May 03, 2013

Petroleum Import - သမ္မတဦးသိန်းစိန်သမီးနှင့်မိတ်ဆွေဖြစ်လိုခြင်း (အမှတ် ၄)





တစ်နေ့တော့ မြန်မာကမ်းရိုးတန်း နယ်မြို့နယ်တစ်ခုမှာ အထူးစစ်ဆင်ရေးအဖွဲ့က သင်္ဘောတစ်စင်း စက်သုံးဆီ (ဓါတ်ဆီ)များ တရားမ၀င်ကုန်ချနေတာကို မိသွားပါတယ်။ ထုံးစံအတိုင်း ဆိုရင် အနီးနားက ဌာနဆိုင်ရာကို သတင်းပို့ပြီးတော့ ဒေသဆိုင်ရာအမှုနဲ့ပဲ ပြီးသွားမဲ့ကိစ္စ၊ အဆင်မသင့်တော့ နေပြည်တော်အထိ အမှုရောက်သွားတော့တယ်။ နိုင်ငံတော်စီးပွားရေးပျက်အောင်လူုပ်တဲ့အမှုလို့ ဆိုပါတယ်။  သူ့ထက်မြင့်တဲ့အမှုကတော့ နိုင်ငံတော်ပုန်ကန်မှုပဲ ရှိပါတော့တယ်။

ဒီတော့မှ သူဌေးက တော်တော်ဖြုံသွားရှာပါတယ်။ သူ့ခမြာ

အဆက်သွယ်ကောင်းလွန်းလို့တော့ သူဌေးဖြစ်နေတာမဟုတ်။ အချိန်ကောင်းမှာ ဆောက်လုပ်ရေးပါမစ်တစ်ခုကို အပြိုင်လျှောက်ရင်း အောက်ခြေကပေါင်းသင်းလုပ်ကိုင်တတ်လို့ ၁၀နှစ်အတွင်း ဆောက်လုပ်ရေးကုမ္ပဏီသူဌေးကြီးတစ်ဦးဘ၀ ရောက်ခဲ့ရပါတယ်။ ပေါက်ရောက်တဲ့ သူငယ်ချင်းများ စေတနာနဲ့ကူညီမှုကနေ၊ သူကိုယ်တိုင် လုပ်တတ်ကိုင်တတ်၊ ပေါင်းသင်းတတ်တော့ အမှီအခိုအဆင့်ဆင့်ကနေ ဆောက်လုပ်ရေးပါမစ်များ တစ်ခုပြီးတစ်ခု ရပြီး အရမ်းချမ်းသာလာခဲ့ပါတယ်။ အခုဆို ရန်ကုန်မှာ ဟိုတယ်ဆောက်ခွင့်ပါမစ်တစ်ခု ရထားပြီး၊ ဆောက်လုပ်ရေးပစ္စည်းများ သွင်းကုန်ပါမစ်လည်းရထားပါတယ်။ ပြီးတော့ စက်သုံးဆီသွင်းခွင့်ပါမစ်လည်း ရအောင်ယူထားနိုင်ပါတယ်။

ဆောက်လုပ်ရေးသူဌေးဖြစ်လာပုံ
ဟိုးအရင် ငါးနှစ်ကျော်က ၀ယ်ထားတဲ့ ရန်ကုန်မြို့က မြေနေရာတွေမှာ ကွန်ဒို၊ ရုံးအဆောက်ဦ၊ ဟိုတယ်တွေ ဆောက်လုပ်ရင်းကနေ ၂၀၁၁မှာ မကြုံစဖူး အိမ်မြေဈေးတွေတက်လာတော့၊ သူဌေးကြီးကနေ ဆူပါသူဌေးဘ၀ကို နေ့ချင်းညချင်းရောက်သွားပါတော့တယ်။ အရင်က တစ်ခန်းကို သိန်း၅၀၀လောက် ပေါက်ဈေးကနေ အခုဆို သိန်း၁၅၀၀ ဈေးပေါက်နေပြီ။ အဆောက်အဦးတစ်ခုဆောက်ရင် တစ်နှစ်ကျော်ပဲ အချိန်ယူရတယ်။ အရင်ကတော့ အရင်းနှီးမရှိရင် မိတ်ဆွေများရဲ့ အိမ်မြေများ အပေါင်ထားပြီး၊ ချေးငှားလည်ပတ် လုပ်ငန်းလုပ်ရတယ်။ ငွေအတိုးနှုန်းကလည်း ၂၄% အထက်ပေးရတော့ လုပ်ငန်းကြီးကြီးတွေ မလုပ်နိုင်ပါဘူး။ အခုတော့ များပြားလှတဲ့ ပိုင်ဆိုင်မှုတွေပြပြီး ပုဂ္ဂလိကဘဏ်များက ငွေချေးလို့ရပြီ၊ ဒီတော့ ဟိုတယ်ကြီးဆောက်တဲ့ အဆင့်ထိအောင် ပါမစ်ရယူနိုင်ခဲ့ပါတယ်။ ပါမစ်ကြေး၊ အလုပ်သမားခ၊ ဆောက်လုပ်ရေးသံ၊အုတ်၊သဲ၊ကျောက် ဈေးနှုန်းများ၊ စည်ပင်သာယာ၊အိုးအိမ် အခကြေး၊ အခွန် .. အားလုံးကိုနှုတ်လိုက်ရင်တောင် အရင်းရဲ့၂ဆမကအောင် မြတ်ပါတယ်။ တစ်နှစ်ဆောက်ပြီးရင် အကုန်ရောင်းပစ်လိုက်၊ အိမ်ခန်း ၁၀၀ ရှိရင် ၂၀လောက်ကို မရောင်းပဲ ကုမ္ပဏီပိုင်အဖြစ်သိမ်းထားလိုက်၊ ဒါမှမဟုတ် ကုမ္ပဏီက မိသားစုကုမ္ပဏီဆိုတော့ ကိုယ့်တူ၊သား၊ ဆွေမျိုးများအမည်နဲ့ ၀ယ်ထားလိုက်။ သားသမီးများကို နိုင်ငံခြားပညာသင်ခိုင်းပြီး၊ ဘွဲ့ရလို့ ပြန်လာရင် လုပ်ငန်းထဲထည့်လိုက် ... ဘယ်တော့မှ ပြသနာကြီးတွေ မဖြစ်နိုင်တော့လောက်အောင် ခိုင်မာနေပြီလို့ ထင်စရာရှိပါတယ်။

ဆောက်လုပ်ရေးပါမစ်က ပိုက်ဆံအလွန်ရလွယ်ပါတယ်။ ပါမစ်ရဖို့ လိုက်ရတဲ့ဇတ်လမ်းတွေရေးရင် စာမျက်နှာအများကြီး၊ နိုင်ငံတိုင်းမှာ ဆောက်လုပ်ရေးပါမစ်ရသူများ သူဌေးချက်ချင်းဖြစ်သွားလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ တခါတလေ စစ်အစိုးရခေတ်က ပါမစ်ရပြီး သူဌေးဖြစ်သွားတတ်ပါတယ်။  အခုတော့ ပါမစ်ရဖို့ တော်တော်ခဲယဉ်းသွားပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းပြပြီး လောင်စာဆီအနည်းငယ် တင်သွင်းခွင့်ပါမစ်ကို အလွဲသုံးမှုကြောင့် ဒုက္ခရောက်သွားခြင်းဖြစ်ပါတယ်။

အခုတော့ တရားမ၀င်ခိုးသွင်းတဲ့ စက်လှေတစ်ခုက မဖြစ်စလောက် ဓါတ်ဆီများကြောင့် ရှာဖွေသမျှအကုန်ဆုံးမဲ့အပြင်၊ ထောင်နန်းစံရလောက်တဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံရလေပြီပေါ့။ 
ရှမ်းပြည်နယ် တောင်ကြီးရှိ ဓါတ်ဆီဆိုင်တစု

တရားမ၀င်လောင်စာဆီတင်သွင်းခြင်း
ဒါနဲ့ ရေးရဦးမယ်။ ဓါတ်ဆီတရားမ၀င်၊ တရားဝင် တင်သွင်းပြီး စက်သုံးဆီရောင်းဆိုင်များ ဘယ်လောက်အမြက်အစွန်းရနေသလဲဆိုတာ။
ဒီလုပ်ငန်းနဲ့ပဲ မြန်မာသင်္ဘောသားများ ရေနံတင်သင်္ဘောပေါ်အလုပ်ရရင် ဝေစုခွဲယူတဲ့ငွေ မြတ်မြတ်ကလေးရပါတယ်။ အရှေ့တောင်အာရှ တရုပ်၊တိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေမှာ ဈေးချိုချိုနဲ့ ၀ယ်လို့ရတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီများ ရှိပါတယ်။ ကမ္ဘာ့ဓါတ်ဆီ ဈေးနှုန်းကို ကြည့်ပါ။ ဆော်ဒီအာရေးဗီးယား၊ ကာတာ နိုင်ငံတွေမှာ ပြည်သူကို ရောင်းပေးတဲ့ဈေးက တစ်လီတာ 0.2 usd လောက်ပဲရှိပြီး၊ မလေးရှား၊ အင်ဒိုနီးရှားတွေမှာ တစ်လီတာ 0.60 usd လောက်ပဲရောင်းပေးတယ်။ အဲဒီ ဓါတ်ဆီ၊ဒီဇယ်တွေ တင်းကျပ်တဲ့စည်းမျဉ်း၊ စစ်ဆေးမှုတွေကြားမှာပဲ မှောင်ခိုထွက်လာပါတယ်။ မြန်မာပြည်မှာတော့ တစ်ဂါလန် ၄၀၀၀ကျပ် (1 litter 1.3 usd, rate US$1=kyat800) ဖြစ်နေတော့ ၂ဆ၊ ၃ဆ ကွာနေပါတယ်။  http://www.kshitij.com/research/petrol.shtml  မြန်မာပြည်ထက် ၂ဆ၊ ၃ဆ မက ဈေးချိုသလို အိန္နိယ၊ ဗီယက်နမ်၊ တရုပ်နိုင်ငံများကို မှောင်ခိုဆီတွေ မ၀င်ဘူးလား မေးရင်၊ ၀င်ပါတယ်လို့ ဖြေရပါမယ်။ ဒါပေမဲ့ အဲဒီနိုင်ငံများမှာ အစိုးရရဲ့ ခိုင်မာတဲ့ စနစ်၊ စစ်ဆေးမှုတွေ ရှိနေပြီးဖြစ်လို့ မြန်မာနိုင်ငံလောက် မလွယ်ပါဘူး။

CIA Factbook အရ မြန်မာပြည်လောင်စာဆီ သုံးစွဲမှုမှာ 40,620 bll/day (2011) ဖြစ်ပြီး၊ တရားမ၀င်လောင်စာဆီ 10,000 bll/day(2011) ၀င်နေသည်။ 2012, 2013 ပိုများပါမယ်။

