June 18, 2013

လက်ရှိမြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှုနှင့် ဒုတမ္မတဒေါက်တာစိုင်းမောက်ခမ်း

အဂတိလိုက်စားမှု အမွေဆိုး

AddThis Social Bookmark Button
6.18.16
၂၀၁၂ ခုနှစ်အတွင်း Transparency International အဖွဲ့အစည်းမှ ထုတ်ပြန်ထားသည့် Transparency International အဆင့်သတ်မှတ်ချက်
 (စက်ဝိုင်းပြထားသည့် နိုင်ငံများမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးအဆင့်တွင် ပါရှိသည့် နိုင်ငံများဖြစ်သည်)
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) မှာ မကြာမီက ကျင်းပခဲ့တဲ့ ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ လက်ရှိမြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပွင့်ပွင့်လင်းလင်း ပြောကြားသွားတာ တွေ့ရပါတယ်။
ဒုတိယသမ္မတပြောတဲ့ အဂတိလိုက်စားမှု
အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို နိုင်ငံတစ်နိုင်ငံချင်း အလိုက် လေ့လာပြီး အညွှန်းကိန်းအဖြစ် ပြန်လည်တွက်ချက် တင်ပြနေတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ Transparency International အဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ "Corruption Perceptions Index" အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၇၆ နိုင်ငံထဲက အဆင့် ၁၇၀ ကျော်မှာ သတ်မှတ် ခံထားရတာကြောင့် နိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေဟာ ဆိုးရွားနေတယ်လို့ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု ပြဿနာကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ဆောင်ရွက်ဖို့ လိုတယ်လို့ ဒုတိယသမ္မတက သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယသမ္မတ ပြောကြားခဲ့သလိုပဲ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ပြဿနာဟာ နှစ်ပေါင်းများစွာ အောက်ခြေအဆင့်ကစပြီး အပေါ်အဆင့်အထိ အုပ်ချုပ်ရေး ကဏ္ဍမှာ လှိုက်စားနေခဲ့တာ ကြာပါပြီ။ အရင်အစိုးရ တုန်းကတော့ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိဘဲ ပြောတဲ့သူတွေကိုတောင် ငြိုငြင်မှု၊ သွယ်ဝိုက် အရေးယူမှုတွေ ဌာနဆိုင်ရာ တချို့မှာ ရှိခဲ့ပါတယ်။ ဒီဘက်ခတ်မှာတော့ ပြောတဲ့သူတွေကလည်း ပွင့်ပွင့်လင်းလင်း ပြောလာသလို အဂတိ လိုက်စားမှုကိုကာ ကွယ်တိုက်ဖျက်တဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။
လက်ရှိ အဂတိလိုက်စားမှု တားဆီးရေး ဥပဒေများ
လက်ရှိမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဥပဒေတွေ အနေနဲ့ ၁၈၆၁ ခုနှစ် ရာဇ၀တ်မှု ဥပဒေ၊ ၁၉၄၈ ခုနှစ် အဂတိ လိုက်စားမှု တားဆီးရေး ဥပဒေနဲ့ အထူး ဥပဒေပေါင်း ၁၅ ခု ရှိပါတယ်လို့ သိရပြီး ဒီဥပဒေတွေ စိုးမိုးရေးအတွက် အထူးစုံစမ်း စစ်ဆေးရေးဌာန၊ (Bureau of Special Investi- gation) BSI ကို ဖွဲ့စည်းတာဝန် ပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ်မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ သဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီကိုလည်း ယခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု တားဆီးရေးနှင့် ပတ်သက်ပြီး ဒီလောက်ဥပဒေတွေ ကော်မတီတွေ ရှိနေတာတောင် ဘာကြောင့် လာဘ်စားမှုတွေ နှစ်ကာလ ကြာမြင့်စွာ ရှိနေခဲ့ရပါသလဲ။
အကြွင်းမဲ့အာဏာ
ဒေါက်တာစိုင်းမောက်ခမ်းကတော့ အတိတ်ကာလက အကြွင်းမဲ့ အာဏာဟာ လူကိုအကြွင်းမဲ့ ပျက်စီးစေတယ် ဆိုတာကို ဦးစီးဦးဆောင်တဲ့ အပိုင်းက သိရှိနားလည်ပုံ အားနည်းခဲ့ကြပြီး လက်ရှိ အစိုးရအနေနဲ့ သမိုင်းရဲ့ အမွေဆိုး အမွေကောင်းတွေကို ဆက်ခံရမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အကြွင်းမဲ့ အာဏာလို့ ဆိုရာမှာ စစ်တပ်က အာဏာကို ချုပ်ကိုင်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစပြီး ပြီးခဲ့တဲ့ ၁၉၈၈ မှာ အာဏာရယူခဲ့တဲ့ စစ်တပ်ဗဟိုပြု အုပ်ချုပ်ရေး ခေတ်တစ်လျှောက်မှာ အဂတိ လိုက်စားမှုတွေဟာ တားမနိုင် ဆီးမနိုင် ဖြစ်ခဲ့ရာမှာ အဲဒါတွေရဲ့ အကျိုးဆက်အဖြစ် သမ္မတ ကိုယ်တိုင်က နိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံတွေမှာ ပါဝင်နေတယ်လို့ ၀န်ခံပြောကြား ခဲ့ရပြီး ဖြစ်ပါတယ်။

အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အာဏာရှင်ခတ် တစ်လျှောက် သုံးခဲ့တဲ့ မူဝါဒနဲ့ နည်းလမ်းတွေကို အလုံးစုံစွန့်ပစ်ပြီး ဒီမိုကရေစီ စံနှုန်းတွေကို အစိုးရအပါအ၀င် နိုင်ငံသား အားလုံးကလိုက်နာကျင့်သုံးခြင်းဖြင့်သာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအဖြစ် ခံယူကြပါစို့ လို့ ဆိုချင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်လိုသူတွေ၊ အမှန်တရားကို မြတ်နိုးသူတွေ များလာတာနဲ့အမျှ မမှန်မကန် လုပ်နေသူတွေဟာလည်း တဖြည်းဖြည်း နောက်ဆုတ်သွားမှာဖြစ်...


အဂတိ လိုက်စားမှုတွေဟာ ဘာကြောင့် နှစ်ရှည်လများ တည်ရှိနေခဲ့ ရပါသလဲ။ အဂတိလိုက်စားမှုတွေ ရှိနေတာကို သိရက်နဲ့ ဘာကြောင့် အရေးတယူ ပြင်းပြင်းထန်ထန် အရေးမယူခဲ့သလဲ ဆိုတာကတော့ အာဏာကို ချုပ်ကိုင်ခဲ့တဲ့ အုပ်ချုပ်သူ အစဉ်အဆက်က အာဏာခိုင်မာရေး အဓိက၀ါဒတွေ ကျင့်သုံးခဲ့တာက အရေးပါတဲ့ အကြောင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ အာဏာရှင်ခေတ် တစ်လျှောက် နေရာတကာမှာ အကြောက်တရားတွေကို လွှမ်းမိုးထားအောင်လုပ်ပြီး သတင်းအချက်တွေကို ဖုံးကွယ်ထားတာတွေ နီးစပ်ရာ စားတော်ခေါ်ခဲ့ တာတွေက အဂတိ လိုက်စားမှုတွေကို ပြုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။ အခွင့်ထူးခံ လိုတာရနေကျ အခွင့်အရေးတွေ မရတော့မှာ ရာထူးမတိုးမှာ စာမေးပွဲကျမှာ လူတမ်းစေ့ မနေနိုင်မှာ ထမင်းမ၀မှာဆိုတဲ့ အကြောက် တရားတွေအပြင် သတင်းအချက်တွေကို ၀ါဒဖြန့်တဲ့ ယန္တရားတွေသုံးပြီး ကန့်သတ်ထားခဲ့ တာတွေဟာ အဂတိ လိုက်စားမှုတွေကို ပြုလုပ်စေဖို့ အဘက်ဘက်က ဖိအားတွေ ဖြစ်စေခဲ့ပါတယ်။
အာဏာရှင်စနစ်နဲ့ သတင်းအမှောင်ချမှု
အာဏာရှင်စနစ်မှာ တန်းတူညီမျှမှု မရှိတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့် တွေကိုလည်း အကြောင်း အမျိုးမျိုးပြပြီး ပိတ်ပင်ထားဆီး ခဲ့တာဟာလည်း အဂတိ လိုက်စားမှု ပြဿနာတွေကို ဖွဲမီးလို တငွေ့ငွေ့ လောင်စေခဲ့ပါတယ်။ သတင်းအမှန် တစ်ခုကို ပိတ်ဆို့ခြင်းက သတင်းအမှား တစ်ထောင်ကို ဖန်တီးသလို ဖြစ်စေပါတယ်။ ဥပမာအားဖြင့် ယခင်အစိုးရ လက်ထက်မှာ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ အခွင့်အလမ်း ဆိုင်ရာ သတင်းအချက်အလက်တွေကို အစိုးရနဲ့ နီးစပ်သူတွေကသာ ဦးစွာသိရှိပြီးပြင်ပ စီးပွားရေး လောကမှာတော့ သတင်းအချက် အလက်နဲ့ အခွင့်အလမ်းတွေ ရဖို့အတွက် အာဏာပိုင်တွေကို အမျိုးမျိုး လာဘ်ထိုးကာ အဂတိ လိုက်စားမှုတွေကို တိုးပွားစေခဲ့တာ ဖြစ်ပါတယ်။
