သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃
ယခုနှစ် (၂၀၁၃ ခုနှစ်) မတ်လ ၂ ရက်နေ့သည်
ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီက ပါလီမန်ဒီမိုကရေစီ
အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သည့် (၅၁) နှစ် မြောက်နေ့
ဖြစ်သည်။ နှစ် ၅၀ ကျော်ကြာခဲ့ပြီဖြစ်သော်လည်း န၀တ၊ နအဖ ခေတ်တိုင်
စစ်အစိုးရအဆက်ဆက်၏ တဖက်သတ် ၀ါဒဖြန့်မှုများကြောင့်
ဝါရင့်နိုင်ငံရေးသမားကြီးများ၊ သမိုင်းသုတေသီများမှလွဲ၍ ယနေ့ခေတ်
ကျောင်းသားလူငယ်များသည် တော်လှန်ရေးကောင်စီအာဏာသိမ်းပိုက်ခဲ့သည့်
အကြောင်းအရင်းကို ဂဃဏန မသိခဲ့ကြချေ။
● နောက်ခံသမိုင်း
၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ မဲဆန္ဒနယ် ၂၅၀ ရှိသည့်အနက် သန့်ရှင်း ဖဆပလက ၂၀၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တည်မြဲ ဖဆပလက ၃၉ နေရာ အနိုင်ရရှိခဲ့သည်။ ပမညတ သည် ရေးမြို့တစ်နေရာသာ အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် သန့်ရှင်းဖဆပလအဖွဲ့ချုပ်သည် မတ်လ ၁၇ ရက်နေ့၌ ပြည်လုံးကျွတ်ညီလာခံကျင်းပပြီး ဥက္ကဋ္ဌ ဦးနုက “ဒီမိုကရေစီဘ၀ထူထောင်ရေးဟာ ကျနော်တို့အတွက် အဓိက အရေးဆိုတာ ထင်ရှားစေချင်တဲ့အတွက် ဖဆပလအဖွဲ့ဟောင်းကို ဖျက်ပြီး ပြည်ထောင်စုအဖွဲ့သစ်ကို ကျနော်တို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ သန့်ရှင်း ဖဆပလအဖွဲ့ကို ပြည်ထောင်စုအဖွဲ့ (ပထစ) ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
ထို့နောက် ၀န်ကြီးချုပ်ဦးနုသည် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးခရီးစဉ်အတွင်း ပြောကြားခဲ့သော “မိမိသာ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကို အနိုင်ရခဲ့လျှင် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလိုပြင်ဆင်ပေးမယ်” ဟူ၍ ကတိပြုသည့်အတိုင်း ၀န်ကြီးအစည်းအဝေးတစ်ခု၌ အောက်ပါအတိုင်း ပြောကြားခဲ့သည်-
(၁) ယခုအခါမှာဆိုလျှင် လွှတ်တော်တစ်ခုလုံး၏ အမတ်ဦးရေ
သုံးပုံနှစ်ပုံကျော်သည် အစိုးရ၏ လက်ထဲတွင် ရှိနေကြောင်း၊ ထိုကဲ့သို့
ရှိနေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ယခုအချိန်သည်
အကောင်းဆုံးအချိန်ပင်ဖြစ်ကြောင်း၊
(၂) ဤကဲ့သို့ အကောင်းဆုံးအချိန်ဖြစ်နေသည့်အတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ချင်ပါသလဲဟု
ပြည်နယ်အစိုးရအဖွဲ့များကို မေးချင်ကြောင်း၊
(၃) ပြည်နယ်အစိုးရအဖွဲ့များက တင်ပြသောအဆိုပြုလွှာများကို ရှေ့ဦးစွာ
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် နှီးနှောဖလှယ်ပွဲ (Seminar) ခေါ်ယူ၍
တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များ၊ ပြည်ထောင်စု နှင့်
ပြည်နယ်အစိုးရကိုယ်စားလှယ်များ၊ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်များကိုပါ
ဖိတ်ကြားမည်ဖြစ်ကြောင်း။
(၄) ယင်းနှီးနှောဖလှယ်ပွဲတွင် မိသားစုများ ဆွေးနွေးတင်ပြသည့်အတိုင်း
ဆွေးနွေး၍ အများသဘောတူလက်ခံနိုင်မည့်အဆိုများကို ရွေးချယ်ကာ
အကောင်အထည်ဖော်ပေးမည်။ အဖြေရှာ၍ မရသေးသည့် အဆိုများကို
ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း။
ဤအတိုင်း လုပ်ပေးလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ယခုထက်ပို၍
စည်းလုံးညီညွတ်လာမည်ဟု မိမိယုံကြည်ကြောင်း၊ မိမိနိုင်ငံရေးလောကက
မထွက်သွားခင် အမျိုးသားညီညွတ်ရေးလုပ်ငန်းကို
အစွမ်းကုန်ဆောင်ရွက်သွားချင်သည် ဟူ၍ ၀န်ကြီးချုပ်ဦးနုက တင်ပြသွားခဲ့လေသည်။
ဝန်ကြီးချုပ်ဦးနု၏ တင်ပြခဲ့သည့်အချက် (၄) ချက်စလုံးကို
ဝန်ကြီးများအားလုံးက သဘောတူခဲ့သောကြောင့် တိုင်းရင်းသား
နှီးနှောဖလှယ်ပွဲအတွက် လိုအပ်သည့် အစီအစဉ်များပြုလုပ်ရန်
တရားရေးဌာန၀န်ကြီးဒေါက်တာဧမောင်ကို တာဝန်လွှဲအပ်ခဲ့သည်။
၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးအဖွဲ့အစည်းအဝေးကို ကျင်းပ၍ ပြည်နယ်များညီညွတ်ရေးအဖွဲ့ ရေးဆွဲတင်သွင်းသော ဖက်ဒရယ်မူကိစ္စကို ပြည်သူ့လွှတ်တော်တွင် မဆွေးနွေးဘဲ အမျိုးသားညီလာခံ၌ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုကြောင့် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းအသံလွှင့်ရုံးခန်းမဆောင်၌ ပြည်ထောင်စု မူဆွေးနွေးပွဲကြီးကို စတင်ကျင်းပခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် ဦးနုက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲသို့ နိုင်ငံတော်အကြံပေးအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဦးဘဦး (သမ္မတဟောင်း) ဦးသိမ်းမောင်၊ ဦးစံညွန့်နှင့် ဦးချစ်သောင်း၊ ပထစမှ သခင်တင်၊ ဒေါက်တာ ဦးဧမောင်၊ ဗိုလ်တင်မောင်ကြီး၊ ဦးစောလူးလူ၊ ဦးဘမောင်နှင့် ဦးချစ်ဖေ၊ တည်မြဲဖဆပလမှ ဦးကျော်ငြိမ်း၊ မန်းမြစိန်၊သခင်သာခင်၊ဗိုလ်ခင်မောင်ကလေး၊ဦးရှိန်ထန်း ပမညတ မှ ၀ိဓူရသခင်ချစ်မောင်၊ ဗိုလ်မြသွေး၊ ဗိုလ်အောင်နိုင်၊ ဦးထွန်းအောင်ကျော်၊ ဦးကျော်ငြိမ်းနှင့် ဦးအောင်မြင်တို့ တက်ရောက်ခဲ့သလို၊ ပြည်နယ်ကိုယ်စားလှယ်များကလည်း မိမိတို့ တိုင်းရင်းသားရိုးရာဝတ်စုံများကို ၀တ်ဆင်၍ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
● ၀န်ကြီးချုပ်ဦးနု၏ အဖွင့်မိန့်ခွန်း
ဖက်ဒရယ်မူဆွေးနွေးပွဲအခမ်းအနားအစီအစဉ်ကို အခမ်းအနားမှူး ပါလီမန်အတွင်းဝန် ဦးသိန်းစိန်က ကြေညာပြီးနောက် အခမ်းအနားအစီအစဉ် (၃) အရ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက မိန့်ခွန်းပြောကြားရာတွင်-
“လူကြီးမင်းများခင်ဗျား၊ ဒီကနေ့ ဒီနေရာမှာ ကျွန်တော်တို့ စုဝေးကြတာဟာ ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်ပြတဲ့ ဖက်ဒရယ်မူကို ဆွေးနွေးကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမူနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားတယ်ဆိုတာကို ထုတ်ဖော်ပြောပြဖို့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောပြဖို့ အချိန်မရောက်သေးတဲ့အတွက် ကျွန်တော့်သဘောထားကို ဒီကနေ့ ကျွန်တော်ထုတ်ဖော်မပြောသေးပါဘူး။ ကျွန်တော်ထုတ်ဖော်ပြောဖို့ အချိန်ရောက်လာတဲ့အခါ ကျွန်တော်ပြောပါ့မယ်။
လူကြီးမင်းများခင်ဗျား၊ ဆွေးနွေးပွဲကို ကျွန်တော်တို့ ဒီလိုစီစဉ်ထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ စုဝေးကြတာဟာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က တင်ပြတဲ့ ဖက်ဒရယ်မူကို ဆွေးနွေးကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမူနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားတယ်ဆိုတာကို ထုတ်ဖော်ပြောပြဖို့ အစိုးရအဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။
ဒါပေမယ့် ကျွန်တော်ပြောပြဖို့ အချိန်မရောက်သေးတဲ့အတွက်
ကျွန်တော့်သဘောထားကို ဒီကနေ့ ကျွန်တော်ထုတ်ဖော် မပြောသေးပါဘူး။
ကျွန်တော်ထုတ်ဖော်ပြောဖို့ အချိန်ရောက်လာတဲ့အခါ ကျွန်တော်ပြောပါ့မယ်။
လူကြီးမင်းများခင်ဗျား၊ ဆွေးနွေးပွဲကို ကျွန်တော်တို့ ဒီလိုစီစဉ်ထားပါတယ်။ ဒီကနေ့ ကျွန်တော့်အစည်းအဝေးအဖွင့်မိန့်ခွန်းကို ပြောပြီးတဲ့နောက် ရှမ်းပြည်နယ်ဥက္ကဋ္ဌ စ၀်ခွန်ချိုက ဖက်ဒရယ်မူကို တင်သွင်းပါလိမ့်မယ်။ ဒီ ဖက်ဒရယ်မူကို (၁) ဒူးဝါးဇော်လွန်း၊ ကချင်ပြည်နယ်ကိုယ်စားလှယ်၊ (၂) ကပ္ပတိန် မန်းတုံးနုံး၊ ချင်းအထူးဝိသေသတိုင်းကိုယ်စား လှယ်၊ (၃) ဦးထွန်းမြင့် (တောင်ကြီး)၊ ရှမ်းပြည်နယ်ကိုယ်စားလှယ်၊ (၄) ဦးစိန်၊ ကယားပြည်နယ်ကိုယ်စားလှယ်တို့က ထောက်ခံကြပါလိမ့်မယ်။
ဒီမိန့်ခွန်းနှစ်ရပ်ကို ပြောကြားပြီးတဲ့နောက် ဆွေးနွေးပွဲကို မတ်လ ၁
ရက် ကြာသပတေးနေ့ ညနေ ၆နာရီ အထိ ရွှေ့ဆိုင်းထားပါမယ်။ ဒီလိုရွှေ့ဆိုင်းထားတာဟာ
တခြားကြောင့်မဟုတ်ပါဘူး။ ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး ပြည်နယ်ဥက္ကဋ္ဌကြီး
စ၀်ခွန်ချိုနဲ့ ဒူးဝါးဇော်လွန်း၊ ကပ္ပတိန်မန်းတုံးနုံး၊ ဦးထွန်းမြင့်၊
ဦးစိန်တို့ တင်ပြပြောကြားသွားတဲ့ အချက်တွေကို ပမညတ၊ ဖဆပလ၊ ရပလဖ၊
ပထစခေါင်းဆောင်များနဲ့ နိုင်ငံတော်အစိုးရအတိုင်ပင်ခံအဖွဲ့ဝင်များက
သေသေချာချာ လေ့လာနိုင်ဖို့ အတွက် အချိန်ပေးချင်တာကြောင့်မို့ ဖြစ်ပါတယ်။
လူကြီးမင်းများခင်ဗျား၊ မတ်လ ၁ရက်၊ ကြာသပတေးနေ့ ညနေ ၆နာရီ ဒီနေရာမှာပဲ အစည်းအဝေးကို ပြန်စတဲ့အခါ (၁) ပမညတ၊ (၂) ဖဆပလ၊ (၃) ရပလဖ (၄) ပထစအဖွဲ့တွေို့ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ်ဦးစီက အခု ဖော်ပြထားတဲ့ အစီအစဉ်အတိုင်း ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး ထားရှိတဲ့ အဖွဲ့ရဲ့ သဘောထားများကို တင်ပြပါလိမ့်မယ်။ ဒီနိုင်ငံရေးအဖွဲ့များရဲ့ ကိုယ်စားလှယ်များ ပြောကြားပြီးတဲ့နောက် အစိုးရအတိုင်ပင်ခံအဖွဲ့ရဲ့ ကိုယ်စား အဂ္ဂမဟာသီရိသုဓ္ဓမ ဒေါက်တာဘဦးက အတိုင်ပင်ခံအဖွဲ့ရဲ့ သဘောထားကို တင်ပြပါလိမ့်မယ်။
လူကြီးမင်းများခင်ဗျား၊ ဒီကိုယ်စားလှယ်ကြီးများ ပြောလို့ပြီးတဲ့အခါ (၁) ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ်ခြောက်ဦး၊ (၂) ပမညတ ကိုယ်စားလှယ်သုံးဦး။ (၃) ဖဆပလ ကိုယ်စားလှယ်သုံးဦး၊ (၄) ရပလဖ ကိုယ်စားလှယ်သုံးဦး၊ (၅) ပထစကိုယ်စားလှယ် သုံးဦးနဲ့ (၆) အတိုင်ပင်ခံအဖွဲ့ဝင် လူကြီးများပါဝင်တဲ့ ကော်မတီတစ်ခုကို ဖွဲ့ပေးပါတယ်။ ဒီကော်မတီမှာ ကျွန်တော်က နာယကလုပ်ပါမယ်။ လူကြီးမင်းများခင်ဗျား၊ အဲဒီကော်မတီက ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ဆွေးနွေးစရာ ရှိတဲ့အချက်တွေကို ဆွေးနွေးပြီးတဲ့အခါ ရရှိတဲ့ သဘောတူညီချက်တွေကို ဒီဆွေးနွေးပွဲမှာ အစီရင်ခံပါလိမ့်မယ်။ စေ့စပ်လို့ မရနိုင်တဲ့ သဘောကွဲလွဲချက်များရှိရင်လည်း ဒီဆွေးနွေးပွဲမှာပဲ အစီရင်ခံပါမယ်။
လူကြီးမင်းများခင်ဗျား၊ ဒီအစီအရင်ခံစာကိုကြည့်ပြီးမှပဲ နောက်ထပ် ဘာတွေဆက်ပြီး လုပ်သွားကြမယ်ဆိုတာကို ဒီဆွေးနွေးပွဲမှာ ဆက်လက်ပြီးတိုင်ပင်ဆွေးနွေးကြပါမယ်” ဟု ပဏာမ ပြောကြားခဲ့သည့်။ ထို့နောက် ဦးနုက ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးပုံကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်-
ဒီနေ့ကစပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် ပြဿနာဟာ တခြားမဟုတ်ပါဘူး။
ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးပဲဖြစ်ပါတယ်။ ဒီပြဿနာကြီးကို
ပြည်ထောင်စုကြီးစတင်တည်ထောင်ခဲ့တဲ့ ကျွန်တော်တို့ တတွေရဲ့ လက်ထက်မှာမှ
ကျေကျေလည်လည် ဖြေရှင်းသွားအောင် ကျွန်တော်တို့ မဖြေရှင်းနိုင်ဘူးဆိုရင်
နောက်လက်ထက်တွေမှာတော့ ဘယ်နည်းနဲ့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့
ကျွန်တော်တစ်ထစ်ချ ယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးပြီဆိုတာ
ကျွန်တော်ယုံကြည်ပါတယ်။ ဒီပြည်ထောင်စုကြီးသာ ပြိုကွဲသွားမယ်ဆိုရင်
ပြည်နယ်သားတွေအတွက်ရော၊ ပြည်မသားတွေအတွက်ရော၊ ဘယ်သူ့အတွက်မှ
အမြတ်ထွက်မှာမဟုတ်ဘူး။ အရှုံးသာထွက်မယ်လို့ ကျွန်တော်တထစ်ချ ယူဆထားသလို လူကြီးမင်းများလည်း ယူဆထားပြီးပြီဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
ဒီလောက်အရေးကြီးတဲ့ပြဿနာများကို ဖြေရှင်းတဲ့အခါမှာ ပြည်ထောင်စုကြီးကို
စတင်ထူထောင်ခဲ့တဲ့ ကျွန်တော်တို့တစ်တွေဟာ ကျွန်တော် တို့ အပေါ်မှာ
ကျရောက်နေတဲ့ တာဝန်ကြီးတွေကို အမြဲတမ်း မျက်ခြည်မပြတ်ဖို့
ကျွန်တော်သတိထားလိုပါတယ်” ဟု သတိပေးစကား ပြောကြားခဲ့သည်။ ယင်းနောက်
ဆွေးနွေးမည့်ပုံစံနှင့် ပတ်သက်၍လည်း- ဆွေးနွေးပွဲဆိုတာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။
တမျိုးကတော့ ရန်သူအချင်းချင်း ဆွေးနွေးပွဲဖြစ်ပြီး၊ တခြားတမျိုးကတော့
မိသားစုချင်း ဆွေးနွေးပွဲဖြစ်ပါတယ်။ မိသားစု ဆွေးနွေးပွဲဆိုတာ
ရန်သူအချင်းချင်း စားပွဲခုံမှာ ထိုင်ပြီး ဆွေးနွေးကြတဲ့
ဆွေးနွေးပွဲမျိုးနဲ့ မတူပါဘူး…. မိသားစုအချင်းချင်း ဆွေးနွေးကြတဲ့
ဆွေးနွေးပွဲမျိုးက…. ဒီမိသားစုထဲမှာပါကြတဲ့ ညီအစ်ကိုမောင်နှမတတွေဟာ
ကိုယ်လိုတာတွေ ကိုယ်တင်ပြကြတယ်။ အဲဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေ
ရှိနေရင်၊ တယောက်နဲ့တယောက် အပေးအယူလုပ်ပြီး သဘောကွဲလွဲချက်တွေကို
ညှိနှိုင်းကြတယ်။ အခုဆွေးနွေးပွဲဟာ မိသားစုဆွေးနွေးပွဲဖြစ်ရမယ်။
ပြည်ထောင်စုမိသားစုထဲမှာ ပါနေကြတဲ့ လူကြီးမင်းတို့ ကျွန်တော်တို့ အသီးသီးဟာ
ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို အကုန်လုံးထုတ်ပြီး တင်ပြကြတာပေါ့။
အဲဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေကတော့ ရှိရမှာပေါ့။ အဲဒီသဘောကွဲလွဲချက်တွေကို ကျွန်တော်တို့ရဲ့ အကျိုး၊ ကျွန်တော်တို့
နောင်လာနောက်သားကလေးတွေရဲ့အကျိုး၊ ပြည်ထောင်စုကြီးရဲ့ အကျိုးကို
မျှော်ကိုးပြီး သဘောတူညီချက်မရရအောင် ညှိနှိုင်းကြရမှာပဲ။
လူကြီးမင်းများနဲ့ လက်တွဲပြီး ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီတည်တံ့ခိုင်မြဲရေး တွေကို အမှန်တကယ် အကျိုးဖြစ်စေနိုင်တဲ့ နည်းကောင်းလမ်းကောင်းတွေကို ကျွန်တော်တို့ ရှာချင်ပါတယ်။ ဒီနည်းကောင်းလမ်းကောင်းတွေကို ရှာတဲ့အခါမှာ ပြည်မသားတွေရော၊ ပြည်နယ်သားတွေပါ မျက်ခြည်မပြတ်သင့်တဲ့ အချက်ကြီးတစ်ချက်ကို ကျွန်တော်ပြလိုပါတယ်။ ဒီအချက်ကတော့ တခြားဟာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရှာဖွေတဲ့ နည်းလမ်းတွေဟာ တရားမျှတရေး၊ လွတ်လပ်ရေး၊ ညီမျှရေးဆိုတဲ့ လောကပါလတရားသုံးပါးနဲ့ ပြည့်စုံနေတဲ့ နည်းလမ်းတွေဖြစ်ရမယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီးနောက် အောက်ပါစကားဖြင့် ဦးနုသည် ၄င်း၏မိန့်ခွန်းကို နိဂုံးချုပ်လိုက်သည်- အချုပ်အခြာအာဏာပိုင်နေတဲ့ ကျွန်တော်တို့ပြည်ထောင်စုကြီးဟာ ကျွန်တော်တို့အားလုံးရဲ့ မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘ၀ကို ပြန်ရောက်မသွားရလေအောင် ကျွန်တော်တို့အားလုံး ကိုယ်စွမ်းရှိသရွေ့ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားကြပါစို့”
ဝန်ကြီးချုပ်ဦးနုက မိန့်ခွန်းပြောကြားပြီးသောအခါ ၀န်ကြီးစ၀်ခွန်ချိုက ပြည်နယ်များညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌအနေဖြင့် ဖက်ဒရယ်မူတင်သွင်းသည့် မိန့်ခွန်းကို ပြောကြားခဲ့သည်။ စ၀်ခွန်ချိုက ဖက်ဒရယ်မူတင်သွင်းရာတွင် လက်ရှိပြည်ထောင်စုကြီးဖြစ်ပေါ်လာပုံကို ၁၉၄၇ တွင် ပင်လုံညီလာခံမှစ၍ ဇာတ်ကြောင်းပြန်ကာ ပြောကြားခဲ့သည်။ ပြည်ထောင်စုကြီးတည်ဆောက်ရေးနှင့်ပတ်သက်၍ (၁) တန်းတူညီမျှ အခွင့်အရေးရှိခြင်း၊ (၂) တောင်တန်းဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း၊ (၃) လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း ဆိုသည့် အချက်သုံးချက်အပေါ် အဓိက ထား၍ ပြည်ထောင်စုကြီးတည်ဆောက်ရေးကို ပင်လုံညီလာခံ၍ သဘော တူခဲ့ကြခြင်းဖြစ်ကြောင်း၊ ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် တောင်တန်းဒေသစုံစမ်းရေးအဖွဲ့က စုံစမ်းမှုများပြုလုပ်စဉ်ကလည်း အထက်ပါ အချက်သုံးချက်အပေါ် အခြေခံ၍ ပြည်ထောင်စုကြီးတည်ဆောက်ရန် ထွက်ဆိုခဲ့ကြောင်း၊ ၁၉၄၇ မေလတါင် ကျင်းပသော ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင်လည်း လူမျိုးစုများ တန်းတူရရှိရေးမူနှင့် ထိုတန်းတူရေးအပေါ် အခြေခံသည့် ပြည်ထောင်စုစစ်စစ်တည်ဆောက် ရေးလမ်းစဉ်ကို ချမှတ်ခဲ့ကြောင်းနှင့် တိုင်းပြည်ပြုလွှတ်တော်တွင် အခြေခံဥပဒေကိစ္စစဉ်းစားကြစဉ်က ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် လမ်းညွှန်ချက် ခုနစ်ချက်ကို အကျဉ်းချုပ်၍ ၀န်ကြီးစ၀်ခွန်ချိုက ပဏာမ ပြောကြားခဲ့သည်-
ထို့နောက် ၁၉၄၇ အခြေခံဥပဒေကို လက်ခံအတည်ပြုခဲ့ရသည့် အခြေအနေကို ၀န်ကြီးစ၀်ခွန်ချိုက -
“ဒီအချိန်အခါမှာ နိုင်ငံရေးအခြေအနေတွေကလည်းရှုပ်ထွေးပြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်များဟာ လုပ်ကြံသတ်ဖြတ်ခြင်း
ခံရတဲ့အတွက် တစ်ပြည်လုံးယူကျုံးမရ ၀မ်းနည်းကြေကွဲဖြစ်နေရတဲ့အချိန် ဖြစ်တော့
လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုမှာ စိတ်မချမ်းမသာစရာလေးတွေ
ဖြစ်လာတာကြောင့်မို့ ကိုယ့်တိုင်းပြည်ရဲ့ အခြေကို တိုင်းတစ်ပါးက
ဝင်ရောက်မစွက်ဖက်နိုင်အောင် ကာကွယ်ကြရမှာပဲဆိုပြီး ခပ်မြန်မြန်နဲ့
တိုင်းပြည်ပြုလွှတ်တော်မှာ အခြေခံဥပဒေကို အငြင်းပွားမှုမထားဘဲ အလျဉ်စလို
လက်ခံလိုက်ခြင်းဖြစ်ပါတယ်။
ပြည်နယ်တွေအားလုံး ယုံကြည်ကိုးစားခဲ့တဲ့
မြန်မာပြည်လွတ်လပ်ရေးရတော့မယ်၊ လွတ်လပ်ရေးရပြီးရင်ဖြင့် တို့တတွေဟာ
မိမိကံကြမ္မာ မိမိဖန်တီးပြီး တိုးတက်တဲ့ပြည်နယ်တွေ ပေါင်းထားတဲ့
ပြည်ထောင်စုဖြစ်လာတော့မယ်ဆိုတာတွေဟာ ကျွန်တော်တို့ ပြည်နယ်သားတွေ၊
လူမျိုးစုများအားလုံးတွေရဲ့ ၀မ်းထဲ ကိန်းအောင်းပြီး
အမျှော်လင့်ကြီးမျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် လွတ်လပ်ရေးခေတ် ၁၄ နှစ်ခရီး၊ ပြည်မက နောင်တော်တွေနဲ့
လက်တွေ့လျှောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ေ တွ
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေဟာ အပြည့်အ၀မရှိမှန်း
သိလာခဲ့ရပါတယ်။ ကျွန်တော်တို့ တိုးတက်ဖွံ့ဖြိုးရေးကို အစွမ်းကုန် ကျွန်တော်တို့ မလုပ်ဆောင်နိုင်ကြောင်း သိသာခံစားနေရပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ကျွန်တော်တို့ ပြည်နယ်များအပေါ်
ကိုယ်စားပြုတာမဟုတ်တော့ဘဲ ပြည်မလို့ခေါ်တဲ့ ဗမာပြည်ဒေသတွေကို အဓိက
ကိုယ်စားပြုလာတာ တွေ့မြင်လာကြရပါတယ်။ ပြည်နယ်များကတော့ ပြည်မနဲ့
ညီမျှမှုမရှိခဲ့တဲ့အတွက် စွမ်းအားရှိသလောက်လုပ်ကိုင်နိုင်ခွင့်မရှိခဲ့လို့
တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ဒီလိုဘာကြောင့်ဖြစ်ခဲ့သလဲဆိုရင်
ပြည်ထောင်စုရယ်လို့ စုပေါင်းဖွဲ့စည်းကြတဲ့အခါ
ပြည်နယ်ရသင့်ရထိုက်တဲ့လူမျိုးစုများကို ပြည်နယ်အင်္ဂါနဲ့အညီ ဖွဲ့စည်းပြီး
ရှမ်းပြည်နယ်လူထုအတွက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်လူထုအတွက်
ကယားပြည်နယ်ရှိကြသလို ပြည်မလူထုအတွက်လည်း ပြည်နယ်တနယ်ဖွဲ့စည်းပြီးတော့
တန်းတူညီတူအခြေခံအပေါ် ဖွဲ့စည်းထားခြင်းမရှိလို့ပဲလို့ ဆိုတာ
သက်သေပြနေပါတယ်။ ပင်လုံညီလာခံရဲ့ အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့
လမ်းညွှန်ချက်များကို အဓိကထားပြီး တန်းတူညီတူဖွဲ့စည်းစုပေါင်းရန်
အကောင်အထည်ဖော်လာကြရင် ပြည်ထောင်စုအစိုးရဟာ ပြည်နယ်များအားလုံးကို
ကိုယ်စားပြုတဲ့ အစိုးရပဲ ဖြစ်ရမှာပါပဲ။
အခုတော့ ပြည်မလူထုအတွက် ပြည်နယ်တစ်နယ်ဖွဲ့စည်းရေးမကြိုးစားဘဲ ပြည်မအဖြစ် ဆိုပြီးထားလေတော့ ပြည်မရဲ့ အခွင့်အာဏာနဲ့ ပြည်ထောင်စုရဲ့ အခွင့်အာဏာ ရောထွေးစုပေါင်းပြီး စိုးမိုးအုပ်ချုပ်လာတော့ကာ ပြည်ထောင်စုအဖြစ်က လျှောကျလာပြီး တစ်ပြည်ထောင်စိုးမိုးမှုစနစ်သို့ တရွေ့ရွေ့ ကူးပြောင်းလာတာ တွေ့ရှိရပါတယ်။ သည်အကြောင်းအရာကြောင့်လည်း ကျွန်တော်တို့ ပြည်နယ်များဟာ တစ်နေ့တခြားတာဝန်ရှိတဲ့ ပြည်မက ပြည်မအစိုးရအပေါ်မှာ သံသယရှိရှိလာပါတယ်။ ဒီသံသယတွေဟာ ထုနဲ့ထည်နဲ့ ၀င်ဝင်လာလို့ ကနေ့ ပြည်နယ်များဟာ ပြည်မအပေါ် မကျေမနပ်ဖြစ်တဲ့အကြောင်း ထုတ်ဖော်လာကြရပါတယ်။ ကနေ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုပုံသဏ္ဍာန်ဟာ ပြည်နယ်များရဲ့ အမျိုးသားညီညွတ်ရေးတည်ဆောက်နိုင်မယ့်ပုံစုံမျိုး၊ ညီမျှသော ပြည်ထောင်စုစနစ်မျိုးမဟုတ်ကြောင်းကိုလည်း တွေ့မြင်လာခဲ့ကြရပါတယ်။
လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနိဒါန်းနှင့် အဲဒီနိဒါန်းကို အခြေပြုပြီး
ရေးဆွဲပြဋ္ဌာန်းထားတဲ့ နောက်ပိုင်းတွေ နှိုင်းယှဉ်ကြည့်ပြီး စိစစ်လိုက်ပါရင်
ရှေ့နဲ့နောက် မကိုက်ညီတာတွေ တော်တော်များများတွေ့ရပါလိမ့်မယ်။ …
အခြေခံဥပဒေထဲက အကြောင်းပြချက်တစ်ချက်အနေနဲ့ ဖော်ပြရမယ်ဆိုရင်
အခြေခံဥပဒေပုဒ်မ ၂၂၂ အရ ပြည်မဟာ အခြားပြည်နယ်များနည်းတူ
ပြည်ထောင်စုအဖွဲ့ဝင် တစ်ခုဖြစ်ပေမယ့် အခြေခံဥပဒေပုဒ်မ ၈ အရ အခြားသော
ပြည်နယ်များအပေါ်မှာ ပြည်ထောင်စုအနနဲ့ စိုးမိုးအာဏာလွှမ်းလာလို့
ပြည်နယ်များဟာ တကယ်ပဲ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ ဒီပုဒ်မရဲ့ အတွင်း
အနှစ်သာရဟာ ပြည်မဟာ နယ်တစ်နယ်အဖြစ် ပြည်ထောင်စုအဖွဲ့ဝင်တစ်ဦးဖြစ်သင့်ပေမယ့်
ပြည်မဟာ ပြည်ထောင်စုအာဏာများလက်ဝယ်ရရှိပြီး အဲဒီအာဏာတွေနဲ့
ပြည်နယ်များအပေါ်မှာ စိုးမိုးလွှမ်းခြုံလာတယ်လို့ ပြည်နယ်များက
ယုံကြည်ကြပါတယ် ဟု လည်းကောင်း ၀န်ကြီးစ၀်ခွန်ချိုက တင်ပြခဲ့သည်။
ဝန်ကြီးစ၀်ခွန်ချိုတင်ပြသည့် နောက်ဆုံးအချက်မှာ-
ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား ကျွန်တော်တို့လိုလားသော ပြည်ထောင်စုစနစ်ဖွဲ့စည်းပုံ ပုံသဏ္ဍာန်ကို တင်ပြအစီရင်ခံရပါရင်-
(၁) ပြည်မကို ပြည်နယ်တစ်နယ် ဖွဲ့စည်းရေး၊
(၂) လွှတ်တော်နှစ်ရပ် အာဏာအတူပေးရေး၊
(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းပြည်နယ်တိုင်း တူညီသော ကိုယ်စားလှယ်ပေးရေး
(၄) ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို
ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင်
