December 05, 2013

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်မှ Digital Media မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်း

ကျွန်တော်ကတော့ မြန်မာလိုပဲ ပြောပါမယ်။ ကျေးဇူးတင် စကားဆိုတော့ အခုကြွရောက် ချီးမြင့်တဲ့ ပရိတ်သတ် အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ EMG စတင်တည်ထောင်စဉ် ကတည်က အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေ၊ ကြော်ငြာရှင်တွေ၊ အားပေးတဲ့ သတင်း source တွေ၊ ကျွန်တော်တို့နဲ့အတူ ကောင်းတူဆိုးဘက် ရပ်တည်ခဲ့တဲ့ ၀န်ထမ်းတွေ၊ ကျွန်တော့်တို့ အပေါ်မှာ အမြဲတမ်း အားပေးခဲ့ကြတဲ့ မိတ်ဆွေအားလုံးကို ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ကျေးဇူးတင်စကား ပြောချင်ပါတယ်။ တကယ်တော့ ခုနရှင်းပြခဲ့တဲ့ ဒီဂျစ်တယ်မိဒီယာ ဆိုတာဟာ ကျွန်တော်တို့ Generation ပေါ့။ အခု ကျွန်တော် အသက် ၅၀ ရှိပြီ။ လိုက်မမီပါဘူး။ အခု Generation က Third Generation ပေါ့။ Third Generation ကို လိုက်မီဖို့ ကျွန်တော် ဒီဒစ်ဂျစ်တယ် မီဒီယာကို မိတ်ဆက်ရတာပါ။ အဓိကကတော့ ကျွန်တော် ယုံကြည်တဲ့ဟာကတော့ သတင်းမီဒီယာကတော့ သတင်းစာရဲ့ သြဇာတိကမနဲ့ သတင်းစာရဲ့ ပျံ့နှံ့ထိုးဖောက်ပုံ သတင်းစာရဲ့ အရေးပါတဲ့ သြဇာတိက္ကမကိုပဲ ယုံကြည်ပြီးတော့ ကျွန်တော်တို့ လုပ်ခဲ့တာပါ။

တကယ်တော့ ရိုးရိုးသားသားနဲ့ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော့် ခေါင်းထဲမှာ လုပ်ငန်းတိုးချဲ့ဖို့တွေ၊ ဒစ်ဂျစ်တယ်မီဒီယာ အကြောင်းတွေ၊ နောက်ထပ် ကျွန်တော့် မီဒီယာဘယ်လို တိုးချဲ့ရမယ်ဆိုတဲ့ အကြောင်းတွေ ကျွန်တော့်ခေါင်းထဲမှာ လုံးဝမရှိပါဘူး။ ကျွန်တော့်ခေါင်းထဲမှာ အမြဲတမ်း ရှိနေတာကတော့ ကျွန်တော်တို့ တိုင်းပြည် ဘယ်လိုရှေ့ခရီး ဆက်ကြမလဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ ဆင်းရဲတွင်းနက်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ အဆင်းရဲဆုံး ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့တိုင်းပြည် အခြေအနေဟာ ဘယ်လိုရှေ့ဆက် သွားမလဲဆိုတာ ဘယ်လိုသွားမလဲ ဒါတွေပဲ ကျွန်တော့်ခေါင်းထဲမှာ ရှိပါတယ်။

နှစ်ပေါင်း ၅၀ ကျော် ၆၀ စစ်အုပ်ချုပ်ရေး ဒါမှမဟုတ် စစ်အုပ်ချုပ်ရေးတစ်ပိုင်း နိုင်ငံအောက်မှာ နေပြီးတဲ့နောက်မှာ အရှေ့တောင်အာရှ အချမ်းသာဆုံး နိုင်ငံကနေ အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ကျွန်တော်တို့နိုင်ငံ ရောက်ရှိနေပါပြီ။ ဒီမိုကရေစီ ကူးပြောင်းခဲ့တယ် ဆိုပေမယ့် ဒီမိုကရေစီ ကူးပြောင်းတဲ့ သုံးနှစ်အတွင်းမှာ လူထုဟာ ပိုဆင်းရဲသွားတယ်။ တိုင်းပြည်ဟာ ပိုဆင်းရဲသွားတယ်။ လူတွေရဲ့ မျှော်လင့်ချက်တွေဟာ ပိုပိုပြီးတော့ ဝေးကွာသွားတယ်။ ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့နေရတဲ့ နိုင်ငံတစ်နိုင်ငံမျိုးမှာ ကျွန်တော့်အနေနဲ့ ကျွန်တော့် လုပ်ငန်းကို တိုးတက်ဖို့၊ ကြီးပွားဖို့၊ အောင်မြင်ဖို့ တစ်ခုတည်း ကိုယ်လွတ်ရုံး ကျွန်တော် စဉ်းစားနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်သဘောက် ရောက်နေရတဲ့ နိုင်ငံအနှံ့အပြားမှာ ရောက်နေကြတဲ့၊ ဆင်းဆင်းရဲရဲ လုပ်ကိုင်နေကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က နိုင်ငံသူ နိုင်ငံသားတွေ၊ နိုင်ငံအနှံ့ အပြားမှာ အိမ်ဖော်အများဆုံး တင်ပို့တဲ့နိုင်ငံ၊ ပြည့်တန်ဆာ အများဆုံး တင်ပို့တဲ့နိုင်ငံ၊ တရုတ်နိုင်ငံကို အပျော်မယားတွေ တင်ပို့တဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာမဲ့နေတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်နိုင်ငံမှာ ပျော်ရွှင်ဖွယ် နိုင်ငံတစ်ခုအဖြစ် ကျွန်တော်တို့ ဘ၀ကို ဘယ်လိုမှ ယူဆနိုင်စရာ အကြောင်းမရှိပါဘူး။

ခုနပြောတဲ့ ဒစ်ဂျစ်တယ် device၊ ကျွန်တော်တို့ နိုင်ငံမှာ နှစ်ပေါင်း ၆၀ ခံစားခဲ့ရတဲ့ political device၊ economic device၊ ဆင်းရဲချမ်းသာ အရမ်းကွာဟတဲ့ social device၊ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ၊ အာဃာတတွေ အများအပြား ရှိနေတဲ့နိုင်ငံ တစ်နိုင်ငံနေမှာ ကျွန်တော်တို့ အနာဂတ်ကို ဘယ်လိုရှင်သန် ကြမလဲဆိုတာ ကျွန်တော်တို့အမြဲ စဉ်းစားနေကြရတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

အခုဆိုရင် အမျိုးဘာသာ၊ သာသနာ ကာကွယ်မယ် ဆိုပြီးတော့ မလိုအပ်တဲ့ ၀ါဒဖြန့်ချိရေးတွေ လုပ်နေတာ။ တကယ်တော့ ကျွန်တော်ဟာ အမျိုးသားရေးကို အားပေးတဲ့သူပါ။ ဒါပေမယ့် ဒီလောက် ဆင်းရဲတဲ့နိုင်ငံ၊ ဒီလောက်စုတ်ပြတ်တဲ့ နိုင်ငံ၊ ဒီလောက် အောက်တန်း နောက်တန်း ကျနေတဲ့နိုင်ငံ တစ်နိုင်ငံမှာ ဘယ်လိုလုပ်ပြီး ကိုယ့်အမျိုးကို ကာကွယ်မှာလဲ။ ဘယ်လိုလုပ်ပြီး ကိုယ့်ဘာသာကို ကာကွယ်မှာလဲ။ ဘယ်လိုလုပ်ပြီး ကိုယ့်သာသနာကို ကာကွယ်မှာလဲ။ မလိုအပ်ဘဲနဲ့ အလွန်အကျွံ ၀ါဒဖြန့်ချိရေးရဲ့ အကျိုးဆက်ကို ပိုပြီးတော့ အခြေအနေဆိုးတဲ့ ဘ၀ကို ကျွန်တော်တို့နိုင်ငံ ရောက်ရှိနေတယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။

