆက်ယူထားဆဲပါ၊ မြန်မာစစ်ခေါင်းဆောင်များရဲ့ အထူးအရေးပေးခြင်းခံရတဲ့ ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်မူတူးက သူမပါဝင်ပဲ ချမှတ်တဲ့ ဖဒရယ်ကောင်စီရဲ့ မူဝါဒအချို့ကို လက်မခံနိုင်တော့ ဖက်ဒရယ်ကောင်စီမှာ ကေအန်ယူရဲ့ ကိုယ်စားပြုမှုဟာ မခိုင်မာတော့ပါ၊

ဖက်ဒရယ်ကောင်စီနှင့် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ (ပထမ) တိုင်းရင်းသားညီလာခံကနေ ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက်ကို ချမှတ်ခဲ့တဲ့အပြင် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ (Framework for Political Dialogue) ကို ပြင်ဆင်ရေးဆွဲဖို့အတွက် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (Working Group for Ethnic Cooperation/WGEC ) ကို ဖွဲ့စည်းခဲ့ကြပါတယ်၊ 

အဲဒီ အလုပ်ကော်မီတီမှာ ဖက်ဒရယ်ကောင်စီတစ်ခုလုံးကလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ပြည်ပရောက် တိုင်းရင်းသားပညာရှင်များ စုပေါင်းပါဝင်ကြပါတယ်၊ ဒီအလုပ်ကော်မီတီကနေ တိုင်းရင်းသားများရဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များဖြစ်တဲ့ “ကျယ်ပြန့်သော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Comprehensive Union Peace and Ceasefire Agreement)” ကို ၂၀၁၃ ခုနှစ် မတ်လမှာ ရေးဆွဲပြီးခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ သဘောထားကွဲလွဲမှုတွေ စတင်ဖြစ်လာပါတော့တယ်၊ 

အလုပ်ကော်မီတီ (WGEC) မှာပါဝင်တဲ့ လက်နက်ကိုင်မဟုတ်တဲ့ အဖွဲ့အစည်းများက ဖက်ဒရယ်ကောင်စီကို အစိုးရကို ဒီ နိုင်ငံရေးမူဘောင်များ တင်ပြပြီး ညှိနှိုင်းဖို့အတွက် သူတို့ (တိုင်းရင်းသားလူထုအဖွဲ့အစည်းများနဲ့ ပညာရှင်များ) ပါ ပါဝင်တဲ့ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ (Negotiation Team) ကို ဖွဲ့စည်းဖို့ တောင်းဆိုကြပါတယ်၊

ဖက်ဒရယ်ကောင်စီက လက်မခံပါ၊ ဖက်ဒရယ်ကောင်စီမှာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ကို ကိုယ်စားပြုပြီး နိုင်ဟံသာ ခေါင်းဆောင်တဲ့ “နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့” ဖွဲ့စည်းတာဝန်ပေးပြီးဖြစ်တာကြောင့် နောက်ထပ်ညှိနှိုင်းရေးအဖွဲ့တစ်ခု ထပ်ဖွဲ့ဖို့ မလိုဘူးလို့ အကြောင်းပြန်ပါတယ်၊ ဒါ့အပြင် ဖက်ဒရယ်ကောင်စီက (ပထမ) တိုင်းရင်းသားညီလာခံက ဖွဲ့စည်းပေးခဲ့တဲ့ အလုပ်ကော်မီတီ ရဲ့တာဝန်ဟာ နိုင်ငံရေးမူဘောင်များ ရေးဆွဲရန်သာ ဖြစ်လို့ ဒီမူဘောင်များရေးဆွဲပြီးပြီမို့ အလုပ်ကော်မီတီ ဆက်လက်တည်ရှိနေဖို့ မလိုတော့ပဲ ဖျက်သိမ်းရမယ်လို့ ဆိုပါတယ်၊ 

အလုပ်ကော်မီတီကလည်း သူတို့ဟာ (ပထမ) တိုင်းရင်းသားညီလာခံက ဖွဲ့စည်းတာဝန်ပေးတာမို့ (ဒုတိယ) ညီလာခံမှာ သူတို့ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်တွေကို တင်ပြပြီး ညီလာခံကိုသာ ဒီအလုပ်ကော်မီတီ ဆက်လက်ရှိသင့်၊ မရှိသင့် ဆုံးဖြတ်စေမယ်လို့ တုန့်ပြန်ပါတယ်၊ ဖက်ဒရယ်ကောင်စီက လက်မခံပဲ သူတို့ကိုယ်တိုင်ပါဝင်တဲ့ ဒီအလုပ်ကော်မီတီကနေ ဖက်ဒရယ်ကောင်စီတစ်ဖွဲ့လုံး နှုတ်ထွက်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လမှာ ကြေညာလိုက်ပါတယ်၊ ပြီးတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ကနေ ၃၁ အထိ (ဒုတိယ) တိုင်းရင်းသားညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြီးမှူးပြီး တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) မပါဝင်ပဲ ကျင်းပခဲ့ပါတယ်၊