ထားရှိရေး ဖြစ်သည်ဟု တင်ပြသွားသည်။
ဝန်ကြီးစ၀်ခွန်ချိုတင်သွင်းသည့် ဖက်ဒရယ်မူကို ပထမဆုံးထောက်ခံဆွေးနွေးသွားသော ကချင်ပြည်နယ်ကိုယ်စား
လှယ် ဒူဝါးဇော်လွန်းက -
“လွတ်လပ်ရေးမရမီအချိန်နဲ့ လွတ်လပ်ရေးအရယူပြီးသော
စပ်ကူးမတ်ကူးအချိန်တွင် တောင်တန်းဒေသ လူနည်းစုများဖြစ်သော ရှမ်း၊ ကချင်၊
ချင်း အစရှိတဲ့ လူနည်းစုများက လွတ်လပ်ရေးရတဲ့အခါ ဘယ်လိုပြည်ထောင်စုမျိုးကို
ဖွဲ့စည်း၍ နေထိုင်လိုကြောင်း ဗမာ့ခေါင်းဆောင်များကို မိမိတို့
ဆန္ဒအကြိမ်ကြိမ်ထုတ်ဖော်ခဲ့သော ပြည်ထောင်စုဖွဲ့စည်းပုံနဲ့
အမှန်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုဖွဲ့စည်းပုံမှာ အတော်ကွဲလွဲနေခြင်းကြောင်း
တစ်ကြောင်း ၀မ်းနည်းဖွယ်မကျေနပ်မှုအမျိုးမျိုး ပေါ်လာခဲ့ပါတယ်။
…၁၉၄၇ ဖေဖော်ဝါရီလ တောင်ပိုင်းရှမ်းပြည် ပင်လုံမြို့၌ ကျင်းပတဲ့
အမျိုးသားညီလာခံ၌ ဗိုလ်ချုပ်ခေါင်းဆောင်သော အမျိုးသားခေါင်းဆောင်များနဲ့
လူနည်းစုခေါင်းဆောင်များ တွေ့ဆုံ၍ လွတ်လပ်ရေးရလာတဲ့အခါ တန်းတူညီမျှရေးကို
အဓိက အခြေခံထား၍ ပြည်ထောင်စုဖွဲ့စည်းရေး ဆွေးနွေးနားလည်မှု ရရှိခဲ့ကြပါတယ်။
၎င်းအပြင် ၁၉၄၇ ခုနှစ် ဏပြီလ မေမြို့မှာ မစ္စတာရီး (ခ) ၀ီလျံ
(Lt.Col.D.R.Rees Williams) ခေါင်းဆောင်သော
နယ်စပ်ဒေသစုံစမ်းရေးကော်မတီရှေ့မှောက်တွင်လည်း ရှမ်း၊
ကချင်ကိုယ်စားလှယ်များက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ပါဝင်သော
ပြည်ထောင်စုအတွင်း၌ မိမိတို့ပြည်နယ်များအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိရန်
ဆန္ဒရှိကြောင်း၊ သို့သော်အများနှင့် သက်ဆိုင်သော ဌာနအချို့ကို
ပြည်ထောင်စုဗဟိုအစိုးရသို့ လွှဲအပ်ရန်သဘောတူကြောင်းစသည်ဖြင့် ရှမ်း၊
ကချင်များ၏ လိုအင်ဆန္ဒကို ပြခဲ့ကြပါတယ်။ တောင်တန်းသားလူနည်းစုများရဲ့
လိုအင်ဆန္ဒအရဆိုလျှင် ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရန်ပင် ဖြစ်ပါတယ်” ဟူ၍
တင်ပြခဲ့သည်။ ထို့နောက် ဒူဝါဇော်လွန်းက ၄င်း၏မိန့်ခွန်းကို အောက်ပါအတိုင်း
နိဂုံးချုပ်စကားဖြင့် အဆုံးသတ်လိုက်သည်-
ကျွန်တော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စုစစ်စစ်ပြန်လည်ဖွဲ့စည်းရန်
အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးနေခြင်းမဟုတ်ပါ။ confederation
ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေးဆိုခြင်းလည်း မဟုတ်ပါ။
အမျိုးသားစည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို
ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ကြခြင်းဖြစ်သည့်အတွက် တင်ပြရခြင်း
ဖြစ်ပါတယ်”
ဒုတိယမြောက် ထောက်ခံဆွေးနွေးသူ ချင်းအထူးဝိသေသတိုင်းကိုယ်စားလှယ် ကပ္ပတိန် မန်းတုံးနုံးကလည်း-
“ကျွန်တော်တို့က ပြည်ထောင်စုစနစ်ကို ကြိုက်နှစ်သက်လို့
ပြည်ထောင်စုရယ်လို့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာမှာ
ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပြည်ထောင်စုသဘောသက်ရောက်တဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တင်ပြစဉ်က ကျွန်တော်တို့အားလုံး
လွယ်လွယ်ကူကူနဲ့ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေဟာ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုသဘောထားများနဲ့ အညီ
လက်ခံကျင့်သုံးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့
ယုံကြည်မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့
ယုံကြည်မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။
လွတ်လပ်ပြီးစအခါ ရပြီးလို ၁၄ နှစ်အတော်အတွင်းမှာ ကျွန်တော်တို့
ဆန်းစစ်ကြည့်လိုက်တော့ ပြည်နယ်တောင်တန်းဒေသတွေရဲ့
မူလကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေဟာ ပျောက်ကွယ်ရတော့မလို ဖြစ်နေတာတွေ့ရပါတယ်။
ကျွန်တော့်အနေနဲ့ မြင်တာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
ပြင်ဆင်ရေးဆွဲကြတဲ့အခါမှာ ပြည်ထောင်စုစနစ်ကြီး ပီပီသသဖြစ်အောင်
ပြင်ဆင်ရေးဆွဲကြစေလိုပါတယ်။ ဒီလိုမှ မပြင်ဆင်ရင် ထပ်တလဲလဲ ပြဿနာတွေ
ဖြစ်လာဦးမှာပဲ။ အခု ကျွန်တော်တင်ပြသလို ပြည်နယ်အချင်းချင်း
