April 01, 2013

အပစ်အခတ်ရပ်စဲရေး အတွေးစများ - ဂါမဏိ


ဂါမဏိ
မတ်လ ၂ဝ၁၃


စစ်နား - စစ်ရပ် - တပ်ခွာ - တပ်လျှော့ 


စစ်ရပ်နားမှု ceasefire သို့မဟုတ် truce ဆိုတာ ကာလတခု၊ နေရာဒေသတခုအတွက် အတိုက်အခိုက်တွေ ယာယီ ရပ်နားတာကို ဆိုလိုပါတယ်။ စစ်ရပ်စဲမှု armistice ဆိုတာက စစ်ပြိုင်နေသူတွေက အတိုက်အခိုက်တွေရပ်စဲဖို့ တရား ဝင်ဥပဒေကြောင်းအရ သဘောတူကြတာ ဖြစ်ပါတယ်။ စစ်ပွဲပြီးဆုံးတာ မဟုတ်သေးဘဲ ရေရှည်ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

 မြန်မာပြည်မှာ ၁၉၈၉ ခုကစခဲ့တဲ့ဖြစ်စဉ်တွေဟာ စစ်ရပ်နားမှုအဆင့်တွေဘဲ ဖြစ်ခဲ့ပါတယ်။ ဥပဒေကြောင်းညီတဲ့ စစ်ရပ်စဲမှုအဆင့်တောင် မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေးဆိုတာကတော့ ပိုလို့တောင်ဝေးပါသေးတယ်။ ဒါကြောင့်လဲ ၂၀၀၉ ခုမှာ တင်းမာမှုတွေ ပြန်ဖြစ်လာ၊ အတိုက်အခိုက်တွေ ပြန်စလာတာ ဖြစ်ပါတယ်။

 စစ်ရပ်နားမှုကနေ စစ်ရပ်စဲမှုကို ကူးရတာ ဖြစ်ပြီး စစ်ရပ်စဲမှုကမှတဆင့် ငြိမ်းချမ်းရေးစာချုပ် peace treaty ကို တက် လှမ်းရတာ ဖြစ်ပါတယ်။ စစ်ရပ်စဲရေးစာချုပ်ရဲ့ အနှစ်သာရက စစ်မတိုက်ဘဲ သဘောကွဲလွဲစွာ တည်ရှိနေထိုင်ဖို့ သဘောတူခြင်း ဖြစ်ပါတယ်။ ဥပဒေပိုင်းအရ modus vivendi ဆိုတဲ့ ယာယီလက္ခဏာ၊ ကြားဖြတ်လက္ခဏာဆောင် တရားဝင်စာချုပ်စာတမ်း ဖြစ်ပါတယ်။ ဒါကြောင့် သဘောကွဲလွဲမှုတွေ ထာဝရပပျောက်ဖို့ ငြိမ်းချမ်းရေးစာချုပ် ဆက်လုပ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။

စစ်ရပ်စဲရေးသဘောတူညီချက်မှာ သော့ချက်က လက်နက်မချရေးဖြစ်ပါတယ်။ ဒါကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲတာ၊ ဥပဒေဘောင်တွင်း ဝင်ရောက်တာ၊ လက်နက်နဲ့နိုင်ငံရေးလဲတာ၊ လက်နက်နဲ့ဒီမိုကရေစီလဲတာ၊ နယ်ခြား စောင့်တပ်အသွင်ပြောင်းတာတို့ဟာ စစ်ရပ်စဲရေးမဟုတ်ပါဘူး။ မလိမ့်တပတ်နဲ့ အမြတ်ထုတ်တာ ဖြစ်ပါတယ်။ စစ်ရပ်စဲရေးသဘောတူညီချက် ချမှတ်ပြီး ပြန်တိုက်မယ်ဆိုရင် တရားဝင်စစ်ကြေညာ သို့မဟုတ် တရားဝင်အကြောင်း ကြားပြီး တိုက်ရမှာဖြစ်တယ်လို့ ၁၈၉၉ ခု သဟိဂ်ငြိမ်းချမ်းရေးကွန်ဗင်းရှင်းစာချုပ်ကဆိုပါတယ်။

 ရူးသလိုပေါသလိုနဲ့ အောက်ခြေကဘဲမရှင်းလင်းသလိုလို၊ ရိက္ခာပို့သလိုလို၊ နယ်မြေသေချာမသတ်မှတ်ရသေးသလိုလို အကြောင်းပြပြီး တိုက်တာဟာ သဟိဂ်ကွန်ဗင်းရှင်းကိုချိုးဖောက်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒါမှမဟုတ် စစ်ရပ်စဲရေးမဟုတ်ဘဲ စစ်ရပ်နားမှုဖြစ်လို့ တိုက်ချင်လို့တိုက်တယ် ဆိုတဲ့သဘော သက်ရောက်ပါလိမ့်မယ်။ အပစ်အခတ်ရပ်နားမှု၊

