May 29, 2013

Kachin People, KIA and Burmese Army for May2013 Peace Talk in Myitkyina

ငြိမ်းချမ်းဆွေနွေးရန် ရောက်လာသည့် KIO ကိုယ်စားလှယ်အဖွဲ့ကို ကချင်ပြည်သူများ ကြိုဆို


 

ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မြစ်ကြီးနားမြို့သို့ရောက်ရှိလာသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များကို ကြိုဆိုသည့် ပြည်သူလူထုအင်အားကို ကြည့်ခြင်းအားဖြင့် KIO သည်ပြည်သူလူထု အတွက် ကိုယ်စားမပြုဟု ပြောခဲ့သည့် အစိုးရတို့မှ အဖြေရသွားသည်ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။
“အစိုးရတွေ အရမ်းအံ့သြတယ်။ ဒီပြည်သူလူထုတွေ မထက်မှတ်ပဲနဲ့ အောင်မြေသစ် ကနေ စီတာပူ ထိ ဆီးကြိုလို့ အရမ်းအံ့ကြတာဟုတ်တယ်။ KIO က ပြည်သူလူထုအတွက် ကိုယ်စားမပြုဘူးလို့ပြောတာ ဒီနေ့တော့ သူတို့အဖြေရသွားတဲ့သဘောပဲ။”
မေလ ၂၇ ရက်နေ့ တွင် KIO ဗဟိုဌာနချုပ်လိုင်ဇာမှ မြစ်ကြီးနားမြို့သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသော ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များကို ၀ိုင်းမော်မြို့မှ ပြည်သူလူထုနှင့် မြစ်ကြီးနားမြို့မှ ပြည်သူလူထု ထောင်ဂဏန်းမှ KIO အလံပါသော တီရှပ်နှင့် ၆ လက်မခန့်ရှိသော အလံကို ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြိုဆိုရာတွင် “KIO က ကချင်တွေအားလုံးနဲ့ အတူတူပဲဆိုတာကိုပြောတယ်။ KIO အလံက အားလုံးနဲ့ဆိုင်တယ် ဆိုတာကိုပြတယ်” ဟု ကိုယ်တိုင်ကြိုဆိုခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်း ရေးမှူး သိက္ခာတော်ရ Rev . Dr. Hkalam Sam Sun ပြောသည်။
ထို့အတူ “အောင်မြေသစ်ကနေ ဗလမင်းထင်တံတားထိ ကျနော်တို့ ၀ိုင်းမော်အဖွဲ့တွေတန်းစီပြီး  အတီးအမှုတ်တွေ၊ ရိုးရာဝတ်စုံဝတ်တဲ့သူတွေက၀တ်နဲ့ KIO အလံတုတ်ကိုကိုင်ပြီး ကြိုတယ်။ ဗလမင်းထင်ကနေ ဟိုဘက်က မြစ်ကြီးနားအဖွဲ့တွေ ကြိုတယ်” ဟု ကိုယ်တိုင်ကြိုဆိုခဲ့သော ၀ိုင်းမော်မြို့မှ အသင်းတော် ဆရာတစ်ဦးပြောသည်။
KIO ဘက်မှ ဦးဆွမ်လွတ်ဂမ်ဦးဆောင်သော အဖွဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ဒု-ဗိုလ်မှူးကြီး လဖိုင်လ၊ ဒု-ဗိုလ်မှူးကြီး ခွန်နော်၊ ဗိုလ်မှူးကြီး ဇော်တောင် စသည့်ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)အဖွဲ့နှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ် ငန်းကော်မတီဒုဥက္ကဌ ဦးအောင်မင်း၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦး လဂျွန်ငန်ဆိုင်း၊ UN မှကိုယ်စားလှယ်တို့က နမ်ဆန်ယန်မှ သွားရောက်ကြိုခဲ့ပြီး နေ့လည် ၁၂ နာရီခန့်တွင် မြစ်ကြီးနားမြို့သို့ရောက်ရှိလာကြောင်း သိရသည်။
ဦးအောင်မင်း ဦးဆောင်သော အစိုးရကိုယ်စားလှယ်များမှာ မေလ ၂၆ ရက်နေ့မြစ်ကြီးနားသို့ရောက်ရှိလာပြီး KIO ကိုယ်စားလှယ်အဖွဲ့နှင့် အခြားလက်နက်ကိုင်အဖွဲ့များမှာ မေလ ၂၇ ရက်ရောက်ရှိလာခြင်းဖြစ်သည်။
ထိုသို့ရောက်ရှိလာပြီး KIO ကိုယ်စားလှယ်အဖွဲ့များသည် မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံးတွင်တည်းခိုကာ အစိုးရအဖွဲ့များနှင့် အခြားလေ့လာစောင့်ကြည့်သူအဖွဲ့များသည် မြစ်ကြီးနားမြို့ရှီ မဒီရာဟိုတယ်တွင် တည်းခိုကြောင်းနှင့် ၎င်းတို့သည် မေလ ၂၈ ရက်နေ့မှ စတင်ဆွေးနွေးမည်ဖြစ်ကြောင်း PCG မှ ဦးခပရာ ခွန်းအောင်က ပြောသည်။
“၂၈ ရက်နေ့တော့ အစိုးရနဲ့ KIO ဆွေးနွေးမယ်။ ၂၉ ရက်နေ့မှာတော့ ပြည်သူလူထုတွေနဲ့ KIO တွေ ပြန်တွေ့ပြီး အဖြစ်အပျက်တွေ ပြောပြ ရှင်းပြပြီး ပညာတောင်းတာတွေလုပ်မယ်။ ပြီးတော့ ၃၀ ရက်နေ့မှာ အစိုးရတွေနဲ့ ပြန်ဆွေးနွေးမှာဟုတ်တယ်။”
ဆွေးနွေးမှုကို မနောကွင်း မဂျွယ်ခန်းမဆောင်တွင်ပြုလုပ်မည်ဖြစ်ပြီး ၎င်းတွင် စစ်ပွဲအရှိန်လျော့ကျရန် တပ်နေရာချထားရေးကို အဓိကဆွေးနွေးသွားမည်ဖြစ်ပြီး ယခုဆွေးနွေးမှုသည် KIO နှင့် အစိုးရကြား အစိုးရထိန်းချုပ်သည့်နေရာတွင် ပထမဆုံးကြိမ်တွေ့ဆုံခြင်းဖြစ်သည်။


