April 04, 2017

ဖားကန့်စခန်းမှာ တာဝန်ကျလျှင် အချိန်တိုအတွင်း သိန်းသောင်းချီချမ်းသာမည် . သို့သော် . . .- ကိုကိုနိုင်(ပဲခူးအနောက်) NewWatch Journal


ဖားကန့်စခန်းမှာ တာဝန်ကျလျှင် အချိန်တိုအတွင်း သိန်းသောင်းချီချမ်းသာမည် . . သို့သော် . . .
------ ------ ------ ------ ------
ကျွန်တော်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှာ (၈)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူမို့ သူငယ်ချင်းမိတ်ဆွေများက လော်ပန်(သူဌေး)လို့ ခေါ်သူခေါ် ကချင်ပြည်နယ်က ဖားကန့်အကြောင်း၊ မြစ်ဆုံအကြောင်း မေးသူမေးနဲ့ ရှိနေစဉ်မှာပဲ News Watch ဂျာနယ် အတွဲ (၁၁) အမှတ်(၁၈)က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် စခန်းမှူးပြောင်းရွှေ့ကြေးသိန်း ၂၀၀ ဆောင်းပါးကို ဖတ်ရှုပြီးနောက် သည်ဆောင်းပါးကို ရေးလိုက်ရတာပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တဦးအနေနဲ့ ကချင်ပြည်နယ်၊ ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့တာဝန်ကျပြီဆိုတာနဲ့ မိမိမှာ အနည်းဆုံး ငွေကျပ်သိန်း (၅၀)လောက်မှမရှိရင် ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးနဲ့ ပူတာအိုခရိုင်အတွင်းက မြို့နယ်ရုံး ရဲစခန်းတွေမှာပဲ တာဝန်ကျဖို့သေချာပါတယ်။ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှာ ရဲစခန်းမှူးတနေရာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတနေရာကို အဆိုးအကောင်းအလိုက် အနည်းဆုံး ငွေကျပ်သိန်း (၅၀)ကနေ အများဆုံး သိန်း(၅၀၀)ကျော်အထိ ပေါက်ဈေးရှိတယ်။ ရဲတပ်ဖွဲ့ဝင်အရာရှိတယောက်ဟာ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲ ဥပဒေလုပ်ထုံးလုပ်နည်း ရဲလုပ်ငန်းတတ်တတ် ငွေမရှိရင်တော့ အထက်ဖော်ပြပါနေရာတွေမှာပဲ တာဝန်ကျဖို့ များပါတယ်။ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှာ ကြင်နာတာတို့၊ ကရုဏာရှိတာတို့၊ သနားတာတို့ဆိုတာ ပုံပြင်လိုပါပဲ။ အမှန်ပြောရရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ စခန်းမှူး၊ မြို့နယ်မှူး၊ နယ်ထိန်းတွေက ပိုက်ဆံ အရဆုံး၊ လာဘ်အစားဆုံးလို့ ထင်ကြပါလိမ့်မယ်။