အပစ်အခတ်ရပ်စဲမှုတွေဟာ စစ်ဘက်နဲ့ အဓိကသက်ဆိုင်ပေမဲ့ ငြိမ်းချမ်းရေးစာချုပ်ကျတော့ နိုင်ငံရေးနဲ့ အဓိကသက်ဆိုင်လာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားအနေအထားအရပြောရရင် ပင်လုံမူတွေနဲ့ ဆိုင်တယ်လို့ ပြောနိုင်ပါတယ်။

 ဒါပေမဲ့ ငြိမ်းချမ်းရေးစာချုပ် အဆင့်မရောက်ခင် စစ်နား စစ်ရပ်အဆင့်တွေမှာတင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ပုံစံတွေ မှန်မှန်ကန်ကန်ဖြစ်မှ ငြိမ်းချမ်းရေးစာချုပ်ကို ကောင်းကောင်းမွန်မွန်ချုပ်နိုင်မှာ ဖြစ်ပါတယ်။

 တပ်ခွာရေး disengagement ဟာ တင်းမာမှုလျော့ပါးရေးအတွက် ပြဿနာဖြစ်နိုင်စရာနေရာတွေက ရုပ်ပေးတာ ဖြစ်ပါတယ်။ အမေရိကန်သမတ နစ်ဆင်က ဗီယက်နမ်က အမေရိကန်တပ်တွေ ရုပ်ပေးတာ၊ အိုဘားမားက အီရတ် နဲ့ အာဖဂန်က တပ်တွေ ရုပ်ပေးတာ၊ တရုတ်က မြောက်ကိုးရီးယားက အပျော်ထမ်းတပ်တွေ ရုပ်ပေးတာ၊ ဆိုဗီယက် ခေါင်းဆောင် စတာလင်က ဂရိနိုင်ငံက ကွန်မြူနစ်သူပုန်တွေကို ထောက်ပံ့မှုရပ်စဲပေးတာ၊ အမေရိကန်က ကက်စထရို ဆန့်ကျင်ရေးကျူးဘားသူပုန်တွေကို ထောက်ပံ့မှုရပ်စဲပေးတာ၊ ကက်စထရိုက နီကရာဂွာအစိုးရကို ထောက်ပံ့မှု ရပ်စဲ ပေးတာတွေဟာ တပ်နှစ်တပ် အတိုက်အခိုက်တွေ မဖြစ်ရအောင် ခတ်ဝေးဝေးတွေကို နောက်ဆုတ်ခိုင်းတာ ဖြစ်ပါ တယ်။ မြန်မာပြည်က ကချင်၊ ကရင်၊ ရှမ်းဒေသတွေမှာဆိုရင် တိုင်းရင်းသားတပ်တွေအဖို့ ထပ်ဆုတ်စရာ မကျန်တော့ ဘဲ အဝေးကဝင်လာတဲ့ အစိုးရတပ်တွေကသာ တိုင်းရင်းသားလူထုတွေ နှလုံးစိတ်ဝမ်းအေးလောက်တဲ့ အကွာအဝေး အထိ ခွာပေးဖို့လိုပါတယ်။ 

တပ်ခွာပြီးနောက် တပ်နှစ်တပ်အကြားမှာ လိုအပ်ရင် demilitarization ဘယ်စစ်တပ်မှ ဝင်ခွင့်မရှိတဲ့ စစ်မဲ့ဇုံထားဖို့ တတိယပါတီတွေကြီးကြပ်မှုနဲ့ သတ်မှတ်ရပါလိမ့်မယ်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲတယ် ဆိုပြီး ခဏခဏ တိုက်ပွဲ ပြန်ဖြစ်နေတဲ့နေရာတွေမှာ သတ်မှတ်ဖို့လိုပါတယ်။ ဒီနေရာမှာလဲ အထက်က တပ်ခွာရေးမှာလို တိုင်းရင်းသားဌာနချုပ်၊ တိုင်းရင်းသားစခန်း၊ တိုင်းရင်းသားရွာရဲ့ ခြံစည်းရိုးဘေးနားကပ်ပြီး စစ်မဲ့ဇုံ လုပ်လို့မဖြစ်နိုင်ပါဘူး။