၂၀၁၁ ခုနှစ် ၁၁ နှစ်မြောက်မှာ ကျွန်တော် တိုင်းပြည်ကို တံခါးဖွင့်ပေးဖို့၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လိုအပ်တာတွေ လုပ်ဆောင်ဖို့၊ အင်အားကြီး တရုတ်နိုင်ငံရဲ့ အန္တရာယ်ကို သတိပြုဖို့၊ နိုင်ငံတကာကို ၀င်ရောက်ဖို့ ကျွန်တော်တိုက်တွန်း ခဲ့ပါတယ်။ ဒါ့အပြင် မြစ်ဆုံစီမံကိန်းမှာလည်း မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရုံတင် မဟုတ်ဘဲ မြန်မာနိုင်ငံကို တိုင်းရင်းသား စည်းလုံးညီညွတ်စွာ နေနိုင်တဲ့ ပြည်ထောင်စုစစ်စစ်တစ်ခု တည်ထောင်ဖို့၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အလျင်မြန်စွာ ၀င်ရောက်ဖို့၊ နောက်တစ်ခြောက်လုံးမှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန်လွှတ်ပြီး National Reconciliation ကို အလျင်အမြန် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီနောက်မှာ ကျွန်တော်တို့ နိုင်ငံဟာ အပြောင်းအလဲတွေနဲ့ နိုင်ငံတကာမှာ တင့်တယ်တဲ့ နိုင်ငံတစ်ခုအဖြစ် မျှော်လင့်ချက် ရှိလာတယ်။ စစ်ဗိုလ်ချုပ်တွေ အားလုံးထဲမှာ အရိုးသားဆုံးနဲ့ အကင်းရှင်းဆုံးဖြစ်တဲ့ ဦးသိန်းစိန် သမ္မတ ဖြစ်လာတဲ့ အခါမှာ ကျွန်တော်တို့အနေနဲ့ အများကြီး မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။ နောက် ဦးသိန်းစိန်နဲ့ နိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ နိုင်ငံဟာ ရှေ့ကိုလျင်လျင်မြန်မြန် ရောက်လာလိမ့်မယ်လို့ အများကြီး မျှော်လင့်ခဲ့ပါတယ်။ နိုင်ငံတကာ လေးစားယုံကြည်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် အများကြီး ယုံကြည်ယူဆ မျှော်လင့်မိပါတယ်။

ဒါပေမယ့် နောက်ထပ် တစ်နှစ်ကျော် နှစ်နှစ်အကြာမှာ ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေ တစ်စစီ၊ တစ်စစီ ပြိုကွဲလာပါတယ်။ ဒီအခြေအနေတွေ ဘာလို့ဖြစ်ပေါ်ခဲ့ရသလဲ။ ဒီအခြေအနေတွေ ဘယ်အချက်အတွေက ဖြစ်ပေါ်ခဲ့ရတာလဲဆို ကျွန်တော်တို့ ဆန်းစစ်ကြည့်တော့ ဒီဆန်းစစ်ချက်တွေနဲ့အတူ ကျွန်တော်တို့နိုင်ငံ ရှေ့ဆက်သွားဖို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ကြဖို့ အချိန်ရောက်ရှိလာပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒီအခြေအနေတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အကြေင်းအရင်းကတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီဟာ ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရရှိပြီး နောက်မှာ ဖြစ်ပေါ်ခဲ့ရပါတယ်။ နောက်ကွယ်က အကြောင်းရင်းကိုတော့ လူတွေအားလုံး သိကြပြီးဖြစ်မှာပါ။ လူအသက်ပေါင်းများစွာ သေကြခဲ့တဲ့ ရခိုင်အရေးအခင်း၊ ဗမာလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာကို အရှက်ရစေခဲ့တဲ့ မိတ္တီလာ အရေးအခင်း၊ လက်ပံတေင်းတောင် အရေးအခင်း၊ ဒီလိုပဋိပက္ဓတွေပေါင်း များစွာမှာ ကျွန်တော်တို့ တိုင်းပြည်ဟာ ဆင်းရဲတွင်း ပိုနက်လာတယ်။ လက်တစ်စုပ်စာ လူတစ်စု ဘ၀ကနေ လက်တစ်ဖက်စာ လူတစ်စု ကြီးပွားရေး ဖြစ်လာတဲ့အခါ တိုင်းပြည်မှာ ဆင်းရဲသားတွေ ဆင်းရဲတွင်း ပိုနက်လာတယ်။ မျှော်လင့်ချက်တွေ ပိုကင်းမဲ့လာတယ်။ လူငယ်ထုဘ၀ဟာ ပိုပိုပြီးတော့ ဆိုးဝါးလာတယ်။ ဒါတွေလုံးဝ ငြင်းစရာမရှိတဲ့ အချက်ပဲဖြစ်ပါတယ်။ အပြောင်းအလဲတွေလုပ်တယ်၊ အပြောင်းအလဲတွေလုပ်တယ် ဘယ်မှာအောင်မြင်သလဲ။ မအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။ အဓိကကတော့ အမှန်တကယ် ဆိုရင်တော့ ခေါင်းဆောင်မှာပဲ တာဝန်ရှိပါတယ်။ အာဏာကို ဆက်လက်ချုပ်ကိုင်နေတဲ့သူတွေ၊ အာဏာရှိတဲ့ သူတွေနဲ့ မိမိတို့ရဲ့ အကျိုးစီးပွားအတွက် ကြားကနေ ပွဲစားလုပ်ချင်တဲ့ တတိယ အုပ်စုတွေဟာ ဒီကိစ္စမှာ အဓိက တာဝန်ရှိတဲ့သူတွေ ဖြစ်ပါတယ်။ mismanagement၊ Corruption ဆိုတာ တကယ်ကျတော့ တကယ်ကို တိုင်းပြည်ကို ဖျက်စီးခဲ့တဲ့ အဓိက အကြောင်းအရာတွေ ဖြစ်ပါတယ်။ mismanagement၊ Corruption ရှိမယ်ဆိုရင် ဒီလူဟာ အာဏာကို လွယ်လွယ်နဲ့ စွန့်လွှတ်ရိုး မရှိပါဘူး။ အာဏာရှင်ဟောင်းတွေက အာဏာကို စွန့်လွှတ်ဖို့ Exit Strategy ကို ရေးဆွဲပြီးတော့ အခြေအနေ မျိုးမှာတောင် အာဏာရှင် အသစ်တွေ အခွင့်အရေးကို လက်မလွှတ်နိုင်တဲ့သူတွေ၊ လာဘ်စားတဲ့သူတွေ၊ ကိုယ့်တစ်ဘို့ထဲ ကြည့်တဲ့သူတွေဟာ အာဏာရဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းမှုရဲ့နောက်မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ တစ်စဆီ ရိုက်ချိုးခံခဲ့ရပါတယ်။

ဥပမာပြရရင် ငြိမ်းချမ်းရေးအတွက် ကားပါမစ်ကိစ္စ၊ ကားပါမစ်က အစီး ၁၀၀၀၊ တကယ်ကျတော့ တိုင်ပြည်မှာ နစ်နာသွားတာ ဘီလျံ ၂၀၀ လောက်ရှိတယ်။ ကားအစီး ၃၀၀၀ ဆို ဘီလီလံ ၆၀၀ နစ်နာတယ်။ ဒါဟာအခွန် နစ်နာသွားတဲ့ ပမာဏ၊ မနှစ်က အခွန်ဘီလျံ ၁၀၀၀ ရရှိတယ်။ အဲဒါဟာ အားလုံးဟာ ကားတင်သွင်းမှုကနေ ရရှိတဲ့အခွန် တိုးတက်မှုတွေ ဖြစ်တယ်။ လက်ရှိရှိနေတဲ့ အခွန်ငွေထဲကနေ တိုးကောက်တဲ့ အခွန်ငွေတွေ မဟုတ်ဘူး။ အဲတော့ ဒီလိုအခြေအနေမျိုးမှာ ဒီကားပါမစ်တွေ ဘယ်လိုနည်းတွေနဲ့ ဘယ်လို mismanagement၊ တွေ၊ ဘယ်လို Corruption မျိုးတွေနဲ့ သွားလဲ။ ဘီလျံ ၆၀၀ တိတိ နစ်နာသွားတဲ့ အခါမှာ ငြိမ်းချမ်းရေးအတွက် လွှတ်တော်က အသုံးပြုတဲ့ငွေဟာ ၁၀ ဘီလျံပဲ ရှိတယ်။ ဒါ့အပြင် ဗမာတစ်နိုင်ငံ လုံးမှာရှိတဲ့ ပညာရေး အသုံးစရိတ်က ဘီလျံ ၉၀၀ ပဲရှိတယ်။ ကျန်းမာရေး အသုံးစရိတ်က ဘီလျံ ၅၀၀ ပဲရှိတယ်။ နောက်ဆုံး ပြောပြရရင် Regular Army အင်အား ငါးသိန်းရှိတဲ့ တပ်မတော်၊ အလွန်အကျွံ သုံးစွဲပါတယ်ဆိုတဲ့ တပ်မတော်ရဲ့ သုံးပုံတစ်ပုံ သို့မဟုတ် တစ်ဝက်တိတိ၊ ၂၅ ရာခိုင်နှုန်း နီးပါးကို ဘယ်လိုနည်းတွေနဲ့ ဘယ်သူ့အမိန့်နဲ့ ဘယ်လိုတွေ သုံးစွဲခဲ့ကြသလဲ။ ဒါ mismanagement နဲ့ Corruption ပဲ။ ဒီလို mismanagement နဲ့ Corruption တွေကြောင့် တိုင်းပြည်ဟာ အစစ အရာရာ ချွတ်ခြုံကျပြီးတော့ ခုနပြောတဲ့ ၁၈၅ ဘီလျံ အရှုံးမခံနိုင်တဲ့ လျှပ်စစ်ကိစ္စတွေ၊ ဒီလိုဟာမျိုးတွေ နည်းမျိုးစုံနဲ့ ဖြစ်လာတာ နောက်ဆုံးအချိန်မှာ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်စေလာပါတယ်။ အမေရိကန်လို နိုင်ငံမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်ဒီမိုကရေစီ နိုင်ငံမှာပဲဖြစ်ဖြစ် ဒီလိုပညာရေး ရန်ပုံငွေ၊ ကျန်းမာရေး ရန်ပုံငွေထက် ပိုပြီးတော့ လက်လွတ်စပယ် သုံးစွဲတယ်ဆိုတဲ့ အစိုးရမျိုးဟာ အင်မတန် အပြစ်ကြီးပါတယ်။

ဒီလို mismanagement တွေ၊ Corruption တွေရဲ့ နောက်ကွယ်မှာ နောက်ဆုံးအာဏာကို လက်မလွတ်နိုင်တဲ့ ဖြစ်ရပ်မျိုးတွေ၊ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဖြစ်ပြီး အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ Political Crisis ဖြစ်တဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတားတွေ ဖြစ်ခဲ့တယ်။ ဒီအဟန့်အတားတွေရဲ့ နောက်ကွယ်မှာ နိုင်ငံတကာ မယုံကြည်မှုတွေ၊ ပြည်သူလူထုရဲ့ မယုံကြည်မှုတွေ၊ ပြည်သူကြားမှာ ခံစားမှုတွေ၊ မရေရာမှုတွေ။ ကျွန်တော်တို့ Journalist တစ်ယောက်ဆိုတာ ကိုယ့်ဘ၀ကိုယ် မရေရာပါဘူး။ ကျွန်တော်တို့ နောက်တစ်နေ့မှာ ၊ ၂၀၁၅ ခုနှစ်မှာ ဘာတွေဖြစ်သွားမလဲ။ ၁၉၉၀ ခုနှစ်ကလို စစ်အုပ်ချုပ်ရေး အောက်မှာပဲ ရွေးကောက်ပွဲ ကျင်းပရမလား။ စစ်အုပ်ချုပ်ရေး အောက်မှာဆို ဂျာနယ်လစ်တွေကော၊ တက်ကြွလှုပ်ရှား သူတွေကော ဘယ်ထဲကို သွားရမှာလဲ။ ဘယ်ထဲနေရမှာလဲ။ ကျွန်တော့်ဘ၀ကရော ဘယ်ထဲရောက်မှာလဲ။ ကျွန်တော်တို့မှာလည်း အမြဲတမ်း တွေးဆစရာတွေ အများကြီး ရှိပါတယ်။

ဒီအခြေအနေ မျိုးတွေကို ဖန်တီးဖို့အတွက် ကျွန်တော်တို့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းဖို့လိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာ အခက်အခဲတွေကို ညှိညှိနှိုင်းနှိုင်း တိုင်ပင်ဖြေရှင်းဖို့ လိုပါတယ်။ တိုင်းပြည်ကို နောက်ပြန်မသွားရအောင် တစ်ယောက်နဲ့ တစ်ယောက်ဖြစ်ဖြစ် ဖြေရှင်းဖို့ လိုပါတယ်။ အထူးသဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ညှိနှိုင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဟိုတလောက သမ္မတရဲ့ ပြောရေးဆိုခွင့် ဦးရဲထွဋ်က ပြောတယ်။ သူဆိုလိုတဲ့ အဓိပ္ပာယ်က သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်လာတယ်လို့ ဆိုပါတယ်။ အဲဒါ လုံးဝလွဲပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးနဲ့အတူ စတင်ပေါက်ဖွားလာတဲ့၊ အနစ်နာခံခဲ့ရတဲ့ ပြည်သူတွေ၊ တိုင်းပြည်အတွက် နှစ်ပေါင်း အစိတ်ကျော်ကြာ အနစ်နာခံခဲ့ရတဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အားလုံးဟာ NLD ပါတီပေါ်မှာ ၁၉၉၀ ခုနှစ်က ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးအရးဆိုရင် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်သလို နိုင်ငံရေးအရဆိုရင် ဒါဟာ Mandate ပေးခဲ့တာ။ NLD ပါတီကို လူထုကိုယ်စား ၁၉၉၀ ခုနှစ်မှာ ကျွန်တော်တို့ Mandate ပေးလိုက်တာပါ။ ၂၀၁၂ ခုနှစ်မှာ ဒီ Mandate က သေချာတယ် ဆိုတာကို ပြည်သူက ထပ်ပြခဲ့ပါတယ်။ ဒါ ကြောင့် NLD ပါတီဟာ လွှတ်တော်ထဲကို ၀င်ရောက်တာဟာ လူထုရဲ့ Mandate အရ ၀င်ရောက်သွားပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆွဲဆုတ်တယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဖြဲဆုတ်ပြီးတော့ မျက်နှာအောက်ကျို့ပြီး နိုင်ငံတကာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို သာမန်အမတ်တစ်ဦး အနေနဲ့ ၀င်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် NLD ကို ကျွန်တော်တို့လည်း အပြင်းအထန် တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒူးထောက်ပြီးတော့ ၀င်ရောက်စေတာ မဟုတ်ပါဘူး။ ပြည်သူလူထု အကျိုးအတွက် NLD ပါတီကို လွှတ်တော်ထဲကို ၀င်ရောက်စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ NLD ပါတီဟာ အခုထက်ထိ လူထုကို ကိုယ်စားပြုတဲ့ Mandate ရထားတဲ့ အားလုံး Invest လုပ်ထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်မို့ တစ်ဖက်မှာရှိနေတဲ့ ဒီစစ်အုပ်ချုပ်ရေးကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့သူတွေနဲ့ ဘာပဲဖြစ်ဖြစ် လူထုကိုယ်စားပြုတဲ့ သူတွေနဲ့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးစနစ်ကို ၂၀၁၅ ခုနှစ်မှာ ငြင်သာစွာ ကူးပြောင်းနိုင်ဖို့အတွက်က အရပ်သား အစိုးရတစ်ရပ်ကို ချောချောမွေ့မွေ့ ပေါ်ပေါက်ဖို့ အရေးကြီးပါတယ်။ အရပ်သား အစိုးရတစ်ရပ်ကို ချောချောမွေ့မွေ့ ပေါ်ပေါက်ဖို့အတွက်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ လိုပါတယ်။ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် ပြည်သူလူထုက သူတို့တင်ချင်တဲ့ ခေါင်းဆောင်ကို တင်ပိုင်တဲ့ အခွင့်အရေးရှိမှ ဖြစ်ပါတယ်။ ဒါဟာ ၅၉(စ) ပြင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေး မဟုတ်ပါဘူး။ NLD ပါတီရဲ့ အခွင့်အရေး မဟုတ်ပါဘူး။ ဒါဟာလူထုရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖက်ဒရယ် ပြည်ထောင်စုအရေးဟာ အရေးကြီးပါတယ်။ တိုင်းရင်းသားတွေအတွက်။ ဒီအတိုင်းပါပဲ။ ၅၉(စ) ပြင်ရေးဟာ တစ်တိုင်းပြည်လုံးမှာရှိတဲ့ NLD ပါတီကို Mandate ပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူတွေအားလုံးအတွက် အရေးကြီးပါတယ်။