စုပေါင်းတဲ့မူကို လက်ခံမှ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာ၊
ဥပဒေပြုမှုအာဏာဆိုတဲ့ အဓိက မဏ္ဍိုင်ဖြစ်တဲ့ အာဏာသုံးရပ်ကို
တန်းတူမျှတမှုရှိအောင် ခွဲဝေပြီး ဗဟိုပြည်ထောင်စုကို သင့်လျော်တဲ့
အာဏာတွေသတ်မှတ်ပေးထားခြင်းဖြင့် စစ်မှန်တဲ့ ပြည်ထောင်စုကြီးတည်ဆောက်
နိုင်မှာ ဖြစ်ပါတယ်” ဟူ၍ ထောက်ခံတင်ပြသွားသည်။
ဖက်ဒရယ်မူကို တတိယမြောက် ထောက်ခံဆွေးနွေးသူ ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) ကလည်း-
“ကျွန်တော်တို့တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်မူရဲ့ အနှစ်သာရဟာ ဘာလဲဆိုရင်
တန်းတူရေးပဲ ဖြစ်ပါတယ်။ …ကျွန်တော်တို့ လိုလားချက်ကို
အရှင်းဆုံးစကားလုံးနဲ့ ဖော်ပြရရင်၊ ကျွန်တော်တို့ ဗမာ၊ ရှမ်း၊ ကချင်၊
ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ညီအစ်ကို မိသားစုတွေဟာ တန်းတူညီတူ
ဆက်ဆံကြပါစို့၊ တန်းတူညီတူ ခံစားကြပါစို့လို့ ဆိုလိုက်ခြင်းပင် ဖြစ်ပါတယ်။
..ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးတဲ့နောက် ဆက်လက်ရေးဆွဲကြတဲ့အခါ
အခြေခံဥပဒေဟာ ဗိုလ်ချုပ်လိုလားတဲ့ အခြေခံဥပဒေမျိုး မဟုတ်တော့ဘူး။
ဗိုလ်ချုပ်မူနဲ့ ကွဲလာတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ဖဆပလ ပဏာမညီလာခံက
ရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းနဲ့ ယှဉ်တွဲဖတ်ကြည့်ရင် ကွဲပြားမှုတွေ
တပုံတခေါင်းကြီး တွေ့ရပါမယ်။
ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု အမှူးပြုတဲ့ ဗမာခေါင်းဆောင်းတွေအပေါ် ကျွန်တော်တို့ဟာ ဆက်လက်ပြီး ယုံကြည်ကိုးစားခဲ့ပါတယ်။ အခြေခံဥပဒေမှာ ပါရှိတဲ့ ပြဋ္ဌာန်းချက်တွေအပေါ် ကျွန်တော်တို့ အလွန်အမင်း အလေးအနက်မထားခဲ့ပါဘူး။ ကောင်းကောင်းလည်း နားမလည်ခဲ့ကြပါဘူး။ အခုအထိ အခြေခံဥပဒေမှာ ချို့ယွင်းချက်တွေရှိသည့် တိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သကဲ့သို့ letter and spirit of the constitution ဥပဒေစကားလုံးနဲ့ စိတ်စေတနာ ခွဲခြားနားလည်ပြီး ကျင့်သုံးသွားရင်ဖြင့်အောင်နိုင်မှာပဲလို့ ယုံကြည်စိတ်ချနေခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ အဲဒီလို စိတ်ထား အဲဒီလို ယုံကြည်ချက်နဲ့ ဒီအခြေခံဥပဒေကြီးကို သဘောတူလက်ခံခဲ့ကြခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ ရပိုင်ခွင့်ရှိတဲ့အခွန်တော်ငွေကိုပဲ
ထောက်ပံ့ကြေးဆိုပြီး နှစ်စဉ်လက်ဖြန့်ခံတောင်းနေရတာလည်း အမောပဲ။
အချိန်မီမရလို့ ပြည်နယ်များ အုပ်ချုပ်ရေးမှာ အခက်အခဲကြုံရပေါင်းလည်း
မရေမတွက်နိုင်တော့ပါဘူး။ အဲဒီထောက်ပံ့ကြေးပေးရ တာနဲ့ပတ်သက်ပြီး
ပုဂ္ဂိုလ်အချို့က ကျွန်တော်တို့ ပြည်နယ်တွေကို မီးရထားကုန်တွဲကြီးတွေလို
သဘောထားကြတယ်။ ဗမာပြည်မက အလွန်တရာအနစ်နာခံပြီး ပင်ပန်းကြီးစွာနဲ့
ကျွန်တော်တို့ကို ဒရွတ်တိုက် ဆွဲနေသလိုယူဆကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကို
ကျွန်တော်အစီရင်ခံလိုပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူဟာ
ခင်ဗျားတို့ ကျွန်တော်တို့ကို ဒီလောက်ပင်ပန်းကြီးစွာနဲ့ ဒရွတ်တိုက်ဆွဲ
မနေစေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဖြုတ်ပစ်ခဲ့ပါ။ ခင်ဗျားတို့ ၁၃
နှစ်လုံးလုံး ဆွဲခဲ့တဲ့ ကျွန်တော်တို့မှာ ခရီးထင်သလောက် မပေါက်ပါဘူး။
ကိုယ့်စွမ်းအင်ကိုယ့်လုံ့လနဲ့ပဲ သွားပါရစေ။
တခါသေဘူးပျဉ်ဖိုးနားလည် ဆိုတဲ့ စကားပုံလို ခေါင်းဆောင်တစ်ဦး သို့မဟုတ်
ပါတီတစ်ခုရဲ့ စိတ်စေတနာအပေါ် ယုံကြည်ကိုးစားနေလို့ မရတောပါဘူး။ လူဆိုတာ
သင်္ခါရပါ။ ပါတီအဖွဲ့ကြီးလည်း မတည်မြဲပါဘူး။ ဒါကြောင့် ကျွန်တော်တို့
အခွင့်အရေးတွေကို အဖြူအမဲ ခွဲခြားပြီး ရေပက်မ၀င်အောင် ရေးဆွဲထားဖို့
လိုအပ်တယ်လို့ ကျွန်တော်နားလည်ပါတယ်။” ဟူ၍ ဦးထွန်းမြင့်က တင်ပြခဲ့သည်။
ထို့နောက် အာဏာခွဲဝေရေးနှင့် ပတ်သက်၍လည်း ၄င်းက “ကျွန်တော်တို့ရဲ့
လက်ရှိ ပြည်ထောင်စုဟာ ပြည်ထောင်စုစစ်မဟုတ်ဘဲ ကနေဒါလို့
အပျော့စားဖြစ်နေပါတယ်။…အဲဒီကနေဒါနည်းဖြစ်တဲ့ အာဏာခွဲဝေရေးပုံစံကို
ကျွန်တော် စမ်းသပ်ခဲ့တာ ၁၃ နှစ် ရှိလာပါပြီ။ ဒီပုံစံမျိုးကို ကျွန်တော်တို့
မလိုလားတော့ပါဘူး။ ဒါ့ကြောင့် ဆွဇ်ဇာလန်၊ သြစတြေးလျ၊
ဆိုဗီယက်ယူနီယံပြည်ထောင်စုများမှာကဲ့သို့ ဗဟိုကို အာဏာသတ်မှတ်ပေးပြီး
ကျန်အာဏာများကို ပြည်နယ်များသို့ လွှဲအပ်ရန် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
လွှတ်တော်နှစ်ရပ်ထားရတဲ့ မူလအကြောင်းအရင်းက ဘာလဲဆိုရင် လွှတ်တော်တစ်ရပ်က တစ်ရပ်ကို ထိန်းကွပ်ဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သဘောတရားအရ အာဏာတူပေးဖို့ လိုလာပါတယ်။ ပြည်ထောင်စုနိုင်ငံမှာတော့လွှတ်တော်နှစ်ရပ်မထားလို့ မဖြစ်ပါဘူး။ လူဦးရေနဲ့ နယ်အကျယ်အ၀န်းချင်း မတူညီတဲ့ ပြည်နယ်တွေပေါင်းစည်းထားတဲ့ အတွက် လွှတ်တော်နှစ်ရပ်ဟာ လိုအပ်နေပါတယ်။ ပြည်ထောင်စှုာ ထားရှိတဲ့ လွှတ်တော်နှစ်ရပ်ကျတော့ တစ်ရပ်နှင့်တစ်ရပ် ထိန်းကွပ်ရုံမက တော့ဘူး။ ပြည်နယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်တွေလည်း ပါလာပါတယ်။ ….ပြည်ထောင်စုထဲမှာ လူဦးရေ အင်မတန်များတဲ ပြည်နယ်လူဦးရေနည်းတဲ့ ပြည်နယ်တွေပါဝင်နေတဲ့အတွက် လူဦးရေအပေါ် အခြေတည်တဲ့ ဒီမိုကရေစီ သဘောတရားတစ်ခုတည်းထားလျှင် လူဦးရေများတဲ့ ပြည်နယ်ကြီးက ခေါင်းဆောင်တွေ စိတ်ထားမကောင်းရင် ပြည၏်နယ်ငယ်တွေ အပေါ် အစဉ်အမြဲ အနိုင်ကျင့်လက်ဝါးကြီးအုပ်နေမှာ မလွဲဘူး။ ဒါ့ကြောင့် နောက်လွှတ်တော်တစ်ရပ် ဖွဲ့စည်းတဲ့အခါမှာ လူဦးရေအချိုးအစားအလိုက် ဖွဲ့ဏည်းလို့ မဖြစ်ပါဘူး။ လူဦးရေနည်းသည် ဖြစ်စေ များသည်ဖြစ်စေ ကိုယ်စားလှယ်အရေအတွက် အညီအမျှနဲ့ ဖွဲ့စည်းရပါတယ်။” ဟူ၍ တင်ပြသွားသည်။
ဦးထွန်းမြင့်က ဖက်ဒရယ်မူကို ထောက်ခံဆွေးနွေးပြီးနောက် ဖက်ဒရယ်မူကို နောက်ဆုံး ထောက်ခံဆွေးနွေးသူမှာ ကယားဦးစိန် ဖြစ်သည်။ ၄င်းက-
“ဗိုလ်ချုပ်အောင်ဆန်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ သခင်မြ၊
မန်းဘခိုင်၊ ဆရာကြီး ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်းတို့ရဲ့ သွေးနဲ့
ချွေးနဲ့ ဇွဲနဲ့ မလျော့သောလုံ့လနဲ့ အမျိုးသားညီညွတ်ရေး၊ တရားမျှတရေး၊
လွတ်လပ်ရေးအခြေခံအုတ်မြစ်ချပြီး တည်ဆောက်တဲ့ ပြည်ထောင်စုကြီးဟာဖြင့်
စစ်မှန်ခြင်းမရှိတော့ဘဲ မစစ်မမှန်တဲ့ ပုံပန်းသဏ္ဍာန်မျိုးသို့
ပြောင်းလဲလာနေပြီဆိုတာကို ဥာဏ်မျက်စိဖြင့် ကြည့်ဖို့ပင် မလိုတော့ပါဘူး
သာမန်မျက်စိနဲ့ပဲ ကွင်းကွင်းကွက်ကွက် မြင်နေကြရလို့ ၀န်ကြီးချုပ်
အမိန့်ရှိသလို ပြည်ထောင်စုကြီး ပြိုကွဲတော့မလား၊ ပျက်စီးတော့မလားဆိုတာ
ကျွန်တော်တို့နဲ့တကါ ပြည်ထောင်စုသားတိုင်း ယကျုံးမရ စိုးရိမ်ကြောင့်ကြ
ပူပင်သောက ဖြစ်နေကြရပါတယ်” ဟု ပြောကြားခဲ့ပြီးနောက် ကယားဦးစိန်က
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် မြတ်စွာဘုရား၏
သာသနာတော်ကြီး ပျက်စီးမည့်အခြေအနေများပေါ်ပေါက်လာသည့်အတွက်
မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သုံးလအတွင်းမှာပင် ပထမသင်္ဂါယ
နာတင်ခဲ့ပုံ၊ ထို့နောက်လည်း ချွတ်ယွင်းချက်ရှိတ်ုငး မူရင်းကို
ထိခိုက်လာတိုင်း သာသနာ့ဒါယကာအမည်ခံမင်းများက ဦးစီး၍ သင်္ဂါယနာတင်ခဲ့ကြသည်မှာ
မင်းတုန်းမင်းတရားကြီး လက်ထက်အထိ ငါးကြိမ်ရှိခဲ့ပြီး
ဝန်ကြီးချုပ်ဦးနုလက်ထက်တွင်လည်း ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည့် သာဓကများ ရှိပုံကို
ကယားဦးစိန်က ရှင်းလင်းတင်ပြပြီးနောက်-
“မြတ်စွာဘုရားရဲ့ အဆုံးအမကို ပိဋကတ်တော်ကို
ဆေးကြောသုတ်သင်သင်္ဂါယနာတင်ခဲ့သလို ကျွန်တော်များရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကိုလည်း ခေါင်းဆောင်ကြီးများ ချမှတ်ထားတဲ့ ပြည်ထောင်စုစစ်စစ်
မူအတိုင်း တိကျမှန်ကန်အောင် စီစစ်လျက် ပြည်မပြည်နယ်အသီးသီးမှ
ခေါင်းဆောင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားပေးပါလို့
ပန်ကြားလိုပါတယ်” ဟူ၍ တင်ပြသွားသည်။ ကယားဦးစိန်က ဖက်ဒရယ်မူကို
ထောက်ခံဆွေးနွေးပြီးသောအခါ ထိုနေ့ဆွေးနွေးပွဲ နောက်ဆုံးအစီအစဉ်အရ
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်တော်ကြီးများသည်
ခေါက်ဆွဲနှင့် ကော်ဖီ တို့ကို သုံးဆောင်ခဲ့ကြသည်။
(မိုးမခမှ ကိုသန်းဝင်းလှိုင် ဆောင်းပါးများကို ပြန်လှည်တင်ဆက်ခြင်းဖြစ်ပါသည်။)
No comments:
Post a Comment