အကြောက်တရားတွေနဲ့ သတင်းအမှန်တွေ မရရှိသူတွေ အနေနဲ့ လာဘ်ပေးခြင်းနဲ့ အခက်အခဲတွေ ဖြေရှင်းတဲ့ အလေ့အထက လူတွေရဲ့ စိတ်ထဲမှာ စွဲစေပါတယ်။ ငွေများ တရားနိုင် ဆိုသလို တရားစီရင်ရေး ယန္တရားကို မယုံကြည် နေသေးသရွေ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုတွေ လျော့နည်းစေဖို့ အုပ်ချုပ်ရေးပိုင်းက အရေးယူမှုတွေ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်သလို အမှန်တရားကို ဖော်ထုတ်မယ့် မီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသားခွင့် ရှိနေဖို့ကလည်း အရေးပါတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာလည်း မကြာမီက ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ ဌာနဆိုင်ရာက အကြီးတန်း အရာရှိတွေကို ရာထူးက နုတ်ထွက်ခွင့် ပြုခဲ့ရာမှာ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီလိုသတင်းတွေနဲ့ ပတ်သက်လို့ တရားဝင် အသေးစိတ် သတင်းထုတ်ပြန်မှု မရှိသေးတာကလည်း အဂတိ လိုက်စားမှုတွေနဲ့ပတ်သက်ပြီး သတင်းတွေ ရေးသားရာမှာ လက်ရှိအချိန်အထိ အခက်အခဲတွေ ရှိနေတာပါ။
ဒီမိုကရေစီ ပီပြင်ဖို့
တကယ်တော့ အာဏာရှင်စနစ်နဲ့ အဂတိ လိုက်စားမှုတွေဟာ ဖွားဖက်တော်လို့ ဆိုနိုင်ပါတယ်။ အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံအများစုမှာ အဂတိ လိုက်စားမှုတွေ ဒုနဲ့ဒေး ဖြစ်ပွားလေ့ ရှိကြပါတယ်။ နိုင်ငံတော် အာဏာကို လူတစ်စုက ချုပ်ကိုင်တားလေ့ရှိတဲ့ အာဏာရှင် စနစ်မှာ နိုင်ငံရဲ့ ကိစ္စအ၀၀ကို လူတစ်စု (သို့မဟုတ်) လူတစ်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့သာ လုပ်ကိုင်ရလေ့ ရှိတာကြောင့် လူအများစုဟာ အခွင့်အလမ်းတွေ ရရှိဖို့အတွက် သူထက်ငါ မျက်နှာလုပ်ရာက အဂတိ လိုက်စားမှုတွေ ပြုလုပ်မိကြတာ ဖြစ်ပါတယ်။ နိုင်ငံအတွက် အရေးပါတဲ့ အာဏာခွဲဝေရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုနိုင်တဲ့ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ကဲ့သို့ လူအများစု ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်တွေမှာ အဂတိ လိုက်စားမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာလေ အခြားသူတွေကိုလည်း အဂတိ လိုက်စားမှုတွေ ပြုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့တာပါ။
