March 27, 2013

ရခိုင်စာပေ၊ သမိုင်း သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းဆွဲနေပြီ


ရက္ခိုင်သတင်းဌာန
နှစ်ပေါင်း ၂၂၈ နှစ်တာကာလအတွင်းသင်ကြားခွင့်မရခဲ့သော ရခိုင်စာပေသင်ရိုးညွှန်းအား သင်ကြားခွင့်ရတော့မည်။
ရခိုင်သမိုင်းတလျှောက် နှစ်ပေါင်း၂၂၈ နှစ်တာ ကာလအတွင်းမည်သည့်အခါကမျှ သင်ကြားခွင့်မရခဲ့သော ရခိုင်စာပေကို လာမည့်ပညာသင်နှစ်တွင် အစိုးရကျောင်းများ၌ တရားဝင်ပြဋ္ဌာန်း သင်ကြားနိုင်ခွင့် ရတော့မည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၅ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ရခိုင်စာပေ သင်ရိုးညွှန်းတမ်းရေးဆွဲရေး မူများကိုချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင် ကျင်းပသော ရခိုင်သမိုင်းသုတေသီ ပညာရှင်များ၊ စာရေးဆရာများ စုစုပေါင်း ၅၀ ခန့်တက်ရောက်သည့် ရခိုင်စာပေ သင်ရိုးညွန်းတမ်း ပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ ပညာရှင်တို့က ရခိုင်စာပေသင်ရိုးညွှန်းတမ်း(သူငယ်တန်း)ကို ရေးဆွဲပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ပထမဆုံးရေးဆွဲသည့်သင်ရိုးညွှန်းတမ်းမှာ ပထမအဆင့်အနေဖြင့် သူငယ်တန်းကိုရေးဆွဲပြီးစီး၍ လာမည့်မတ်လ ၁၆ ရက်နေ့တွင် ပထမတန်းနှင့် ဒုတိယတန်းကို တစ်လအတွင်းမည်အပြီးသတ်ရေးဆွဲဖြစ်ကြောင်း သိရသည်။

ရခိုင်အက္ခရာ အရေးအသားအဖြစ် မြောာက်ဦးခေတ် အ၀ိုင်းအက္ခရာကို ရခိုင်အက္ခရာ( Arakan Alphabet) အဖြစ် အသုံးပြု သွားမည်ဖြစ်ပြီး၊ ရခိုင်ဝေါဟာရများကိုမူ ရှေးခေတ် ရခိုင်ရွှေနန်းတော်သုံး(ရာဇဌာနီသုံး) ဝေါဟာရများနှင့် ကျေးလက်သုံးဝေါဟာများကို သမမျှတစွာသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုရေးဆွဲလိုက်သည့် သင်ရိုးညွှန်းတမ်းအား ရခိုင်ပြည်နယ် အစိုးရမှ ပြည်နယ်လွှတ်တော်၌ အထည်ပြုပြီးလျင် ပြည်ထောင်စုအစိုးရသို့တင်ပြကာ ပညာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် လာမည့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းအားလုံး မသင်မနေရစနစ်ဖြင့် ပြဋ္ဌာန်းသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment