April 15, 2013

ကချင်ဖြစ်ရတဲ့ ဒုက္ခ - ဇော်မာန်

စစ်ရှောင် ကချင်အဖွားအို
 ဇော်မာန်
Apr 14, '13

အငြိမ့်ထဲက လူရွှင်တော်တွေ ပြက်လုံးထုတ်သလိုပေါ့။


“ရယ်လိုက်ရတာဖတ်ဖတ်မော ... ရင်ဘတ် နောက်ကကျော” လို့ပဲ အရွဲ့တိုက်လိုက်ချင်တယ်။

ဘယ့်နှယ်..ပြောလိုက်ပုံက ပိုင်စိုးပိုင်နင်းနဲ့၊ မသိရင် ကိုယ်ကပဲ လူယုတ်မာလိုလို။ အစကတော့ ကိုယ်က ဖာသိဖာသာပဲ နေမလို့ပါ။ ဒါပေမဲ့ မရှိတာထက် မသိတာခက်နေမှာ စိုးလို့ အမုန်းခံပြီး ပြောလိုက်ပါဦးမယ်။

အမှန်တကယ်တော့ သူ့အဖြစ်က ရယ်စရာလဲကောင်း၊ သနားစရာလဲကောင်း၊ အဲ ဒေါသထွက်မယ် ဆိုရင်လဲ ထွက်ချင်စရာ။အရှက်မရှိ၊ ပြောထွက်(ပြောရက်)တာကိုလဲ သြချပါရဲ့။ ဒက်စမွန်တူးတူးသာ သိရင် ဆင်နဲ့ကြွက်အကြား ဘယ်သူက အမှန်ဆိုတာ မဝေခွဲတတ်တဲ့သူတွေ ဗမာပြည်မှာ ရှိသေးပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်တယ်။

သြော်… ဖြစ်ကြောင်းကုန်စင်ရယ်လား။ မလောပါနဲ့၊ ကိုယ့်ဆရာကလဲ။ ပြောပြမှာပေါ့။ ဒီလို ... ဒီလို ...။


သူ့ကို Free rider လို့ သတ်မှတ်ရင် ရမလားပဲ၊ ဗမာလိုတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ကိုယ်ထမင်းဝနေရင် ဘေးချင်းကပ်အိမ် မီးလောင်နေတောင် “အော် ဟုတ်လား”ပဲ ပြောမယ့် လူစားမျိုး။ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုလဲ ဖာသိဖာသာအမြင်ထက် ထူးပြီး အာရုံမစိုက်သူပါ။

အဲလိုလူဆိုမှတော့ နိုင်ငံရေးနောက်ခံ၊ လူမျိုးရေးနောက်ခံ၊ သမိုင်းကြောင်း၊ အစဉ်အလာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခင်းအကျင်းတွေကို ဘယ်မှာ နားလည်ပါ့မလဲ။ ကိုယ်ပိုင်အသိအမြင်၊ အတွေးအခေါ်ရယ်လို့လဲ မရှိ။ စစ်အစိုးရကိုသာ ထိုင်ဆဲချင် ဆဲနေမယ်၊ အတွေအခေါ်ကတော့ စစ်အစိုးရ ရိုက်သွင်းထားတဲ့ မဟာမြန်မာနိုင်ငံတော်ကြီးများဆိုတဲ့ ၀ါဒမှိုင်းအောက်မှာပဲ ၀ါးလုံးခေါင်းထဲ လသာနေတဲ့သူ။ ခက်တာက မသိရင်မသိသလို မနေဘဲ၊ သူ့ဉာဏ်တစ်ထွာတစ်မိုက်နဲ့ မိုက်ကြေးခွဲတဲ့ စကားတွေ ပြောလာတာပဲ။

သိတဲ့အတိုင်းကိုယ်ကလဲ ကိုယ့်လူမျိုးအရေးဆို ဆတ်ဆတ်ထိ မခံအောင် ပြင်းထန်တဲ့သူ။ ကိုယ်က ကိုယ့် ကချင်လူမျိုးတွေအကြောင်း တက်တက်ကြွကြွနဲ့ ပြောဆို ဝေဖန်နေတာကို သူက အစပိုင်းမှာတော့ ဂရုမပြု ချင်ဟန်ဆောင်ပြီးကျော်ဖတ် သွားပါသေးတယ်။ နောက်ပိုင်းကျတော့ သူမနေနိုင်တော့ဘူး။ ကျနော့်ကို စွပ်စွဲလာတယ်။