တကယ်ကျတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ အကြောက်တရားအောက်မှာ၊ မာရှလောအောက်မှာ ငြိမ်ဝပ်ပိပြားရေးဆိုတဲ့ စစ်အုပ်ချုပ်ရေး အောက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုက တစ်ခဲနက် မဲပေးခဲ့တာ ဖြစ်ပါတယ်။ NLD ဟာ ၈၂ ရာခိုင်နှုန်း အနိုင်ရတယ်ဆိုပေမဲ့ တကယ်တော့ NLD ရဲ့ မဟာမိတ်ပါတီတွေနဲ့ ပေါင်းရင် NLD က ၉၆ ရာခိုင်နှုန်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒီပမာဏ အနိုင်ရရှိခဲ့တာ ဖြစ်တဲ့အတွက် ဒါဟာလူထုရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒီလိုပြောနေတာဟာ ကျွန်တော့်အနေနဲ့ ဘယ်အစွဲနဲ့မှ ပြောတာမဟုတ်ပါဘူး။ ကျွန်တော် မှန်ရင် မှန်တဲ့ဘက်က။ ကျွန်တော့်မှာ ဘက်မရှိဘူး။ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ပဲ ပြောပြော၊ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတစ်ယောက်အနေနဲ့ပဲ ပြောပြော၊ တာဝန်ရှိတဲ့သူ တစ်ယောက်အနေနဲ့ပဲ ပြောပြော ကျွန်တော့်မှာ ဘက်မရှိပါဘူး။ ကျွန်တော်မှန်တဲ့ဘက်မှာ၊ လူတွေရဲ့ တန်ဖိုးအပေါ်မှာပဲ မူတည်ပြီးတော့ ဒီစကားတွေ ပြောရခြင်း ဖြစ်ပါတယ်။

ဒီအခြေအနေမျိုးမှာ တိုင်းပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ အခြေအနေမျိုးမှာ အရေးကြီးတဲ့ ကာလရောက်ရှိပြီ ဖြစ်တဲ့အတွက် မဖြစ်မနေ ဝေ့၀ိုက်မနေဘဲနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့။ ဒီကိစ္စဟာ ငြိမ်းချမ်းရေးအတွက်လည်း အရေးကြီးတယ်။ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့က ဖြေးဖြေးချင်း ဆွေးနွေးရမယ်။ ဒီကိစ္စဟာ အခုချက်ချင်း ဆွေးနွေးရမယ့် ပြဿနာဖြစ်ပါတယ်။ လူထုခေါင်းဆောင်နဲ့၊ တပ်မတော် ခေါင်းဆောင်ဟောင်းတွေ၊ တပ်မတော် ခေါင်းဆောင်တွေကြားမှာ ညီညွတ်ရေးဟာ တိုင်းပြည်အတွက် မဖြစ်မနေ အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးကြားမှာ အာဃာတတွေ မရှိရေး၊ တိုင်းပြည်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားရေးဟာ အင်မတန် အရေးကြီးပါတယ်။

ဒီလို တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတနဲ့ သော်လည်းကောင်း၊ လွှတ်တော်နာယကနဲ့ သော်လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သော်လည်းကောင်း ဒါမှမဟုတ်ရင် နောက်ဆုံး ဒီသုံးယောက်အပေါ်မှာ သြဇာတိက္ကမရှိသေးတယ်လို့ အများသူငါ ယူဆနိုင်တဲ့ တိုင်းပြည်ကို စေတနာကောင်းကောင်းနဲ့ ပြောင်းလဲချင်ရင် ဦးသန်းရွှေပါ တွေ့ဆုံဆွေးနွေးရမယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် မဖြစ်မနေ လိုအပ်တဲ့အရာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အေးအေးချမ်းချမ်း၊ ညီညီညွတ်ညွတ်၊ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်အာဃာတမှ မရှိဘဲနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ အချိန်ရောက်ပြီဆိုတာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

No comments:

Post a Comment