 နယ်စပ်ဒေသကို စောင့်ရှောက်ဖို့ အစိုးရတပ်စခန်းတွေ ရှိဖို့လိုတယ်ဆိုတဲ့ ဆင်ခြေမပေးပါနဲ့။ ဝ ဒေသ၊ အထူး-၄ ဒေသ တွေမှာ မိုင်ရာနဲ့ချီပြီး အစိုးရတပ် စခန်းမချနိုင်ဘဲ တိုင်းရင်းသားတပ်တွေသက်သက်နဲ့ နယ်စပ်လုံခြုံရေးလုပ်နေတာ အနှစ် ၂၀ ရှိပါပြီ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ပန်ဆန်းတနေရာမှာဘဲ အစိုးရတပ် တပ်ခွဲတခွဲလောက် စတိသဘော ချထားပါတယ်။ (နဝတ-နအဖ အစိုးရတွေကိုယ်၌က ဝ ဒေသ ကိုးကန့်ဒေသ အခါဒေသတွေ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် ငြိမ်းချမ်းသာယာနေကြောင်း ရေလဲနဲ့ပြောနေခဲ့တယ် မဟုတ်ပါလား။) ဒါကြောင့် ကျန်တဲ့ ကချင် ကရင် မွန် ကရင်နီ ရှမ်းဒေသတွေမှာလည်း အကြောင်းအမျိုးမျိုးပြပြီး တပ်စခန်းတွေ တပြုံကြီးချဖို့ မလိုအပ်ပါဘူး။ တိုင်းရင်းသား တပ်တွေ တိုင်းရင်းသားလူထုတွေရဲ့ ယုံကြည်မှု ရချင်ရင် ဒီလိုလူထုတွေကို အနှောင့်အယှက်အမျိုးမျိုးဖြစ်စေတဲ့ အစိုးရ တပ်စခန်းတွေ ဖယ်ပေးဖို့လိုပါတယ်။

အဲဒါပြီးရင်တော့ တပ်မတော်တခုတည်းရှိရေး၊ နှစ်ဖက်တပ်ဖျက်သိမ်းရေး၊ နှစ်ဖက်တပ်အင်အားလျှော့ချရေး ဆိုတဲ့ decommissioning ပိုင်းတွေဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ နိုင်ငံရေးအရဆွေးနွေးပွဲမှာ ထည့်သွင်းရမှာတွေ ဖြစ်သွားပါ ပြီ။ ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံဥပဒေထဲ ခိုင်ခိုင်မာမာနဲ့ ထည့်သွင်းနိုင်ရင် ဒီကိစ္စ ဖြစ်မြောက်လာပါလိမ့်မယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းလာပါလိမ့်မယ်။ ငြိမ်းချမ်းရေးစာချုပ်ထဲမှာ ပင်လုံ သဘောတူစာချုပ် agreement ကို ပင်လုံ ဥပဒေ law/constitution အသွင်ပြောင်းရေးနဲ့အတူ တပ်လျှော့ရေး တပ်ပေါင်းရေးကိစ္စတွေကို အချိန်ဇယား အတိအကျနဲ့ ထည့်သွင်းရပါလိမ့်မယ်။ ဒါတွေဟာ တိုင်းရင်းသားတဖွဲ့တည်းနဲ့လည်း လုပ်လို့မရနိုင်သလို၊ (နှစ် ၆၀ ကျော် ယုံကြည်မှုပျက်ယွင်းထားတာဖြစ်လို့) တတိယပါတီအာမခံချက်လည်း မဖြစ်မနေလိုအပ်ပါလိမ့်မယ်။ 

ကိုးရီးယားစစ်ပွဲမှာ ၁၉၅၃ ခုက စစ်ရပ်စဲရေးသဘောတူညီချက်ရခဲ့ပေမဲ့ အခုထိ ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်သေးဘဲ တင်းမာမှုတွေ မကြာခဏဖြစ်နေပါတယ်။ ပါလက်စတိုင်းပြဿနာမှာ ငြိမ်းချမ်းရေးစာချုပ်ဟာ အခြေခံအကြောင်းတရား တွေကို မကိုင်တွယ်နိုင်လို့ သွေးချောင်းစီးတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်နေပါတယ်။