ဘာတဲ့၊ ခွဲထွက်ရေးသမားတဲ့။ မြန်မာနိုင်ငံမြေပုံကို ခေါင်းဖြတ်ချင်နေတဲ့သူတဲ့။ ပြည်ထောင်စုကို ဖြိုခွဲမယ့်သူတဲ့။ ကိုယ်လုပ်နေတာဟာ မြန်မာနိုင်ငံကနေ မတရားရယူချင်နေတာတွေတဲ့။ သူပြောတာက ကိုယ်တစ်ယောက် တည်းတောင် မဟုတ်ပါဘူး။ ကိုယ်တို့ ကချင်လူမျိုးအားလုံး၊ ကေအိုင်အို/အေကိုပါ ၀ါးလုံးရှည်နဲ့ ရမ်းပြီး ခေါင်းစဉ်တပ်ပေးလိုက်တာပါ။

အစကတော့ကိုယ်လဲ နှုတ်ခမ်းတစ်လှန်၊ ပန်းတစ်လှန် ငြင်းခုန်မိပါသေးတယ်။ နောက်မှသေချာ ပြန်တွေးကြည့်မိတယ်။ ကိုယ်တို့ရပ်တည်နေတဲ့ Common ground၊ ကိုယ်တို့လက်ခံထားတဲ့ခံယူချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမှတော့ ဘယ်မှာ အဖြေရှာလို့ ရပါတော့မလဲ။ ဒါကြောင့် ကိုယ်က သူ့ရဲ့ စွတ်စွဲချက်တွေကို ဒဲ့မချေပဘဲ၊ သူ့ရဲ့ Ideologyတွေ စွဲတလောက်ဖြစ်နေပုံကိုပဲ ပြန်ထောက်ပြချင်ပါတယ်။ ပြီးတော့ ဒီ Ideology ဟာ သူတစ်ယောက်တည်းရဲ့ အမြင်မဟုတ်ဘဲ သူ့လိုမတောက်တခေါက်တွေ အားလုံးနီးပါး ဒီလိုပဲ မြင်ကြမယ်လို့ သဘောပေါက်သွားတာလဲ ပါတယ်။

ကိုယ့်ကိုသူကပြောတယ်။ ကိုယ်အပါအ၀င် ကချင်တွေဟာ ခွဲထက်ရေးသမား၊ ပြည်ထောင်စုကို ဖြိုခွဲမယ့်သူတွေတဲ့။

ကချင်တွေဟာ ပြည်ထောင်စုကနေခွဲမထွက်ပါဘူးဆိုတာ လိပ်ခေါင်းထွက်အောင် ပြောပြပြီးသွားပြီ။ ကချင်အရပ်သား လူကြီးတွေ၊ ကေအိုင်အိုက ထိပ်တန်းခေါင်းဆောင်တွေ လူသိရှင်ကြား ထုတ်ဖော်ပြောကြားပြီးသား။ပြီးတော့ သာမင်ညောင်ည ကိုယ်ကိုယ်တိုင်လဲ (ကိုယ့်အခြေအနေကိုယ် အားမနာဘဲ) ပြည်ထောင်စုကခွဲမထွက်ပါဘူးလို့ အတိအလင်း ပြောထားပါသဗျ။

ဒါကိုမှခုထိ ကချင်တွေကို ခွဲထွက်ရေးသမားတွေလို့ ပြောနေရင်တော့ ကိုယ်ကလဲ ပြန်မေးရတော့မယ်။ ‘မင်းတို့စိုးရိမ်နေတာက ပြည်ထောင်စုကနေ ခွဲထွက်မှာကိုလား၊ ပြည်မက ဗမာတို့ရဲ့ ဗဟိုချုပ်ကိုင်မှုအောက်ကနေ လွတ်လပ်သွားမှာကိုလား’ လို့။ မြန်မာနိုင်ငံကိုတစ်ပြည်ထောင် ဗဟိုချုပ်ကိုင်မှုအောက်မှာပဲ ထားချင်ပြီး၊ ပြည်နယ်ဒေသလေးတွေ မည်ကာမတ္တ ပိုင်းခြားသတ်မှတ်ပေးထားတာကိုမှ ပြည်ထောင်စုစနစ်ရယ်လို့ ၀ါးလုံးခေါင်းထဲက အမြင်ကျဉ်းကျဉ်းနဲ့ သုံးသပ်ရင်တော့ကချင်တွေဟာ အဲဒီမင်းတို့နားလည်ထားတဲ့ ပြည်ထောင်စုပုံစံကနေ ခွဲထွက်နေတာပါလို့ ပြန်ဖြေရပါမယ်။ဒီလို ၀ါးလုံးခေါင်းထဲက ပြည်ထောင်စုလရောင်က သူတို့ လူမျိုးကြီးတွေရဲ့ Ideology တစ်ခုပါပဲ။

