May 26, 2013

သမီးလည်းဆုံး၊ အဖေလည်း တရားစွဲခံရ (Kachin State)

ဆုယူနေသည့် မဂျာဆိုင်းအိန်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း သမီးဖြစ်သူ မဂျာဆိုင်းအိန် သေဆုံးခဲ့မှုအတွက် စုံစမ်းစစ်ဆေးပေးပါရန် နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြခဲ့သည့် ဖခင်ဦးဘရန်ရှောင်သည် ယင်းသို့တင်ပြမှုနှင့် ပတ်သက်၍ တရားစွဲဆိုခံရပြီး အမှုအား ဆက်လက်ရင်ဆိုင်နေကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က မိုင်းဗုံးပေါက်ကွဲပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ကျောင်းဆင်းချိန် ပြန်လာသော ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန်သည် ၎င်းတက်ရောက်နေသည့် မှော်ဝမ်းအထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ် လမ်း၌ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဦးဘရန်ရှောင်သည် ၎င်း၏သမီး သေဆုံးမှုနှင့် ပတ်သက်၍ မိမိ၏သမီး သေဆုံးမှုမှာ တပ်မတော်မှ ပစ်လိုက်သော ကျည်ဆန်ဒဏ်ရာကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေး ကော်မရှင်၊ စစ်ဗျူဟာရုံးများ၊ ၀န်ကြီးဌာနများနှင့် နိုင်ငံတော် သမ္မတအထိ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ပန်ကြားစာ ပေးပို့ခဲ့သည်။
ယင်းအပေါ် ဖားကန့်ဒေသ ဗျူဟာကုန်းမှ ဗိုလ်မှူးတစ်ဦးက ပုဒ်မ- ၁၂၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
"အမှုက သဘာဝမကျဘူး။ သမီးလည်းဆုံး၊ တရားလည်း အစွဲခံရတယ်။ ကျွန်တော်လည်း တိုင်တာမဟုတ်ဘူး။ ကျွန်တော့်သမီး အတွက်နဲ့ ဒီလောက်လုပ်ပိုင်ခွင့် ရှိတယ်လို့ မိဘတစ်ဦး အနေနဲ့ ယူဆတယ်ပေါ့။ အဖြစ်မှန် ဖော်ထုတ်ဖို့ လုပ်တာပါ။ အရေးယူပေးပါလို့ ပြောတာမဟုတ်ဘူး။ အဓိကကတော့ အဖြစ်မှန် ပေါ်ဖို့ပဲ။ ကွင်းဆင်းစစ်ဆေးတာလည်း မရှိဘူး။ တရားစွဲတဲ့ ဗိုလ်မှူးဇာနည်မင်းပိုက်ကလည်း စစ်ဆေးရေး ခုံရုံးအဖွဲ့ထဲမှာ ပါတယ်။ ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ သူမသိဘူးလို့ ဟိုတစ်နေ့ကပဲ တရားရုံးမှာပဲ ထွက်ဆိုခဲ့ပါတယ်" ဟု ဦးဘရန်ရှောင်က ၂၀၁၃ ခုနှစ် မေ ၂၅ ရက်က ပြောပြသည်။

မဂျာဆိုင်းအိန် သေဆုံးမှု သတင်းနှင့် ပတ်သက်ပြီး Weekly Eleven ဂျာနယ်တွင် ၂၀၁၂ စက်တင်ဘာလ အတွင်းက ဖော်ပြခဲ့စဉ်
"ရှေ့နေငှားတာ အဆင်ပြေတယ်။ ရှေ့နေကွန်ရက် အဖွဲ့က သုံးဦးကူညီတယ်။ ရှေ့နေတွေကို ထောက်ပံ့ဖို့တော့ မရှိသေးဘူး။ အသွားအလာ စရိတ်ကုန်တာပေါ့။ ရပ်မိရပ်ဖတွေပဲ ကုန်ကျခံတာပါ။ တရားလိုဘက်က သက်သေတွေ အစုံမလာနိုင်တော့ ခက်တာပေါ့။ လွန်ခဲ့တဲ့ မေ ၂၀ ခြောက်ကြိမ် ရုံးချိန်းမှ အစုံလာနိုင်တယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။  
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။    
နှစ်ပေါင်း ၁၇ နှစ်အကြာ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ဖြစ်ပြီးနောက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်များတွင်ပါ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာခဲ့သည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်း၌ တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မူရင်းနေရပ်မှ စစ်ဘေးရှောင်ကာ ဒုက္ခသည် စခန်းများသို့ ခိုလှုံရောက်ရှိလာသူ အရေအတွက်သည်လည်း သောင်းဂဏန်းသို့ ရောက်ရှိခဲ့သည်။

ကျွန်တော့်သမီး အတွက်နဲ့ ဒီလောက်လုပ်ပိုင်ခွင့် ရှိတယ်လို့ မိဘတစ်ဦး အနေနဲ့ ယူဆတယ်ပေါ့။ အဖြစ်မှန် ဖော်ထုတ်ဖို့ လုပ်တာပါ။ အရေးယူပေးပါလို့ ပြောတာမဟုတ်ဘူး။ အဓိကကတော့ အဖြစ်မှန် ပေါ်ဖို့ပဲ . . . . .
ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန် စစ်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်က စတင်ဖြစ်ပွားခဲ့သော တစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကာလအတွင်း သေဆုံးခဲ့ရသော မြေစာပင်များတွင် အသက် ၁၄ နှစ်အရွယ်မျှသာ ရှိသေးသည့် မဂျာဆိုင်းအိန်လည်း ပါဝင်လာခဲ့ပါသည်။
"ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့ အချိန်မှာ ရပ်ကွက်သူ ရပ်ကွက်သား အားလုံးကို ခေါ်ထုတ်ပြီး ယောက်ျားနဲ့မိန်းမ သတ်သတ်စီ ခွဲထားလိုက်တယ်။ ပြီးတော့ ဦးဘရန်ရှောင်ဆိုတာ ဘယ်သူလဲလို့မေးပြီး ကျွန်တော့်ကို ခေါ်ထုတ်သွားတယ်။ နောက်ပြီး မီးဖိုချောင်လေးမှာ ရဲဘော်နှစ်ယောက်နဲ့ ကျွန်တော့်သမီးကို ဒဏ်ရာတွေနဲ့ တွေ့ရတာပဲ။ ကျွန်တော်က စစ်ကြောင်းမှူးကို ဆေးရုံပို့ချင်တယ်ဆိုတော့ ကျွန်တော်တို့ စစ်ကြောင်းထွက်မှ ပို့ပါလို့ သူကပြောပါတယ်။ တကယ်တော့ ကလေးက သွေးလွန်လို့သေရတာ။ သူတို့ထွက်သွားမှ ရပ်ကွက်က ကားအကူအညီနဲ့ ဆေးရုံကို ပို့ရတာ။ ဆေးရုံရောက်တော့ ညနေ ၆ နာရီ ကျော်ပြီ" ဟု ဦးဘရန်ရှောင်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက Eleven Media သို့ ပြောကြားထားသည်။
စက်တင်ဘာ ၁၃ ရက် ပစ်ခတ်မှုများကြောင့် မှော်ဝမ်းမှ မဆိုင်းလုပန် (အသက် ၁၇ နှစ်)၊ ဂလောင်းခေါဘောမ် (ခ) ယာကု (အသက် ၃၆ နှစ်)၊ ကိုကျော်ထိန်လင်း (အသက်၂၇ နှစ်)၊ ခေါဆောင် (အသက် ၃၅ နှစ်)၊ ဆွတ်ငိုင်ရန်မှ ကိုစိုးမိုး (အသက် ၄၄ နှစ်)၊ မှော်ဝမ်းစစ်ပြေး ဒုက္ခသည် မလုဘူခွန်ဆိုင်း (အသက် ၃၁ နှစ်)၊ မလုဘူဂျာလုအွန် (အသက်ရှစ်နှစ်) တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
လက်ရှိတွင် ဦးဘရန်ရှောင်အား တရားစွဲဆိုမှုနှင့် ပတ်သက်၍ တရားလိုနှင့် တရားလိုပြ သက်သေများကို စစ်ဆေးနေသည့် အဆင့်သာ ရှိသေးကြောင်း ရှေ့နေဦးရွှေလှက ပြောပြသည်။
"တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်နဲ့ တရားလိုပြ ဆရာဝန်ကောင်းမြတ်စံကို စစ်ပြီးသွားပါပြီ။ တရားလိုပြ ရှစ်ယောက်မှာ ခြောက်ယောက်ကျန်သေးတယ်။ ဇွန်လ ၃ ရက်နေ့ ဆက်စစ်မှာပါ။ အဖြစ်မှန်ကိုတော့ အခင်းဖြစ်တုန်းမှာရှိတဲ့ သက်သေတွေကို စစ်ဆေးပြီး ဖော်ထုတ်ရမှာပါ။ ဦးဘရန်ရှောင် တိုင်ကြားရတဲ့ အကြောင်းအရင်းကတော့ ဖြစ်နေတုန်း အခြေအနေ အကြောင်းအရာတွေကို မူတည်ပြီး တိုင်တယ်လို့ ဆိုပါတယ်။ စုံစမ်းရေး အဖွဲ့ကတော့ ရွာထဲမှာ ပစ်တယ်၊ မိုင်းကွဲတယ်၊ လက်နက်ကြီး သို့မဟုတ် မိုင်းစလို့ ယူဆရတယ်။ ဦးဘရန်ရှောင်ကတော့ တပ်မတော်သား ပစ်တဲ့ကျည်ဆန်မှန်လို့ သူ့သမီးသေတယ်လို့ သူယုံကြည်ပြီး တိုင်တာပါ" ဟု ၎င်းကပြောပြသည်။
"ဥပဒေအရတော့ တစ်ဖက်သားကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်ကြံစည်ပြီး လိမ်လည်တိုင်ကြားမှ ပြစ်မှုမြောက်တာပါ။ အဖြစ်မှန်ကိုတော့ နှစ်ဖက်စလုံး သက်သေခေါ်ပြီး စစ်ရဦးမှာပါ။ ယုံကြည်လောက်စရာ အကြောင်းမရှိဘဲ နစ်နာအောင် တိုင်ကြားရင် ဒီပြစ်မှု မြောက်တာပေါ့။ ဦးဘရန်ရှောင်ကို တရားစွဲတဲ့ အဓိက အကြောင်းအရင်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတဲ့ စာထဲမှာ တပ်မတော်သား တစ်ယောက်က အကြောင်းမဲ့ ပစ်လိုက်လို့ သူ့သမီး သေသွားတယ်၊ အဲဒါကို အရေးယူပေးဖို့ တိုင်တာပါ။ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါ အကြောင်းမဲ့ ပစ်တာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်၊ မိုင်းကွဲ၊ လက်နက်ကြီးစမှန်လို့ စုံစမ်းစစ်ဆေး တွေ့ရှိတယ်ပေါ့။ အဲဒါကြောင့် ဦးဘရန်ရှောင်ကို တိုင်တာပါ" ဟု ဆက်လက်ပြောပြသည်။
"ကျွန်တော်တို့ အားလုံးပဲ ငွေစုပြီး ရှေ့နေအတွက် ကူညီတာပါ။ သိန်းလေးဆယ် ကျော်ပြီ။ အဖွဲ့အစည်း အနေနဲ့လည်း မဟုတ်ပါဘူး။ ဒေသခံတွေကတော့ ဒီကိစ္စအတွက် စိတ်မကောင်းကြပါဘူး" ဟု ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးရင်ထွေးက ပြောပါသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုသည် နှစ်နှစ်ဝန်းကျင်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ယင်းကာလအတွင်း လူသေဆုံးမှုများ၊ လူမှုစီးပွားရေး ထိခိုက်နစ်နာမှုများ၊ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင် နေရပ်စွန့်ခွာရမှုများ ရှိခဲ့သည်။ လက်ရှိတွင် ကျောင်းဖွင့်ရာသီ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ဒုက္ခသည် စခန်းများတွင် နေထိုင်သော ကျောင်းနေရွယ် ကလေးငယ်များ ပညာသင်ယူနိုင်ခွင့်နှင့် ဒုက္ခသည်များအတွက် အစားအစာ လိုအပ်ချက်လည်း ရှိနေသည်ဟု လူမှုကူညီရေး လုပ်ကိုင်သူများထံမှ သိရသည်။

No comments:

Post a Comment