 ၂၀ ရာစုအကုန်-၂၁ ရာစုအကူးမှာ တိုင်းရင်းသားပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ်ရှိနေပါတယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ခွဲထုတ်ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘော ရစ်ယဲ့လ်ဆင် လမ်း၊ နောက်တခုက (ယူဂိုစလားဗီးယားနိုင်ငံထဲက ပြည်နယ်တွေခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယားလူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ် လမ်းဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘော ရစ်ယဲ့လ်ဆင်လမ်းက အနာအကြင်သက်သာပြီး သွေးမြေမကျ ငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်လမ်းကတော့ ဗမာပြည်မှာလျှောက်ခဲ့ဖူးတဲ့ သွေးချောင်းစီး သေ ကြေပျက်စီးတဲ့လမ်း ဖြစ်ပြီး နိုင်ငံခြားစွက်ဖက်မှု ချုပ်ကိုင်မှု ဝင်လာအောင် ဖိတ်ခေါ်တဲ့လမ်းလည်း ဖြစ်ပါတယ်။ 

ဘောရစ်ယဲ့လ်ဆင်လမ်းအထိ မရောက်ပေမဲ့ မြန်မာနိုင်ငံအဖို့ ပင်လုံစိတ်ဓာတ်နဲ့နီးစပ်တဲ့ အဆင်အပြေဆုံးရွေးလမ်း ဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေးဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက် ရောက်၊ ဟောင် ကောင်မှာ မြို့စောင့်တပ်အဖြစ် (နိုင်ငံရေး-အုပ်ချုပ်ရေးနဲ့ ကင်းကင်းနေပြီး နယ်မြေခံဘဏ္ဍာရေး-စီးပွားရေးက မထောက်ပံ့ရတဲ့) ပြည်မကြီးကတပ်မဟာတခု ချထားတာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့နိုင်ငံတခုနဲ့မခြား ကိုယ် ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရထားတာဟာ နောင် မြန်မာပြည်ရဲ့ တိုင်းရင်းသားပြည်နယ်များ လေ့လာ အတုယူစရာ ဖြစ်နေပါတယ်။

 တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းကတော့ တိုင်းရင်းသား အခွင့်အရေးကိုဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင် ပေါ်နေတာ အားလုံးအသိပါဘဲ။ ဒါပေမဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသဥပဒေမှာတော့ တရုတ်လူမျိုးစစ်စစ်တွေ ဘဲဖြစ်တဲ့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံမဟုတ်တဲ့တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ်ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်တွေ (နိုင်ငံခြားရေးနဲ့ကာကွယ်ရေး ကလွဲလို့) အံ့သြလောက်အောင်ပေးထားပါတယ်။ ဟောင်ကောင်မှာ တရုတ် ကွန်မြူနစ်အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး တရုတ်တပြည်လုံးကို ပိတ်ဆို့ကာဆီးထားတဲ့ မဟာအင်တာ နက်ဆင်ဆာတံတိုင်းကြီး ကင်းလွတ်နယ်မြေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လွတ် လပ်သောအာရှအသံ RFA ရုံးဖွင့်ခွင့် ထပ်ဆင့်လွှင့်စခန်းထားခွင့် ရထားတဲ့နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်း ဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်းဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတဲ့ နယ်မြေ၊ ဗဟိုအစိုးရ လုံးဝနီးနီးစွက် ဖက်ခွင့် မရှိတဲ့နယ်မြေဖြစ်နေပါတယ်။

 ဒါကြောင့်လဲ KIO ကိုယ်၌က ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စား လိုလားတဲ့အကြောင်း ပြောနေသ လို UWSA ဝ အဖွဲ့ကလဲ စိတ်ဝင်စားအားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။ ဒီလိုကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ပေးနိုင်ရင် တိုင်းရင်းသားတွေကို ခွဲမထွက်စေဘဲ ပြည်ထောင်စုထဲမှာ အမြဲပေါင်းစည်းနေအောင် ယုံကြည်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်မှာပါတဲ့ full autonomy အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့လည်း ကိုက်ညီမှာဖြစ်လို့ တိုင်းရင်းသားတွေလည်း ကျေနပ်၊ ပြည်ထောင်စုကြီး အစိတ်စိတ်အပိုင်းပိုင်းဖြစ်မှာကို ရိုးရိုးသားသား မလိုလားသူတွေ လည်း ကျေနပ်မယ့် ရှဥ့်လည်းရှောက်သာ ပျားလည်းစွဲသာ အဖြေ ဖြစ်ပါလိမ့်မယ်။



(ရန်ကုန်ထုတ်ဂျာနယ်တခုမှာ မတ်လဆန်းက ဖော်ပြခဲ့သောဆောင်းပါး ကို စာရေးသူခွင့်ပြုချက်ဖြင့် ပြန်လည်မျှဝေပါသည်။)

No comments:

Post a Comment