နောက်တစ်ချက်သူပြောတာက မြန်မာနိုင်ငံမြေပုံကို ခေါင်းဖြတ်ဖို့ ကြိုးစားနေကြတာ ဆိုပဲ။ ပင်လုံစာချုပ်နဲ့ သာချုပ်မထားရင် မြန်မာနိုင်ငံဆိုတာ ၀ါးခြမ်းပြားလေး ထောင်ထားသလို ပြားချပ်ချပ်လေး ဖြစ်နေမှာကိုတော့ (ဉာဏ်မမီတော့) မသိဘူးနဲ့ တူပါတယ်။ ပြီးတော့ အဘဦးအောင်မင်းတို့ရဲ့ ကျေးဇူးရှင်ဆိုသူတွေနဲ့လဲဘယ်နေရာမှာမှ နယ်နိမိတ်ထိစပ်မှု ရှိမှာ မဟုတ်တဲ့အကြောင်း ပြောပြချင်သေးတယ်။

ဒီလိုနယ်ပယ်ဒေသတွေ ပေါင်းစပ်ပြီးမှ ဒီနေ့မြန်မာနိုင်ငံမြေပုံ ဖြစ်လာတဲ့အကြောင်းနဲ့ တခြားအခြေခံ နောက်ကြောင်းကို မသိဘဲ၊ ပိုင်စိုးပိုင်နင်း ဒီဒေသတစ်ခုလုံး သူ့ဘကြီးပိုင်တဲ့လယ်ကွက်လို သဘောထားလို့ ဘယ်ရမလဲ။ ခွဲမထွက်ရဘူး၊ ဒါ ငါပိုင်တာ၊ မင်းတို့ကို သနားလို့ပေးနေတာ ဆိုတဲ့အချိုးမျိုး ချိုးလာတာကတော့ တကယ်ပဲ တောဆန်လွန်းပါတယ်ကွယ်။ ကိုယ်ဒေသ၊ကိုယ့်လူမျိုးအခွင့်အရေး တောင်းဆိုတာကပဲ သူတို့ မြန်မာနိုင်ငံ ဆိုတာကြီးကနေ မတရားသဖြင့် တောင်းယူနေတာတွေ ဖြစ်ရပြန်ပါသတဲ့။

ကဲပါ၊ မခွဲထွက်ရဘူးဆိုရင် ဘာကြောင့် ခွဲထွက်ခွင့်မရှိသလဲဆိုတဲ့ အကြောင်းပြချက်တွေ ၅ ခုလောက်ခိုင်ခိုင်လုံလုံ ပြောပြစမ်းပါ။ ဘာကြောင့် ပြည်ထောင်စုထဲမှာ ဆက်လက် ပါဝင်သင့်သလဲ (ပြည်ထောင်စုထဲမှာပါရင်ဘယ်လိုအခွင့်အရေးတွေ ခံစားခွင့်ရှိမလဲ) ဆိုတဲ့ အချက်တွေ အပါအ၀င်ပေါ့။

ကိုယ်ကလဲခွဲထွက်ချင်ရင် ခွဲထွက်လောက်ရာ အကြောင်းပြချက်တွေ အကြောင်းနဲနဲလေး ပြောလိုက်ပါဦးမယ်။ (ကချင်တွေမှာတော့ ခွဲထွက်မယ်ဆိုရင် ခွဲထွက်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေက ရှိပြီးသား။ မခွဲထွက်ချင်လို့သာ စကားအစ မဖော်တာဆိုတော့။)


ခွဲထွက်မယ်ဆို ခွဲထွက်သင့်တဲ့အကြောင်းပြချက်များ

သင်္ချာပုစ္ဆာတွက်သလိုပေါ့၊ Assume လုပ်ကြည့်ကြရအောင်ပါ။ တကယ်ပဲ ကချင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်ပြီးသီးခြားနိုင်ငံအနေနဲ့ ရပ်တည်ဖို့ လုပ်နေတယ်ဆိုပါစို့။ 

ကချင်၊ ရှမ်း၊ ဗမာဆိုတာ ကိုလိုနီခေတ်မှာ သီးခြားစီကျွန်ဖြစ်နေကြတဲ့ ဗြိတိသျှကိုလိုနီနယ်ပယ်တွေ။ဒုတိယကမ္ဘာစစ် အပြီး ကိုလိုနီနိုင်ငံတွေကို လွတ်လပ်ရေးပေးတဲ့ အချိန်မှာလဲ သီးခြားစီလွတ်လပ်ရေး ရယူပြီး၊ သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်ခွင့်ရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ ကချင်နိုင်ငံ၊ ရှမ်းနိုင်ငံ၊ ချင်းနိုင်ငံရယ်လို့ပေါ့။ ဒါပေမဲ့ ပြည်ထောင်စုထဲပါချင်လို့ စာချုပ်စာတမ်းနဲ့ ၀င်လာတယ်။ ကချင်တွေ ဒီလို ပြည်ထောင်စုထဲ ၀င်လာလို့ ဘယ်လိုအခွင့်အာဏာတွေ၊ ဆုံးရှုံးခဲ့ရ (ဆုံးရှုံးနေရ) ပါသလဲ။

ကချင်တွေရဲ့ထူးခြားတဲ့ ယဉ်ကျေးမှုသင်္ကတ အမှတ်အသား မနော
ကချင်တွေရဲ့ Identity ဆုံးရှုံးနေရပါတယ်။ သီးခြားလွတ်လပ်ရေး ယူမယ်ဆိုရင် ကချင်နိုင်ငံ၊ မြန်မာ(ဗမာ)နိုင်ငံရယ်လို့ သီးခြား Identity အသီးသီးနဲ့ ရပ်တည်နိုင်မှာ ဖြစ်ပေမဲ့၊ ပြည်ထောင်စုထဲ ၀င်လိုက်တဲ့အတွက် ကချင်နိုင်ငံဆိုတဲ့ သီးခြားဖြစ်မှု Identity ကို စွန့်လွတ်ထားရပါတယ်။ ကမ္ဘာပေါ်မှာ ကချင်နိုင်ငံဆိုတာမရှိပါဘူး။ ကချင်နိုင်ငံရယ်လို့ ဘယ်သူမှ မသိကြပါဘူး။
တန်ရဲ့လား။ မတန်ပါဘူး။ သီးခြားနိုင်ငံဖြစ်မှုဆိုတဲ့ Identity ကိုစွန့်ပြီး ပြည်ထောင်စုထဲ ပါဝင်လာပေမယ့်၊ပြည်ထောင်စုထဲမှာ တန်းတူအခွင့်အရေးမရပါဘူး။ ကချင်နဲ့ ဗမာ အဆင့်ချင်းတူတဲ့ တိုင်းပြည်နှစ်ခုပေါင်းလိုက်လို့၊ သီခြားပြည်ထောင်စုဖြစ်မလာဘဲ၊ ကချင်နိုင်ငံခမျာ ဗမာနိုင်ငံရဲ့ လက်ဝေခံပြည်နယ်အဆင့်ကို လျော့ကျသွားတယ်။ ဗမာနိုင်ငံထဲက စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့လို နယ်ပယ်ဒေသတွေနဲ့ တန်းတူအဖြစ် အဆင့်လျှော့ချခံလိုက်ရတယ်။ ကဲ အဲဒီတော့ ဒီပြည်ထောင်စုထဲ ဆက်နေနေတာ ဘာအကျိုးရှိသေးလဲ။ ခွဲထွက်ချင်စရာ ဖြစ်မလာဘူးလား။ နဂိုအတိုင်း သီးခြားလွတ်လပ်တဲ့ ကချင်နိုင်ငံပြန် မတည်ထောင် သင့်ဘူးလား။ ဒါက အကြောင်း (၁) …

ကချင်တွေဘာဖြစ်စေချင်သလဲ ဟုတ်လား။ ရှင်းပါတယ်ကွယ်။ ဗမာလဲ ပြည်ထောင်စုထဲက တိုင်းရင်းသား တစ်မျိုးဖြစ်တဲ့အတွက်၊ ပြည်ထောင်စုကို ဗမာများကပဲ လက်ဝါးကြီးအုပ်ထားခြင်းကို ပြောင်းလဲရမှာပေါ့။ကချင်တွေလဲ ပြည်ထောင်စုထဲမှာ ဂုဏ်သရေရှိရှိ တန်းတူညီမျှစွာနဲ့၊ လွတ်လပ်သော ပြည်ထောင်စုဝင်အဖြစ်ပါဝင်ချင်တယ်။