မေလ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

AddThis Social Bookmark Button
အပစ်အခတ် ရပ်စဲရေးမှ ထာဝရ ငြိမ်းချမ်းရေးဆီသို့
မေ ၂၈ ရက်တွင် အစိုးရနှင့် ကေအိုင်အိုတို့ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်သည်။ လက်ရှိတွင် ဒုက္ခသည်ပေါင်း တစ်သိန်းကျော် ရှိနေပြီး အစိုးရနှင့် ကေအိုင်အိုတို့အကြား စစ်ပွဲအဆုံးသတ်ရန်၊ အပြီးသတ် အပစ်အခတ် ရပ်စဲရေးအတွက် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မျှော်လင့်ချက် ရောင်ခြည်ပင် ဖြစ်သည်။
ကေအိုင်အို/ကေအိုင်အေအဖွဲ့ မြစ်ကြီးနားမြို့သို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လာရောက်သည့် အချိန်တွင် သောင်းဂဏန်းရှိသော ပြည်သူများသည် ကေအိုင်အို အဖွဲ့အား ကြိုဆိုခဲ့ကြသည်။ အဆိုပါ မြင်ကွင်းက ကေအိုင်အိုသည် ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ်စားမပြုနိုင်သည့် တိုင်အောင် ကချင်လူမျိုးများကိုတော့ ကိုယ်စားပြုကြောင်းနှင့် ကေအိုင်အို အနောက်တွင် ကချင်လူထု ရှိနေကြောင်း ပြဆိုနေသည်။ ငြိမ်းချမ်းရေးအတွက် မည်မျှမျှော်လင့် တောင့်တနေသည်ကို မြင်တွေ့နိုင်ပါသည်။
ကေအိုင်အို/ကေအိုင်အေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်ရေးသည့် တိုင်းရင်းသားများ လက်ခံနိုင်လောက်သည့် ဖက်ဒရယ်စနစ် ကျင့်သုံးသော ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးသည် အရေးကြီးပါသည်။ ဒီမိုကရေစီ စနစ်ကို အခြေခံသော စစ်မှန်သော ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်နိုင်ရေးသည် အရေးပါလာပြီ ဖြစ်သည်။
ယခုလို မတည်ငြိမ်သေးသည့် အပစ်အခတ် ရပ်စဲရေး အခြေအနေမှ ထာဝရ ငြိမ်းချမ်းရေး အခြေအနေကို ရရှိရန်မှာ ကချင်ပြည်သူ ပြည်သားများရော မြန်မာတစ်နိုင်ငံလုံးက ပြည်သူများပါ လိုလားနေသည့် အရာတစ်ခု ဖြစ်သည်။ ထိုသို့ အပစ်အခတ် ရပ်စဲရေး အခြေအနေတစ်ခုမှ ထာဝရ ငြိမ်းချမ်းရေး အခြေအနေသို့ ရောက်ရှိရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီး စစ်မှန်သော ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရေးမှာ အဓိကကျပါကြောင်း The Daily Eleven သတင်းစာမှ ရေးသားအပ်ပါသည်။

No comments:

Post a Comment