September 25, 2015

ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – ဗိုလ်ထက်မင်း (အပိုင်း-၁)


ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၁)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
၁။ NCA လက်မှတ်ထိုးဖို့အစိုးရက ဆန္ဒ ပြင်းပြကာအရှိန်ယူနေပြီဖြစ်တယ်။ ဦးအောင်မင်းဦးဆောင်တဲ့ UPWC အဖွဲ့တွေ ကျိုင်းတုံကို သွားကာ UWSA/NDAA နဲ့တွေ့ဆုံသလို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K နာဂအဖွဲ့နဲ့လည်း တွေ့ဆုံကာ အပစ်ရပ်လက်မှတ်ထိုးမှာပါဖို့ တိုက်တွန်းခဲ့ပါတယ်။ အလားတူ စက်တင်ဘာလ (၁၄)ရက်နေ့အင်ယားလိပ်မှာ ဦးအောင်မင်းဦးဆောင်တဲံ့ MPC အဖွဲ့ဟာနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖိတ်ခေါ်ကာ နိုင်ငံရေးမူဘောင်ညှိနှိုင်းဆွေးနွေးပွဲ ရက်ပေါင်း(၆၀) အတွင်းသာ သတ်မှတ်ထားရာ ရွေးကောက်ပွဲ အချိန်ကာလနဲ့တိုက်ဆိုင်နေတာမို့လက်မှတ်ထိုးပြီးပါက အချိန်မှီစေရန် ကြိုတင်အရှိန်စ ယူနေတာဖြစ်မယ်လို့သုံးသပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီလ(၂၀)ရက်နေ့NCA လက်မှတ်ထိုးမည့် ရက်ညှိနှိုင်းသတ်မှတ်ရေးအစည်းအဝေး MPC ကခေါ်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့အနက် (၈)ဖွဲ့တက်လာပြီး နှစ်ဖွဲ့ကထိုးမည်ဟု သဘောထားပေး လာပါတယ်။ ဒါအပြင်လူထုလူတန်းစားအဖွဲ့အစည်းများကို NCA စာချုပ်ရှင်းလင်းခဲ့ပါတယ်။ စက်တင်ဘာလ (၁၈)ရက်နေ့တုံးက တအောင်းပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ MPC တို့မှတာဝန်ရှိ သူများဟာ အပစ်အခတ်ရပ်စဲရေးအစည်းအဝေး ဆွေးနွေးညှိနှိုင်းရန် စက်တင်ဘာလမကုန်ခင် ကျင်းပဖို့ ချင်းမိုင်မှာ အကြိုညှိခဲ့တယ်လို့ သိရပါတယ်။

၂။ သမ္မတနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အချို့က တနိုင်ငံလုံးအပစ်ရပ်ဆိုတဲ့ အဓိပ္ပါယ်အတိုင်း အစိုးရချန်ထားတဲ့(၃)ဖွဲ့မပါက မပြည့်စုံလို့ အားလုံးပါမှထိုးမည်ဟု ဆက်တင်းခံနေကြ တယ်။ တချို့က နိုင်ငံရေးဆွေးနွေးပွဲနောက်ကျမည်စိုးရိမ်ကာ လက်ရှိအစိုးရလက်ထက်မှာပင် လုပ်ချင်လို့ လက်မှတ်ထိုးချင်ကြတယ်။ တချို့က တွေဝေနေကြတယ်။ သူတို့ထိပ်သီး ချင်းမိုင်မှာ ဒီလ (၂၆) ရက်နေ့မှာ လက်မှတ်ထိုး၊ မထိုး ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ အစိုးရက AA/ TNLA အဖွဲ့တွေကို လမ်းပေါက်ဖွင့်ထားပြီး MMDAA ကိုတော့ သမ္မတက တိုက်ရိုက်ကိုင်မယ်လို့ အဖြေထွက်ထားပါတယ်။

၃။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် UN,EUROPE,US,JAPAN,CHINA,USSR,ASEAIN တို့က စိတ်ပါလက်ပါရှိကြတဲ့အတွက် ကမ္ဘာ့နိုင်ငံတနိင်ငံရဲ့ ဖြစ်စဉ်အရေးအခင်းအပေါ် စိတ်ပါဝင်းစားမှူတွေထဲမှာ ဒီဖြစ်စဉ်ဟာ အများဆုံးဖြစ်ပြီး ဂရင်းနစ်စံချိန် သတ်မှတ်မည်ဆိုပါရင် စံချိန်တင်မည့်အနေအထားရှိကြပါတယ်။ သူတို့ဘာလို့ဒီလောက်စိတ်ဝင်းစားရသလဲဆိုရင် မြန်မာနိင်ငံဟာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာမှာ အာရပ်နွေဦးလို သွေးထွက်သံယိုမရှိဘဲ နယ်စပ်တိုက်ပွဲများမှအပ အစိုးရ၊လွှတ်တော် တည်တည် ငြိမ်ငြိမ်ပြောင်းလာသလို အတိုက်အခံနိုင်ငံရေးပါတီနဲ့တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို စားပွဲဝိုင်းသို့ ခေါ်လာနိုင်ပြီး Super power US သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်ကိုတွေ့ဆုံရတဲ့ အထိ နိုင်ငံတကာက အံ့သြကုန်ကြပါတယ်။ ဒါပေမဲ့ အထက်ပါ နိုင်ငံတွေရဲ့စိတ်ပါဝင်စားမှူ၊ရည်ရွယ်ချက်တွေ ကတော့ မတူညီကြဘဲ ရျူပ်ထွေးနက်နဲလှပါတယ်။

၎။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စိတ်ဝင်းစားမှူ ပြင်းပြဆုံးဖြစ်ကာ Power Game ကစားပါတယ်။ သူတို့ကိုယ်တိုင်က နယ်စပ်တည်ငြိမ်ရေးလိုလားတယ် တသွင်သွင်ပြောနေပေမဲ့ တရုတ်တပ်မကြီးကို ချန်ဒူး စစ်ဒေသမှာ မြန်မာနယ်စပ်အနီး ကျည်အစစ်နဲ့စစ်ရေးလေ့ကျင့်မှူ ပေါ်တင်လုပ်နေတာဟာ မီးစတဖက၊် ရေမှူတ် တဖက် ခင်းနေတဲ့အပြင် ကိုးကန့်အဖွဲကိုနောက်ကွယ်မှ ပံ့ပိုးပြီး စစ်ရေးဖိအားပေးခိုင်းပါတယ်။ တရုတ်က အစိုးရလုပ်နေတဲ့ MPC မှာ နောက်ကွယ်ကနေ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ကြိုးကိုင်တာ (ကိုမင်းဇော်ဦး၊ ကိုအောင်နိုင်ဦးတို့ အမေရိကန်မှ လာတာကို မယုံကြည်ဟန်တူ) လွမ်းမိုးနေတယ်လို့မြင်တယ်။ ဒါကြောင့် နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့တွေကိုဖိအားပေးပြီး NCA လက်မှတ်မထိုးဖို့ထိုးရင်တောင် ကျန်တဲ့ (၃) ဖွဲ့ပါမှ ထိုးရမယ်လို့ တရုတ်က ဖိအားပေးထားတယ်လို့သိရ ပါတယ်။ UWSA ကြေညာချက် အရ ယူနန်ပြည်နယ်၊ တရုတ်ကို ဂတိပေးထားတာ ဖျက်သလိုဖြစ်မှာမို့ လက်မှတ်မထိုးချင်ဘူးလို့ဆိုလာပါ တယ်။ အသိသက်သေအဖြစ်ထိုးမဲ့ နိုင်ငံတွေမှာ တရုတ်က အနောက်နိုင်ငံတွေပါဖို့မလိုလားဘူးလို့ လေသံ ပစ်ထားရာ ပြီးခဲ့တဲံ့ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတက တိုင်းရင်းသားတွေတောင်းဆိုလို့ အနောက်နိုင်ငံတွေ သာမက တရုတ်နဲ့မတည့်တဲ့ ဂျပန်ကိုပါ ထည့်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးဇာတ်ခုံ လှူပ်ခါခိုင်းမဲ့သဘော ရှိနေပါတယ်။ တရုတ်က ရွေးကောက်ပွဲကော်မရှင်ထိ လိုက်တွေ့ပြီး ဘယ်လိုလုပ်မှာလဲဆိုတဲ့လုပ်ငန်းစဉ်ကို မေးကတည်းက မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမှာကို လိုလားဟန်မတူတာတွေ့ရပါ တယ်။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားပြီး ကိုးကန့်အား တဖက်သတ်အပစ်ရပ်ခိုင်းတဲ့ လုပ်ဟန်ဟာ Power Game ကစားတာဖြစ်ပါတယ်။

၅။ အမေရိကန်နိုင်ငံကလည်း ဒီမိုကရေစီ၊လူ့အခွင့်အရေး အကြောင်းပြပြီး ဝင်လာပေမဲ့ တကယ်တမ်း အတွင်းသဘောက တရုတ်နိုင်ငံအနောက်ဘက်ပိတ်ဆို့ရေးနဲ့ သြဇာအာဏာထိန်းချုပ်ရေးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလီခေါင်းစဉ်ကို တင်ကာ ရခိုင်ပြည်နယ်မငြိမ်မသက်ဖြစ်နေမှ တရုတ်စီးပွါးရေးရွှေဂတ်စ် ထိခိုက်ကာ တရုတ်ပိုးလမ်းစီမံကိန်းကြီးကို နှောက်ယှက်စေပါမယ်။ ရခိုင်ရေဘေးကိစ္စမှာ USသံအမတ်ကြီး ကိုယ်တိုင် လယ်ကွက်ထဲဆင်းပြီး ရခိုင်တွေကို စည်းရုံးနေတာ တွေ့လိုက်ရတယ်။ အမေရိကန်နိုင်ငံဗဟို အစိုးရက စေလွှတ်တဲ့ အရာရှိကြီးများ၊မူဝါဒ ထိန်းသိမ်းသူများ လွှတ်တော်အမတ်များ ချောင်းပေါက်အောင် နေပြည်တော်သို့စေလွှတ်တာမို့ တရုတ်အဖို့ ဒီဂရီ တက်စရာဖြစ်ပါတယ်။ မကြာသေးကလေးခင်ကာလမှ အရှေ့အာရှ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Daniel Russel က ဘင်္ဂလီများကို ဘာသာရေးအရ ခွဲခြားဆက်ဆံမှူအနေနဲ့ မဲဆန္ဒပေးခွင့် ရုတ်သိမ်းခံရခြင်းနဲ့ မွတ်ဆလင်အမတ်များကို ကိုယ်စားလှယ်အဖြစ် မှ ပယ်ချနေတဲ့အပေါ် ဝေဖန်သွားသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကျတော့ တိုက်တွန်းသွားခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဟာ မျိုးစောင့်ဥပဒေပြဌာန်းမှူ နဲ့ရခိုင်ပြည်နယ်ရိုလင်ဂျာတွေအား အစိုးရရဲ့ဆက်ဆံပြုမူဆောင်ရွက်ချက်အပေါ် ထောက်ပြပြီး ဆုတ်ယုတ် မှူတွေတွေ့နေရတယ်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ဓနသဟာယရေးရာဝန်ကြီး Mr huge swire က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည်အခမ်းအနားမှာ ပြောကြားသွားပါသေးတယ်။

၆။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် နီပွန်ဖေါင်းဒေးရှင်းဖွဲ့ကာ ၅နှစ်အတွင်း ဂျပန်ယန်း သန်း၁၀ဘီလီယံ (US ၈၃.၅မီလီယံ)ကူညီမည်ဆိုကာ အရင်ကနဦး ကရင် နဲ့မွန်ပြည်နယ်တွေမှာ ထောက်ပံ့ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ယင်းဥက္ကဌ Mr Yohei sasawa ဦးဆောင်တဲ့ (၁၀) ဦးပါတဲ့အဖွဲ့ စေလွှတ်မည်လို့သိရလို့ တရုတ်အဖို့စိတ်မသက်မသာဖြစ်လောက်ပါတယ်။ အာဆီယံကလည်း လက်မှတ် ထိုးတာမဟုတ်သေးဘဲ မူကြမ်းသဘောတူအတည်ပြုနေတာကို နားလည်မှူလွှဲကာ ကြိုဆိုတဲ့ကြေညာချက် ဇွတ်ထုတ်ခဲ့ပါတယ်။ UN အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားဟာ တရုတ်ပြိုင်ဘက် အိန္ဒိယနိုင်ငံသား ဖြစ်နေလို့ စိုးရိမ်စရာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဓိကပံ့ပိုးတဲံ့ အနောက်နိုင်ငံတနိုင်ငံကတော့ နော်ဝေးနိုင်ငံဖြစ်ပြီး ပိတ်ဆို့ကာလရှိနေကတည်းက နာဂစ်မုန်တိုင်းဒဏ်ကျစဉ်ကပင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အစိုးရကို အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပါတယ်။ နော်ဝေးနိုင်ငံဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်အောင် ကမ္ဘာမှာ လုပ်ပြချင်တဲ့နိုင်ငံဖြစ်ကာ အောင်မြင်သွားရင် သမ္မတဦးသိန်းစိန်ကို နိုဗယ်ဆုပေးမဲ့အလားအလာရှိနေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ရပ်တည်ရေး အတွက် တိုက်ရိုက်မဟုတ်တောင် နယ်စပ်ဒေသဖွံဖြိုးရေးခေါင်းစဉ်ဖြင့် ယူရိုငွေသန်းနဲ့ချီ ထောက်ပံ့ပေးဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် မထင်မှတ်ဘဲ ရုရှားနဲ့ပါကစ္စတန်နိုင်ငံ၊ အစ္စရေး နိုင်ငံတွေဟာ ကိုးကန့်ဒေသစစ်ပွဲတွေကြောင့် တပ်မတော်စွမ်းရည်ထက်မြက်လာစေဖို့အင်အားပြန်လည် ဖြည့်တင်းရေးအတွက် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ထိတွေ့ဆက်ဆံလာပြီး သူလည်း Power Game ကစားတာမို့ အဲဒီနိုင်ငံတွေကလည်း ကိုယ်အကျိုးစီးပွါးအရ ပါဝင်လာပြန်တယ်။

၇။ ဒီနေရာမှာ အစ္စရေးနိုင်ငံပါဝင်လာတာဟာလည်း စိတ်ဝင်းစားစရာကောင်းလှပါတယ်။ အစ္စရေးပါဝင် လာပုံနဲ့ တရုတ်နိုင်ငံရဲ့ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ အထိမ်းအမှတ်မှာ မြန်မာတပ်မတော်ကို မဟာမိတ် နိုင်ငံများနည်းတူ စစ်ရေးပြမှာ ပါဝင်ဖို့ဖိတ်ခေါ်ခဲ့တာကို ဘာကြောင့်ငြင်းခဲ့တာလည်း အပါအဝင် NCA မှာပါ တဲ့ Code of Conduct နှစ်ဖက်တပ်ဖွဲ့များလိုက်နာရမည့်ကျင့်ဝတ် နဲ့စပ်လျဉ်းပြီးအကြံပြုချက်များ စတာ တွေကို နောက်အပိုင်း(၂)မှာဆက်လက်တင်ပြပါ့မယ်။


ဗိုလ်ထက်မင်း –  ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း (၂)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၅


၈။ ကိုးကန်ဒေသစစ်ပွဲဖြစ်စဉ်ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်တပ်မတော်စစ်ကော်မရှင် ဒုဥက္ကဌနဲ့ ဆက်ဆံရေး သိပ်အဆင်ပြေလှတယ်မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ ပါတီ နှစ်နိုင်ငံစလုံးမှ ဝင်ရောက်စေ့စပ်ပေးနေရတယ်ဆိုတာ စာရေးသူ ယခင်ဆောင်းပါးတွေမှာ ဖေါ်ပြပြီးဖြစ်ပါတယ်။ အထူး သဖြင့် သစ်ခိုးတရုတ်တွေကို ဖမ်းတာဟာ တပ်မတော်ကဖြစ်လို့ တရုတ်တပ်ချုပ်က မကျေနပ်သလို မြန်မာတပ်ချုပ်ကလည်း တရုတ်စစ်တပ် နယ်စပ်မှာ စစ်ရေးလေ့ကျင့်ကာ လေထဲက ပစ်မှတ်ကို စက္ကန့် အနည်းငယ်အတွင်း ပစ်ချနိုင်တယ်ဆိုပြီး ခြိမ်းချောက်တာတွေ၊ နယ်စပ်လေယာဉ်ပျံသန်းမယ်ဆိုရင် သူတို့ဆီခွင့်တောင်းရမယ်ပုံစံမျိုး အသိပေးရတဲံ့အပေါ် မကျေနပ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖက်ဆစ်တော်လှန်းရေး အောင်မြင်ခြင်းအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ အခြားနိုင်ငံတွေလို ဖြစ်နိုင်ရင် မြန်မာတပ်မတော်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဥပယ်တမျဉ် ငြင်းခဲ့ဟန်တူ ပါတယ်။

၉။ တပ်ချုပ်ဟာ တရုတ်နဲ့မတည့်တဲ့ ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ပြီး အမေရိကန်တပည့် ထိုင်းနိုင်ငံ လည်ပတ်ပြကာ ပြိုင်ဘက် အိန္ဒိယနိုင်ငံကို သွားသလို (JF17 တရုတ်နဲ့ဖက်စပ်) ဖိုက်တာဂျက်နဲ့တင့်ကားများ ကို တရုတ်ဆီမှမဝယ်ဘဲ နှစ်ဖက်ချွှန်ပါ ကစ္စတန်ဆီမှ ဝယ်ပြလိုက်တယ်။ တရုတ်က UWSA အဖွဲ့အစည်းကို တပ်မတော်ရဲ့MI35 , k8 နဲ့နေပြည်တော်ကို လှမ်းပစ်လို့ရတဲံ့ လက်နက်တွေထောက်ပံ့ထားတယ်လို့ ပြင်ပမှာ သတင်းတွေထွက်လာပါတယ်။ ဒါကြောင့်ကာကွယ်နိုင်ရန် တပ်ချုပ်ဟာ နည်းပညာမြင့်မားတဲ့ ရုရှား၊ ဂျပန် နဲ့အနောက်နိုင်ငံတွေဆီမှ ရဖို့ ၂၀၁၅ ခုနှစ် နှစ်ဆန်းကတည်းက ကြိုးစားခဲ့ပြီး ရုရှားနိုင်ငံမှ MIG(29/17/35/) AIR DEFENSE SYSTEM/KJB INTELLIGENCE NET CONNECTION ဝယ်ယူ လေ့လာဖလှယ်ခဲ့ပါတယ်။ အနောက်နိုင်ငံကြီးတွေက ပိတ်ဆို့ထားဆဲ ဖြစ်ပေမဲ့ အမေရိကန်နိုင်ငံရဲ့အချစ်ဆုံးတပည့်လည်းဖြစ်တဲံ့ အစ္စရေးနိုင်ငံကို စတင်ချဉ်းကပ်ပါတယ်။ တပ်ချုပ်က ကိုးကန့်စစ်ပွဲအရှိန်တက်နေစဉ် အစ္စရေးသံအမတ်ကြီးကို ခေါ်တွေ့ခဲ့ကာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ဟန်တူပါတယ်။ စက်တင်ဘာလဆန်းမှာ အစ္စရေးက တပ်ချုပ်ကို ဖိတ်ကြားလာပါတယ်။ အမေရိကန်ကလည်း မီးစိမ်းပြလို့လည်း ဖြစ်နိုင်ပါတယ်။ အစ္စရေးဟာ မြန်မာနဲ့ ယခင်ကတည်းက ခင်မင်မှူသံယောဇဉ်ရှိခဲ့ကါ နဝတခေတ်ကျတော့ ဗိုလ်မှူးချုပ်အေဘလ်ဟာ ဂျုးအမျိုး အနွယ်ဝင်ဖြစ်ပြီး ထိပ်ပိုင်းရာထူးကိုပေးထားရာ ချစ်ကြည်ရင်းနှီးမှူရှိခဲ့ပါတယ်။ တပ်ချုပ်ဟာ အစ္စရေးနိုင်ငံရဲ့ သမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ တပ်ချုပ်၊ မော့ဆက်အစ္စရေးထောက်လှမ်းရေးအကြီးအကဲ (အတည်ြ့ပုဆဲ) တို့ကိုတွေ့ခဲ့ပြီး အကူအညီတောင်းခဲ့ဟန်တူပါတယ်။ ဒီနေရာမှာလောလောဆယ် ဝယ်လိုက်တဲံ့ ကြည်း၊ ရေ နှစ်သွယ်သွား တင့်ကားများနဲ့အမြန်ရေယာဉ်တွေဟာ အဆင့်မြင့်နည်းပညာနဲ့တည်ဆောက်ထားတဲ့အပြင် တပ်ချုပ်ဟာ လေကြောင်းကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံကိုသွားရောက်ကတည်းက နိုင်ငံလုံခြုံရေးအတွက်ဖေါ်ပြရန် မသင့်လို့ ကြိုတင်ကာကွယ်မည့်အစီအမံများ လုပ်ထားပြီးဖြစ်လောက်ပါတယ်။
စက်တင်ဘာလ၂၁ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ တရုတ်နိုင်ငံဘေဂျင်းမြို့တော်သို့ ရောက်ရှိ ခဲ့ပြီး တရုတ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အကြောင်းရင်းကတော့ တရုတ်-မြန်မာနယ်စပ်တွင် ရှိနေကြသော တရုတ် မြန်မာချစ်ကြည်ရေးကို အဟန့်အတား ဖြစ်စေတဲ့ကိုးကန့်၊ ဝ၊တအာင်း နဲ့ ကချင် လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းပစ်မယ် ဆိုတဲ့ ခေါင်း စဉ်တွေနဲ့ ဆွေးနွေးခဲ့ကြတယ် လို့ ဆောင်းပါးရေးနေတုံးမှာပင် နယ်စပ်က မိတ်ဆွေတစ်ဦးထံမှသိရပါတယ်။ စာရေးသူတို့ခန့်မှန်းချက်အရ ဟိုတလောက UWSA ထုတ်ပြန်လိုက်တဲ့ကြေညာချက် ဂယက်ရိုက်သွားဟန် တူပြီး တပ်မတော်က လက်မှတ်မထိုးခဲ့သူများအား ဖိအားပေးမည့် မဟာဗျူဟာနည်းလမ်းတစ်ခုဖြစ်ပါတယ်။

၁၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ မိတ်ဆွေတစ်ဦးက စာရေးသူကို Code Of Conduct စပ်လျဉ်းပြီးအောက်ပါအတိုင်းဆွေးနွေးဖလှယ်ခဲ့ပါတယ်- တကယ်တော့ နှစ်ဖက်တပ်ဖွဲ့များ လိုက်နာရမည့် စည်းကမ်း၊ ကျင့်ဝတ်ကို တည်ငြိမ်မှူရှိတဲ့ စစ်ဆင်ရေးဧရိယာတခုမှာ စမ်းသပ်ကာလအချိန်တခု ထားကာ နမူနာ သရုပ်ပြလုပ်သင့်ပါတယ်။ အဲဒီလို စစ်ဘက်ဆိုင်ရာ Joint implementation coordination ကော်မတီက လုပ်ပြရာမှာ ပေါ်ထွက်လာနိုင်မည့် အားနည်းချက်များကို ပြန်လည်ညှိနှိုင်းပြင်ဆင်ပြီးမှ လက်မှတ်ထိုးတဲ့အဆင့် လုပ်ပါက ပိုပြီးတည်ငြိမ် အသက်ဝင် လာနိုင်ပါတယ် ။ ဒါတောင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိပုံအနေအထား ဧရိယာတခုနဲ့တခု မတူညီဖို့များပါတယ်။ တချို့ဧရိယာများဟာ အဖွဲ့ပေါင်းစုံ ရောထွေးနိုင်သလို၊ တဖွဲ့ တည်းမှာပင် အမြဲတမ်းတပ်နဲ့ ဌာနေပျောက်ကြားတပ်ဆိုပြီးရှိနေခြင်း၊ နယ်မြေတခုကို ပိုင်းခြားမှူပြသနာ ရှိနိုင်ပါတယ်။ အဲဒီလို သုံးသပ်ပြင်ဆင်နိုင်ရင် စာချုပ်အပေါ် လက်အောက်တပ်များက နားလည်ပြီး လိုက်နာမှူရှိလာကာ အနှစ်သာရပြည့်ဝတဲ့ အပစ်ရပ်စာချုပ်ဖြစ်လာပါမယ်။