ဗမာတွေကျွန်မဖြစ်ချင်သလို ကချင်တွေလဲ ကျွန်မဖြစ်ချင်ဘူး..။ ဗမာတွေ ကိုယ့်ဒေသကိုယ် အုပ်ချုပ်ချင်သလို (လွတ်လပ်ရေးရချင်သလို)၊ ကချင်တွေလဲ ကိုယ့်ဒေသကိုယ် အုပ်ချုပ်ချင်တယ်။ သူများတွေ လာအုပ်စိုးပြီးဂုတ်သွေးစုတ်နေတာ မလိုချင်ဘူး။
အားလုံးသာတူညီမျှပေါ့။ ပြည်ထောင်စုထဲမှာ ဗမာပြည်နဲ့ ကချင်ပြည်အဆင့် တူရမယ်။ ဗမာပြည်မှာ လွတ်တော်ရှိရင်၊ ကချင်ပြည်မှာအဆင့်တူတဲ့ လွတ်တော်ရှိရမယ်။ ဗမာပြည်မှာ အုပ်စိုးသူအစိုးရရှိသလို၊ ကချင်ပြည်မှာလဲ အဆင့်တူအုပ်စိုးသူအစိုးရ ရှိရမယ်။ ဗမာပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့ရှိရင် ကချင်ပြည်မှာလဲ လက်နက်ကိုင်တပ်ရှိရမယ်။ ကချင်တွေကို လက်နက်ကိုင်တပ် မရှိစေချင်ရင် ဗမာတွေမှာလဲ လက်နက်ကိုင်တပ် မရှိရဘူး။

လက်ရှိတပ်မတော်ဆိုတာကြီးက ဗမာတွေရဲ့ လက်နက်ကိုင်တပ်သာ မဟုတ်ဘဲ၊ ပြည်ထောင်စုတစ်ဝမ်းလုံးရဲ့ပြည်ထောင်စုတပ်ဖြစ်ကြောင်း ပြချင်ရင်၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှပါဝင်တဲ့ ပြည်ထောင်စုအစိုးရအောက်မှာ ငြိမ်ဝပ်ပိပြားစွာ အမိန့်နာခံ တာဝန်ထမ်းရွက်ရမယ်။ တပ်ထဲမှာ တိုင်းရင်းသားလူမျိုးစုံ တန်းတူပါဝင်ခွင့်ရှိရမယ်။ ဒါတွေ မဖြည့်ဆည်းဘဲ၊ ပြည်ထောင်စုတပ်ပါလို့ ဖင်ပိတ်ငြင်းနေလို့မရဘူး။ တိုင်းရင်းသားပေါင်းစုံ တန်းတူပါဝင်သော ပြည်ထောင်စုပုံစံမဟုတ်ဘဲ၊ ဗမာကြီးစိုးသောဝါးလုံးခေါင်းပြည်ထောင်စုပုံစံကို သစ္စာတော်ခံနေသ၍ ဗမာစစ်တပ်ပဲ ဖြစ်မှာပဲ။ ခုလဲ ပညာတတ်အသိုင်းအ၀ိုင်းရော၊အောက်ခြေအရပ်သားတွေပါ ဒီလိုပဲ မြင်နေကြပါတယ်။

ခုမှဒါတွေ ပြန်ပြောနေရတာ သိပ်တော့ မကောင်းပါဘူးဗျာ။ တစ်ချိန်တုန်းကတည်းက ဗိုလ်ချုပ်ကိုယ်တိုင် ဗမာတစ်ကျပ်၊ ကချင်တပ်ကျပ်လို့ ကတိပေးခဲ့ပြီးသား။ ပင်လုံစာချုပ်မှာလဲ တောင်တန်းသားများဟာ မြေပြန့်နေ ဗမာများနည်းတူ အခွင့်အရေးတန်းတူ ရရှိရမယ်လို့ ထည့်သွင်းချုပ်ဆိုထားတယ်။