တကယ်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ပြည်နယ်/တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတွေက လာဘ်အစားဆုံး ပုဂ္ဂိုလ်တွေပါပဲ။ အဲဒီပုဂ္ဂိုလ်တွေဟာ စခန်းမှူး၊ မြို့နယ်မှူး၊ နယ်ထိန်းနေရာခန့်တဲ့အတွက်လည်း လာဘ်လာဘ ရတယ်။ နောက်ပြီးတော့ လစဉ်ကြေးလည်းရတယ်။ ဒါ့အပြင် သူမွေးထားတဲ့ ဒုစရိုက်နှိမ်နင်းရေးအမည်ခံ တပ်ဖွဲ့ဝင်တွေရှာဖွေပေးတဲ့ ဒုစရိုက်လုပ်ငန်းတွေဆီက လာဘ်လာဘရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ပြဿနာ တက်လို့ စုံခုံ/သက်ချုပ် ဖြစ်ရင်လည်း သက်သာရာသက်သာကြောင်းအတွက် ပေးရတဲ့ လာဘ်လာဘလည်း ရတယ်။ တခါတရံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်/၀န်ကြီးရုံးကို သွားမယ်ဆိုပြန်တော့လည်း နီးစပ်ရာ စခန်းမှူး၊ မြို့နယ်မှူးတွေဆီက လာဘ်လာဘရသေးတယ်။ အခါကြီးရက်ကြီးမှာလည်း ဂါဝရလက်ဆောင်ရပြန်တယ်။ အင်မတန်ဆိုးဝါးတဲ့ ပြည်နယ်/တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကတော်တွေဆိုရင်လည်း လိုင်းကြေး၊ ဂါဝရကြေး လက်ခံတယ်။ စခန်းမှူး၊ မြို့နယ်မှူး၊ နယ်ထိန်းတွေဆိုတာ မိမိတာဝန်ကျရာ ဒေသအတွင်းက ဒုစရိုက်သမား တွေဆီမှာ တောင်းရ၊ ရမ်းရ၊ အမှုအခင်းတွေဆီက တောင်းရ၊ ရမ်းရနဲ့ ပြဿနာတက်လာလို့ စုံခုံ/သက်ချုပ်ဖြစ် ခဲ့လျှင် အမှုသက်သာအောင် လာရောက်စစ်ဆေးတဲ့ အဖွဲ့ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (ရဲရေး)ဌာန အထိ လိုက်ရပြုရပေးရကမ်းရနဲ့ နောက်ဆုံး ဒုစရိုက်လုပ်ငန်းက ရှာထားတဲ့ငွေတွေဟာ ကုန်သလောက်ပါပဲ။ ဌာနချုပ်(ရဲရေး)ဌာနဆိုတာ ရဲတပ်ဖွဲ့ဝင်တွေအတွက် ဇာတ်တူသားစားတဲ့ ဌာနတခုပါပဲ။ မပေးလို့ကတော့ ရဲတရားရုံးဖြစ်သွားမယ်။ ပြုတ်သွားမယ်။ ပေးလို့ကတော့ ပြည်နယ်/တိုင်းတပ်ဖွဲ့မှူးရဲ့ မှတ်တမ်းဝင် သတိပေးတာလောက်ပဲ ခံရပါလိမ့်မယ်။
ကဲ ဖားကန့်အကြောင်း ဆက်ကြရအောင်။ မိမိမှာ ငွေရှိတယ်ဆိုပြီး ဖားကန့်မြို့နယ်မှူး၊ ဖားကန့်စခန်းမှူး နေရာကို မစဉ်းစားနဲ့ဦး။ ဖားကန့် မြို့နယ်မှူး၊ စခန်းမှူးနေရာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က တိုက်ရိုက် တာဝန်ပေးတယ်။ ဘာကြောင့်လဲတော့မသိ အကြောင်းတော့ရှိမှာပေါ့။ ဖားကန့်မှာ တာဝန်ကျခဲ့ဖူးတဲ့ မိတ်ဆွေ မြို့နယ်မှူး၊ စခန်းမှူးတွေကို မေးကြည့်တော့ ငွေကျပ်သိန်း ၅၀၀ အထက် ရင်းခဲ့ရတယ်လို့ ပြောကြတယ်။ သို့ပေမဲ့ ဆယ်ဇင်းနယ်မြေရဲစခန်း၊ လုံးခင်းနယ်မြေရဲစခန်း၊ တာမခံနယ်မြေရဲစခန်းက စခန်းမှူးနေရာနဲ့ နယ်ထိန်းနေရာတွေကိုတော့ ပြည်နယ်ရဲတပ်ဖွဲ့မှူးကခန့်တယ်။ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ခန့်ပေမယ့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အတည်ပြုမိန့်တင်ရတယ်။ အခုဆို ရွှေကူမြို့မ ရဲစခန်းမှူးနေရာကိုတောင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က