March 15, 2013

ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းပြည်သူများကို အလွယ်လမ်းလိုက် ပျားရည်နှင့်ဝမ်းချခဲ့မိသော မဟာအမှားကြီး


အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက်ခင်စိန်
၁၆ မတ် ၊ ၂၀၁၃



တရုတ်ကုမ္ပဏီ ၀မ်ပေါင်နဲ့ လုပ်ထားတဲ့ကြေးနီ စီမံကိန်းဖျက်သိမ်းရင် နိုင်ငံတကာက မြန်မာပြည်မှာစီးပွားရေးလုပ်ရင် မတည်ငြိမ်ဘူး ကတိမတည်ကြဘူးလို့ ထင်ကြလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆင်ခြေပေးခဲ့ပါတယ် ။



မြစ်ဆုံတုန်းက သမ္မတဦးသိန်းစိန်တောင် သူ့သမ္မတသက်တမ်းမှာတော့ ရပ်ဆိုင်းလိုက်ပါမယ်လို့ ကတိပေးပြီး မြစ်ဆုံစီမံကိန်းကြီးကို ရပ်ဆိုင်းနိုင်ခဲ့သေးတာပဲ မဟုတ်လား ။

တကယ်တော့ ဒီစီမံကိန်းကြီးတွေက မြန်မာပြည်သူ့ဆန္ဒ အသိသက်သေ တစ်ပြားသားမှ မပါပဲ ယ္ခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက တပ်မတော်နှင့် မြန်မာ့ဦးပိုင်လီမိတက် အကျိုးစီးပွားအတွက် အဓိကရည်ရွယ်ပြီး ရေးထိုးခဲ့သော စီးပွားရေး စာချွန်လွှာများ ဖြစ်ကြပါတယ် ။

ဒီလိုဆိုရင် ကြေးနီစီမံကိန်းကြီး အနည်းဆုံးရပ်ဆိုင်းရေးအတွက်တောင် အတိုက်အခံခေါင်းဆောင် တစ်ယောက်အနေနဲ့ သူတွန်းအားမပေးနိုင်ဘူးလား ။ ကြေးနီစီမံကိန်းမလုပ်ရင် မြန်မာ့ ဘဏ္ဍာရေး ယန္တယားကြီး လုံးလုံးရပ်တန့်သွားတော့မှာမို့လား ။

ခုတော့ သူက သူ့ထုတ်ပြန်ထားတဲ့ ကျေညာချက်ကို သဘောတူကြပါ မတူရင် မကျေနပ်ရင် သူ့ကိုပဲ ဆန္ဒပြကြပါ (တခြားဘယ်သူ့ကိုမှ အပြစ်တင်ရန်မလို) ရန်ကုန်ကသူ့အိမ်ရှေ့မှာလည်း လာပြနိုင်တယ် နေပြည်တော်မှာလည်းလာပြနိုင်တယ်လို့ စိန်ခေါ်သလို ခနဲ့သလို မရှိဆင်းရဲကျေးလက်တောင်သူများကို ကလေးကလား စကားတွေသွားပြောတယ် ဒါဟာ အင်မတန်ရုပ်ဆိုးတဲ့ ကိစ္စဖြစ်ခဲ့ပါတယ် ။

တကယ်တော့ လက်ပံတောင်းတောင် အရေးအခင်း သံဃာတွေမီးလောင်ဗုံးနဲ့နှိမ်နင်းခံရတဲ့ ကိစ္စကိုသူကိုယ်တိုင် သွားရောက်လည်ပတ်လို့မြင်ခဲ့ပြီးသားပါ ။ သံဃာတော်တွေ ဘယ်လောက် အသားအရေတွေလောင်ကျွမ်းပြီး ဒဏ်ရာတွေ ရခဲ့တယ်ဆိုတာ သူ့မျက်စိနဲ့ မြင်လျက်သားနဲ့ အစိုးရရဲ့ အပြစ်ကိုဖုံးဖိပေးပြီး ဒီနှိမ်နင်းမှုနဲ့ ထဲမှာပါဝင် ပတ်သက်တဲ့သူတွေကို အရေးယူဖို့ ဘာတစ်ခုမှ တာဝန်မယူပေးနိုင်ခဲ့ဘူး ။

ဦးသိန်းစိန်က သူ့ကို ကော်မရှင်ဥက္ကဌရာထူးပေးပြီး လက်ပံတောင်းအရေး စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးခဲ့တယ် ဆိုရင်တောင် ထုတ်ပြန်စရာရှိတဲ့ အမြင်ကိုအမြင်အတိုင်း ထုတ်ဖော်ပြီးအစိုးရကို တင်ပြ ၊ နိုင်ငံပိုင်မီဒီယာတွေကနေ ပြည်သူကိုထုတ်ပြန်ရင် အတိုက်အခံ ခေါင်းတောင်တစ်ဦးအနေနဲ့ တာဝန်ကျေပါပြီ လုံလောက်ပါပြီ ။

လက်ပံတောင်းကိုသွားပြီး ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ တစ်ဦးချင်းကို မျက်နှာပြပြီး (တနည်းပြောရရင် သူမရဲ့ပုံရိပ်ကို အသုံးချပြီး) ဦးသိန်းစိန် ပေးလိုက်တဲ့ သတင်းစကား (လျော်ကြေးတွေ ဘယ်လောက် ဘယ်လိုဘယ်ပုံပေးပါ့မယ် ၊ လက်ပံတောင်းစီမံကိန်းကို ရပ်လို့မဖြစ်နိုင်ဘူး ... အစရှိသော သတင်းစကား) တွေသွားပါးပြီး ပြည်သူ့အမုန်းခံယူဖို့ မလိုပါဘူး ။ ယနေ့ကာလမှာ သူမဟာ အတိုက်အခံပါတီတစ်ခုမှ ခေါင်းဆောင် တစ်ဦးအဆင့်သာရှိပါသေးတယ် ။ နိုင်ငံတကာ စံချိန်စံညွှန်းတွေကိုကြည့်ပါ .. ဒီလို သတင်းစကားတွေဆိုတာ လက်ရှိအာဏာရပါတီက ခေါင်းဆောင်ကိုယ်တိုင် သို့မဟုတ် သတ္တုတွင်းဝန်ကြီး တစ်ဦးဦးက သွားပြောသင့်တဲ့ စကားတွေပါ ခုတော့ သူက အလိုတူအလိုပါလိုလို တာဝန်အားလုံးပုခုံးပေါ် ထမ်းထားသလိုသွားပြောတာကို ပြည်သူတွေက မမြင်လိုကြဘူး မမျှော်လင့်ထားကြပါဘူး ။ ဒါဟာ ဒေါ်စုရဲ့ မဟာ့မဟာအမှားကြီး ဖြစ်သွားပြီ ။

ဒီတော့ သပိတ်ဖြစ်လာတယ် သူ့ကိုဝိုင်းအော်ကြတယ် ပမာမခန့်ဆက်ဆံလာကြတယ် ။ ဒါ ဘာဆန်းသလဲ ။ အမုန်းခံနိုင်တယ် "အချစ်ခံချင်ရင် ဇတ်ကမှာပေါ့" ဆိုတဲ့ စကားမှန်တယ်ဆိုရင်တော့ ဒေါ်စု ယုံကြည်ရာကို ဆက်လုပ်သင့်ပါတယ် ။ ဒါပေမယ့် သူတို့အခွင့်အရေးနဲ့သူတို့ ဆန္ဒပြတဲ့ပြည်သူတွေ နဲ့ ဆန္ဒပြဖို့ စုစည်းပုံဖော် အကြံပေး ပံ့ပိုးတဲ့သူတွေကို သူ့ပါတီဝင် အင်န်အယ်လ်ဒီတွေက မုန်းတီးလာအောင် ရုပ်ရှင်သရုပ်ဆောင် အဆိုတော်တွေ ပါဝါသုံးပြီး ၀ါဒဖြန့်တာမျိုးအထိလုပ်ဖို့ မလိုအပ်ပါဘူး ။ (ဆန္ဒပြဖို့ လှုံ့ဆော်တာ ဘယ်သူတွေပါ ဘာညာဆိုပြီး လက်ညှိုးမထိုးသင့်ပါဘူး ) ။

ကိုဟန်ဝင်းအောင်တို့ မသွဲ့သွဲ့အေးတို့ကို တရားခံတွေလို တစ်တိုင်းပြည်လုံးက မြင်လာအောင် အပုတ်ချနေတာတွေဟာ အင်မတန် ရွံရှာဖို့ ကောင်းလှပါတယ် ။

ဒေါ်စုကို ဒီပဲရင်းမှာ အသေသတ်ဖို့ကြံခဲ့တာ လက်ရှိအာဏာရပါတီက အရေခြုံစစ်ခေါင်းဆောင်တွေပါ ။ တောသူတောင်သားတွေက သပိတ်မှောက်တယ်ဆိုတာ တော်လှန်ပုန်ကန်ဖို့ ဒုတ်-ဒါး-လက်နက်တွေ ကိုင်ပြီး ဒေါ်စုကို သတ်ဖို့လုပ်ကြတာလည်း မဟုတ်ပါဘူး ။ ဒါကို အင်န်အယ်လ်ဒီ နောက်ဆွဲတွေက အကြီးအကျယ် ဆွေ့ဆွေ့ခုန် သည်းသည်းလှုပ်ဖြစ်နေတာတော့ အတော်လေး နိုင်ငံကြီးသား မပီသတဲ့ လူတွေလို့ပဲ မြင်မိပါတယ် ။

ဆန္ဒပြ ပြည်သူတွေနဲ့ ပိုပြီးအလှမ်းဝေးသွားတဲ့ ဆက်ဆံရေးမျိုး ဒေါ်စုဆက် မလုပ်စေချင်ပါ ။ စေ့စပ်ညှိနှိုင်းပြီး အဖြေရှာစေလိုပါတယ် ။ တောသူတောင်သားတွေကို နောင်နှစ် ၅၀လောက်မှ ရလာဒ်ကောင်းထွက်ပြီး ကျေးဇူးတင်ကြမဲ့ ဆုံးဖြတ်မှုမျိုးလုပ်နေတာထက် သူတို့နားလည်နိုင်တဲ့စကားနဲ့ ရည်ရည်မွန်မွန် ဖြေရှင်းသင့်ပါတယ် ။ လူတိုင်းက အောက်စ်ဖို့ဒ်တက္ကသိုလ်ဆင်း မဟုတ်လို့ နားလည်နိုင်မှု စွမ်းရည်လည်း ကွာခြင်ကွာကြမယ် ဒါပေမယ့် လူသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေး တောင်းဆိုပိုင်ခွင့်ကို မျက်ကွယ်မပြုသင့်ပါဘူးလို့ တင်ပြလိုက်ရပါတယ် ။


- အားလုံးကို လေးစားစွာဖြင့်

အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက်ခင်စိန်

No comments:

Post a Comment