မြန်မာပြည်ကတော့ တခါးဖွင့်ဝါဒ စလိုက်တာနဲ့ ထုံးစံအတိုင်း ခြင်ကောင်၊ ယင်ကောင်တွေပဲ အရင်ဆုံးဝင်လာပါတယ်။ ပြည်တွင်းက အညီ၊အဟောက်တွေနဲ့ပေါင်းပြီး ခြစားမှုများစွာဖြစ်လာပါတယ်။ အထူးသဖြင့် အစိုးရ၀န်ထမ်းများမှာ ဘာဌာနပဲဖြစ်ပါစေ..မြို့နယ်ဦးစီးမှုးအဆင့်ဆိုရင် ဒီ၂နှစ်အတွင်း ငွေကြေးအားဖြင့် အရမ်းချမ်းသာသွားပါတယ်။ ပြည်တွင်းခြစားမှုများကတော့ ရှိနေပြီးဖြစ်ပေမဲ့၊ အခုလိုရ် ပြည်ပလုပ်ငန်းများက ပိုပြီးအကုန်ခံနိုင်တော့ ခြစားမှုခေတ်သစ်တစ်ခုဖြစ်လာပါတယ်။ ဘတ်ဂျတ်များများ (စားသုံးသူများတဲ့) လုပ်ငန်းတွေမှာ ပိုပြီး စုပုံလုပ်ကိုင်ကြပါတယ်။ ဥပမာ.. ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ သယံဇာတရောင်းချရေးလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ လူသုံး၊လုပ်ငန်းသုံး စက်ရုံများ၊ လျှပ်စစ်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းများစွာ (အေးဂျင်စီများ၊ အိမ်မြေပွဲစားများ) စတဲ့လုပ်ငန်းများမှာ တဟုန်ထိုးလုပ်ကိုင်နေကြပါတယ်။ ရန်ကုန်က ဓါတ်ဆီဆိုင်တစ်ဆိုင်စာရေးကို မေးကြည့်တော့ တစ်နေ့ ဓါတ်ဆီ ဂါလံ တစ်သောင်းလောက် ရောင်းရငွေ သိန်း၄၀၀ဖိုး ရတယ်ဆိုပါတယ်။ ပါမစ်ရှိပြီးသားဆိုတော့ စက်လှေ (သို့မဟုတ်) ဆီသင်္ဘောပေါ်ကနေ ဓါတ်ဆီဆိုင်အရောက် ကုန်ကျစရိတ်က မကြီးပါဘူး။ ဒီတော့ လုပ်ငန်းသုံး လောင်စာဆီတင်သွင်းခွင့်ပါမစ်ကတစ်ခု ရပြီးရင်၊ တရားမ၀င်သွင်းခွင့်လဲ ရထားသလို ဖြစ်သွားပါတယ်။ ဆောက်လုပ်ရေးသူဌေးကတော့ ဆောက်လုပ်ရေးလုပ်ငန်းကပဲ နှစ်စဉ် ဒေါ်လာသန်းနဲ့ချီအမြက်ရနေတောင် မကြွမ်းကျင်တဲ့ လောင်စာဆီ တင်သွင်းတဲ့လုပ်ငန်းကို ကိုယ်တိုင်ဝင်လုပ်နေပါတယ်။

အခုတော့ အထူးစုံစမ်းရေးအဖွဲ့ကြောင့် တရားမ၀င်လောင်စာဆီတင်သွင်းမှုကို လိုက်လံ၊ တားဆီးချိန်မရလိုက်ပဲ၊ မီးခိုးကြွက်လျှောက်ဖြစ်မှာ စိုးရိမ်နေရပါပြီ။

မန္တလေးမြို့အဝင် ရန်ကုန်ဟိုက်ဝေးအစ

စစ်အာဏာရှင်ဟောင်းဗိုလ်မှုးအငြိမ်းစား
ဆောက်လုပ်ရေးသူဌေးခမြာ ခေါင်းပူနေပါပြီ။ ဘယ်သူ့ကိုချဉ်းကပ်ရမလဲ စဉ်းစားတော့လည်း အကြံကုန်ပါပြီ။ ကိုယ်ချဉ်းကပ်လို့ရမဲ့ အာဏာရှိသူ ၃ဦးလောက်ကို ချဉ်းကပ်ဆွေးနွေးတော့၊ သူတို့အသိုင်းဝိုင်းတွေ ကိုယ့်ကို ဖယ်ကျဉ်သွားကြတယ်။ ရက်ပိုင်းအတွင်း ကိုယ့်ရဲ့မွဲဆေး၊ ထောင်ကျ ဇတ်ထုပ်ကြီးကို လူတွေသိကုန်မှာစိုးတော့ ငြိမ်ငြိမ်လေးပဲနေလိုက်ရတယ်။  စိတ်ဓါတ်အကြီးအကျယ်ကျပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားတော့တယ်။