ကချင်တွေကလောဘမကြီးပါဘူး။ ပကာသနလဲ မမက်ပါဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေ၊ ကိုယ့်ယာကိုယ်လုပ်ပြီး၊ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် သီးသီးခြားခြား လွတ်လွတ်လပ်လပ်၊ အေးချမ်းစွာပဲ နေလိုကြတာပါ။ ဘယ်သူ့ကိုမှလဲ မကျူးကျော်ဘူး။ ပထမကချင်နိုင်ငံတော်၊ ဒုတိယကချင်နိုင်ငံတော်ဆိုတာတွေ တည်ထောင်ဖို့ ဘယ်လူမျိုးကိုမှ စစ်မခင်းခဲ့ဘူး။ သာသနာကို အကြောင်းပြပြီး ဘယ်လူမျိုးဆီကမှလဲ ဘာသာရေးကျမ်းဂန်တွေ မလုယူခဲ့ဘူး။ ဘယ်လူမျိုးဆီကမှ ဆင်ဖြူတော် မတောင်းခဲ့ဘူး။ အရှင်းဆုံးပြောရရင်၊ရွာ (၂၀ - ၃၀) လောက်ကို အုပ်ချုပ်တဲ့ ဒူဝါကြီးတွေအဆင့်ကလွဲလို့ ဘုရင်၊ ဧကရာဇ်ဆိုတာမရှိဖူးဘူး။

လောဘမကြီးလို့ပဲ ကိုယ်ပိုင်နိုင်ငံတည်ထောင်ခွင့်ဆိုတဲ့ အခွင့်အရေးကို စွန့်ပြီး ပြည်ထောင်စုထဲ ခြေစုံပစ်ဝင်ခဲ့တာပေါ့။ ကိုယ့်ယာခင်းလေးကိုပဲ အနှောင့်အယှက်ကင်းကင်းနဲ့ လုပ်ကိုင်စားသောက်ချင်ရုံပါ။ဒါပေမဲ့ လောလောဆယ် ကိုယ့်ဒေသမှာ ကိုယ်မနေရဘဲ၊ စစ်ဘေးရှောင်စခန်းရောက်နေတဲ့ လူဦးရေတစ်သိန်းကျော်ပါတယ်။ ပြည်မတပ်တွေ စစ်ဆင်လာလို့ ခွေးပြေး ၀က်ပြေး ပြေးခဲ့ရတာ ဘယ်အချိန်မှ ကိုယ့်ယာခင်းဆီ ပြန်ရောက်မယ်မှန်း မသိနိုင်ဘူး။ ဒီလို တင်းတိမ်ရောင့်ရဲစွာ နေချင်တဲ့အခြေခံအခွင့်အရေးတောင် မရမှတော့၊ ဘယ်မှာလဲ … ဗိုလ်ချုပ်ပြောခဲ့တဲ့ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ထွီ ... ရွံလိုက်တာ…။

ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာတွေ လာမပြောနဲ့၊ ခေါက်ထားလိုက်တော့။ ကိုယ့်ပြည်နယ်မှာစစ်ပွဲဖြစ်နေတာကို ပြည်နယ်အစိုးရက လက်ပိုက်ကြည့်နေရသတဲ့ (ပြည်ထောင်စုတပ်မတော်တော့ ဖြစ်ချင်လိုက်သေး)။ ဒါလားဟဲ့ တိုင်းရင်းသားအခွင့်အရေး။ ဒါလားဟဲ့ အာဏာခွဲဝေမှု။ ကဲ … ဒါက အကြောင်း (၂) …

ပြည်ထောင်စုကနေ ခွဲထွက်မယ်ဆို ခွဲထွက်သင့်တဲ့ အကြောင်းချင်းရာတွေကို ရေးပြတာပါ။ တကယ်ခွဲထွက်ဖို့ ဦးတည်နေတယ်လို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်လိပ်ပြာကိုယ် ပြန်သုံးသပ်လိုက်မိတယ် ဆိုရင် တော်ပါပြီ။

ကဲ..ကချင်တွေကို၊ ကေအိုင်အို/ကေအိုင်အေကို ခွဲထွက်ရေးတွေလို့ စွပ်စွဲနေသူတွေကကော ဘာကြောင့်ခွဲမထွက်သင့်သလဲ ဆိုတဲ့ အကြောင်းပြချက်လေးတွေ ပေးနိုင်ပါ့မလား။ ကချင်တွေအပေါ် ပြည်ထောင်စုကဘယ်လိုကောင်းအောင် လုပ်ထားပေးတယ်ဆိုတဲ့ အကြောင်းလေးတွေ ကြားတော့ ကြားချင်မိသားဗျို့။ ပြည်ထောင်စုမှာ ဆက်နေရင် ဘယ်လို အကျိုးဖြစ်ထွန်းမယ်၊ ဘယ်လို အခွင့်အရေးတွေ ရမယ်ဆိုတာတွေလဲပြောပြမယ့်သူသာ ရှိရင် သိချင်လှပါပေ့။