ဒီအဂတိ လိုက်စားမှုတွေ ရပ်တန့်အောင် ဘယ်လိုလုပ်ကြရမလဲ။ ဒုတိယသမ္မတ ပြောသလို အစိုးရမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ စည်းကြပ်နိုင်မှု၊ အရည်အသွေးများ လိုအပ်ခြင်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံတော် အစိုးရ ၀န်ထမ်းများရဲ့ လစာမလုံလောက်မှု ဖြေရှင်းရေး၊ အစိုးရနဲ့ ပုဂ္ဂလိကဌာန အသီးသီးမှာ လည်ပတ်နေကြတဲ့ လုပ်ငန်းစနစ်၊ ၀င်ငွေ၊ လစာနဲ့ ဆုကြေးစနစ်များ ခေတ်နဲ့လျော်ညီရေး တွေကို ပြုလုပ်ပေးရေး၊ လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်သွေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူလူထုရဲ့ ပြောရေးဆိုခွင့်၊ ဥပဒေ၊ နည်းဥပဒေ၊ သတင်းအချက်အလက် ရယူပိုင်ခွင့် စတာတွေဟာ အဂတိ လိုက်စားမှုတွေ ဖြစ်ပေါ်လာမှုကို တိုက်ဖျက်ဖို့ ဆက်နွယ်နေတဲ့ အချက်တွေလို့ ဆိုနိုင်ပေမယ့် အဓိက အရင်းအမြစ်ကတော့ စနစ်ပေါ်မှာပဲမူ တည်မှာပါ။
အာဏာရှင်စနစ်ကြောင့် ဖြစ်ခဲ့ရတဲ့ အဂတိ လိုက်စားမှုတွေကို တန်းတူညီမျမူ၊ လွတ်လပ်မှု၊ တရားမျှတမှုကို အခြေခံတဲ့ ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ ကျင့်သုံးခြင်းဖြင့်သာ အဆုံးသတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံသားအားလုံး လွတ်လပ်စွာ တန်းတူညီမှု နိုင်ငံသား အခွင့်အရေးတွေ ဖန်တီးပေးနိုင်မှုက အာဏာရှင် စနစ်ရဲ့ အမွေဆိုးဖြစ်တဲ့ အဂတိလိုက်စားမှု ကို တိုက်ဖျက်ဖို့ လက်နက်ကောင်းတစ်ခု ဖြစ်လာမှာပါ။ ဒီမိုကရေစီစနစ် ပီပြင်လာတာနဲ့အမျှ ကဏ္ဍအသီးသီးမှာ ကန့်သတ်ချုပ်ချယ်မှုတွေ လျော့ကျပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တရားဥပဒေကို လေးစားလိုက်နာမှုတွေ ကြီးစိုးလာမှာ ဖြစ်ပါတယ်။
အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အာဏာရှင် ခေတ်တစ်လျှောက် သုံးခဲ့တဲ့ မူဝါဒနဲ့ နည်းလမ်းတွေကို အလုံးစုံစွန့်ပစ်ပြီး ဒီမိုကရေစီ စံနှုန်းတွေကို အစိုးရ အပါအ၀င် နိုင်ငံသား အားလုံးက လိုက်နာကျင့်သုံး ခြင်းဖြင့်သာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေအဖြစ် ခံယူကြပါစို့လို့ ဆိုချင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်လိုသူတွေ၊ အမှန်တရားကို မြတ်နိုးသူတွေ များလာတာနဲ့အမျှ မမှန်မကန် လုပ်နေသူတွေဟာလည်း တဖြည်းဖြည်း နောက်ဆုတ်သွားမှာ ဖြစ်ပါတော့တယ်။

No comments:

Post a Comment