တိုက်ရိုက်တာဝန်ချတယ်။ ဘာတွေကောင်းသလဲတော့ မသိပါဘူး။ အဲဒီ ဆယ်ဇင်း၊ လုံးခင်း၊ တာမခံ နယ်မြေရဲစခန်းတွေမှာ တာဝန်ကျဖို့ဆိုရင် ဦးစားပေး အဆင့်(၁) အတည်ပြုမိန့်အတင်ခံရဖို့အတွက် ငွေကျပ်သိန်း ၅၀၀ လောက် ပေးရတာလို့ ကြားတယ်။ ဒါအပြင် ဖားကန့်မြို့နယ်မှာ မြို့နယ်မှူး၊ မြို့မစခန်းမှူး၊ နယ်မြေရဲစခန်းမှူး၊ နယ်ထိန်းဖြစ်တယ်ဆိုတာနဲ့ နေရာရ ကြေးပေးရုံနဲ့ မပြီးသေးဘူး။ လစဉ်ကြေးဆိုတာ ထပ်ပေးရသေးတယ်။ လစဉ်ကြေးနည်းသွားတယ်ဆိုတာနဲ့ မိမိကုလားထိုင်ပျောက်ပြီသာမှတ်တော့။ အထက်ကပြောတဲ့နေရာရကြေးတို့၊ လစဉ်ကြေးတို့ပေးရလို့ မိမိရင်းနှီးလိုက်တဲ့ငွေကြေးနဲ့ တွက်ခြေ မကိုက်မှာမပူနဲ့ ဖားကန့်နယ်မြေတခုလုံးမှာ ဘိန်း/ ဘိန်းဖြူ/WY စိတ်ကြွဆေးပြား အချီကြီး (လက်ကား) လုပ်ကိုင်တဲ့ နေအိမ်ခြောက်ဆယ်ကျော်နဲ့ လက်လီရောင်းတဲ့နေအိမ် ၁၅၀ ခန့်ရှိတယ်။ ပြည့်တန်ဆာအိမ် ၁၀၀ ကျော်အပြင် အနှိပ်ခန်းပေါင်း ၁၅၀ ခန့်ရှိတယ်။ KTV အခန်း ၁၀၀ ကျော်ခန့်နှင့် လိုင်စင်မဲ့ အရက်ဆိုင်တို့၊ လောင်းကစားဝိုင်းလုပ်တဲ့ နေအိမ်တွေဆိုတာ မရေမတွက်နိုင်အောင်ပါပဲ။ အဲဒီစာရင်းတွေဟာ ၂၀၁၅ ခုနှစ် ကျွန်တော် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးမှာ တာဝန်ကျစဉ်က ပြုစုထားတဲ့ စာရင်းပါ။ ဆယ်ဇင်းနယ်မြေရဲစခန်းရဲ့ နယ်မြေရဲစခန်းရဲ့နယ်မြေဟာ ချင်းတွင်းမြစ်အထက်ပိုင်းနဲ့ ထိစပ်နေတော့ ဘိန်း/ ဘိန်းဖြူ/ WY စိတ်ကြွဆေးပြား၊ တရားမ၀င်အရက်ပုန်းတွေကို ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ တရားမ၀င်ရွှေမှော်၊ တရားမ၀င်သစ်လုပ်ငန်းတွေဆီကို အကြီးအကျယ်ဖြန့်ဖြူးပါတယ်။ ဘယ်လောက်ကြီးကျယ်လဲဆိုရင် ၂၀၀၉ ခုနှစ်က တရားမ၀င် အရက် ၂၈၀ ပီပါ ဖမ်းဆီးရမိခဲ့တယ်။ ဖားကန့်နယ်မြေတခုလုံးမှာရှိတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့လုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်း၊ အနှိပ်ခန်း၊ KTV လောင်းကစားအိမ်၊ လိုင်စင်မဲ့အရက်ဆိုင်တွေဟာ မြို့နယ်အတွင်းမှာ တာဝန်ကျတဲ့ ထွေ/အုပ်ဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ (SB) မူးယစ်(အထူး)၊ စစစ၊ လူကုန်ကူးဌာနတွေကို လိုင်းကြေးပေးရတယ်။ အချို့ဌာနတွေဟာ ကိုယ်ပိုင်အဆောက်အဦရှိပေမယ့် တချို့ဌာနတွေကျတော့ တည်းခိုခန်းမှာနေ၊ ထမင်းဆိုင်မှာစား၊ အရက်သောက်ရင်လည်း အခမဲ့၊ အနှိပ်ခံရင် လည်း အခမဲ့နဲ့ '၀'လည်း '၀'ရလည်းရ ဇိမ်လည်းဇိမ်ကျတဲ့ '၀ရဇိမ်'ဌာနတွေပါပဲ။
ဖားကန့်နယ်မြေမှာ မူးယစ်ဆေးဝါး အကြီးအကျယ်လုပ်တဲ့ပုဂ္ဂိုလ်ဆိုရင် အဖမ်းခံမထိဘူး။ မလည်မ၀ယ်နဲ့ မူးယစ်ဆေးဝါးအနည်းအကျဉ်းသုံးစွဲတဲ့လူတွေ၊ မူးယစ်ဆေးဝါးအခုမှ စလုပ်တဲ့ မျက်နှာစိမ်းတွေ၊ လိုင်းကြေး ကောက်တဲ့အခါ ကောက်တဲ့ informer နဲ့ ကသိကအောက်ဖြစ်ခဲ့တဲ့ လူတွေသာ ဖမ်းခံထိတယ်။ ဖားကန့်မှာပေးရတဲ့ လိုင်းကြေးကတော့ မူးယစ်ဆေးဝါး လက်ကားရောင်းရင် တလသိန်း ၅၀၀ ခန့်၊ လက်လီဆို ငွေကျပ် သိန်း ၃၀၀ လောက်ဖြစ်တယ်။ ပြည့်တန်ဆာလုပ်ငန်း၊ KTV လုပ်ငန်း၊ အနှိပ်ခန်းဆိုရင် တလငွေ ကျပ်သိန်း ၅၀ လောက်ပေးရတယ်။ လောင်းကစားအိမ်ဆိုရင် တလသိန်း ၂၀၀ လောက်ပေးရတယ်။ တရားမ၀င် အရက်ဆိုင်ဆိုရင် အကြီးအသေးအလိုက် တလ ၁၅ သိန်းကနေ သိန်း ၃၀ ထိရှိတယ်။ ဒီလောက်များပြားလှတဲ့ ဒုစရိုက်လုပ်ငန်းက ငွေတွေကို ဌာနတိုင်းက သူတို့ကိုယ်တိုင်မကောက်ဘူး။ informer ကို ကောက်ခိုင်းတယ်။ အဲဒီတော့ အဲဒီလောက် ဒုစရိုက်လုပ်ငန်းတွေ များပြားလှတဲ့နေရာ မှာ နေရာဝင်ကြေး၊ လစဉ်ကြေးပေးရပေ မယ့်လည်း တွက်ခြေမကိုက်မှာ မပူနဲ့၊ ကုန်ထားတဲ့ငွေကြေးဟာ နှစ်လ၊ သုံးလလောက်နဲ့ကို အရင်းကျေတယ်။ ဖားကန့်နယ်မြေ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ နယ်ထိန်းတွေဟာ ရန်ကုန်တိုင်းတို့၊ မန္တလေးတိုင်းတို့က မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ နယ်ထိန်းတွေလို အိပ်ရေးလည်း မပျက်ဘူး။ ဖိအားလည်းမရှိဘူး။ အလုပ်လည်း မရှုပ်ဘူး။ ပြည်သူချစ်တဲ့ ပြည်သူ့ရဲလုပ်ငန်းဆိုတာလည်း မသိ။ နယ်မြေလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းကို လည်း နားမလည်။ ပြည်သူလူထုဗဟိုပြုသော ရဲလုပ်ငန်းကိုလည်း မမှတ်မိ။ ပြည်သူတွေကို ၀န်ဆောင်မှုပေး သော ရဲလုပ်ငန်းဆိုတာ ဝေလာဝေးပါပဲ။ သူတို့အတွက်ကတော့ ဒုစရိုက်လုပ်ငန်းက ငွေများများရမှ အထက်ကို ဆက်ကြေးမှန်မှန် ပေးရမယ်မဟုတ်ပါလား။ ဖားကန့်က ရဲတပ်ဖွဲ့ဝင်တွေဟာ ညီညွတ်ကြတယ်။ ရရှိသမျှဟာ ဒုစရိုက်လိုင်းကြေးတွေကို မြို့နယ်မှူးကစပြီး ရဲတပ်သားအဆင့်ထိ ဝေယူကြတာ။ အဲဒီနယ်မြေမှာ ဌာနဆိုင်ရာ အချင်းချင်းလည်း ညီညွတ်ကြတယ်။ ပြဿနာတက်ကြတာ တခုမှမရှိဘူးလေ။ ဖားကန့်နယ်မြေမှာ မူးယစ်ဆေးဝါးအမှုက အဆမတန်များပြားတယ်။ အဲဒီနယ်မြေမှာ ရှေ့နေအချို့ဆိုရင် မူးယစ်အမှုက အမှုလိုက်ခ သိန်းရာနဲ့ချီရလို့ မူးယစ်အမှုတမျိုးပဲလိုက်ကြတယ်။ ငွေများတရားနိုင်ဆိုတာ ဖားကန့်နယ်မြေမှာလို့ ပြောရမတတ်အောင် သာဓကတွေ အများကြီးရှိတယ်။ မူးယစ်ရာဇာတဦးဆိုရင် မူးယစ်ဆေးဝါးတန်ဖိုး သိန်းထောင်နဲ့ချီပြီး ဖမ်းမိတာတောင် ထောင်မကျဘဲ သူ့ရဲ့အလုပ်သမားတွေပဲ ထောင်ကျသွားတယ်။ ဖမ်းဆီးရမိတဲ့ သိန်းထောင်ချီတန်တဲ့ မူးယစ်ဆေးဝါးဟာ သူ့ရဲ့ အလုပ်သမားတွေပိုင်တဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်သွားတယ်။ နောက်တခုက ရွှေကူမြို့မှာဖြစ်သွားတဲ့ မူးယစ်ဆေးဝါးအမှု။ ရွှေကူမြို့မှာ ဘိန်းဖြူတွေ ရောင်းတဲ့ ဘိန်းဖြူဘုရင်မတဦးရှိတယ်။ သူ့ခင်ပွန်းနဲ့ နှစ်ဦးစလုံး ဘိန်းဖြူတွေရောင်းချကြတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တနေ့မှာ ရွှေကူရဲတပ်ဖွဲ့ဝင်တွေက သူတို့အိပ်တဲ့ အိပ်ရာထက်က ခေါင်းအုံးအောက်မှာ ဘိန်းဖြူ၊ ပင်နယ်စလင် ပုလင်းနဲ့ လေးပုလင်းဖမ်းမိရာမှာ နှစ်ဦးစလုံးကို မူးယစ်ပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ ဗန်းမော်ခရိုင်တရားရုံးမှာ တရားစွဲတယ်။ ကျွန်တော် (ပ)အမှတ်နဲ့ တရားရုံးရာကြီးအမှုအမှတ်တို့ကိုတော့ မမှတ်မိတော့ဘူး။ အဲဒီလို တရားစွဲတာမှာ ဗန်းမော်ခရိုင်တရားရုံးက နှစ်ဦးစလုံးကို ထောင်ချတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးရဲ့မိခင် သူ့သမီးနေအိမ်ကို သိန်း ၁၆၀ ကျပ်နဲ့ရောင်းချပြီး ပြည်နယ်တရားရုံးကို အယူခံလိုက်တဲ့အခါမှာ ခင်ပွန်းက အယူခံမှာလွတ်သွားတယ်။ ရွှေကူပြည်သူလူထုက မခံမရပ်နိုင်ဖြစ်ပြီး မြစ်ကြီးနားကိုတက်ကာ ပြည်နယ်တရားရုံးရှေ့မှာ ဆန္ဒပြဖို့စီစဉ်နေတုန်း၊ ရွှေကူရဲတပ်ဖွဲ့က ဆန္ဒပြဖို့ စီစဉ်နေတဲ့လူတွေကို အဲဒီလို မလုပ်ပါနဲ့။ အဲဒီအမျိုးသားအချုပ်ကထွက်လာရင်လည်း ဘိန်းဖြူရောင်းဦးမှာပဲ။ အဲဒီအချိန်အခါမှာ ကျွန်တော် တို့ကို သတင်းပေး ကျွန်တော်တို့ မိအောင်ဖမ်းပေးမယ်လို့ ပြောဆိုတဲ့အတွက် ဆန္ဒပြဖို့ အစီအစဉ်မဖြစ် လိုက်ဘူး။ ခင်ပွန်း အချုပ်ကထွက်လာတဲ့အခါမှာ ဘိန်းဖြူရောင်းနေတုန်း ရပ်ကွက်လူကြီးက သတင်းပေးလို့ ရွှေကူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ရာမှာ။ အခုတော့ ခင်ပွန်းဖြစ်သူက ထောင်ကျသွားပါပြီ။ ဒါတွေကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ မရှိတော့ပါဘူး။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး သက်ဆိုးရှည်နေတာဟာ တရားရုံးတွေရဲ့ စီရင်ချက်တွေကြောင့်လည်း အချက်တချက်အနေနဲ့ ပါဝင်ပါတယ်။