ဗမာ့ဖက်ဆစ်တပ်မတော်ရန် ထွက်ပြေးရှောင်နေရတဲ့ ကလေးငယ်များ 

ဥပမာ... ကချင်ပြည်မှာ ဘာသယံဇာတမှ မထွက်တဲ့အတွက် ပြည်မကပဲ ထောက်ပံ့နေရတဲ့အကြောင်း၊ ကချင်ပြည်မှာစိုက်တဲ့ ဆန်ရေစပါးပမာဏက ကချင်ပြည်မှာတင် သုံးဖို့ မလုံလောက်တဲ့အတွက် ပြည်မက သနားကရုဏာကြီးစွာ ပေးကမ်းစွန့်ကြဲနေရကြောင်း၊ (နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ရပ်ရဲ့ တရားဝင်စစ်တပ်က ရက်ပေါင်းများစွာ လေကြောင်းစစ်ဆင်ခြင်းကို ကြံ့ကြံ့ခံနိုင်တာကလွဲလို့) လောက်လောက်လားလား ယုံကြည်စရာ လက်နက်ကိုင်တပ် မဖွဲ့စည်းနိုင်တဲ့အတွက် ပြည်ထောင်စုတပ်မတော်ဆိုတာကြီးက တပ်ရင်းတပ်မပေါင်းများစွာနဲ့ ကချင်ပြည်ထဲ တပ်စွဲပြီး ဘယ်က ရောက်လာမယ်မှန်း မသိတဲ့ ပြည်ပရန်သူတွေကို ခုခံပေးနေရကြောင်း၊ စသဖြင့် ပြည်ထောင်စုက ကချင်တွေကို ပေးမယ့် အထူးအခွင့်အရေးတွေကို ပြောပြပေးပါဦး။

ပြည်ထောင်စုထဲမှာနေပျော်အောင်တော့ မထားဘဲနဲ့၊ ခွဲထွက်ချင်တဲ့ကောင်တွေလို့ အပြစ်ဖို့နေတာကတော့ လူမျိုးကြီးဆိုတာတွေရဲ့ စိတ်ဓာတ်ပဲ ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ စိတ်ဓာတ်ဆိုတာ တော်တော်အရေးကြီးတာကလား။ ဒီစိတ်ဓာတ်က လူကိုမောင်းနှင်တာ၊ ပြီးတော့ အဲဒီလူက တိုင်းပြည်ကို မောင်းနှင်နေရတာလေ။ စိတ်ဓာတ်မမှန်ရင်၊ တိုင်းပြည်ဇောက်ထိုးဖြစ်မှာပဲ။

လွတ်လပ်ရေးရပြီးကတည်းက ပြည်ထောင်စုကြီး ဇောက်ထိုးဖြစ်သွားတယ်။ အဲဒီခေတ်က ပြည်ထောင်စုကို လက်ဝါး ကြီးအုပ်ထားသူတွေ စိတ်ဓာတ်မမှန်လို့ပေါ့။ ဒါရှင်းပါတယ်။ သံဝေဂလဲ ရသင့်ပြီ။ ဒီလိုပဲ ဆက်လက်ဝါးကြီး အုပ်ထားရင်တိုင်းပြည်က ဇောက်ထိုးဖြစ်ဦးမှာပဲ ဆိုတာ သိသင့်နေပြီ။

အမြင်မှန်ရပြီး ပြင်ဆင်ရတော့မယ့်အချိန်။ ဒီကပ်ဆိုးကြီးအတွက် တာဝန်ရှိတာဟာ အာဏာရှင်တွေသာ ဖြစ်တယ်လို့လဲ တစ်ထစ်ချ မယူဆနဲ့။ အရင်ခေတ်ကို အသာထား၊ ကိုလိုနီနောက်ပိုင်း ဗမာလူမျိုးသမိုင်းမှာ အာဏာရှင်စနစ်နဲ့ကင်းလွတ်တာ ဘယ်နှနှစ်လောက် ရှိခဲ့ဖူးလို့လဲ။ အာဏာရှင်တွေအားလုံးက ဘာလူမျိုးတွေလဲ။
ဗမာစစ်တပ်လေကြောင်းရန်ကို ရှောင်ဖို့ ကျောက်ဆောင်ကြားမှာ ပုန်းခိုနေရတယ်

ဗမာလူမျိုးရဲ့စိတ်ဓာတ်နဲ့ အာဏာရှင်စနစ်ဆိုတာ ခေါင်းနဲ့ပန်းလိုပဲ။ ဒါကိုမှ တိုင်းပြည်ဆင်းရဲတာ အာဏာရှင်တွေကြောင့်ပါ၊ ဗမာလူမျိုးတွေကတော့ တခြားတိုင်းရင်းသားများနည်းတူ နင်းပြားပါပဲ ဆိုရင်တော့ ရွာသာကြီးပို့ဖို့ လိုနေပြီ။

အဲဒီတော့ဗျာ။ နိဂုံးချုပ်တော့မယ်။ ကချင်တွေပြည်ထောင်စုထဲမှာ ကြည်ကြည်သာသာရွှင်ရွှင်လန်းလန်း ပါဝင်သင့်ကြောင်း၊ ပင်လုံကတိက၀တ်နဲ့ အညီအခွင့်အရေးတန်းတူညီမျှ ရရှိလျက်ရှိပါကြောင်း ခိုင်ခိုင်မာမာ မပြနိုင်ဘဲနဲ့၊ ကိုယ်အခွင့်အရေးကိုကိုယ်ပြန် တိုက်ယူနေတဲ့ သူတွေကို ခွဲထွက်ရေးတွေ၊ မြန်မာပြည်ကို ခေါင်းဖြတ်မယ့် သူတွေလို့မြင်နေရင်တော့ မင်းစိတ်ဓာတ်ဟာ လူမျိုးကြီးအာဏာရှင်စနစ်ဆီ ဦးတည်နေတယ်ဆိုတာ သတိပေးချင်တယ်။မင်းတစ်နေ့ စင်ပေါ်ရောက်ရင် အာဏာရှင် ဖြစ်သွားမှာပဲ၊ လူနည်းစုတိုင်းရင်းသားတွေကို အထင်အမြင်သေးပြီးလူမျိုးကြီးဝါဒီ ဖြစ်သွားမှာပဲ။

ကိုယ်ကတော့အေးဆေးပါပဲ။ ဒီစာကို ရေးတာကလဲ ကေအိုင်အို/ကေအိုင်အေအတွက် ရေးနေတာ မဟုတ်ဘူး။ ကချင်တစ်မျိုးသားလုံးအရေးအတွက် ရေးနေတာ။ ကိုယ်က ကေအိုင်အိုအတွက် အလုပ်လုပ်နေတာလဲ မဟုတ်ဘူး၊ ကေအိုင်အိုနဲ့အတူ ကချင်အမျိုးသားလွတ်မြောက်ရေးအတွက်လုပ်နေတာ။

ကချင်ဖြစ်ရတဲ့ဒုက္ခကနေ လွတ်မြောက်ပြီး၊ ကချင်ဖြစ်ရတဲ့ သုခဖြစ်အောင် ကြိုစားနေတာ။

အဲဒီတော့ဒီလိုမျိုး ဗဟိုချုပ်ကိုင်မှုကနေ လွတ်မြောက်အောင် ကြိုစားတာကို မြန်မာပြည်မြေပုံ ခေါင်းဖြတ်တယ်လို့ ပြောချင်ရင်တော့ ကိုယ်ကလဲ ပြန်ပြောရမှာပဲ။ ဗဟိုချုပ်ကိုင်မှုကိုသာ ဆိုရင်တော့ ခေါင်းဖြတ်ရုံမကဘူး၊ နှလုံးကိုပါ ဆွဲနှုတ်ဦးမယ်။

နောက်ဆုံးအကြိမ် ထပ်ပြောမယ်။ ကိုယ်လုပ်နေတာဟာ ခွဲထွက်ရေးမဟုတ်ဘူး၊ ဗဟိုချုပ်ကိုင်မှုမှ လွတ်မြောက်ပြီး အမျိုးသားတန်းတူညီမျှမှု ရရှိရေးဖြစ်ပါတယ်။

No comments:

Post a Comment