အဲဒီနောက်မှာ ဒီအုပ်စုနှစ်ခုရဲ့ သဘောထားကွဲလွဲမှုက ပိုပြီးကြီးမားလာပါတော့တယ်၊ ၂၀၁၃ခုနှစ် ဩဂုတ်လမှာ တိုင်းရင်းသားအလုပ်ကော်မီတီ (WGEC) ကိုအဓိကအထောက်အကူပြုနေတဲ့ ဥရောပ-မြန်မာဋ္ဌာန (Euro-Burma Office/EBO) က  ဖြန့်ချိတဲ့ “ဖက်ဒရယ်ကောင်စီ (UNFC) ၏မူဝါဒများကို ဆန်းစစ်လေ့လာခြင်း” (Analysis of The UNFC Position) ဆိုတဲ့ စာမျက်နှာ လေးမျက်နှာပါစာတမ်းမှာ “ဖက်ဒရယ်ကောင်စီဟာ နိုင်ငံရေးအရဖြစ်နိုင်ခြေရှိတဲ့ အခြားနည်းလမ်းတွေကို ရှာဖွေပြင်ဆင်ကမ်းလှမ်းခြင်းမရှိပဲ အစိုးရရဲ့ ဆွေးနွေးပွဲဆိုင်ရာ ကမ်းလှမ်းချက်တွေကို ညင်းပယ်နေတယ်”လို့ စွပ်စွဲဝေဘန်ပါတယ်၊ “ဖက်ဒရယ်ကောင်စီဟာ ပြည်တွင်းစစ်ကို ပြန်လည်တောက်လောင်စေတဲ့ အင်မတန်အန္တရာယ်ကြီးတဲ့ ကစားပွဲကို ကစားနေတယ်”လို့လည်း ဝေဘန်ပါတယ်၊ အဲဒီစာတမ်းမှာပဲ “ဖက်ဒရယ်ကောင်စီထဲက ကေအန်ယူ ကိုယ်စားလှယ်တွေဟာ အမှန်တကယ် ကေအန်ယူကို ကိုယ်စားပြုခွင့်မရှိနိုင်ဘူး”လို့လဲ ထောက်ပြပါတယ်၊

ဖက်ဒရယ်ကောင်စီက ဩဂုတ်လ ၁၅ ရက်နေ့မှာ စာမျက်နှာ လေးမျက်နှာရှိတဲ့ စာတမ်းတစ်စောင်ထုတ်ပြန်ပြီး “ဥရောပ-မြန်မာဋ္ဌာန (EBO) ဟာ တိုင်းရင်းသားအလုပ်ကော်မီတီကတဆင့် ငွေကြေးအင်အားသုံးပြီး၊ တိုင်းရင်းသားများအကြားမှာ အစိုးရနဲ့ ပြေလည်အောင်ဆက်ဆံရေးနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရေး အတွေးအခေါ်များကို ဖြန့်ချိစည်းရုံးပြီး တိုင်းရင်းသားလူမျိုးစုများရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို အပိုင်စီးဖို့ ကြိုးစားနေတယ်”လို့ ပြန်လှန်စွပ်စွဲလိုက်ပါတယ်၊
ဒီလိုနဲ့ တစ်ဖွဲ့တစ်စည်းထဲဖြစ်ခဲ့ရာကနေ ဖက်ဒရယ်ကောင်စီနဲ့ အလုပ်ကော်မီတီတို့ဟာ သီးခြားအင်အားစုများ ဖြစ်လာကြပြီး အစိုးရနဲ့ သီးခြားစီဆွေးနွေးနေကြပါပြီ၊ မူလက နိုင်ငံရေးမူဘောင်များရေးဆွဲဖို့သာ တာဝန်ရှိခဲ့တဲ့ တိုင်းရင်းသားအလုပ်ကော်မီတီဟာ အခုတော့ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ကေအန်ယူနဲ့ ဖက်ဒရယ်ကောင်စီဝင်မဟုတ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS) တို့က ထောက်ခံတဲ့ နောက်ထပ် တိုင်းရင်းသားတပ်ပေါင်းစုတစ်ခုဖြစ်လာပါပြီ၊

ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
စက်တင်ဘာ ၁၈၊ ၂၀၁၃

No comments:

Post a Comment