ကျွန်တော်လည်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ကိုမရောက်မီ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် နေကတည်းက ကချင်ပြည်နယ်ကို အလွန်ရောက်ချင်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တာဝန်ကျခဲ့ရင် ကျောက်စိမ်းကရခဲ့တဲ့ ငွေတွေနဲ့ တသက်စားမကုန်အောင် ချမ်းသာလိမ့်မယ်လို့ ထင်မှတ်မိခဲ့ တယ်။ မထင်မှတ်ဘဲ ကချင်ပြည်နယ်ကို ရောက်သွားတော့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်း ဆောင်ရင်း ဖားကန့်မှာတာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အလွန့်အလွန်ကြီးမားလှတဲ့ မူးယစ်ဆေးဝါးနဲ့ အလွန့်အလွန်ကြီးမားလှတဲ့ ဒုစရိုက်လုပ်ငန်းတွေကရတဲ့ အခွန်အခတွေနဲ့ ကြီးပွားချမ်းသာနေကြတယ်ဆိုတာ ချက်ချင်းသိရပါတော့တယ်။ မိမိက တာဝန်ရှိလျက်နဲ့ အဲဒီ ပမာဏကြီးမားလှတဲ့ ဒုစရိုက်လုပ်ငန်းတွေကို မဖမ်းဆီးကြတော့ လူအများသေကျေကြရတယ်။ လူစဉ်မမီဖြစ်ကြရတယ်။ ဘ၀တွေ ပျက်ကြရတယ်။ ဆင်းရဲဒုက္ခတွေ ရောက်ကြရတယ်။ အဲဒီလို လူတွေသေမှ၊ ဘ၀တွေပျက်မှ၊ ဆင်းရဲဒုက္ခ ရောက်မှ၊ လူစဉ်မမီဖြစ်မှ၊ ရတဲ့ငွေကြေးနဲ့ ဖားကန့်က ရဲတပ်ဖွဲ့ဝင်တွေဟာ ငွေသိန်းကို သောင်းနဲ့ချီပြီး ချမ်းသာနေကြတယ်ဆိုတာကို ကျွန်တော် သိလိုက်ရပါတယ်။ ကျွန်တော်ဟာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ခေတ်အဆက်ဆက်က ဖားကန့် နယ်မြေမှာ တာဝန်ကျခဲ့တဲ့ မြို့နယ်မှူး၊ စခန်းမှူးတွေ၊ နယ်ထိန်းတွေနဲ့ ဖားကန့်မှာ တာဝန်ကျခဲ့တဲ့ တပ်ဖွဲ့ဝင်တွေပေးတဲ့နေရာအတွက် ၀င်ကြေး၊ လစဉ်ကြေးတွေကို အငြိမ့်သားစားခဲ့ကြတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိ အဆင့်မြင့်အရာရှိတွေရဲ့ ယခင်တုန်းက အခြေအနေတွေနဲ့ ယခုလက်ရှိသူတို့ရဲ့ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ မိသားစုအခြေအနေ တွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့ဝင်အားလုံးရဲ့ လက်ရှိကျန်းမာ ရေး၊ စီးပွားရေး၊ လူမှုရေး၊ မိသားစု အခြေအနေတွေဟာ ယခင်တာဝန် လက်ရှိထမ်းဆောင်နေတုန်းကလိုမျိုး မသာယာ၊ မလှပကြတော့ပါဘူး။ သူတို့ဘ၀ရဲ့ လက်ရှိအခြေအနေတွေဟာ သက်သောင့်သက်သာမရှိကြတော့ပါဘူး။ ဘာကြောင့်လဲသိလား။ လူအများသေမှ၊ ဘ၀ပျက်မှ၊ အတိ ဒုက္ခရောက်မှရရှိတဲ့ ငွေကြေးတွေကို ပျားသကာလို ချိုတယ်လို့ ထင်မှတ်ခဲ့ကြတာ မဟုတ်ပါလား။ တကယ်တော့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ဖားကန့်မှာ ငွေရှာတာဟာ စစ်မှန်တဲ့ သမ္မာအာဇီဝမဟုတ်ပါဘူး။ အခုတော့ သူတို့ ဘ၀တွေကိုကြည့်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဘယ်အရာမှ မမြဲပါလားလို့ သံဝေဂတရား ရမိပါတော့တယ်။
ကိုကိုနိုင်(ပဲခူးအနောက်)
NewWatch Journal

No comments:

Post a Comment