၁၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြောပြောနေတဲ့ တနိုင်ငံလုံးအပစ်ရပ်ဆိုတဲ့ မြန်မာစာလုံး အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အားလုံးပါမှ ကိုက်ညီလို့ ၃ဖွဲ့ကို ချန်ထားလို့မကောင်းဘူးဆိုတဲ့ တောင်းဆိုမှူ ဟာ အစိုးရအဖို့ အကျပ်အတည်းဖြစ်နေပါတယ်။ စာရေးသူတို့ စစ်ဖက်အရာရှိကြီးတွေဟာ တခါတလေ စကားလုံးရွေးချယ်မှူ ထိပ်ဆုံးကိုမှ ရွေးတတ်လွန်းတယ်။ မြန်မာ့အားကစား ကမ္ဘာလွှမ်းစေရမယ် ဆိုတဲ့ လူရယ်စရာဖြစ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဆိုလိုတာက လက်ရှိဖြစ်နိုင်တဲ့စွမ်းအား၊ ပေးလာတဲ့ အခွင့်အရေး၊ လတ်တလောအခြေအနေ၊ ပေးတဲ့အနေအထား၊ မူတည်ပြီးအကောင်အထည်ဖေါ်လို့အောင်မြင်နိုင်မဲ့ ရည်မှန်းချက်၊ စကားလုံးဝေါဟာရသာရွေးချယ်သင့်ပါတယ်။ အမှတ်ယူချင်တဲ့စိတ်၊ လုပ်ချင်နေတာကို လိုအပ်တာထက် မရမက ဆွဲတင်နေတဲ့ ပုံမျိုးပေါက်နေပါတယ်။ ဖြစ်သင့်တာက ၃ဖွဲ့ ကို လက်မခံနိုင် လောက်တဲ့ အကြောင်းပြချက်တွေ ခိုင်ခိုင်မာမာပြပြီး လူထုကို ချရှင်းရဲကာ တပ်ချုပ်နဲ့လေသံတထပ် တည်းဖြစ်သင့်တယ်။ တရုတ်ကို ကြောက်နေတာ သိသာလွန်းတယ်လို့သုံးသပ်ပါတယ်။

၁၃။ စာရေးသူရဲ့ခံယူချက်အရ မူလကတည်းက မြန်မာစာလုံးအဓိပ္ပါယ်အရ အငြင်းမပွါးရအောင် တနိုင်ငံလုံးအပစ်ရပ်စာချုပ်အစား ငြိမ်းချမ်းရေး အပစ်ရပ်စာချုပ်ဆိုပြီး ဝေါဟာရပြောင်းသင့်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေးအမှန်လိုလားသူတွေတိုင်း ဒီလက်မှတ်ကို လာထိုးကြမယ်။ MMDAA လိုမျိုး အချုပ်အချာအာဏာကိုထိပါးတဲ့အဖွဲ့ကိုပါမှ လက်မှတ်ထိုးမည်ဆိုတဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးမလိုလားသူအဖြစ် အော်တိုမစ်တစ်အဓိပ္ပါယ် သက်ရောက်သွားမှာဖြစ်တယ်။ အချုပ်အချာအာဏာ ထိပါးတယ်ဆိုတာကိုအဆုံးစွန်ထိ တွေးလိုက်ရင် ခွဲထွက်ခွင့်အခြေအနေဖန်တီးနိုင်တာမို့ အခြားအဖွဲ့တွေနဲ့တန်းတူမထားနိုင်တာ ပေါ်တင်ရှင်းလင်းသင့်ပါတယ်။

၁၄။ ယခုတော့ရွေးကောက်ပွဲက နီးလာလို့ နိုင်ငံရေးမူဘောင်ဆွေးနွေးမဲ့ကာလ ရက်ပေါင်း(၆၀)ဟာ အစိုးရအဖွဲ့အချိန်းအပြောင်းနဲ့ဘယ်လိုဆက်ပြီး စခန်းသွားကြမလဲ ဆိုတာတိုင်းရင်းသားအချို့ စိုးရိမ်စိတ်ဖြစ်ပေါ်နေတာနဲ့ စပ်လျဉ်း ပြီး ငြိမ်းချမ်းရေးစင်တာနဲ့နီးစပ်သူထံစာရေးသူမေးခဲ့ပါတယ်-
“ အကိုကြီးမင်္ဂလာပါ။ တချို့တိုင်းရင်းသားတွေကစိတ်ပူနေကြတယ်။ အရေးကြီးဆုံးဖြစ်တဲ့နိုင်ငံရေးမူဘောင်ရေးဆွဲကာလဟာ ရွေးကောက်ပွဲနဲ့တိုက်ဆိုင်နေတာမို့ နိုင်ငံရေးပါတီတွေက စိတ်မဝင်စားနိုင်ဘူး။ တကယ်လို့မပြီးဘဲ နောင်အစိုးရက ဒါကိုဆက်ပြီး အကောင်အထည်ဖေါ်တာဆိုရင်တမျိုးဖြစ်သွားမှာ စိုးရိမ်နေကြတယ်။”
“ ညီလေး၊ ဒါကို အပစ်ရပ်မထိုးခင် သိတဲ့အတိုင်း ယခုဆိုရင် ဦးအောင်မင်းတို့ အင်းယားလိပ်မှာ ကြိုတင်အစည်းအဝေးခေါ်နေပြီ။ သက်ဆိုင်ရာပါတီတွေနဲ့ တိုင်းရင်းသားတွေက သူတို့ဆွဲပြီးသား နိုင်ငံရေးမူဘောင်တွေကို တင်လာကြပြီ။ အဲဒီ စိုးရိမ်တယ်ဆိုတဲ့သူတွေက တကယ်လက်မှတ်မထိုးချင်လို့ အကြောင်းပြတာ ဖြစ်မယ်။ ဒီအဆင့်ဖြစ်လာဖို့အချိန်တွေများစွာယူပြီး နှစ်ဖက် သဘောထားပါအောင် ဆွဲထားတာဖြစ်တယ်။ အခုမှထပြီး ကောက်ဆွဲထားတဲ့ပုံစံမျိုး၊ ပြန်ညှိခိုင်းတဲ့ပုံစံမျိုး ပြောတဲ့ဟာကလည်း လက်မှတ်မထိုးဖို့ အပြုသဘောမဟုတ်ဘဲ အပျက်သဘော ဟန့်တာမျိုး မကောင်းဘူးပေါ့။ ထိုးပြီး ပြန်ပစ် ခတ်မှူမဖြစ်ဖို့Code Of Conduct တောင် နှစ်ဖက်တပ်မှူးတွေ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းတတိုင်းနဲ့ တတိုင်း မတူတဲ့အတွက် သေသေချာချာညှိရမှာ၊ ကော်မတီဖွဲ့ပြီးရင် အသေးစိတ်လုပ်ရမှာ၊ ဆိုပေမဲ့ စစ်တပ် ဆိုတော့ အစိုးရလို လူပြောင်းစရာ မရှိသေးတဲ့အတွက် ဒီစိုးရိမ်စိတ်ကို ဖြေဖျောက်နိုင်တယ်။”
ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ပြည်သူလူထုလိုလားနေပုံ ရှမ်းမြောက်ဒေသမှ တိုင်းရင်းသားတစ်ဦးရဲ့ ခံစားချက်၊ ယခုလို အပစ်ရပ်စာချုပ်နှောင့်နှေးကြန့်ကြာရတဲ့ အကြောင်းရင်းများရှိရာ အစိုးရမှာ တာဝန်ရှိတဲံ့ အားနည်းချက် အပိုင်းမြင်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့လည်း တာဝန်ရှိတဲ့ အားနည်းချက် တွေကို နောက်အပိုင်း(၃)မှာ ဆက်လက်တင်ပြပါ့မယ်။
(Photo – Senior General – Min Aung Hlaing Facebook)



ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေး နီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၃)
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၅

၁၅။ အရှေ့မြောက်ဒေသမှ တိုင်းရင်းသားတဦးရဲ့ခံစားချက်ကိုအခြေခံပြီး လူမှုမီဒီယာပေါ်တက်လာတဲ့ ကိုလေးလွင်ရဲ့ ထပ်ဆင့်မွန်းမံတင်ပြချက်ကို တချို့အချက်အလက်များမှ လွဲလို့ကောက်နှူတ်တင်ပြပေးလိုက်ပါတယ်။
”  . ဒေသအုပ်ချုပ်ရေးအဖွဲ့မှာ အစိုးရ၀န်ထမ်းတွေက  တကယ်တမ်း တိုင်းရင်းသားဒေသတွေအပေါ်ကိုယ်ချင်းမစာ  စေတနာသိပ်မထားကြပါဘူး.။ မြို့ပေါ်က ကျောင်းတွေ အဆောက်အဦနဲ့ အတန်းတွင်းပစ္စည်းပစ္စယ အပြည့်အစုံနဲ့ စာသင်ကြရပေမယ့်၊ တိုင်းရင်းသားဒေသတွေမှာ ကတော့ ဘတ်ဂျက်မရတာ၊ ၀ါးကြမ်းစားပွဲ၊ တစ်လုံးဝါးထိုင်ခုံ၊ သက်ကယ်မိုးထရံကာအဆောင်စသဖြင့် ဖြစ်သလိုတွေများနေပါတော့တယ်။ ဒါကိုမြင်တိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို တိုင်း ရင်းသားတွေက မကျေမချမ်းဘဲ၊ သမချင်လေလေဖြစ်ခဲ့ကြပါသတဲ့။  ဒီဒေသက ရတဲ့ လိုင်းကြေးမှန်သမျှကိုကောက်ခံ၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကြတော့ ဘာတခုမှလုပ်ပေးဖို့ ခေါင်းထဲမရှိတာတွေဟာ – သူတို့အတွက်လုပ်ရိုးလုပ်စဉ်၊ လုပ်ထုံးလုပ်နည်း၊ လုပ်ချင်တာလုပ်တာပါ။ သူတို့အတွက်ရိုးနေမှာပါ  သို့သော်လည်း ဒါတွေဟာ အဲဒီမှာရှိတဲ့ဒေသခံတွေ အပေါ် ဘယ်လိုအကျိုးကျေးဇူးဖြစ်ထွန်းစေသလဲ ဆိုတော့ – ရိုးသားတဲ့ တိုင်းရင်းသားလူငယ်တွေကို သူပုန်သူကန်ဘ၀ရောက်အောင် တွန်းပို့တဲ့အားတွေလို ဖြစ်သွားရတော့တာပါဘဲ။

၁၆။ လူတိုင်းက စစ်ကိုမတိုက်ချင်ပါဘူး။ အတိတ်ကိုပြန်ကြည့်ရင် သူဌေးတွေစီးပွားရှာတဲ့ လုပ်ငန်း (သို့မဟုတ်) နိုင်ငံရေး အာဏာရယူဘို့ လုပ်တဲ့ လုပ်ငန်းတစ်ခုအဖြစ်နဲ့ ပြည်တွင်းစစ်ဆင်နွှဲခဲ့ရာကနေ တိုင်းရင်းသားတွေခမျာ မလွှဲသာမရှောင်သာ မြေစာပင်တွေ ဖြစ်ခဲ့ကြရတာပါ။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ဘယ်သားသမီးကိုမဆို စစ်ထဲ မလိုက်စေချင်ပါဘူး။ သမီးတွေကို အိမ်မှာသိမ်းထားလို့ရနိုင်ပေမယ့် သားတွေရဲ့အသက်(၁၅ ၊၁၆) နှစ်ဝန်းကျင်ဆိုရင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအလိုက် လက်နက်ကိုင်တပ်တွေထဲ အတင်းအဓမ္မ ဆွဲသွင်းခြင်းခံကြရပါတယ်။  ဥပမာ- ကိုးကန့် (လောက်ကိုင်)ဒေသမှာ အခုခေတ်ထနေတဲ့ “ထုံမော်ကျွင်း” လို့ခေါ်တဲ့ ဖုန်ကျားရှင့်ရဲ့MNDAAတပ်ဖွဲ့ဟာ အစပိုင်း အင်အားသိပ်မရှိလှပေမဲ့၊ နောက်ပိုင်း တိုက်ပွဲကာလအတွင်း အင်အား အတော်တောင့်တင်းသွားခဲ့ပါတယ်၊ ဘယ်လိုလုပ်ခဲ့တာလဲ?

၁၇။ နောက်ဆွယ်က တရုတ်ရဲ့စစ်လက်နက်ပစ္စည်းပံ့ပိုးမှုအကူအညီအောက်မှာ လူသစ်စုဆောင်းခဲ့တဲ့ နည်းနာလေးကတော့ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ တပ်မတော်က ဗမာစကားသိပ်မလည်ဝယ်တဲ့  ဒေသခံရွာသားတွေကို သူပုန်ထင်ပြီး  ရွာဝင်လက်မခံသလို၊ တရုတ်နယ်ခြားစောင့်ကလည်း အရပ်သားကိုးကန့်တွေ သူ့နယ်ထဲလုံးဝအ၀င်မခံဖြစ်နေတော့ အငတ်ဘေးကြုံလာရတဲ့ ကိုးကန့်တိုင်းရင်းသားတွေအနေနဲ့ စစ်ဘေးကိုရရာနေရာမှာ ခိုကပ်တိမ်းရှောင်ခဲ့ကြပါတယ်။ အဲသလို လူငယ်တွေရှောင်ပြီး စစ်ထဲမ၀င်တဲ့အတွက် “ထုံမော်ကျွင်း”က သူတို့မိဘတွေ ကိုဖမ်းဆီးခဲ့ပါတော့တယ်၊ ကိုးကန့်ရိုးရာမှာ မိဘကိုကိုးကွယ်တဲ့ဓလေ့ရှိတာမို့  အညှာကိုင်ခံရတဲ့အခါ သား/ သမီးတွေအနေနဲ့ “ထုံမော်ကျွင်း” မှာ သွားရောက်ကာ လူချင်းလဲရပါတော့တယ်။ ဒီလိုနဲ့ “ထုံမော်ကျွင်း”က အင်အားတောင့်တင်းသွားတာပါ

၁၈။ ရှမ်း(မြောက်)နဲ့ ပလောင်ဒေသတွေမှာတော့ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ မူဝါဒအတိုင်း – လူသစ်လိုက်လံ စုဆောင်းပြီး၊ အနိုင်အထက်ပြုမှုတွေကို ရှောင်ရှားနိုင်ဘို့အတွက် မိဘတွေက သူတို့သားတွေကို နီးစပ်ရာဘုန်းကြီးကျောင်းများမှာ ကိုရင်ဝတ်စေကြရပါတယ်။ အဲဒီအခါမှာ ဘုန်းကြီးကျောင်းတွေအနေနဲ့ နေရာထိုင်ခင်း မလုံလောက်မှုနဲ့ ဆွမ်းကွမ်းအခက်အခဲတွေ ဖြစ်ကြရပြန်ပါတယ်။ ကံကောင်းတာက ရှမ်းနဲ့ပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘာသာတရားကိုင်းရှိုင်းမှုရှိသေးတာကြောင့် ဘုန်းကြီးကျောင်းရောက်သွားရင်.ပြန်ခေါ်“ခဲ”ပါတယ်။

၁၉။ သို့သော်လည်း “၀”ဒေသမှာနေထိုင်ရတဲ့ တိုင်းရင်းသားတွေရဲ့ဘ၀ကတော့ အလွန်သနား ဖို့ကောင်းပါတယ်။ သူတို့ခလေးတွေ ဘယ်ဘုန်းကြီးကျောင်းမှာဘဲ သွားထား၊ သွားနေ အချိန်တန်လို့ “၀” သန်းခေါင်စာရင်းအရ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အခါ ဘုန်းကြီးကျောင်းတွေကနေ အမြန်ပြန်လည်ခေါ်ပို့ ရပါတယ်။ ခေါ်မပို့ရင် မိဘတွေကို ဆွေစဉ်မျိုးဆက် သုတ်သင်သတ်ဖြတ်ပစ်လေ့ရှိပါတယ်။ စစ်ရေးလေ့ကျင့်စဉ်နဲ့ တာဝန်ထမ်းဆောင်စဉ် ပေါ့လျော့လစ်ဟင်းပါက အခြားသော “၀” စစ်သည်များ ရှေ့မှောက်မှာတင် နမူနာပြ ရက်ရက်စက်စက် သတ်ပြလေ့ရှိပါတယ်။ ဒါကြောင့် အခုလိုငြိမ်းချမ်းရေးအကောင်အထည်ဖော် ကြိုးပမ်းစဉ်ကာလမှာ အမျိုးသားရေးတာဝန်တစ်ရပ် (သို့) တိုင်းရင်းသားအချင်းချင်းကယ်တင်ခြင်းတာဝန် တစ်ရပ်အနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူ့ဝန်ထမ်းတွေက စိတ်ကောင်းစေတနာထားကာ အဓိကပါဝင် ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဏကို ဇောက်ချမြှင့်တင်ပေးသင့်ပါတယ်။ တိုင်းရင်းသားကလေး/ လူငယ်တွေ ပညာမတတ်သ၍ သူပုန်ရဲ့စုဆောင်းခံ အင်အားဖြစ်စေနိုင်သလို ပညာတတ်မှ ကိုယ့်ဒေသဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နိုင်မှာပါ။ …” စတာတွေ ရေးသားထားပါတယ်။ တိုင်းရင်းသားတွေဟာ စစ်ရဲ့သားကောင်ဖြစ်နေရတဲ့ ခံစားချက်ဖေါ်ထုတ်ရင်း သူတို့ကိုကယ်တင်ပြီး ငြိမ်းချမ်းရေးကြိုးစားဖေါ်ဆောင်ဖို့ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

၂၀။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ နဝတ၊ နအဖခေတ်ကတည်းက လက်နက်ကိုင်ဆောင်ခွင့်ရတာမို့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ တရားဝင်တာရော၊ တရားမဝင်တာရော စီးပွါးရေးလုပ်ပိုင်ခွင့်ရကြပေမဲ့ ပြည်သူလူထုအကျိုး၊ဒေသအကျိုးတွေကို လုပ်သင့်သလောက်မလုပ်ပေးဘဲ ကိုယ်ကျိုးစီးပွါး၊ လက်နက်ကိုင်အင်အား တောင့်တင်းအောင် ဖြည့်တင်းခဲ့ကြတယ်။ ဦးအောင်မင်းနဲ့ ဦးခင်ညွှန့် ထောက်လှမ်းရေးတွေရဲ့လက်သုံးစကားဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စီးပွါးရေးခိုင်မာအောင် ပါမစ်တွေချပေးလိုက်ရင် ပျော်ပြီးလက်နက်တွေ စွန့်လွှတ်ကြလိမ့်မယ် ဆိုတဲ့ အယူအဆမှားခဲ့ကြောင်း ဖြစ်စဉ်တွေက သက်သေပြပါတယ်။ ကိုးကန့်ဒေသကို ဦးခင်ညွှန့်က ဖွံ့ဖြိုးတိုးတက်နေပြီလို့ ဂုဏ်ယူလို့မပြီးသေးခင်မှာ ရန်မုန်းလျံအုပ်စုနဲ့ ဖုန်အုပ်စု အဝေမတည့်ကြလို့၊ တပ်မတော်က ပထမထိန်းညှိပေးမဲ့ နောက်ဆုံးမရတော့ဘဲ တိုက်ထုတ်ရသည်အထိ မူးယစ်ဆေးဝါးတွေမိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဦးနေဝင်းမိသားစုကို စောင့်ရှောက်ချင်တာနဲ့ “ဝ”တွေရဲ့ ငွေမဲကို ငွေဖြူလုပ်ပေးချင်တာနဲ့ – ဆက်သွယ်ရေးမှာ ဆယ်လူလာဟမ်းဖုန်းလိုင်စင်ချပေးရာမှာ ပြည်သူလူထုဆီမှ တလုံးပါမစ် ကျပ် ၅ သိန်း နှုန်း (အဲဒီခေတ်က သိန်း ၅၅ သိန်း ကျော်ပေါက်နေ) ကောက်ခံပြီး တော်တော်နဲ့ချမပေးနိုင်ကာ လူထုကမကျေမနပ်ဖြစ်လာလို့ဝန်ကြီးကို ထိုးကြွေးလိုက်ရပါတယ်။

၂၁။ နယ်စပ်က သစ်ကျောက်စိမ်း၊ သယံဇာတများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း weight ဆိုတဲ့အရှိန်အဝါနဲ့ လုပ်သလို၊ တပ်မှာ ဗျူဟာမှူး၊ တိုင်းမှူးထိ ၊ထောက်လှမ်းရေး၊ အကောက်ခွန်၊ ရဲ၊ ပြည်သူ့စစ်စတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဟာလည်း အဂတိလိုက်စားမှု ကမ်းကုန်တဲ့အတွက် နိုင်ငံတော်ရဲ့ရသင်တဲ့အခွန်ပမာဏ မရတော့ဘဲ ဆုံးရှူံးမှူကြီးမားလှပါတယ်။ အေရှားဝေါ ဆိပ်ကမ်းမှာ ဘိန်းဖြူမိတာလည်း ရှိခဲ့သ လို Export၊ Import လိုင်စင်နဲ့ တရားမဝင်ကွန်တင်နာထဲ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာ စဉ်းစားကြည့်နိုင်ပါတယ်။ နအဖခေတ်က (မပခ) တိုင်းမှူးအိမ်ဟာ နန်းတော်ကြီးတမျှ ခမ်းနားနေတာ၊ တရုတ်နယ်စပ်မှ လစဉ်ထောက်လှမ်းရေးမှူးချုပ်ရုံးကို ကျပ် သိန်းပေါင်း သောင်းချီ လွှဲပေးတာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်တယောက်က (အဖွဲ့၊ သို့မဟုတ်ကိုယ်ကျိုး) စီးပွါးအတွက် တရုတ်သူဌေးကြီးတွေမှ ကြိုတင်ငွေယူထားမိလို့သစ်တွေမပေးနိုင်တဲ့အပေါ် အိပ်မပျော်တာတွေ၊ တရုတ်ကြေးစားစစ်သားတွေ လခနဲ့ ဒဏ်ရာရသူတွေ ဆေးရုံတက်ကုန်ကျစရိတ်ဝန်ပိလာလို့ ဦးဖုန်ကြားရှင်က မူးယစ်ဆေးဝါးသယ်ယူရောင်းချဖို့ကြိုးစားရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ထံ ချဉ်းကပ်တာတွေ …  စတာတွေ သိလာရပါတယ်။