လူတိုင်း ဒီလို တရားမ၀င် ဆီတင်သွင်းနေကြတာပဲ၊ အခုခေတ်က ကားတွေ ဒလဟောများလွန်းတော့၊ ဘတ်စကားကြီး၊ ဆယ်ဘီးကားကြီးတွေလည်း အများကြီးပြေးနေတော့ ဆီတင်သွင်းခွင့် ပါမစ်ရထားသူတိုင်း တရားမ၀င်လုပ်ကြတာပဲ။ ငါ့ကျမှ ဖြစ်ရတယ်။  တော်ပြီကွာ အဖမ်းခံလိုက်တော့မယ်။ အဖမ်းမခံခင် ဖေါ်ကောင်လုပ်ပစ်လိုက်မယ်။ ဘယ်သူ၊ ဘယ်ဝါ နာမည်၊ ကုမ္ပဏီများအားလုံးကို စာရင်းပြုစုပြီး ဖေါ်ထုတ်တော့မယ် စဉ်းစားပါတယ်။ မဖြစ်ပါဘူး။ ဒီလုပ်ငန်း တရားမ၀င်လောင်စာဆီတင်သွင်းခြင်း လုပ်စားတာ ကျွန်တော်မဟုတ်ကြောင်း သမ္မတကြီးဦးသိန်းစိန်နဲ့ နီးစပ်ရင် ရှင်းလင်းပြချင်ပါတယ်။ ကျွန်တော့်တပည့်များ ထိန်းမရဖြစ်ပြီး ခိုးလုပ်နေကြတာကြောင့် နောက်နောင်၊ မလုပ်တော့ပါ ၀န်ချတောင်းပန်လိုက်ချင်ပါတယ်။ ခက်တာက သမ္မတကြီးမပြောနဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ သမီးနဲ့တောင် မိတ်ဆွေမဟုတ်တော့ အရမ်းခက်ပါတယ်။

နောက်ဆုံး ငယ်သူငယ်ချင်း၊ ဗိုလ်မှုးဟောင်း၊ ကိုအောင်ကြီးကို သတိရမိတယ်။ သူကတော့ သူ့အထက်ဗိုလ်ချုပ် ပြုတ်ပြီး၊ သူကိုယ်တိုင် ဘာစီးပွားရေးမှမလုပ်တော့ပဲ၊ ဂေါက်သီးပဲ အပျင်းပြေကစားနေသူပါ။   သူက လူကြီးများရဲ့ သားသမီးများကို အဆက်သွယ်ရှိတော့၊ ကိုအောင်ကြီးဆီသွားပြီ  ငိုပြရတာပေါ။ုး ငယ်သူငယ်ချင်းကလည်း သူဌေးတွေ၊ ခရိုနီတွေ၊ စစ်အာဏာရှင်ဟောင်းကြီးတွေ အရမ်းချမ်းသာနေတာကို ဂရုစိုက်တာမဟုတ်ဘူး။ သူ့ကိုလည်း ကြီးကျယ်တဲ့သူဌေးတစ်ဦးလိုပဲ သဘောထားပြီး၊ ဒုက္ခရောက်မှ သူ့ဆီလာငိုပြနေတာ။ နောက်ဆုံးတော့ သြော်.. ငါ့နှလုံးသားက ကူညီရမဲ့ဇာတာပါလာတော့ ကူညီလိုက်ပါမယ် ..ဆုံးဖြတ်ရတယ်။