၂၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှာ သစ်တောရေးဝန်ကြီးလုပ်ခဲ့ပြီးမှ အစိုးရထံ ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ဝင်သွားတဲ့ သူတစ်ဦးဟာ သူ့ပါမစ်တွေကို ညှိထားတဲ့ ကုန်သည်ကို မပေးတော့တဲ့အတွက် ကုန်သည်က ငိုပြပြီး၊ သွားတောင်းတဲ့အခါ သူ့သေနတ်ပြကာ ဒါဘဲရမယ်လို့ ပြောကြောင်း စာရေးသူနဲ့ ကားပေါ်မှာ ခရီးသွားဟန် လွှဲတွေ့ခဲ့စဉ်က ရင်ဖွင့်သွားပါတယ်။ သိပ်မကြာလိုက်ဘဲ စွမ်းအင်ဝန်ကြီးဌာနက သူ့ကိုခေါ်ကာ ဇာတ်လမ်းတွေ ရှူပ်နေတာကို ရှင်းရပြီး ကိုယ်စားလှယ်လွှဲစာမလုပ်တော့ဘဲ တိုက်ရိုက်လက်ထဲ ထဲ့ပေးလိုက်ရပါတယ်။

၂၃။ နယ်စပ်ဒေသဖွံဖြိုးမှု နောက်ကျတာဟာ အစိုးရသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာလည်းတာဝန်ရှိပါတယ်။ လူထုက ဟိုလူလည်းကြောက်ရ၊ ဒီလူလည်း ရွာခံဖြစ်တော့ ကြောက်ရ၊ တပ်မတော်စစ်ကြောင်းလာလည်း ကြောက်ရ၊ မရှိရှိတဲ့ အထဲက အခွန်တွေ၊ အကောက်ကောက်တာတွေ၊ ဂိတ်ကြေး၊ ဝါတားဂိတ် ခေါင်းစဉ်အမျိုးမျိုး တပ်ကာ ပေးနေရဆဲ ဖြစ်ပါတယ်။ “အစိုးရချန်ထားတဲ့ အဖွဲ့၃ဖွဲ့ဟာ လူထု ကို ဘယ်လောက်အထိ ကျေးဇူးပြုခဲ့လို့ –  ဒီနေ့ရပ်တည်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချို့က အသည်းအသန် တောင်းဆိုနေရသလဲ ” … ဆိုတာ တပ်မတော်အရာရှိ(ငြိမ်း) တဦးက မေးလာပါတယ်။ သူက ရှမ်းမြောက်ပိုင်းမှာ တပ်သားသစ် အဓမ္မစုဆောင်းလို့ ရွာလုံးကျွတ်ထွက်ပြေးခဲ့တာ၊ ကားလမ်းမကြီးမှာ သေနတ်ပြပြီး လူထုအားခြိမ်းချောက် ငွေကောက်တာကိုတော့ အဲဒီတောင်းဆိုတဲ့အဖွဲတွေကိုယ်တိုင်က မျက်စိမှိတ်နေတာ ထောက်ပြပါတယ်။ ဒါဆိုရင် ပြည်တွင်းမီဒီယာတခုက နံမည်ကြီးကလောင်ရှင်တဦးက တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို စစ်ဘုရင်လို့ ခိုင်းနှိုင်းသွားတာ သူက ကိုးကားလိုက်ပါတယ်။

၂၄။ ကချင်မှာတာဝန်ထမ်းဆောင်ခဲံ့တဲံ့ တပ်မတော်အရာရှိတစ်ဦးကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြောတဲ့ ပြည်သူလူထုကို ရှင်းပြတယ် ဆိုတာ သံသယရှိကြောင်း၊ တကယ်တော့ ဘာသာရေးသင်းအုပ်ဆရာများက လွှမ်းမိုးနေကြောင်း၊ သမ္မတနဲ့ ထိပ်သီးတွေဆုံမှုအပြီး အမေရိကန်ရောက်နေတဲံ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဆရာတော်တစ်ပါးက လှမ်းပြီးဟန့်လိုက်တာ တွေ့လိုက်ရလို့ ဘာသာရေးအလုပ်မလုပ်ဘဲ နိုင်ငံရေး၊ စစ်ရေးကိစ္စတွေမှာ ဝင်စွက်ဖက်နေကြောင်း၊ ပြည်သူလူထုကိုယ်စားပြုတယ်ဆိုတာ နယ်မြေဧရိယာ၊ သြဇာလွမ်းမိုးမှူ၊ လူဦးရေ၊ အချိုးအစားတွက်ကြည့်ရင် အကန့်အသတ်ရှိကြောင်း၊ ကချင်ပြည်နယ်မှာ ရှမ်းနီအဖွဲတွေက KIA ရဲ့ နိုင်ထက်စီးနင်းတာ မကျေနပ်ကြောင်း၊ ဒုက္ခသည်တွေဟာ အများစုက ပြန်ချင်ပြီး ငြိမ်းချမ်းရေးလိုလားကြောင်း၊ ဒုက္ခသည်တွေက မိမိလူမျိုးနဲ့မတူညီတဲ့ ပလောင်နဲ့ ရခိုင်အဖွဲ့ပါမှ လက်မှတ်ထိုးခိုင်းတယ်ဆိုတာ သံသယဖြစ်ဖွယ်ရှိကြောင်း၊ လူရဲ့သဘာဝကိုက ဘာမှမသိတဲ့သူတွေကို ဆွဲထည့်စရာမရှိကြောင်း၊ လူထုကိုရှင်းပြတာထက် ဘာသာရေးဆရာများက ထိန်းချုပ်နိုင်တာမို့ သူတို့ကို သံတော်ဦးတင်နိုင်တာဘဲ ဖြစ်တယ်လို့ သူကပြောသွားပါတယ်။

၂၅။ ဒါဆိုရင် နောက်ကွယ်မှာ လက်မှတ်မထိုးချင်တဲ့ အကြောင်းတွေ ဘာတွေရှိနိုင်သေးလဲ၊ စဉ်းစားလိုက်ရင် ထိပ်သီးဆွေးနွေးပွဲမှာ တပ်ချုပ်က ဘာကြောင့် မတက်ဖြစ်တာလဲ၊ တိုင်းရင်းသားများဘက်မှ စဉ်းစားရင် အစိုးရကိုမယုံကြည်သေးလို့၊ သမ္မတအမှတ်တက်သွားနိုင်တာမို့ နောင်အစိုးရတက်လာတဲ့ သူကျမှ ဆွေးနွေးချင်လို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိထားလို့၊ ဗမာလူမျိုးကြီးမို့ ဖက်ဒရယ်အရင်ပေးမှ ထိုးမယ်လို့၊ တရုတ်က တားထားလို့ (UWSA ကတော့ တရုတ်ကြီးက တားထားလို့)၊ ကိုယ်ကျိုးစီးပွါး နယ်စပ်မှာ မပြီးသေးလို့၊ မဟာမိတ်ညီညွှတ်ရေးပျက်မှာစိုးလို့ စသဖြင့် အတွေးတွေ တသီတတန်းကြီးထွက်လာတယ်။ အဲဒီ အတွေးတွေအတွက် ပြန်ဖြေထားတဲ့ရှင်းလင်းချက်တွေ၊ ဖြစ်လာနိုင်မဲ့အကျိုးဆက်၊ ငြိမ်းချမ်းရေးရဖို့ တိုက်တွန်းချက်တွေကိုနောက် နောက်နိဂုံးချုပ် နောက်အပိုင်း (၄ ၊ ၅) မှာ ဆက်လက်ဖေါ်ပြပါမယ်။


ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း (၄)
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၅
၂၆။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးဆွေးနွေးပွဲ မတက်ရောက်ခဲ့တဲ့ အပေါ် ပြင်ပမှာဝေဖန်မှူတွေရှိခဲ့လို့  ငြိမ်းချမ်းရေးစင်တာနဲ့နီး စပ်သူတစ်ဦးနှင့် ဗိုလ်မှူးကြီး(ငြိမ်း)တစ်ဦးတို့ကို စာရေးသူက မေးမြန်းခဲ့ရာ သူတို့ကပြောလာကြပါတယ် – “ ညီလေး ဒီလို အခမ်းအနားလိုမျိုး သမ္မတကခေါ်တဲ့ အစည်းအဝေး၊ တော်ရုံကိစ္စ တပ်ချုပ်က ရှောင်လို့မရဘူးလေ၊ မူလက တပ်ချုပ်အားနိုင်မဲ့ရက်ကို တိုင်းရင်းသားတွေဆီ ကြိုတင်ညှိနေတာ – သူတို့ကိုယ်တိုင်  အသိဆုံးပါ။ ၃ ရက်တောင် အချိန်ပေးတယ်။ တိုင်းရင်းသားတွေကိုယ်တိုင်က အချင်းချင်းညှိနေတာ တော်တော်နဲ့တက်မလာတာ သူတို့ကိုယ်သူတို့သိတယ်လေ။ ဖိတ်ကြားတဲ့နိုင်ငံရဲ့ သံတမန်ထုံးစံကို လေးစားသင့်ပြီး ထပ်ပြင်လို့ မကောင်းဘူးလေ။ ရှောင်တာ မဟုတ်ပါဘူးလို့မြင်တယ်”
၂၇။ ဦးခင်ညွှန့်ငြိမ်းချမ်းရေး စတင်ယူစဉ်က တပ်ချုပ်၊ ဒုတပ်ချုပ်တွေဖြစ်ကြတဲ့ ဦးသန်းရွှေ၊ ဦးမောင်အေးတို့ဟာ အကြွင်းမဲ့လက်နက်ချရေးကိုသာ လက်ခံထားတဲ့ သဘောထားတင်းမာတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကို ဦးခင်ညွှန့်က ဒီမူဝါဒကို တရားသေကိုင်ထားရင် ငြိမ်းချမ်းရေးရဖို့မလွယ်သေးဘူး၊ စီးပွါးရေးနဲ့မက်လုံး ပေးပြီး သူ ရအောင်ထိန်းပါ့မယ်။ လောလောဆယ် လက်နက်ကိုင်ဆောင်ခွင့်ပေးလိုက်ပါ၊ ခေတ်ကပြောင်းနေ ပြီဟု တိုက်တွန်းနားချခဲ့ဟန်တူလို့ ထိုစဉ်က ဦးခင်ည့န့်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက ဆရာတဆူသဖွယ်ယုံကြည်ခဲ့တယ်။ စာရေးသူဆိုလိုတာက အဲဒီခေတ်ကြပ်မှာတောင် တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်ကိုင်ဆောင်ခွင့် စရနေပြီဖြစ်တယ်။ ဒါတောင် နောက်ပိုင်း ကိုးကန့်ပြသနာတက်လာတော့ ဦးမောင်အေးက ကိုယ်မွေးတဲ့မျောက် ပြန်ချောက်တယ်လို့  ရှမ်းပြည်နယ်တောင်ပိုင်းက “ဝ” တပ်ဖွဲ့တွေပြန် ဆုတ်ခိုင်းတော့ အမိန့်ဖီဆန်တာမျိုးတွေမှာ ဦးခင်ညွှန့်ကို ခနဲ့တဲ့တဲ့ ပြောခဲ့တယ်လို့ သိရပါတယ်။
၂၈။ UWSA နယ်မြေဆိုရင် သန်းခေါင်စာရင်း လဝကဝန်ထမ်းတွေတောင် သိပ်ဝင်ခွင့်မရဘဲ လွတ်မြောက်နယ်မြေဖြစ်လွန်းကာ မကြာသေးကပင် ရွေးကောက်ပွဲမဲစာရင်း မလုပ်နိုင်တဲ့အထိ လုပ်ချင်ရာလုပ်ခွင့် ပေးထားရက်သားနဲ့ တဆင့်တက်ကာ မတောင်းသင့်တဲ့ ပြည်နယ်အဆင့်ကို တောင်းနေတော့ နောင်အဆင့်ဆိုရင် ခွဲထွက်နိုင်ငံလုပ်ဖို့ဘဲရှိတော့တယ်။ ဘာလို့ပြောနိုင်သလဲဆိုရင် စက်တင်ဘာလ(၄)ရက်နေ့ “ဝ” တွေရဲ့ ကြေညာချက်အရ တရုတ်သြဇာရှိတယ် ဆိုတာ ဝန်ခံလိုက်တာဖြစ်ပါတယ်။ ဒါဆိုရင် နိုင်ငံအပေါ်သူတို့သစ္စာရှိပါတယ်ဆိုတာ ပြန်သုံးသပ်ရပါမယ်။ ဒီကြေညာချက်ကို ထောက်ပြီး ဦးအောင်မင်းတို့က ဖြေရှင်းချက်တောင်းဟန်တူကာ NCA စာချုပ်ကို “ဝ” က ထောက်ခံလေသံ နှပ်ကြောင်း ပေးလိုက်ရတယ်။ ကစထမှူး ဒုဗိုလ်ချုပ်ကြီးရာပြည့်က တပ်ချုပ်အမှာတော်အရ UWSA ဝ ကို NCA မှာ လက်မှတ်ထိုးဖို့ ဆန္ဒပြင်းပြနေတယ် ဆိုတဲ့ စစ်အခေါ် searching fire တောက်လိုက်တယ် ထင်ပါတယ်။
၂၉။ ဦးသိန်းစိန် လက်ထက်မှာ NCA ပါ သဘောတူညီချက်များအရ နိုင်ငံတော်အဆင့် စနစ်တကျဖွဲ့စည်းထားတဲ့ တပ်မတော်တောင် တိုင်းရင်းသားနယ်မြေထဲသွားရင် ခွင့်တောင်းရတဲ့အနေအထား၊ တရားဝင်အခွင့်အရေး လက်လွှတ်ရတာမျိုး – တိုင်းရင်းသားတွေဘက်က တောင်းဆိုသမျှ လိုက်လျောပေးနိင်တာကြည့်ရင် ဘယ်ခေတ်ကာလနဲ့မှမတူ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရပြီးဖြစ်တယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေကို ကြည့်လိုက်ရင် – မတ်လ(၃၁)ရက်နေ့ Singal Test သဘောတူညီချက်မူကြမ်းရပြီးချိန်တွင် NCCT အစား SD အဆင့်မြှင့်အဖွဲ့ဆိုပြီး ဖွဲ့လိုက်ကတည်းက စာရေးသူကို ငြိမ်းချမ်းရေးစင်တာနီးစပ်သူတစ်ဦးက “သမ္မတ တက်ထားတာတောင် အားမနာဘဲ၊ အစိုးရကို အရူးကွက်နင်း ဇာတ်လမ်းရှည်အောင်လုပ်ပြီ” လို့ဝေဖန်ပါတယ်။ ဆက်လက်ပြီး ထပ်မံပြင်ဆင်လိုတဲ့ အချက်တွေရှိတယ်ဆိုကာ တဖန် တိုင်ပတ်သွားနေခဲ့ပါတယ်။ အဲဒီအဖွဲ့ကလည်း ထိပ်သီးကို တင်ပြရမည်ဆိုကာ ထပ်ပြီးစောင့်ရပါတယ်။ တဖန်အားလုံးပါမှ ထိုးမည်လို့ ဆုးံဖြတ်ထားလို့ သမ္မတနဲ့တွေ့မှ ပြီးမည်ဆိုလို့ တွေ့ကြပြန်တယ်။ သမ္မတက နှစ်ဖွဲ့ကို ဂယ်ပေါက်ပေးကာ လမ်းဖွင့်လိုက်သော်လည်း ကိုးကန့်ကို တိုက်ရိုက်ကိုင်မည်လို့ပြောပါတယ်။
၃၀။ အဲဒါကို တချို့တိုင်းရင်းသားခေါင်းဆောင်များဟာ ထိပ်သီးလုပ်နေပြီး တာဝန်ခံမှူ၊ တာဝန်ယူမှူ မရှိဘဲ လူထုချပြဦးမယ်လို့ အကြောင်းပြကာ ဘောလီဘောပုတ် အချိန်ဆွဲနေတယ်လို့တပ်မတော်အရာရှိအချို့က သုံးသပ်ကြပါတယ်။ ဒါ့အပြင် အဲဒီတိုင်းရင်းသားခေါင်းဆောင်အချို့က ၃ဖွဲ့စလုံးပါမှ ထိုးမယ်လို့ ဆိုတာဟာ မူလအတွင်းခံကိုက မထိုးချင်လို့အကြောင်းရှာ၊ အကြပ်ကိုင်နေတာဘဲလို့ တပ်မတော်အရာရှိ တချို့က မြင်ပါတယ်။ အဲဒီထဲက တိုင်းရင်းသားခေါင်းဆောင်တစ်ဦး အသံလွှင့်ဌာနတခုနဲ့ပြောသွားရာမှာ အိမ်နီးနားချင်း မီးကူးမှာစိုးလို့ ချန်ထားတဲ့အဖွဲ့တွေကိုပါ ခေါ်ချင်တာ ဖြစ်တယ်လို့ ပြောဆိုချက်အပေါ် အဲဒီနယ်မြေမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိကြီးတစ်ဦးက ရယ်ရယ်မောမော ဝေဖန်ပြောဆိုလိုက်ပါတယ် –  “ဒီလူဟာ မဟာမိတ်ညီညွတ်ရေးလို့ပြောနေတာ မိမိနယ်မြေမှာရှိတဲ့ မိမိအိမ်အတွင်းမှာဘဲ ညီညွှတ်အောင် အရင်လုပ်ပါဦး၊ ရွေးကောက်ပွဲမှာ သူတို့လူမျိုးဘဲ အမျိုးသမီးပါတီအပါအဝင် ပါတီ (၃) ဖွဲ့ ကွဲနေတယ်။ သူတို့ထဲက လူကြီးတယောက်ရဲ့သမီးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရင်ခွင်ထဲ ရောက်သွားပြီ၊ မဲကွဲပြီပေါ့။  ပြည်သူလူထုနဲ့ ကင်းကွာအောင် နေတဲ့ပုံစံဘဲ၊ ကားလမ်းမကြီးမှာ ခရီးသည်ယာဉ်ပစ်ခံရတာ ပစ်တဲ့သူတွေကို ဖမ်းဖို့၊ သူတို့က အစိုးရနဲ့လက်တွဲပြီး ငြိမ်းချမ်းရေးရအောင် မတည်ဆောက်နိုင်ဘူး၊ ပြောချင်တာက ကိုယ်လူမျိုးကျတော့ စိုးရိမ်စိတ် မထားဘဲ၊ ဟိုအဝေးကြီး သွေးသားမတော်တဲ့အမျိုးတွေကို သွားစိတ်ပူနေတာကတော့ သဘာဝမကျ၊ မဖြစ်သင့်ဘဲ … တခုခုတော့မှားနေပြီဗျာ”
၃၁။ တပ်မတော်အရာရှိ (ငြိမ်း) များကတော့ ငြိမ်းချမ်းရေး မလိုလားသူများက NCCT အစား SD သို့ ပြောင်းဖွဲ့တာကို လက်မခံသင့်ဘဲ အဆုံးအဖြတ်ပေးနိုင်မဲ့ ထိပ်သီးအစည်းအဝေး စောစောစီးစီးခေါ်လိုက်ရင် အချိန်ရကာ အိနြေ္ဒရရ ဆက်သွားနိုင်မည်ဖြစ်ရာ ယခုလုပ်ပုံတွေဟာ အစိုးရ လျော့ပေးလွန်းအားကြီးတယ်လို့ ဝေဖန်ကြပါတယ်။ ဆက်လက်ပြီး သူတို့က သုံးသပ်ရာမှာ ငြိမ်းချမ်းရေးလိုလားတဲ့ KNU ဥက္ကဌ ဦးမူတူးဆေးဖိုးကို ဥပယ်တမျဉ်ထားကာ သဘောထားတင်းမာတဲ့ ဆရာမဒေါ်နော်စီဖိုးရာစိန်ကို ဆွဲထည့်တာဟာ အချိန်ကြာအောင် ဆန့်ထုတ်နေတယ်လို့မြင်ပါတယ်။
၃၂။ နိုင်ငံတကာရောက်နေတဲ့ စာရေးသူရဲ့ ကရင်မိတ်ဆွေတစ်ဦးက ဝေဖန်ရာမှာ မြန်မာစကားတောင် ရေလည်အောင် နားမလည်တဲ့ ဒေါ်နော်စီဖိုးရာစိန်ကို ထည့်ရင် ဦးအောင်မင်းလို ထောက်လှမ်းရေးသမ္ဘာနဲ့ တွေ့ခိုင်းတာ မဖြစ်သင့်ကြောင်း၊ ဥက္ကဌဟာ ဂျာနယ်၊ သတင်းစာပေါင်းစုံဖတ်ပြီး မြန်မာ့အရေးကို စဉ်ဆက်မပြတ် လေ့လာနေလို့ လေးစားယုံကြည်ထောက်ခံကြောင်း၊ အစိုးရအဆက်ဆက် နှိုင်းယှဉ်ရင် ဒီလောက်ထိ ဖြစ်လာလိမ့်မယ်လို့ မထင်ကြောင်း၊ အစိုးရနှင့် တိုက်နေတုံးက ကရင်တွေအကျပ်အတည်းတွေ့နေချိန်မှာ … ယနေ့ညီညွှတ်ရေးလို့အော်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေက ကရင်တွေကို အသိမပေးဘဲ၊  အစိုးရထံအလျိုလျိုဝင်သွားကာ ပူးပေါင်းကြကြောင်း၊ ယနေ့ကရင်က အစိုးရကို လက်တွဲမယ်လုပ်လို့ အပြစ်ပြောချင်သူများရှိနေလို့ပြောရကြောင်း၊ ဆိုလိုတာက ကရင်အရေး ကရင်သာ ကြိတ်ပြီး ဖြေရှင်းခဲ့တာမို့ မိမိကံကကြမ္မာ မိမိသာ ဖန်တီးသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
(အပိုင်း ၅ နိဂုံးချုပ် ဆက်ပါမည်။)

ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေး နီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၅)၊ နိဂုံးချုပ်

September 26, 2015

ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေး နီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၅)၊ နိဂုံးချုပ်
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅


၃၃။ စာရေးသူဟာ တိုင်းရင်းသားတွေရဲ့ အစိုးရအပေါ် ယုံကြည်မှူကင်းမဲ့လာရတဲ့ အကြောင်းရင်းနဲ့ အစိုးရဂတိပျက်ခဲ့မှူ၊ ဒီအတွက် လက်ရှိအစိုးရလုပ်ဆောင်ပေးနေမှူအပေါ် ယုံကြည်မှူ အတိုင်းအတာရှိရန် သင့်၊ မသင့် နဲ့လက်မှတ်မထိုးရင် ဖြစ်ပေါ်လာမဲ့အကျိုးဆက်၊ ငြိမ်းချမ်းရေးတိုက်တွန်းချက်တွေကို လက်ရှိ တာဝန်ထမ်းဆောင်နေရာမှ မကြာသေးခင်ကမှ အငြိမ်းစားယူသွားတဲ့ အရာရှိကြီးတစ်ဦးနဲ့အတူ Debate လုပ်တင်ပြသွားပါ့မယ်။ သူက သမ္မတနဲ့တပ်ချုပ်တို့ဆောင်ရွက်နေတဲံ့အပေါ် စတင်ဆွေးနွေးခဲ့ပါတယ်-
“သမ္မတကြီးက staff မို့ သူ့ဝသီအတိုင်း စိတ်ရှည်နေတာနော်၊ တော်ရုံတန်ရုံ စစ်သားစိတ်နဲ့သူဆို Commander Type နဲ့ ကိုမင်းအောင်လှိုင်လိုဘဲ စိတ်မရှည်တော့ကာ ခပ်ပြတ်ပြတ်ပြောချလိုက်တော့မယ်။ ဒါပေမဲ့ ပြောသင့်တဲ့အချိန်မှာမဟုတ်ဘဲ လက်နက်ဖြုတ်သိမ်းဖို့ စောပြောတာမျိုးတော့ မကောင်းဘူးပေါ့။ သူမှားသွားမှန်းသိလို့လက်နက်တွေကို ကာယကံရှင်တွေကသာ ထိမ်းထိမ်းသိမ်းသိမ်း လုပ်ထားဖို့ဘဲ ပြောတာပါ … တဲ့။ ဒါပေမဲ့ တပ်ချုပ် တခါပြောပါတယ်။ သူတို့နဲ့ မူ ၆ ချက်က အတိအကျကြီး လိုက်နာနေဖို့ မလိုပါဘူး။ မူ ဆိုတဲ့ဟာ ထုံးစံအတိုင်း ဂရစ်ကိုတော့ အပေါ်ဆုံးထိ တင်ထားရမှာပေါ့၊တကယ် ငြိမ်းချမ်းရေးလိုချင်ဖို့ဘဲ အရေးကြီးတာပါ။ SSR, DDR ဆိုတာက အဝေးကြီးကျန်ဦးမယ်။ ယုံကြည်မှူတည် ဆောက်ရင်း Power sharing ဖက်ဒရယ်ကိစ္စ ညှိရဦးမှာမို့အချိန်ယူရမယ်။ Code Of Conduct ဆိုရင် နှစ်ဖက် ဗဟို၊ ပြည်နယ်၊ ဒေသဆိုင်ရာ (၃)ဆင့် အောက်ခြေတပ်မှူးတွေက သေသေချာချာညှိရမှာ သိပ်ခက်ခဲမှူမရှိပေမဲ့၊ နိုင်ငံရေးမူဘောင်ကျတော့ ရက် (၆၀) မှာ တော်တော် ခက်ခက်ခဲခဲ ညှိရဦးမယ်။”