ဆောက်လုပ်ရေးသူဌေး မှ ဗိုလ်မှုးဟောင်း ကိုအောင်ကြီး ထံသို့အကူညီတောင်းခြင်း
သူဌေး။    သူငယ်ချင်းရယ်။ ငါ့တမြို့မှာငါ့ကိုဖမ်းမိန့်ထုတ်ထားပြီ။ ရန်ကုန်ထိလာဖမ်းမလားမသိဘူး။
ကိုအောင်ကြီး။    ဒါတော့ ငါလဲမတတ်နိုင်ဘူး။ ရန်ကုန်က စသုံးလုံး၊ ရဲအဖွဲ့တွေနဲ့ ပေါင်းထား။ သတင်းကြိုသိရအောင်
သူဌေး။   ငါ့ဘ၀တော့ မင်းမကူရင်ပျက်ပါပြီ။ ကူပါဦး။ မြို့က သက်ဆိုင်ရာအားလုံးကပြောတယ်။ ဖမ်းမိန့်က နေပြည်တော်ကလာတယ်တဲ့။
ကိုအောင်ကြီး။     ကဲ..မင်းပြောစကားအရဆိုရင်တော့ မင်းနဲ့ငါ နေပြည်တော်ကို လိုက်ရမယ်။ ပြောနေတာကြာတယ်။ မင်းကားနဲ့ဒီညသွားရင်း ကားပေါ်မှာပဲ ဆွေးနွေးကြတာပေါ့။
သူဌေး။    ကျေးဇူးပါပဲသူငယ်ချင်း။ ငါက နေပြည်တော်က ၀န်ကြီးလောက်ပဲရင်းနှီးတာ။ ဒီလို ပေါ်လစီကိစ္စ နောက်ကွယ်က ပုဂ္ဂိုလ်ကြီးတွေကို တကယ်မသိဘူး။
ကိုအောင်ကြီး။    အေး..ငွေကျပ်သိန်း၂ထောင်နဲ့၊ ဒေါ်လာတစ်သောင်း သွားယူလိုက်။ ပြီးတော့ လက်ဆောင်ပုလင်း၊ အိတ်၊ နာရီတွေလည်း လူ၅ယောက်စာ ယူလာခဲ့ပါ။
သူဌေး။   ဟုတ်
 

နိုင်ငံတကာ ကမ်းလွန်ရေနံသုံးလောင်စာဆီနှင့် ကုန်ပစ္စည်းပို့ဆောာင်ရေယာဉ်

ထိုနေ့ညနေပိုင်းမှာ ဆောက်လုပ်ရေးသူဌေးနဲ့ ကိုအောင်ကြီး ၂ယောက် နေပြည်တော်ကို လင်ခရူစာကားနဲ့ မောင်းထွက်လာခဲ့ပါတယ်။ မိထ္တီလာလမ်းခွဲမှာ လက်ဘက်ရည်ဆိုင်တစ်ခါထိုင်ပြီး၊ ကားပေါ်မှာ ဆွေးနွေးလိုက်၊ နေပြည်တော်က အထူးစစ်ဆင်ရေးအဖွဲ့ကို ဘယ်သူတွေ ကိုင်တွယ်ကြသလဲ၊ အမှုအခြေအနေက ဘယ်လိုရှိတယ်ဆိုတာ အစကနေ လိုက်ရတယ်။  ဘာမှမသိပဲ လိုက်မေးရတယ်။  နေပြည်တော်ရောက်တာနဲ့ ညနေပိုင်းမှာ အထူးစုံစမ်းရေးအဖွဲ့ဝင်၂ဦးဆီသွားရောက်တွေ့ဆုံရင်း၊ လက်ဆောင်တွေပေးရတာပေါ့။
သူတို့ဆီက ရတဲ့သတင်းကတော့ တော်တော်ဆိုးဝါးလှပါတယ်။
ခြစားမှုတွေ၊ အခွန်ရှောင်၊ မတရားစီးပွားအမှုများကို သမ္မတကြီးဦးသိန်းစိန်အထိ တင်ပြရတော့ အခုကိစ္စကို သမ္မတကြီးကိုယ်တိုင် လက်ရေးနဲ့
နောက်ကွယ်ကကြိုးကိုင်သူကို ဖေါ်ထုတ်အရေးယူ ရေးလိုက်ရတယ် ဆိုပဲ။ သမ္မတကြီးကိုယ်တိုင် မသမာစီးပွားလုပ်ငန်းများကို အစွမ်းကုန်တိုက်ဖျက်နေချိန်ဆိုတော့ ဒီလိုကိစ္စမျိုးဆိုရင် ခြစားမှုအဖွဲ့ ၉ဦးကော်မတီက တာဝန်ယူရပါတယ်။