၃၄။ ဒါပေမဲ့ စာရေးသူက ထိပ်သီးအစည်းအဝေးကို တပ်ချုပ်မတက်တဲ့အပေါ် တကယ်ကော လက်မှတ်ထိုးဦးမှာလားလို့ စိုးရိမ်စိတ်တွေဝင်နေကြတယ်။ ဘယ်လိုပြောမလဲ။ သူက ပြောရာမှာ-
“ထူးထူးခြားခြား တပ်မတော် လေးလပတ်အစည်းအဝေးကို လျှို့ဝှက်မဟုတ်ဘဲ အစိုးရသတင်းဌာနက ကြေညာလာတယ်။ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေသံသယမဖြစ်အောင် တပ်က သဘောတူ အဆင့်သင့်ဖြစ်နေပြီ ဆိုတာရယ်၊ ငြိမ်းချမ်းရေးကိစ္စဟာ  ပြည်တွင်းကိစ္စသာ ဖြစ်တယ်လို့သတိပေးတာက နိုင်ငံခြားသားတွေ ဒီကိစ္စကို ဝင်ပတ်သက်နေတာသိလို့ ချိတ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုရော အဲဒီ့လူမျိုးနဲ့သက်ဆိုင်တဲ့နိုင်ငံကိုပါ သတိပေးလိုက်ဟန်တူတယ်ဗျ။ တည့် ပြောရရင် RCSS/ SSA အနေဖြင့် နိုင်ငံခြားသား ကြေးစားများနဲ့ ပတ်သက်လာတာကို တွေ့ရပါတယ်။”

၃၅။ စာရေးသူက မဟာမိတ်ညီညွတ်ရေးလုပ်နေတဲ့ တိုင်းရင်းသားတွေ အုပ်ကွဲသွားအောင်၊ အစိုးရက သူနဲ့နီးစပ်တဲ့သူတွေကို အတင်းဆွဲထည့်နေတဲ့ ပုံမပေါက်ဘူးလား လို့ မေးပါတယ်။ သူကပြန်ရှင်းရာမှာ-
“ မဖြစ်နိုင်ဘူး၊ တပ်မတော်က မဟာမိတ်ညီညွှတ်ရေးလို့ပြောနေတဲ့ အင်အားစုထက် ပိုမိုကြီးမားတဲ့ တရုတ်ကွန်မြူနစ်ကို တိုက်လာခဲ့သေးတာဘဲ၊ ဒီအချိန်မှာ ပိုလို့တောင် အင်အားတောင့်တင်းသေးတယ်။ မစိုးရိမ်ဘူး၊ သူတို့ကလည်းဗျာ မယုံသင်္ကာဖြစ်တာ လွန်အားကြီးတယ်။ သူတိုက ဒီိလောက်ထိ မယုံကြည် ဖြစ်နေတာက ဗမာလူမျိုးကြီးမဟုတ်ဘဲအဲဒီသူတွေက လူမျိုးကြီး ကိုင်စွဲနေတာပါ။ ကိုယ်တို့မှာ မွတ်ဆလင်ဗိုလ်လောင်းဆိုတာ သူငယ်ချင်း ရှိတယ်။ တိုင်းရင်းသားတွေအများကြီိးဘဲ၊ ငါတို့က ဗမာဆိုပြီး၊ တိုင်းရင်းသားတွေကို နှိမ်တာ သိပ်မရှိဘူး၊ စားတာက အစ ဝက်ကို ရှောင်ပြီး ဂရုစိုက်ကာ ရဲဘော်ရဲဘက်စိတ်ထားတယ်။ သူတို့အုပ်ထဲရောက်ရင်သာ လူမျိုးကြီးဝါဒ ကျင့်သုံးကာ ဗမာကို အညှိးတွေရှိတယ်။ မြန်မာစာ ပေးမသင်တော့ သူတို့ကလေးတွေ ပညာရေးထိခိုက်ကုန်တာ မသိဘူး။ ခေတ်ကာလပြောင်းနေပြီ။ ဦးရွှေမန်းကို လွယ်လွယ် နဲ့ဖြုတ်လို့ မရတာ ရှင်းနေတာဘဲ။ သူတို့သဘောပေါက်ဖို့က ယခင်ခေတ်နဲ့မတူ၊ တတိယလူ၊ နိုင်ငံရေးပါတီတွေဝင်လာပြီ။ နောက် ချန်ထားတဲ့ အဲဒီအဖွဲ့တွေရဲ့နောက်ကျောမှာ လက်မဲကြီး စွက်ဖက်မှု ရှိနိင်တာကို အစိုးရက အလွယ်တကူလက်ခံလိုက်ရင် ဘာဖြစ်သွားမလဲ၊ နိုင်ငံတကာက ရိပ်မိလို့ အထူးသဖြင့် အင်တာဗျုးတခုမှာ US သံအမတ်က မတိုက်တွန်းတာ သတိထားရမယ်နော်။ Power Game မကျွမ်းရင် နယ်ရုပ်ဖြစ်သွားမယ်။”

၃၆။ စာရေးသူက တကယ်လို့လက်မှတ်မထိုးဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေရနိုင်သလဲလို့ မေးရာ- သူက
“သူတို့လက်မှတ်မထိုးရင် ဦးသိန်းစိန်က စိတ်ရှည်ပြနေတာ – အမှတ်က ပိုလို့တောင် တက်သွားမယ်။ ဒီစာချုပ်မထိုးတဲ့သူဟာ ကျန်ခဲ့တဲ့သူတွေလိုဘဲ ငြိမ်းချမ်ရေးအသီးအပွင့်ကို ခံစားခွင့် မရမှာတော့သေချာတယ်။ လူထုနစ်နာမယ်။ သူတို့ဟာ ဒီမိုကရေစီကိုမလိုလားလို့ အာဏာရှင်လား၊စစ်ဘုရင်လား၊ ကွန်မြူနစ်လား၊ လူထုကဖြစ်ဖြစ်၊ နိုင်ငံတကာက ဖြစ်ဖြစ် တံဆိပ်ကပ်ခံရဖို့ အလားအလာ များနေပြီး၊ အထီးကျန်ဖြစ်သွားမယ်။ မိမိလူထုက မိမိကို သေနတ်ရှိလို့ ထောက်ခံတယ်ပြောပေမယ့် ရင်ထဲမှာ တကယ်ထောက်ခံမှုကော ရှိရဲ့လား။ ကျနော်တို့တောင် နယ်ဘက်ပြောင်းတာတောင် ဆန့်ကျင်ခံနေရတယ်။ နိုင်ငံရေးပါတီများ ရှိလာပြီး နိုင်ငံတကာက ခြေဆန့်ဝင်လာနေလို့ လက်နက်ကိုင်ဆိုတာ ခေတ်မရှိတော့ဘူးဆိုတာ သဘောပေါက်သင့်ပြီ။”
၃၇။ အမျိုးသားညီလာခံမှာတန်းက တိုင်းရင်းသားအရေး တင်ပြခွင့်မရခဲ့တာမို့အစိုးရ ကတိပျက်မှာကို စိုးရိမ်နေကြတယ်။ အဲဒီတုန်းက လက်ခံပေးလိုက်ရင် ဒီထက်ပိုယုံကြည်မှူရသွားနိုင်တယ်လို့စာရေးသူက ထောက်လိုက်ပြီး – ဒါကိုတော့နားလည်ပေးရမယ်၊ ယခုအခြေအနေကျတော့ အရင်လိုဘဲ ဖြစ်နိုင်သေးလား-
“သူက ခေါင်းကို ဖြေညှင်းစွာငြိမ့်လိုက်ကာ ဒီအပိုင်း တိုင်းရင်းသားတွေဘက်က ဖီလင်ဖြစ်တယ်ဆိုတာ လက်ခံပါတယ်။ ဦးခင်ညွှန့် စတင်ငြိမ်းချမ်းရေးဆောင်ရွက်စဉ်က နိုင်ငံရေးကိစ္စနောင်လာမည့် အမျိုးသားညီလာခံလိုမျိုး လွှတ်တော်ကျမှ ဆွေးနွေးကြတာပေါ့ ဆိုပြီး ဆွဲဆန့်ထားတယ်။ ညောင်နှစ်ပင်မှာ အမျိုးသားညီလာခံကျတော့လည်း တိုင်းရင်းသားတွေတင်တဲ့စာတမ်းကို ဦးသိန်းစိန်က လုပ်ပေးချင်တဲ့တိုင်အောင် စာဖတ်သူကြီးက ကြိတ်မယ်လေ။ ဒါကြောင့် ဂရုပြုမခံရလို့အဲဒီကတည်းက ဇာတ်လမ်းစတော့တယ်။ ပိုဆိုးတာက နယ်ခြားစောင့်တပ် ဇွတ်တရွတ် ဖွဲ့ခိုင်းတာဟာလည်း တိုင်းရင်းသားတွေစိတ်ထဲ သံသယပိုကြီးသွားစေတယ်။ တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ဦးခင်ညွှန့်နဲ့ ဦးသိန်းစိန်တို့ကြားညှပ်ခဲ့ရတယ်။ ဒါကို မှားနေမှန်းသိခဲ့လို့ ဦးသိန်းစိန်ဟာ တခါမှမလုပ်ဘူးတဲ့ လိုက်လျောမှု၊ စောင့်ဆိုင်းမှု လုပ်နေလာပြီ။ အရင်တုန်းက သူက Power နံပါတ် (၅) သာဖြစ်ပြီး၊ ယခု နံပါတ် (၁) ဖြစ်လာလို့ လုပ်ပေးနေတာကို တိုင်းရင်းသားတွေက ကြိုဆိုသင့်တယ်။ အရှေ့လူတွေ ဆိုးခဲ့တိုင်း နောက်လူဆိုးမယ်လို့ ထင်လား၊ အရှေ့ကလူ ကောင်းခဲ့တိုင်း နောက်လူကောင်းလိမ့်မယ်လို့ ထင်မိလား ဆိုတဲ့ နိယာမတရားကို ပြောချင်ပြီးအာဃတတရား မထားဘဲ ငြိမ်းချမ်းရေး ကိုရှေးရှုသင့်တယ်။ သူတို့ပြောပြောနေတဲ့ ခွဲထွက်ခွင့်ဆိုတာ ခေတ်ကာလအရ မရှိတော့ဘူး ဆိုရင်၊ လက်ရှိအစိုးရကလည်း အရင်လို ဂတိပျက်တာမျိုး လွယ်လွယ်နဲ့ လုပ်လို့မရတော့ဘူး။ နိုင်ငံတကာသက်သေတွေ ရှိပြီ။ အရင်ဗိုလ်ချုပ်ကြီးတွေတုံးက ဒီလိုအခွင့်အရေး ရခဲ့လို့လား။” ပြောသွားပါတယ်။
ဒါပေမဲ့ သူပြောသွားတဲ့ နိယာမ ဆိုရာမှာ နောက်လူတွေက လူဆိုးဆက်မဖြစ်ချင်ပေမယ့် အရှေ့လူတွေဆိုးတဲ့ အရိပ်မဲကြီးကို ကျော်လွန်ပြီး ဘယ်လိုဖြုစင်အောင် လုပ်ပါ့မလဲ၊ ဘယ်အချိန်ထိ စောင့်ရမလဲ – လူထု စောဒကကို ဖြေဖို့ခက်တယ်လို့ စာရေးသူက ပြန်လည်ချေပလိုက်ပါတယ်။ ဆက်လက်ပြီး သူက လက်မှတ်ထိုးဖို့ တိုက်တွန်းလိုက်ပါတယ်။

၃၈။ “နိုင်ငံတကာထောက်ပံ့မှူတွေက လိုကို လိုတယ်။နယ်မြေဧရိယာ က မြန်မာနိုင်ငံတခြမ်းလောက် ကျယ် တာမို့အစိုးရတခုတည်းနဲ့ မနိုင်ဘူး။ အကူအညီကနှောင့်ကြိုးမပါဖို့ဘဲအရေးကြီးတယ်။ ဒါမှတပြိုင်နက်တိုး တက်လာမယ်။ အစိုးရဘက်ကိုလည်း ပြန်ကြည့်ပေးရမယ်။ တချို့က သမ္မတအမှတ်ရမှာကို စိတ်ပူနေပြီး ဒေါ်အောင်ဆန်းစုကြည်စကား နားယောင်တယ် ထင်တယ်။ NLD ပြည်ပရောက်အဖွဲ့တချို့က စိတ်ပူပြီး တိုင်းရင်းသားခေါင်းဆောင်တွေထံ လက်မှတ်မထိုးဖို့ ချင်းမိုင်ကို သွားရောက် စည်းရုံးနေတယ်လို့သိရတယ်။ သမ္မတပုံရိပ်တက်ရင် ပြည်ခိုင်ဖြိုး မဲတက်မယ်လေ။ ဒါကတော့ ဘယ်သူမဆို ကိုယ် စလုပ်ခဲ့တဲ့ အသီးအပွင့်ခံစားချင်မှာ ဓမ္မတာဘဲ သမ္မတကို ပေးသင့်ပါတယ်။ ဦးအောင်မင်းပြောသလို လက်မှတ်အားလုံးမထိုးခဲ့ရင် ဒီစာချုပ်အတည်မဖြစ်တဲ့အတွက် မကျေနပ် တစ်က စ ဘဲ။ ဘယ်သူနစ်နာမလဲ။ အရေးကြီးတာက ကရင်အရေး ကို ကချင်က ဖြေရှင်းပေးလို့ မရဘူး။ ကိုယ့်လူမျိုးအရေး၊ ကိုယ့်တပ်အရေး အစိုးရ နဲ့တပ်မတော်တို့ဆီက တန်းတူရည်တူ တင်းပြည့်ကျပ်ပြည့် ဘာတွေရအောင် တောင်းမလဲဆိုတာ စဉ်းစားရမယ်။”

၃၉။ စာရေးသူက တိုင်းရင်းသားတွေဘက်က ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်ဘယ်ဟာရွေးမလဲ။ “သူက ရယ်မောလျှက်နဲ့ ကျွန်တော်သာတိုင်းရင်းသားခေါင်းဆောင်ဖြစ်ခဲ့ရင် ဦးသိန်းစိန်ရွေးမယ်။ လူထက် လက်ရှိအခြေအနေတိုင်းသာဆိုရင် ဆွေးနွေးပွဲအရှိန်ကြောင့် အထာသိနေကြပြီ၊ စာချုပ်မှာ နိုင်ငံရေး ကဏ္ဏထက် အရသာ စမြည်းရမှာက သေနတ်သံမထွက်ဖို့စစ်ရေးက ပိုအရေးပါတယ်။ ဒါကြောင့် တပ်ကိုသြဇာလွှမ်းတာ ဦးသိန်းစိန်ဖြစ်လို့ သူက တပန်းသာနေတယ်။”

၄၀။ သူက ပြန်ခါနီးမချင့်မရဲပြောသွားတာကတော့ “ဟို (၃) ဖွဲ့ပါအောင် တန်းတူရည်တူဆိုတာက ဘယ် ပေတံနဲ့တိုင်းတာနေသလဲ၊ ဒီလိုဆိုရင် ကိုယ်လည်း နယ်စပ်မှာ လက်နက်ဝယ်ပြီး တိုင်းရင်းသားတွေကို စည်းရုံးပြီး အဖွဲ့ထောင်လိုက်မယ်လေ။ အဲဒါဆိုရင် ဆွေးနွေးပွဲစားပွဲ ချဲ့လိုဆုံးမှာမဟုတ်ဘူး။ အရင်ရှေ့ကတန်း စီတဲ့သူတွေ၊ သည်းခံပြီးဖင်ပူအောင် ထိုင်တဲ့သူတွေ့နဲ့အခွင့်အရေးတန်းတူထားရင် တရားပါ့မလား။ ချန်ထားတဲ့အကြောင်းရင်းတွေရှိပြီးသားပါ။ ကိုးကန့်ဆိုရင် တရုတ်ဆီက ကြေးစားစစ်သားလက်နက်ခဲယမ်းသုံးခဲ့လို့ရယ်၊ မြို့ရွာ ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာရယ်၊ ကြက်ခြေနီကိုတောင် မရှောင်ပစ်ခဲ့တာရယ်၊ အဆိုးဆုံးက သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ဖုန်ကြားရှင်ကို ပေးထားရက်သားနဲ သူက ပေါ်တင် စစ်ကြေညာတာရယ်၊ ပြည်သူလူထုက တပ်မတော်ကို ထောက်ခံတာရယ် စတာတွေကို တစာတစာပါသင့်တယ်လို့အော်နေတဲံ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဘာကြောင့် မျက်ကွယ်ပြုနေတာလည်းစဉ်းစားလိုက်ရင် အချုပ်အချာ အာဏာထိပါးတဲ့သူကို အားပေးအားမြှောက်ပြုနေတဲ့အတွက် ငြိမ်းချမ်းရေးကို အစစ်အမှန်တကယ်မမြတ် နိုးသူများလို့သတ်မှတ်ရပါမယ်။ ကိုယ်နဲ့လူမျိုးချင်းမတူဘဲနဲ့ မဆိုင်ဘဲနဲ့ မရမက ညီညွှတ်ရေးလို့အော်နေတာဟာ စစ်ဝါဒီအုပ်စုတည်ထောင်ချင်လို့လား၊ အကျိုးစီးပွါးပတ်သက်နေလို့လား။ တရုတ်က ဖိအားပေးခံရနေလို့လား၊NLD အတိုက်အခံတွေကို အားနာနေတာလား၊ မေးခွန်းတွေ တသီကြီးပေါ်နေတယ်။ ဘာဘဲဖြစ်ဖြစ် လက်မှတ်မထိုးချင်တဲ့ အရိပ်အယောင်က ပေါ်ကိုပေါ်နေတယ်။” စသဖြင့် ပြောသွားပါတယ်။

၄၁။ နိဂုံးချုပ်ရရင်အစိုးရကောတိုင်းရင်းသားလက်နက်ကိုင်များပါပြည်သူလူထုရဲငြိမ်းချမ်းရေးငတ်မွတ် မှူကို အပစ်ရပ်လက်မှတ်ထိုးခြင်းဖြင့် အမြန်အကောင်အထည်ဖေါ်သင့်ပါတယ်။ တချို့ငြိမ်းချမ်းရေးမလို ချင်တဲ့သူတွေပြောသလိုဖြစ်သလို ရေးဆွဲခဲ့တာ မဟုတ်ဘဲ (၂) နှစ်နီးပါးခန့် အစည်းအဝေးပေါင်းများစွာ ကျင်းပခဲ့ပြီးမှ လက်မှတ်ထိုးမဲ့အဆင့် ရောက်လာခဲ့လို့ပါဝင်သူအားလုံးကို ချီးကျုးပါတယ်။ အစိုးရကလည်း ကျန်နေတဲ့သူတွေကို ရှေ့ကသွားနေသူတွေရဲ့ဆန္ဒအတိုင်း အာမခံချက်ပေးရန်လိုသလို အတတ်နိုင်ဆုံး အတူတူ ပါဝင်လာအောင် ဘယ်အဆင့်။ ဘယ်အနေအထားတော့ နိုင်ငံရေးစားပွဲဝိုင်းကို ဆွဲတင်လို့ရပြီဆိုတဲံ့ လုပ်ငန်းစဉ်နဲ့အတူ လက်တွေ့လည်း ထိတွေ့ဆက်ဆံပေးလိုက်ခြင်းဖြင့် နားလည်မှူကတဆင့် ယုံကြည်မှူ ပိုမိုခိုင်မြဲလာပါမယ်။ ဆောင်းပါးရှေ့ပိုင်းမှာ တင်ပြခဲ့သလို နိုင်ငံကြီးများရဲ့ သြဇာစွက်ဖက်မှူကို ရုန်းထွက် သင့်ပြီး လူထုမျက်နှာကိုဘဲ ကြည့်သင့်ပါတယ်။ နောက်ပိုင်းဝင်လာတဲ့ သတင်းအရ အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးက လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေကို UNFC ဖိတ်ကြားတယ်လို့သိရပါတယ်။ ဒါဆိုရင် အမေရိကန်၊ တရုတ်၊ ကုလား နိုင်ငံ နိုင်ငံကြီးတွေဟာ မြန်မာနိုင်ငံကို Power Play ကစားကွင်းသဘောထားနေပါတယ်။ တချို့ခေါင်းဆောင်တွေက မိမိနိင်ငံအကျိုးရှိမယ်ဆိုရင် အိမ်ရှင်အနေနဲ့ ပြန်ကစားပါတယ်။ ဒါပေမဲ့ အိုစမာဘင်လာဒင်ကို ဖွက်ထားတဲ့ နှစ်ဖက်ချွန် Power Game ကစားလွန်မှုကြောင့် သတင်းပေါက်ကြားသွားလို့ ကမ္ဘာငပွကြီးရဲ့ နားရွက် တံထွေးတက်စွတ်တာ ခံရတဲ့သင်ခန်းစာကို ယူသင့်ပါတယ်။ ဒါကြောင့် အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသား ဖိုခနောက်ဆိုင် ကျောချင်းကပ်ထားဖို့ထင်း စည်းလို နေတတ်ဖို့လိုပါတယ်။ နိုင်ငံကြီးတွေဟာ စေတနာကောင်းတယ်ဆိုတာ ကမ္ဘာမှာ လှူဒါန်းမှု ရက် အရောဆုံးလို့ထိပ်ဆုံးမှာ မှတ်တမ်းတင်ထားတဲ့ မြန်မာလူမျိုးတွေကိုမမှီတဲ့အတွက် ပြည်ထောင်စုပင်လုံ စိတ်ဓါတ်ကို တည်ဆောက်သင့်ပါတယ်။

၄၁။ နောက်ဆုံးသတိပေးချင်တာက အပစ်ရပ် မလုပ်ခဲ့ရင် အစိုးရကအမှတ် မရယုံ၊ စင်ပေါ်ကရှိနေပြီး plan b, c တို့ဖြင့် ဆက်သွားလိုက်ပါက နိုင်ငံမအေးချမ်းသေးလို့ တပ်က ၂၅ % ဆက်ထားပြီး ဖက်ဒရယ်ကိစ္စကျ ရင်၊ အခြေခံဥပဒေကိုပြင်ဖို့ နိုင်ငံရေးပါတီတွေက အဆြိုပုလာရင် လက်မှတ်မထိုးဖြစ်တဲ့ တိုင်းရင်းသားတွေ ကိုအကြောင်းပြ လက်ညိုးထိုး နိုင်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။

The End...

No comments:

Post a Comment