သြော် ကုသိုလ်ကံခေလှပါလား၊ သမ္မတကြီးဦးသိန်းစိန် အထိမှောင်ခို စက်ဆီသင်္ဘောကိစ္စ ရောက်သွားရှာတယ်။
ဆောက်လုပ်သူဌေးတစ်ဦးက သူ့ကိစ္စနေပြည်တော်ထိရောက်သွားတာကို ရက်တော်တော်ကြာမှသိသွားပါတယ်။ သူ့မြို့မှာ ဖမ်းမိန့်ထုတ်မှ သိတော့ တော်တော်နောက်ကျနေပါပြီ။ ကျွန်တော့်လူတွေ ခိုးပြီးလုပ်ကြတာပါ။ ကျွန်တော်မလုပ်ရပါကြောင်း၊ ကျွန်တော်က ဆောက်လုပ်ရေးအလုပ်ပဲလုပ်တဲ့အကြောင်း.. ဖြေရှင်းရပါမယ်။ လောလောဆယ်တော့ အဖမ်းမခံရပဲ၊ တရားရင်ဆိုင်ဖို့ ကြိုးစားရတယ်။

အဲဒီအမှုကို ဘယ်သူကိုင်တွယ်နေသလဲ
ဒါကိုသိရပါမယ်။ အဲဒီလူကို သိပြီးမှအဆင့်ဆင့် တာဝန်ခံတော်တော်များများကို လိုက်ရပါမယ်။ ပထမအကြိမ် နေပြည်တော်ခရီးစဉ်တော့ ပါတာအကုန်ပြောင်သွားပါတယ်။ နောက် ရန်ကုန်ပြန်ပြီး ငွေနဲ့လက်ဆောင်များ ပြန်ယူရပြန်တယ်။ တစ်လအတွင်း ၃ခေါက် (ငွေနဲ့လက်ဆောင်များစွာ ရင်းနှီးပြီး) နေပြည်တော်သွားရတယ်။ နောက်ကွယ်က ကြိုးကိုင်သူအဖြစ် တရာရုံးတက်ရပါတယ်။ သာမန်ကိစ္စဆိုရင် ထောင်ထဲဝင်ချင်တဲ့ တပည့်တပန်းများ ထောင်ကျခံရုံပဲရှိပါတယ်။ အခုအမှုမှာတော့ အရမ်းရှုပ်ထွေးပါတယ်။ နောက်ဆုံး နောက်ကွယ်က ကြိုးကိုင်နေသူအဖြစ်က သူဌေးလွတ်သွားပြီး သူ့တပည့်တစ်ယောက်ကိုပဲ ထောင်ဒဏ်၊ ငွေဒဏ်လိုက်ပါတယ်။ သင်္ဘောလဲသိမ်းခံလိုက်ရပါတယ်။

ဟူး..တော်သေးတာပေါ့..။




အဆက်မပြက်ဆောက်နေဆဲ နေပြည်တော်မှဆောက်လုပ်ရေးများ
ဆောက်လုပ်ရေးသူဌေး မှ ဗိုလ်မှုးဟောင်း ကိုအောင်ကြီး အားကျေးဇူးတင်စကားပြောခြင်း
သူဌေး။    သူငယ်ချင်းရယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
ကိုအောင်ကြီး။   အေး...ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့။ မင်းတို့၊ငါတို့မြို့ လူမှုရေးအဖွဲ့တွေအတွက် သိန်းတစ်ထောင်လှုဒါန်းစေချင်တယ်။
သူဌေး။    ဟာ.. သိန်းတစ်ထောင်ကြီးများတောင်၊ မင်းကိုပေးရမယ်ဆို ပေးပါမယ်။ အလှုဒါန်းတော့ မလုပ်ချင်ပါဘူးကွာ
ကိုအောင်ကြီး။  အေး..မင်းကြောင့်၊ ငါလည်း ခိုးမှု၊ လပ်ပေးမှု အားပေးဖြစ်ရတယ်။ ငါ့ကိုပဲသိန်းတထောင်ပေး။ ငါ့နာမည်နဲ့လှုဒါန်းမယ်။
သူဌေး။    ဟာ.. ဒီလောက်ကြီးတော့မလုပ်ပါနဲ့။ သိန်း၁၀၀ လောက်ပဲလှုတာပေါ့..
ကိုအောင်ကြီး။  ဟေ့.. မပေးချင်ရင် လုံးဝမပေးနဲ့၊ မလျှော့နိုင်ဘူး။ မင်းပေးနိုင်တယ်ဆိုတာ ငါသိနေတာပဲကွ
သူဌေး။    ဟာကွာ.. မနက်ဖန်ခင်ဗျားတို့မိသားစုကို စိမ်းလန်းစိုပြေမှာ ညစာကျွေးမယ်နော်။
ကိုအောင်ကြီး။    ဟေ့..စကားလမ်းမပြောင်းနဲ့။ အခုပဲဆုံးဖြတ်ရမှာ၊ ပေးမလား၊ မပေးဘူးလား .. ဒါပဲ။
သူဌေး။    ပေးပါမယ်ကွာ  :( 
 

နိုင်ငံတခုတိုးတက်ရန်မှာ အခွန်ကောက်တတ်ရန်လိုပါသည်။ မြန်မာတနိုင်ငံလုံး၏ ၂၀၁၂ GDP မှာ ကျပ်သန်းပေါင်း ၄၅၇၇၉၁၇၉.၈ (US$58 billion) ဖြစ်ပြီး၊ အခွန်ရငွေမှာ US$2 billion (4.5% of GDP) ဖြစ်ပါသည်။  အိန္နိယ ၁၇.၇%၊ တရုပ်၊ထိုင်းနိုင်ငံ ၁၇%၊ မလေးရှား ၁၅.၅%၊ စင်ကာပူ ၁၄.၂%၊ ဗီယက်နမ် ၁၃.၈% တို့ရှိကြပါတယ်။ မြန်မာနိုင်ငံကတော့ ၄.၅% နှင့် ကမ္ဘာ့အခွန်အနဲ့ဆုံးကောက်ခံသောနိုင်ငံဖြစ်နေခြင်းမှာ ခြစားမှုများကြောင့်ဖြစ်သည်။ သမ္မတကြီးဦးသိန်းစိန် သိပါသည်။ အားလုံးလည်း သိပါသည်။  ၂၀၁၅ မတိုင်မီ 4.5 to 10% တိုးတက်ကောက်နိုင်ပါစေဟု ဆန္နပြုလိုက်ပါသည်။ Eleven Media သတင်းအရ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီ တင်သွင်း အသုံးပြုရသည့် ပမာဏမှာ ဒီဇယ်ဆီအား အမေရိကန်ဒေါ်လာ ၁၂၂၄ သန်းကျော်ဖိုးနှင့် အောက်တိန်း (ဓာတ်ဆီ) ၂၀၁၉ သန်းကျော်ဖိုး တင်သွင်းခဲ့ရသည်ဟု သိရသည်။
နိုင်ငံတကာတွင် တိုင်းပြည်၏အသက်သွေးကြောစီးပွားလုပ်ငန်းများဖြစ်သည့် ဆက်သွယ်ရေး၊ စွမ်းအင် (ရေနံနှင့်ဓါတ်ငွေ့)၊  ရေမီးဓါတ်ငွေ့ စသည်တို့ကို အမြတ်များစွာရ၏။ အစိုးရက မည်သို့ထိန်းကျောင်းမည်နည်း။ တိုင်းပြည်အခွန် အလွန်နစ်နာပြီး ငွေကစားခံခြင်းဖြင့် မိအေးနခါနာပါသည်။

ဝန်ထမ်းဟောင်းတစ်ဦး
၃-မေ-၂၀၁၃

 
ရေပိုင်နက်တွင် တရားမဝင် ဝင်လာခြင်းကို တားဆီးမည့် ရေတပ်မတော်



No comments:

Post a Comment